Tuesday, August 27, 2013

ဘ၀တစ်ခု ဖျတ်ကနဲ လွင့်ပါးသွား

Myanmar Journal's photo.
အမှိုက်ပုံနားမှာ ပြောင်ပြောင်-ပြောင်ပြောင် နဲ့ ကြေးချောင်းလေး တစ်ချောင်း ပေါ်နေတယ်..။ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်က ၀မ်းသာအားရနဲ့ တူးဆွကောက်ယူဖို့လုပ်တယ်..။
ဖြစ်ချင်တော့.. အဲ့ဒီကြေးချောင်းက ဘေးနားက ထရန်စဖော်မာ.. မြေဓါတ်ချထားတဲ့ ကြိုးဖြစ်နေတယ်..။
အဲ့သလိုနဲ့ ဘ၀တစ်ခု ဖျတ်ကနဲ လွင့်ပါးသွားတော့တယ်..။

လမ်းဘေးရေမြောင်းတွေ ရေစီးရေလာ မကောင်းဘူး..။ စည်းကမ်းမဲ့ အမှိုက်
တွေ ပစ်ကြတယ်..။ ပလက်ဖောင်းမှာ မြောင်းဖုံးတွေက လွတ်နေတယ်..။ အကျိုးဆက်အနေနဲ့ မိုးကြီးတဲ့အချိန် ကျောင်းကပြန်လာတဲ့ ကလေးငယ် မမြင်မစမ်းနဲ့ မြောင်းထဲ ကျွံကြတယ်..။
အဲ့သလိုနဲ့ ဘ၀တစ်ခု အဆုံးနိဂုံး ကြွေလွင့်ရပြန်တယ်..။

ဘူးသီးနုနု အမွှေးသပ်ခံရသလို.. ငယ်ငယ်ရွယ်ရွယ်နဲ့ မပြည့်မစုံ အိမ်ထောင်ကျတယ်..။ စက်ရုံရှေ့  လမ်းပုခုံးကို မေးတင်- တူနှစ်ကိုယ် တိုင်းပြည် တဲထိုးနေကြတယ်..။
သိပ်မကြာဘူး..။ လသားအရွယ်ကလေးငယ်နဲ့ အိမ်သူသက်ထားကို ထားခဲ့ပြီး ယောကျာ်းလုပ်သူက နောက်မိန်းမယူသွားတယ်..။ အမေတစ်ခု သားတစ်ခု.. ပါးစပ်လှုပ်ဖို့.. သားသည်အမေ မနက်သွားညနေပြန် အလုပ် လုပ် ရုန်းရရှာတယ်..။
ဘေးဘယ်ညာက ဘ၀တူ တဲတွေဆီ အမှာစကားပါးရင်း ကလေးငယ်ခါးနဲ့ တဲတိုင်ကို ကြိုးချည်ထားခဲ့ရတယ်..။ တစ်ရက်နှစ်ရက် တစ်ပတ်လောက် ကြာတော့ ခါးမှာချည်ထားတဲ့ကြိုး ပြေ- လေးဘက်သွားကလေးငယ် တဲအောက်ပြုတ်ကြ သေ.. ရှာတယ်..။
တဲအောက်မှာက ရေတွေနဲ့  လေ..။

်တကမ္ဘာလုံး အုတ်အော်သောင်းနင်း ထိတ်လန့်ရှာတဲ့ ကြက်ငှက်တုတ်ကွေး ဒီကိုရောက်လာတယ်..။ ကြက်ဘဲဈေးတွေ ထိုးကျကုန်တယ်..။ မရောင်းရဘူးတော့ မထင်နဲ့ ..။
ဒါအခွင့်အရေး..။ ကြက်သားကို ဈေးပေါပေါနဲ့ စားခွင့်ကြုံတာ..။ စားကြမယ် ဟေ့ ကောင်းကောင်း..။ တုတ်ကွေးမကလို့.. တုတ်ကွေး အဘ လာလာ.. လူ့အသက်ဆိုတာ ကံပေးတဲ့အတိုင်း..။

စားလိုက်ကြတာ.. အုန်းအုန်းကို ထလို့ ..။
---------------------------------------------------------------------
ဆင်းရဲ တွင်း နက်တော့.. အဖက်ဖက်က ခြွတ်ခြုံကြတယ်..။
ရောဂါဘယတွေ သူမတူအောင် ထူပြောကြတယ်..။

ဖျတ်ကနဲ ဖြုတ်ကနဲ မျက်စိတမှိတ်အတွင်းမှာ ဘ၀တွေ လွင့်ကြွေလွယ် ကြတယ်..။

အဲ့ဒါတွေက အမြန်ဆုံး လွတ်မြောက်ဖို့ဆိုတာ.. ဆင်းရဲတွင်းက ရုန်းထွက်နိုင်မှ ဖြစ်မှာ..။ ဆင်းရဲတွင်းက လွတ်ဖို့ဆိုတာကလည်း အစိုးရနဲ့ ပြည်သူ တက်ညီလက်ညီ ရှိမှ..။

အစိုးရရဲ့  မှန်ကန်တဲ့ အစီအမံ- မြန်ဆန်ထိရောက်တဲ့ အကောင်အထည်ဖော်မှု ရှိရမယ့်အပြင်.. ပြည်သူကလဲ သခွပ်ပင်က မီးတကျည်ကျည် မလုပ်ကြဖို့ လိုတယ်..။

အစိုးရ နဲ့ ပြည်သူ ရဲ့  တာဝန်ရှိမှုက လက်ရှိအခြေအနေမှာ အပေါင်းလက္ခဏာ သဘောမဆောင်ဘူး..။ အမြှောက်သဘော ဆန်တယ်။ တက်ညီလက်ညီရှိခြင်းမှာ.. တဖက်ဖက်က.. သုည ဖြစ်လို့ မရဘူး..။

အစိုးရက တာဝန်ကျေသည့်တိုင် ပြည်သူ့ဖက်က.. သုညဖြစ်နေခဲ့ရင်.. မြှောက်လဒ် သုညပဲ ရမယ်..။
အလားတူ ပြည်သူဖက်က တာဝန်ကျေသည့်တိုင် အစိုးရဖက်က.. သုညဖြစ်ခဲ့ရင်လည်း.. အဖြေက သုညပဲ..။

နှစ်ဦးနှစ်ဖက် တာဝန်ယူမှု-တာဝန်ကျေမှု ကိန်းဂဏန်းကြီးလေလေ.. တိုင်းပြည်ရဲ့  အကျိုးစီးပွားမြှောက်လဒ်က ကြီးလေလေ ပဲ..။

တဖက်ဖက်က သုညဖြစ်နေသမျှ ဒီအခြေအနေက ရုန်းနိုင်ဖို့ မလွယ်လှဘူး..။

Ko Navana

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...