Tuesday, August 27, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၃)

August 25, 2013 at 6:40pm
မွန်းအောင်က အနုပညာဝါသနာကြီးလွန်းလို့ ကချင်ပြည် မြစ်ကြီးနားကနေ ရန်ကုန်ကိုဆင်းလာတာ၊ သူနဲ့အတူ သူ့သူငယ်ချင်းဂစ်တာသမားတွေလည်းပါလာတယ်၊ ကျနော်မှတ်မိတာ နော်ဂျာ၊ ဂွတို (ဂွတိုက ဘေ့စ်ဂစ်တာတီးတယ်၊ ခု သူက ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂွမ်မော်)၊ ကိုရဲတို့ အုပ်စုကသူ့အပေါ် အများကြီးအကူအညီပေးခဲ့တယ်၊
အဓိက ကိုရဲ၊ သူ့အပေါ်စေတနာအပြည့်နဲ့ ဆိုပုံဆိုနည်းအစစ ညီလိုသူငယ်ချင်းလို သင်ပြပေးခဲ့တယ်၊ ကျနော်မှတ်မိတယ် ကိုရဲ မွန်းအောင်ကို တော်တော်မောင်းခဲ့တာ၊ တော်ရုံလူဆို စိတ်ဓါတ်တော်တော်ကျသွားနိုင်တယ်၊ ဒါပေမယ့် မွန်းအောင်ကဇွဲကောင်းတယ်၊ သူ့အတွက်ကောင်းစေချင်တဲ့စေတနာနဲ့ မောင်းတာမှန်းသိလို့ သူတော်တော်ကြိုးစားခဲ့တယ်၊ နောက်ပိုင်းမိုးကျော်နဲ့ မွန်းအောင် အရမ်းတွဲဖြစ်ကြတယ်၊ မွန်းအောင်ငှားနေတဲ့ ၆ မိုင်ခွဲက အိမ်မှာ မိုးကျော် သူကွယ်လွန်ခါနီးအထိ နေသွားတယ်။

ဒီလိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ်စာမေးပွဲ အတွက်ဖြေကြရပြီ၊ မိုးကျော်နဲ့ကျနော်က ဘာစာမှ မရဘူး၊ ကျောင်းမှမှန်အောင်မတက်ခဲ့ကြတာ၊  ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်းတယောက်ဆီက ရထားတယ်၊ ဒါနဲ့ နှစ်ယောက်သား စာခိုးချဘို့ Field Jacket တထည်စီ ဝတ်ပြီး ဂျာကင်အိပ်အများကြီးထဲ စာတွေဖြဲထည့်ပြီးခိုးချဘို့ လုပ်ကြတယ်၊ ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ၊ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့ အဖြေက ဘယ်အိပ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ရောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ....၊ ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့က ကျောင်းတက်မှန်ပြီးအောင်သွားကြတယ်။

အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေထွက်တော့ ခွေက ထင်သလောက်မပေါက်ခဲ့ဘူး၊ အခွေက လှိုင်တေးသံသွင်းကနေဖြန့်တာ၊ ခွေထွက်ပြီး မကြာခင် ကိုအုန်းမြင့် (ရီဇော်) က ခွေ ၂ ဒါဇင်ယူလာတယ်၊ မင်းကျော်ခိုင်ရေ၊ ကိုတိုးအခွေတွေ ဒို့ ဝိုင်းဖြန့်ရအောင်ဆိုပြီးလာပေးတယ်၊ ဒါနဲ့ ကိုရဲရယ် ကျနော်ရယ် ခွေတွေယူပြီး ဘယ်သူ့ကို စ ရောင်းမလဲပေါ့၊ ကျနော်က အင်ကြင်းဆောင်က ဂျီဂျီး (ကိုမောင့်ညီမကိုပဲ စ ရောင်းတာပေါ့) ဆိုပြီး ဂျီဂျီးဆီသွားရောင်းတယ်၊ ဂျီဂျီးက ၂ ခွေ ကို တခွေ ၂၅ ကျပ်နဲ့ ဝယ်လိုက်တယ်၊ အဲဒီအရင်းနဲ့ တခြားနေရာတွေခရီးဆက်ကြတာပေါ့၊ ရန်ကုန် ဆူးလေ ဟိုင်းလက်ကားတွေ တယောက်တကျပ်ဆွဲတဲ့အချိန် ကက်ဆက်ပါတဲကကားရွေးပြီး ရှေ့တန်းမှာထိုင် ဒရိုင်ဘာကို ကိုတိုးအခွေပေးပြီး ကြော်ငြာအနေနဲ့ဖွင့်ခိုင်း..အဲလိုစ ဖြန်ံကြတယ်၊ တောင်ဥက္ကလာဘက်ဆို ခွေငှားဆိုင်တွေက ဈေးမပေးဘူး၊ အဆိုတော်အသစ်ဆိုပြီး ထားခဲ့လေ နောက်တပါတ်လာကြည့်ပေါ့၊ ဒါမျိုးတွေ တချို့ဆိုင်တွေကို ၁၅ ကျပ်နဲ့ ရောင်းခဲ့ရတာတွေရှိတယ်၊ နာမည်မကြီးသေးရင် ဒီလိုပဲ မျက်နှာငယ်ရတယ်၊ (မွန်းအောင်ကိုယ်တိုင် သူ့အခွေအတွက် အဲလိုအဖြစ် သူကိုယ်တိုင်ကြုံခဲ့ရတယ်)၊ ခွေရောင်းရတဲ့ ပိုက်ဆံတွေကလည်း လမ်းစရိတ်၊ စားတာသောက်တာနဲ့ ငွေခေါင်းကွဲတော့တာပေါ့၊ ဝန်ခံရရင် ငွေစာရင်းမရှင်းနိုင်ဖြစ်ကုန်တယ်၊ ကံကောင်းတယ်ပဲပြောရမလားပဲ ခွေတွေကို တာဝန်ခံယူလာတဲ့ ကိုအုန်းမြင့်က စိတ်တခါတခါဖေါက်တတ်တယ်၊ အဲဒီအချိန်သူ စိတ်ထဖေါက်တော့ တေးသံသွင်းဆိုင်ကလည်း ဘာမှလုပ်လို့မရဘူးဖြစ်ရော၊ တေးသံသွင်းဆိုင်က ပိုင်ရှင်ရဲ့သား(နံမည်မေ့နေတယ်) တာဝန်ခံပြီး ကိုအုန်းမြင့်ကိုထုတ်ပေးခဲ့တာဆိုတော့ သူ့အဖေက သူ့သားကို အိမ်ပေါ်ကနှင်ချလိုက်တယ်ကြားတယ်၊ ဒါလည်းခဏပါပဲ၊ သားအဖကိုး၊ သူ့သားက ကိုတိုးတို့ ကိုရဲတို့အပေါ် သံယောဇဉ်ကြီးတယ်၊ အောင်မြင်စေချင်တယ်လေ၊ အဲဒီ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေကာဗာက ပန်းချီကျော်ကျော်ဝင်း (ကွယ်လွန်) ရေးခဲ့တာ၊ ကျနော်က ဒီဇိုင်းတခုရေးပြီး ရောင်စုံစာကူးစက်နဲ့  (Electronic Wax နဲ့ရေးတဲ့ဒီဇိုင်း) A4 ဆိုဒ်ထုတ်ပြီး ရန်ကုန် အင်းစိန် ဘတ်စ်ကားတွေရော၊ ဟိုင်းလက်ကားတွေရော ဘေးမှာကပ် ကပ်ပေးလိုက်တာ၊ ပြန်တွေးကြည့်တော့ အသုဘပို့တဲ့ ဘတ်စ်ကားတွေဘေးမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူ အသက်ဘယ်နနှစ် ဆိုပြီး ကပ်တဲ့စာတွေလိုဖြစ်သွားတာ။

အခွေထွက်ပြီး နဲနဲကြာတဲ့အချိန်ကျနော်တို့ ဘားလမ်းထဲက မုတ်ဆိတ်လ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုမောင်က စကားစ လာတယ်၊ တိုးကြီးဒီလိုသာဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့အဆိုတော်ဖြစ်လာမှာမဟုတ်ဘူး...လို့လည်းပြောရော ကိုရဲက မောင်မောင်အဲလိုမပြောသင့်ဘူး၊ ဘာပဲဖြစ်ဖြစ် တိုးကြီးအောင်မြင်ဘို့ ဒို့သူငယ်ချင်းတွေမှာတာဝန်ရှိတယ်၊ မဖြစ်ဖြစ်အောင်ဝိုင်းလုပ်ရမယ် ဆိုပြီးပြောတယ်၊ ကျနော်သိတယ်၊ ကိုမောင်ကလည်း ကိုတိုးကို အောင်မြင်စေချင်တယ်၊ ဂရုဏာဒေါသောနဲ့ပြောခဲ့တာပါ၊ တကယ်တန်းကျ သူတို့သူငယ်ချင်းချင်း သိပ်ချစ်ကြတာ၊ သူတို့သီချင်းတွေကို ကိုတိုးအတွက်ပဲ ရေးစပ်ခဲ့ကြတာ၊ ကိုရဲက ကိုတိုးအပေါ်ဘယ်လောက်သံယောဇဉ်ကြီးတယ်ဆိုတာ ကျနော်သိတယ်၊ ကိုရဲနဲ့ ကျနော်နှစ်ယောက်ထဲ အရက်သောက်ကြတဲ့အချိန်ဆို ကိုရဲအမြဲပြောတယ်၊ တိုးကြီးတနေ့ လုံးဝ အောင်မြင်ရမယ်၊ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပေးရမယ်......ဒါသူအမြဲနှလုံးသွင်းထားတဲ့စကားတွေ။
ဒီကြားထဲ မဆီမဆိုင် ကျနော့ကိုပါလာပြီး မင်းကျော်ခိုင်နာမည်ကိုလည်း တိုး ပါတဲ့နာမည်တခုပြောင်းပါလား တဲ့၊ ဟာ...ဘာဆိုင်လို့လဲကိုရဲရာ ဆိုတော့ ကိုယ်က တိုး ဆိုရင်ချစ်တယ်ကွာတဲ့၊ ချစ်မှာပေါ့ သူ့ငယ်ချစ်နာမည်က တိုးတိုး လေ။
ဒါကြောင့် သူ့သီချင်းတွေမှာ တိုး ဆိုတဲ့စကားလုံး အမြဲပါတာ......

၁၉၇၉ လောက်ကနေ ၁၉၈၃ လောက်ကာလတွေတုန်းက ရန်ကုန်တက္ကလိုလ်ထဲမှာ ကဗျာရူး စာရူးတွေတော်တော်ပေါတာ၊ တကယ့်ကဗျာဆရာဖြစ်သွားတဲ့သူတွေလည်းရှိခဲ့ပါတယ်၊ ပုဆိုးတိုတိုဝတ်၊ ဆေးပေါ့လိပ်ကိုခဲ၊ လ္ဘက်ရည်ဆိုင်ထိုင်၊ ကိုယ့်ကိုယ်ကို ဘဝ သမား၊ ဘဝကဗျာဆရာ၊ ဘဝသရုပ်ဖေါ်စာရေးဆရာ ကဗျာဆရာတွေပေါ့လေ..အဲလိုပုံစံတွေခေတ်ထခဲ့တယ်။

ကျနော်က အရက်ပဲသောက်တတ်တာ၊ ဆေးလိပ်မသောက်တတ်သေးဘူး၊ ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်း၊ ဘိုတင့်(ရာပြည့်)၊ မိုးကျော်တို့က အဲဒီကာလ ခေတ်စကားနဲ့ပြောရရင် ဆင်ကြိုက်တယ်၊ ဆင်စီးတယ်ပေါ့၊ ဆေးပေါ့လိပ်က နှင်းဆီ၊ နောက် သဇင်ကြိုက်ကြတယ်၊ သဇင်ဆိုတာက သိတယ်မဟုတ်လား..လိပ်ပြာတောင်ဆေးဆိုင်တွေမှာရတယ်၊ အဲဒီသဇင်နဲ့ လျက်ဆားထုတ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ဆေးပေါ့လိပ်လေးနဲ့ဆို ကိုထီးဆိုသလို ဘာနဲ့မှမလဲနိုင်တဲ့စည်းစိမ်လေးပေါ့ဗျာ....မောင့်အသည်းလေးဆေးတံတိုပေါ့....
မိုးကျော်က အရက်နဲ့မတည့်ဘူး၊ ကိုရဲကျတော့ အရက်ကို ရေမရောပဲသောက်တတ်တာ..ဒါပေမယ့် သောက်ခဲတယ်၊ သူတို့ကအငြိမ်ကြိုက်ကြတဲ့သူတွေ၊ သူတို့ကိုကြည့်ပြီး အားကျလေးစားကြတဲ့လူငယ်တွေအတုယူမှားကြတာက အဲဒီရီဝေတဲ့စတိုင်ဖမ်းပြီး အနုပညာသမားကြီးတွေလို လ္ဘက်ရည်ဆိုင်တွေမှာ ရေနွေးတအိုးပြီးတအိုးမှာသောက်ကြရင်းစတိုင်ထုတ်ကြတာပဲ၊ ကိုရဲတို့အုပ်စုက အဲလိုမဟုတ်ဘူး၊ သူတို့ကောင်းနေပြီဆိုရင် ဂစ်တာကိုကိုင် ကီး(Key)တွေစမ်း၊ သံစဉ်တွေရှာ၊ စကားလုံးတွေနဲ့ သီချင်းရေးတတ်ကြတယ်၊ ပါတ်ဝန်းကျင်မှာကြားရတဲ့ ကျေးငှက်သံတွေ၊ သစ်ရွက်လေတိုးသံတွေဟာ သူတို့အတွက်က သံစဉ်တွေပဲလေ၊ တခါတလေ သမိုင်းဝင်းထဲကမိန်းကလေးအဆောင်တွေမသွားဖြစ်တဲ့ညတွေ အင်းလျားကန်ဘောင်ပေါ် ဂစ်တာတီးကြရင်း အင်းလျားရေပြင်ရဲ့လှိုင်းပုတ်သံတွေဟာလည်း သူတို့အတွက် လှပတဲ့သံစဉ်တွေပဲလေ.....။

နောက်သဇင်ခေတ်ကုန်တော့ ကုလားမခေတ်ရောက်လာတယ်၊ ကုလားမဆိုတာ နောက်လူတွေက ငါးလို့ခေါ်ကြတယ်၊ လှည်းတန်းမီးပွိုင့်က အိမကျောက်ကျောဆိုင်မှာရတယ်၊ ကိုနေဝင်းကတော့ ပင်တိုင်ဖေါက်သည်ကြီးပေါ့၊ RIT ရှေ့ကြို့ကုန်းဝင်းထဲက နှင်းဆီလ္ဘက်ရည်ဆိုင်မှာလည်းရတယ်၊ လျက်ဆားထုတ်နဲ့ ရေးနွေးကြမ်းတခွက်ကတော့ ဖရီးပေါ့ဗျာ...။
တညသား သမိုင်းဝင်းထဲက သဇင်ဆောင်ရှေ့ ဂစ်တာတီးနေကြရင်း ကိုရဲဘေးမှာချထားတဲ့ နှင်းဆီဆေးပေါ့လိပ်တွေထဲက တလိပ်ယူသောက်မိတာ အရက်သောက်ထားတဲ့အခံနဲ့ ချာလပါတ်ကိုရမ်းတော့တာပဲ၊ ကိုရဲ ကျနော့ကိုမနဲတွဲပြီးသူ့အဆောင်အထိ တွဲပြန်ခဲ့ရဘူးတယ်၊ သူ့ဆေးပေါ့လိပ်တွေက ဆင်ထည့်ထားတဲ့ဆေးလိပ်တွေကိုး၊ အဲဒီကတည်းက ဆင်ဆို တော်တော်ကြောက်သွားခဲ့တာခုထိပါပဲ။

တရက်ကျတော့ ကျနော်နဲ့ ကိုမောင်လှည်းတန်းသွားကြတယ်၊ အိမဆီဝင်ပြီးတော့မှ ပန်းကမ္ဘာအအေးဆိုင်မှာနှစ်ယောက်ထိုင်ကြရင်း (အဲဒီတုန်းက အဉ္ဇလီမောင်မောင်ဆိုတာ နာမည်သာသိကြပေမယ့် လူနဲ့မတွဲမိကြသေးဘူး) ကိုမောင်က ကုလားမပုလင်းထုတ်ပြီး မင်းကျော်ခိုင် နဲနဲချကြည့်ဆိုပြီးအတင်းစည်းရုံးတာ၊ ကျနော်လည်း ကိုမောင် တစိတ်ပဲနော်ဆိုပြီး တစိတ်ချလိုက်တာ အဲဒီအချိန်ကစပြီး ကောင်းခဲ့တာပါပဲ၊ ကိုမောင့်ညီမဂျီဂျီးက သူ့အကိုအကြောင်းသိတော့ ကျနော့ကို မင်းကျော်ခိုင် နင် ငါ့အကို ဘဲဖြူကြီးနဲ့ပေါင်းပြီး ဘာတွေလုပ်နေလဲဆိုပြီး သူငယ်ချင်းပီပီဆူခဲ့ဘူးတယ်၊ ဂျီဂျီးက သူ့အကိုကို ဘဲဖြူကြီးလို့ခေါ်တာကိုး။

သူတို့အုပ်စုထဲ ကိုတိုးက အမြဲတမ်း Ray Bin မျက်မှန်တပ်ပြီးတည်တည်ငြိမ်ငြိမ်ရှိတယ်၊ ကိုနေဝင်းကျတော့ ဟန်ဆောင်လို့မရဘူး၊ သူကောင်းလာပြီဆိုရင် သူပြောချင်တာပြောတော့မယ်၊ ကိုမောင်ကျတော့ စကားသိပ်မပြောဘူး စိတ်ပါမှပြောတာ၊ စာဖတ်ချင်ဖတ်၊ မဖတ်ရင် ဂစ်တာကိုင်ပြီးသံစဉ်စမ်းနေတော့တာပဲ၊ ကိုရဲကျတော့ စကားတွေအထာနဲ့ပြောပြီ....။

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...