Thursday, August 22, 2013

အမေရိကန်ကောလိပ် သိသင့်စရာများ (၂)


August 19, 2013 at 12:05pm
စာရေးလိုက်တိုင်း ရေးစရာတွေများလွန်းလို့ တက်နိုင်သမျှ အကျဉ်းချုံသော်လည်း ရှည်ရှည်သွားလို့ သည်းခံပြီးတော့ ဖတ်ကြပါ။ အခုဆက်ပြီးပြောချင်တာက နိုင်ငံခြားမှလာမည့် ပညာတော်သင်များနှင့် အခြေချနေထိုင်ပြီး ပညာသင်မည့်သူများ သတိထားရွေးချယ်ရ မည့်ကျောင်းကိစ္စပါ။
အမေရိကန်ပြည်ထောင်စုက ပုပ္ပလိကစီးပွားရေး လွတ်လပ်ခွင့်ရှိတယ်။ ဒီတော့ပညာရေးမှာလည်း ပုပ္ပလိကကျောင်းတွေ အများကြီးရှိတယ်။ တချို့ကျောင်းတွေဆို အလိုလိုနေရင်း လူသိများပါတယ်။  ဘာလို့လည်းဆိုတော့ Commercial လုပ်အားကြီးလို့ပါ။
ပညာရေးအဆင့်တန်းမှာ အဆိုပါကျောင်းမှ သူနာပြုဆင်းလာသူတယောက်က ဆေးရုံ ဆေးခန်းမှာ အလုပ်ကိုင်ရဖို့ ခက်ခဲတဲ့အထိ အသုံးမ၀င်ပါ။ ထိုသို့ အသုံးမ၀င်သည့်အတွက် ကျောင်းတက်ထားသူများက တရားဆွဲဆိုပါတယ်။ တရားဆွဲဆိုတော့ ကျောင်းက အနိုင်ရသွားတယ်။ သင်ရိုးတန်းကို သူတို့မူဝါဒ အတိုင်းသင်ကြားမှာဖြစ်သည် ဆိုတဲ့ အချက်ကို ကျောင်းမတက်ခင်မှာ ချုပ်ဆိုတဲ့ သဘောတူစာချုပ်မှာ ထည့်သွင်းထားသည့် အတွက် ဖြစ်ပါတယ်။

ဒီတော့ ကျောင်းရွေးချယ်သည့်အခါမှာ ပုပ္ပလိကကျောင်းတက်မည့်သူများ အသေချာရွေးချယ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် အမေရိကန်အစိုးရကောလိပ်များ တက္ကသိုလ်များကို ရွေးချယ်စေချင်တယ်။ ဒါမှမဟုတ်ငွေကြေးတက်နိုင်ရင် သိက္ခာကြီးမားတဲ့ ကျောင်းများကို ရွေးချယ်ပါ။  Social networks တွေမှာ ကြော်ငြာနေတဲ့ ကျောင်းတွေ၊ အင်တာနက်မှာ ကိုယ့်အီးမေလ်း အတင်းလိုက်တောင်းနေတဲ့ ကျောင်းတွေကို အယုံကြည် မရှိပါနှင့် Profits Uni တွေရဲ့ တာဝန်မဲ့မှုပြဿနာတွေ အလွန်များလွန်းပါတယ်။ ဒီတော့ ငါးမန်းတွေများတဲ့ ပင်လယ်ပြင်ကို ဖြတ်ကူးမည့် လူတယောက်လို မိမိအတွက် လိုအပ်တဲ့တာတွေ ကြိုတင် ပြင်ဆင်ပြီးမှ ကူးဖြတ်ကြပါ။

နိုင်ငံခြားမှ ကျောင်းလာတက်မည့်သူများ

အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်တော့မယ်ဆိုရင် ပထမဆုံး မိမိရွေးချယ်သည့် ကျောင်းနှင့် ပတ်သက်ပြီး လေ့လာစုံစမ်းပါ။  လူသိများပြီး နေရာတကာမှာရှိတဲ့ ကျောင်းဖြစ်တိုင်းလည်း အသုံးမ၀င်ပါ။ ဆောင်ရန်ရှောင်ရန်လေးတွေ ရေးပေးလိုက်ပါမယ်။ အကုန်လုံးကို ပြည့်စုံအောင် ဖြစ်ချင်မှ ဖြစ်မှာပါ ဒါပေမယ့် အဓိက ဖြစ်နိုင်တာလေးတွေ သိထားတော့ အသုံးဝင်မယ်ထင်ပါတယ်။

အဓိက ကိုယ်တက်မည့်ကျောင်းရဲ့ အောင်မှတ်ကို ဘယ်ကအသိမှတ်ပြုလည်းဆိုတာကို အဓိကလေ့လာပါ။ ကိုယ်လုပ်မည့် Profession အလိုက် လေ့လာပါ။ ဆိုပါစို့ဗျာ ဥပဒေကျောင်းဆိုရင် အမေရိကန်ရှေ့နေများကောင်စီတို့ တရားသူကြီးများအသင်းတို့က အသိမှတ်ပြုသလား စသည်ဖြင့် အရင်သေချာအောင် လေ့လာပါ။ မိမိတက်မည့်ကျောင်းမှ အောင်မှတ်ကို အခြားတက္ကသိုလ်များမှ ဘယ်လိုလက်ခံ အသိမှတ်ပြုပါသလဲ။ အမှတ်လွဲပြောင်း (Transfer credit) သည့်နှုန်းထား ဘယ်လောက်ရှိပါသလဲ။ ဆိုပါစို့ဗျာ ကိုယ်တက်မည့်ကျောင်းက အတန်းကို အခြားတက္ကသိုလ်တခုခု ဒါမှမဟုတ် အမေရိကန်အစိုးရကျောင်းတွေ မှာ ဘယ်လို လက်ခံသလဲ။ ကိုယ့်ကျောင်းက ပြီးသွားတဲ့ course တခုကို အခြားကျောင်းတွေမှာ ပြန်သင်ရတာတို့ အလယ်ကပြန်စပြီး လက်ခံတာမျိုး ဒါမှမဟုတ် လုံးဝလက်မခံဘူးဆိုရင် နောက်ဆုက်လိုက်ပါ အဲဒီ့ကျောင်းကို လုံးဝမတက်ပါနဲ့။

နောက်တခုက အမေရိကန်ပြည်ထောင်စုမှာ Student visa နှင့်လာရောက်ပြီး။ ဗမ်းစကားနဲ့ပြောရရင် ခုန်ချတာပေါ့ဗျာ အပြီးပိုင်နေထိုင်ဖို့ လျှောက်ထားရန် လုံးဝမစဉ်းစားပါနဲ့ ဘာလို့လည်းဆိုတော့ ဒီလိုကိစ္စတွေ အများကြီး မဖြစ်ရအောင် ရှောင်လွှဲသည့်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးမှ အဆိုပါကျောင်းသားရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို လုံးဝ မချပေးပါဘူး။ ကျောင်းပြီးသွားလို့ လုပ်ငန်းဝင်ဝင်ပြီး မိမိလုပ်ငန်းခွင်မှာ ကျွမ်းကျင်လုပ်သားဖြစ်သွားသည့်အခါ လျှောက်ပါ။ မိမိလုပ်ငန်းရဲ့ အဆင့်တန်းအလိုက် ဥပဒေအရ အနှေးနှင့် အမြန်ရပါလိမ့်မယ်။ ကျောင်းလာတက်မယ်ဆိုပြီးတော့ ခုန်ချဖို့ လုံးဝမတွေးပါနဲ့ တရားမ၀င်ဘ၀နဲ့ သောင်တင်နေပါမယ်။ 

မိမိရဲ့ Profession နှင့် ကိုက်ညီမည့် ကျောင်းကိုသာ ရွေးချယ်တက်ဖို့သင့်တော်ပါတယ်။ တက်ပါလို့ တိုက်တွန်းလိုပါတယ်။ တကယ်ကျောင်းတက်တော့မယ် ဆိုလျှင် ဗီစာအတွက် လိုအပ်တဲ့ စာရွတ်စာတမ်းကို မိမိတက်မည့်ကျောင်းမှာ ငွေသွင်းပြီးတာနှင့် အကုန်ထုက်ပေးတယ်လို့ သိရပါတယ်။

ပညာရည်ချွန်ဆုကတော့ Semester တခုစီရဲ့ အတန်းတိုင်းမှာ အနိမ့်ဆုံး B+ (ပျမ်းမျှခြင်း အမှတ် ၈၆ မှအထက်) Dean စာရင်းဝင်ပါတယ်။ ဆိုပါစို့ Fall semester မှာ အတန်း လေးတန်းတက်တယ် လေးတန်းလုံး အနိမ့်ဆုံး B+ ဖြင့် အောင်ရပါမယ်။ နှစ်ကြိမ်ဆက်တိုင် Dean စာရင်းဝင်ပါက ပညာရည်ချွန်ဆုကို လျှောက်ထားနိုင်ပါတယ်။ ဆက်တိုက်ကိုယ့်ရဲ့ GPA ကို ထိန်းသွားနိုင်ပါက ပညာရည်ချွန်ဆုမှ ရရှိသည့်ငွေဖြင့် မိမိအတန်းကြေးများကို ပြန်ကာမိစေနိုင်တယ်။

အခြေချနေထိုင်သူများအတွက် အမှာစကား

ပထမဆုံးသိထားရမှာက အမြဲတမ်းနေထိုင်ခွင့် permanent resident (Green card) ရရှိထားပြီးပြီဆိုလျှင် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ပညာရေးထောက်ပံ့မှု အစီစဉ်နှင့် အကြုံးဝင်ပြီး။ Student loan ပေါ်လစီမှာလည်း ခွင့်ပြုချက်ရပြီးသားဖြစ်နေပါပြီ။ ဒီတော့ ကျောင်းတက်မယ်ဆိုရင် သတိထားပါ။ အစိုးရကျောင်းမဟုတ်တဲ့ အမြတ်ကြီးစားကျောင်းတွေက သင့်ကို လက်ကမ်းကြိုနေမှာပါ။ ဘာလို့လည်းဆိုတော့ သူတို့ကျောင်းစရိတ်တွေအတွက် သင်မပေးနိုင်လည်း သင့်လက်မှတ်တချက်ထိုးရုံဖြင့် အစိုးရထံမှာ ချေးငွေဖြင့် ပေးစေမှာဖြစ်ပါတယ်။ပိုကြောက်စရာကောင်းတာက အမြတ်ကြီးစားကျောင်းများရဲ့ အောင်လက်မှတ်များက အလုပ်ကိုင်ရဖို့ အခွင့်လမ်း အလွန်နည်းပါးခြင်း ဖြစ်ပါတယ်။  


Student loan ကိစ္စက အင်မတန်မှကြောက်စရာကောင်းတယ်။ ဘာလို့လည်းဆိုတော့ အမြတ်ကြီးစားကျောင်းတွေ တက်ရောက်ပြီး အကြွေးတွေအများကြီးတင်ကာ ပြန်မဆပ်နိုင်တော့ဘဲ ဘ၀ပျက်နေရတဲ့ အမေရိကန်ပေါင်းများစွာ ရှိပါတယ်။ ပြီးတော့ Student loan ကို လူမွဲစာရင်း ကြေငြာပြီး ရှောင်လွဲလို့ မရပါဘူ။ သင့်ရဲ့ ဘ၀တလျှောက် အမြဲတမ်း အကြွေးတောင်းနေမှာဖြစ်ပြီး။ Student loan ပြန်မဆပ်ပါက ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်တွေမှာပါ နာမည်ပျက်စာရင်း (ရန်ကုန်က ဂျာနယ်တွေရေးသလို အမည်မဲကြီးပေါ့ဗျာ) သွင်းခံရပြီး ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် အကျိုးခံစားခွင့်တွေ ရုပ်သိမ်းခံရမှာဖြစ်ပါတယ်။


ဒီနေရာမှာ ဂုဏ်သိက္ခာနှင့် ရပ်တည်တဲ့ ကျောင်းများလည်းရှိပါတယ်။ အဲဒီလိုကျောင်းတွေကတော့ အဆင့်တန်းမှီတဲ့ သင်ကြားရေးစနစ်များဖြစ်လို့ စိတ်ချရပါတယ်။ သို့သော် ငွေကြေးက အစိုးရကျောင်းများနှင့် ကွာဟလွန်းပါတယ်။ ဒီတော့ ၀င်ငွေနည်းပြီး အခြေချနေထိုင်ခါစ သူများအနေဖြင့် အစိုးရကျောင်းများကို ရွေးချယ်ခြင်းဖြင့် စိတ်ချရတဲ့ ပညာရေးအဆင့်တန်းနှင့်အတူ အာမခံချက်ရှိတဲ့ အောင်လက်မှတ်ကိုရရှိမှာ ဖြစ်ပါတယ်။


 (ဆက်ရေးပေးပါမယ် ပြောချင်တာတွေများလွန်းလို့ ရှည်သွားတာကို ခွင့်လွှတ်ပါ။)

Ye Min Tun

ပထမပိုင်းကို ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...