မခင်မိ၏ဇာဘော်လီ
August 22, 2013 at 8:52am
မခင်မိသည် ကမ္ဘာမကျော်သော မုဆိုးမဖြစ်သည်
မခင်မိထံတွင် အိမ်အိုလေးတစ်လုံး ဇာဘော်လီသုံးထည်နှင့် ကလေးလေးယောက်ရှိသည်
မခင်မိသည် အိမ်အိုလေးကို ပန်းချီဆရာအိုလေးထံသို့ ငွေအိုလေးသုံးသိန်းဖြင့်ရောင်းသည်
မခင်မိ ပိုက်ဆံရသည်
မခင်မိ မပျော်
မခင်မိ ကလေးတွေကား ပျော်ကြသည်
အိမ်အပြောင်းအရွှေ့ဖြင့် မခင်မိဇာဘော်လီတစ်ထည်ပျောက်သွားသည်
နှမြောလွန်းသဖြင့် သုံးညတိုင်တိုင်အိပ်မရ
ဇာဘော်လီတစ်ထည်ဝယ်ရန် အကြာကြီးစောင့်ရတော့မည်
တစ်ခါတစ်ရံဇာဘော်လီကို အိမ်မက် မက်သည်
ထမင်းစားနေရင်းတွေးမိလျှင် ဆက်မစားနိုင်
နှမြောလွန်းလှသည်
ပန်းချီဆရာလေးသည် အိမ်အိုလေးပိုင်သဖြင့်ဝမ်းသာသည်
အိမ်အိုလေးအပြင်ထွက်ကြည့်သည်
ရွံ့ဗွက်တွေကြားထဲ အဝတ်ပိုင်းတစ်ခုတွေ့သဖြင့် ဆယ်ယူလာသည်
အခြားမဟုတ်
မခင်မိ၏ဇာဘော်လီဖြစ်သည်
ညစ်ထေးနေသောဇာဘော်လီကို ထရံကြားထဲအမှတ်တမဲ့ထိုးထားပြီး
ညစ်ထေးနေသော အိမ်လေးထဲထပ်ခါထပ်ခါလျောက်ရင်း
ပစ္စည်းတွေနေရာချသည်
များများစားစားမရှိ
ကုတင်တစ်လုံး
စားပွဲတစ်ခု
ကုလားထိုင်တစ်လုံး
ပန်းချီပစ္စည်းနဲနဲပါးပါး
ပန်းချီဆရာလေး ပန်းချီစရေးသည်
တစ်ကားပြီးတစ်ကား
မစား မအိပ် ပန်းချီရေးသည်
တစ်ကားပြီးတစ်ကား
စက္ကူတွေကုန်သွားသောအခါ ကင်းဗက်စ်စဖြင့်ရေးသည်
ကင်းဗက်စ်ကုန်သွားသောအခါ အိပ်ယာခင်း ခေါင်းအုန်းစွပ်တို့ကိုဖြဲရေးသည်
စုတ်တံတွေ ဆေးစပ်ပြားတွေ ဆေးပေနေသော သူ့လက်တွေကို
ထရံကြားမှ ဇာဘော်လီဖြင့်သုတ်သည်
သူ့တွင်အခြားအဝတ်ဟူ၍မရှိတော့
ပန်းချီဆရာလေးထံ မည်သူမှပန်းချီလာမဝယ်ကြ
ပိုက်ဆံချေးမည့်သူမရှိ
ပန်းချီဆရာလေး စားစရာမရှိ
အားအင်ယုတ်လျော့လာသဖြင့် မထနိုင်တော့
ရေးစရာကင်းဗက်စ်စလည်း မကျန်
စက္ကူလည်းမရှိတော့
လက်ကျန်ဆေးနဲနဲရှိသေးသည်
ပန်းချီဆရာလေး ပန်းချီရေးချင်နေသေးသည်
ရပ်တန့်မရနိုင်သော သူ့စိတ်ကိုမရပ်တန့်တော့
ထရံပေါ်သို့မျက်စိရောက်သွားသည်
ဇာဘော်လီသည် ဆေးစက်တွေ ရွံရည်တွေဖြင့်ညစ်နေသည့်ကြားမှ
နူးနူးညံ့ညံ့လေးလှနေသည်
ပန်းချီဆရာလေး တရွတ်ဆွဲထပြီး
ကုတင်ခေါင်းရင်းက အထပ်သားပြားကိုဆွဲခွာသည်
ဇာဘော်လီကိုဖြန့်ချ အားကုန်သုံးပြီး သံဖြင့်ရိုက်သည်
လက်ကျန်ဆေးတွေ ဖိညှစ်ချပြီး သွန်ချပစ်လိုက်သည်
အနီ အစိမ်း ခရမ်း အဝါ လိမ္မော် အရောင်တွေကြားမှ
ဇာဘော်လီလေးသည် ညစ်ထေးထေးဖြင့် လှမ်းပြုံးပြသည်
လက်ကျန်အင်အားတွေစုပြီး ညာဘက်အောက်ထောင့်မှာ လက်မှတ်လှလှလေးထိုးသည်
တစ်ယောက်ယောက်ဝင်လာမလားဟုတံခါးပေါက်ကို ခဏခဏမော့ကြည့်သည်
ရောက်မလာ
ဆေးတွေကုန်ပြီ
စက္ကူတွေကုန်ပြီ
ကင်းဗက်စ်တွေကုန်ပြီ
အာသီသတွေကုန်ပြီ
မခင်မိ၏ဇာဘော်လီကို မခင်မိထံသို့ပြန်ပေးလိုက်ချင်သည်
လက်တစ်ကမ်းတွင်ရှိသောခဲချွန်ထားလေးကို ဖွင့်လိုက်သည်
သစ်သားကြမ်းခင်းပေါ် စာလေးလုံးထွင်းသံတစ်ဂျစ်ဂျစ်ကြားနေရသည်
တစ်ဖြေးဖြေး အသက်ရှုသံလျော့လာသည်
တစ်ဖြေးဖြေး သစ်သားထွင်းသံတိုးလာသည်
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်
မခင်မိထံသို့ ဟု ထွင်းထားသော ကြမ်းပြင်တွင် ချထားသောပန်းချီကားတစ်ချပ်
လဲလျောင်းနေသော ပန်းချီဆရာလေး
ပုရွက်ဆိတ် ယင် ပိုးဟပ်အချို့နှင့်အတူ လူအချို့ရောက်ရှိလာသည်
ပန်းချီဆရာလေးအကြောင်း တအံ့တသြပြောကြသည်
ပန်းချီတွေ အလုအယက်ဝယ်ကြသည်
လေလံကုမ္ပဏီတွေရောက်လာသည်
မခင်မိ၏ဇာဘော်လီ ကားကို လေလံခေါ်ကြသည်
အမြင့်ဆုံးဈေးဖြင့် မခင်မိ၏ဇာဘော်လီကားသည် ကမ္ဘာကျော်သွားသည်
ပန်းချီကားများလွှဲပြောင်းပေးသည့်အခမ်းအနားအပြီး
မခင်မိထံ တာဝန်ရှိသူများမှငွေကြေးအားလုံးလွှဲပြောင်းပေးလိုက်သည်
မခင်မိအံ့သြလွန်းသဖြင့်
ဘာမှမပြောနိုင်
ဘာမှမမေးနိုင်
ငွေများကိုမငြင်းနိုင်
တာဝန်ရှိသူများရှင်းပြနေသည်ကို မကြား
ငွေအချို့ကို ရင်ထဲပွေ့ထားရင်း
သားသမီးတွေကိုသတိရသည်
ကိုဘချိုကိုသတိရသည်
မခင်မိ ငွေအချို့ကိုရင်ထဲပွေ့ထားသည်
ချွေးနံ့ ဂျီးနံ့များနှင့်အတူ ငွေနံ့သည် မခင်မိ၏ဇာဘော်လီအနွမ်းထဲသို့ခုန်ဆင်းသွားသည်
မခင်မိ၏ဇာဘော်လီသည် ကမ္ဘာမကျော်သော မခင်မိ၏ရင်သားများကို ပွေ့ပိုက်ထွေးဥထားဆဲဖြစ်သည်
မခင်မိသည် ဇာဘော်လီတစ်ထည်ဝယ်တော့မည်
အတွေးထဲအထိ နင့်နေအောင်ပြုံးရင်း သူ့ရင်သားများကိုငုံ့ကြည့်လိုက်သည်
မခင်မိရင်သားများသည် မခင်မိကိုပြုံးပြနေကြသည်။ ။
zolar
22.8.13
0 comments:
Post a Comment