ဘ၀နေနည်းညွှန်ပြလေသူ (ရေးသူ ဒေါက်တာမြင့်ဦး ပါမောက္ခချူပ် (သစ်တောတက္ကသိုလ်)
Remembrance, 24 August 2013
လေးစားကြည်ညိုရသူ၊ တန်ဘိုးထားရသူတစ်ဦး လူ့လောကမှထွက်ခွါသွားလေပြီ။ ကျွန်တော့်ရင်တွင်း တစ်စုံတစ်ရာ တအိအိပြိုပျက်သွားလေသလား ခံစားလိုက်ရသည်။ ၀မ်းနည်းမှုက အပြင်းအထန်မဟုတ်သော်လည်း နက်နက် ရှိုင်းရှိုင်းရှိလှသည်။ တခြားသူတွေအတွက်တော့မသိပါ။ ကျွန်တော့်အတွက်တော့ ဆရာကြီးဦးတင်လှသည် အဓိပ္ပါယ် ရှိသည့် ဘ၀နေနည်းကို လမ်းညွှန်ပြခဲ့သူဖြစ်သည်။
အသက်လေးဆယ်ရောက်လာသည်ထိ ကျွန်တော့်ဘ၀မှာ မကျေမနပ်ဖြစ်စရာ ဘာမှမရှိ။
ထို့နည်းတူပင် ထူးထူး ခြားခြား ကျေနပ်အားရစရာလည်းမရှိ။ ထိုနောက်ပိုင်းတွင် တာဝန်တွေကကြီးလာသည်။ တောင်းဆိုမှုတွေကလည်း များလွန်းလာသည်။ လူသားပီပီ ခါးသည်းနာကျည်းမှုတွေဖြစ်ရသည်။ ထိုမှဆက်၍ နာကျင်မှုတွေဖြစ်ရတော့သည်။
အသက်ကြီးလာလေ၊ တည်ငြိမ်ရင့်ကျက်လေဖြစ်ရမည့်အစား ပိုပို၍ ပေါက်ကွဲလွယ်၊ ထိရှလွယ်ဖြစ်လာသည်။ ဒေါသ မီးသည် ကိုယ်ကိုယ်တိုင်အား လောင်ကျွမ်းလေသည်သာမက အနီးအပါးမှ အပြစ်မဲ့သူများကိုပါကူးစက်ကာ ဒုက္ခပေး လေတော့သည်။ အသက်ကြီးခါမှ ဘ၀မှာသင့်တင့်လျောက်ပတ်စွာ မနေတတ်၊ မထိုင်တတ်တော့ပြီ။
ထိုသို့သောအခြေအနေမျိုးတွင် ဆရာကြီးဦးတင်လှအားကြုံဆုံရလေတိုင်း ကျွန်တော့်စိတ်တွင်း ငြိမ်သက်ငြိမ်းချမ်းမှုကို သိသိသာသာခံစားရသည်။ ကျွန်တော်လေးစားအားကျရသော ဆရာသမားများစွာရှိပါသည်။ မတူညီသော ရပ်တည် ချက်၊ ခံယူချက်၊ အတွေးအမြင်များနှင့် ပတ်သက်လာလေတိုင်း စိတ်ခံစားမှုကို ထိန်းချုပ်နိုင်သော၊ ပုဂ္ဂိုလ်ရေးမပါ၊ ဓမ္မဒိဌါန်ကျကျ ရှုမြင်နိုင်သောသူမျိုးက ရှားပါးလွန်းလှသည်။
ကျွန်တော်ကိုယ်တိုင်တွင် ထိုသို့သောအရည်အသွေးမျိုး စိုးစဉ်းမျှမရှိ။ သို့ဖြစ်ရာ ဆရာကြီး၏တည်ငြိမ်မှု၊ တည်ကြည်မှုတို့နှင့် ဆုံတွေ့ရလေတိုင်း လေးစားကြည်ညိုမိသည်။ ယောနိသောမနသီကာရကို တော်တော်များများ သိနားလည်ကြပါသည်။ လက်တွေ့ကျင့်ကြံဖြစ်သူ မည်မျှရှိသည်ကို တော့မသိပါ။ ကျွန်တော်ကတော့ အသိနောက်အလုပ်မလိုက်နိုင်သေးသူသာဖြစ်သည်။ ဆရာကြီးကတော့အပြော မဟုတ်၊ လက်တွေ့ကျင့်ကြံနေထိုင်သွားခဲ့သည်။
ကျွန်တော်တို့၏ သက်တမ်းသုံးပုံတစ်ပုံလောက် စာသင်ခန်းတွေဆီမှာ အပတ်တကုပ်သင်ယူခဲ့ကြသည်။ ဆက်၍ လည်း တစ်ဘ၀လုံး စာအုပ်များမှသင်ယူလေ့လာရန် အားထုတ်နေကြမည်သာဖြစ်သည်။ ကျွန်တော်တို့မေ့ထားမိခဲ့ သည်က လူတွေဆီက၊ အထူးသဖြင့် ဆရာကြီးဦးတင်လှကဲ့သို့သော ပုဂ္ဂိုလ်မျိုးထံမှသင်ယူရန်ဖြစ်သည်။ ထိုသင်ခန်း စာများက ပို၍ပင်အဖိုးတန်ပေဦးမည်။ အခုတော့ ကျွန်တော်သင်ယူလိုသောအရည်အသွေးများနှင့် ပြည့်ဝသည့် ဆရာကြီးကား ထွက်ခွါသွားနှင့်လေပြီ။ ရင်တွင်း၌ တအိအိပြိုဆင်းသွားသည်မှာ ဘာဆိုသည်ကို ကျွန်တော်နားလည် လိုက်သည်။ သင်ယူလိုက်ဦးမည်ဟု အားခဲထားခဲ့သော မျှော်လင့်ချက်ပင်ဖြစ်မည်ထင်ပါသည်။ အမြင်မှန်အတွေးမှန် တစ်ခုရလိုက်သော်လည်း
... အချိန်ကနှောင်းခဲ့လေပြီ။
Fareed Zakaria က သူ့ဆရာ ပါမောက္ခှ Samuel P. Huntington အား 'ပညာ' နှင့် 'မေတ္တာ' တို့ကို အချိုးညီစွာ ပေါင်းစပ်ထားသော ရှားရှားပါးပါးအရည်အသွေးရှိသူဟုဆိုပါသည်။ ဆရာကြီးဦးတင်လှသည်လည်း ထိုသို့သော ပုဂ္ဂိုလ်မျိုးပင်ဖြစ်သည်ဟု ဆိုချင်သည်။ နောက်မျိုးဆက်များအား သူလက်ဆင့်ကမ်းပေးခဲ့သည်မှာ အတွေ့အကြုံ များနှင့် ပညာသာမကပါ။ စေတနာလည်းပါသည်။ မေတ္တာလည်းပါသည်။ ဆရာကြီးသည် ကျွန်တော့်ဘ၀အမြင်ကို တစ်နည်းတစ်ဖုံ ပြောင်းလဲစေခဲ့သူဖြစ်သည်။ ဘ၀မှာ ထိုသို့သောပုဂ္ဂိုလ်မျိုး များများစားစားမတွေ့နိုင်ပါ။ Fareed Zakaria က သူ့ဆရာအား A Man of Towering Intellect ' ဟု ဆိုခဲ့သလို ကျွန်တော်သည်လည်း ဆရာကြီးအား A Model of Modest but Noble Living ' ဟုဆိုလိုက်ချင်ပါသည်။ သူ စံနမူနာပြခဲ့သည့်နည်းအတိုင်း ကျင့်ကြံနေထိုင်နိုင်အောင် ကျွန်တော်အားထုတ်ရပါဦးမည်။
0 comments:
Post a Comment