Sunday, August 25, 2013

(((((..... နူးညံ့စွာ ရှင်သန်ခြင်းအကြောင်း..... )))))




ကျွန်တော်တို့ အိမ်ရဲ့ ခေါင်းရင်းအိမ်မှာ ကျွန်တော်တို့ ချစ်တဲ့ ဘဘကြီးနဲ့.... ကြီးကြီးမေတို့ နေကြတယ်၊ နှစ်ယောက်ထဲ၊ သားသမီးလည်း မရှိဘူး၊ ဆွေးမျိုးတွေလည်း မရှိဘူး။
ဘဘကြီးက(၆၀)ကျော် အသားဖြူဖြူပိန်ပိန်ပါးပါး၊ ကြည်လင်စူးရှတဲ့မျက်လုံးတွေရှိတယ်၊ အမြဲပြုံးနေတတ်တယ်။ စကားပြောရင်လည်း နားထောင်ရတာ အားရှိတယ်...

မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စကားတွေ အမြဲပြောတတ်တယ်။

ဘဘကြီးနဲ့ စကားပြောဖြစ်တိုင်း ယောက်ျားတစ်ယောက်ရဲ့ ထားရှိအပ်တဲ့ ဇွဲ၊ လုံ့လ၊ ၀ိရိယနဲ့ ပါတ်သက်တာတွေ၊ စိတ်သဘောထား ကြီးမြတ်ခြင်းတွေ ဘုရား အလောင်းတော်ရဲ့ မဟာဗုဒ္ဓ၀င်များအကြောင်း၊ မြန်မာရာဇ၀င်များ အကြောင်း၊ ကျွန်တော်တို့ နားလည်နိုင်တဲ့ လွတ်လပ်ရေးခေတ် ကြိုးပမ်းမှု အခြေအနေတွေကို တစ်ခုမဟုတ်တစ်ခု ပြောပြတတ်တယ်.....။

ကြီးကြီးမေကလည်း (၆၀)လောက်ရှိမယ်.. သူလည်း အသားဝါ၀ါနဲ့ နွဲ့နှောင်းပြီး ယဉ်ကျေးပြေပြစ်တယ်..၊ အသံအေးအေးလေးပြောတတ်တယ်... သဘောကောင်းတယ်..၊ အထူးသဖြင့်တော့ အိမ်ကို အမြဲ ၀င်ထွက်နေတဲ့ ကျွန်တော်တို့ ညီအစ်ကိုကို မြေးလေးတွေလိုချစ်တယ်... အလိုလိုက်တတ်တယ်..။

ဘဘကြီးစကားပြောလို့ ကျွန်တော်တို့ နားထောင်နေရင် စားစရာလေးတွေ၊ လ္ဘက်ရည်၊ ကော်ဖီတွေ ချကျွေးတတ်တယ်၊

ဘဘကြီးအတွက်ကတော့ အရိုးလေးတွေ နွှင်ပြီးဆီစိမ်ထားတဲ့ လ္ဘက်ဘူးလေးပေါ့၊ အရမ်းစားလို့ကောင်းတယ်၊ ဘဘကြီးက ဇွန်းဖျားလေးနဲ့ နည်းနည်းလေး ခပ်မြည်းပြီး ရေနွေးသောက်ပေမဲ့ ကျွန်တော်တို့ကတော့ ဇွန်းပြည့်နီးပါး ခပ်စားကြတယ်။

ဒီလိုလုပ်တိုင်းမှာလည်း နှစ်ယောက်စလုံး ကြည်နူးပြီး မြတ်နိုးနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတတ်တယ်.. မြေးလေးတွေကို ချစ်မြတ်နိုးစွာ ကြည့်နေသလိုပေါ့။

တူညီတာ တစ်ခုကတော့ နှစ်ယောက်လုံး တရားအားထုတ်ကြတယ်... ဘဘကြီးရဲ့ ပင်စင်လစာလေးနဲ့ အေးချမ်းစွာနေထိုင်ကြတယ်.. နှစ်ယောက်စလုံး အလှူအတန်း ရက်ရောကြတယ်၊ ကျွန်တော်တို့ ညီအစ်ကိုအပါအ၀င် ကလေးငယ်တွေနဲ့ အိမ်မှာအမြဲ စည်းကားနေတတ်တယ်....

မိဘတွေက ဘဘကြီးတို့ ထမင်းစားချိန်၊ နားချိန်၊ ဘုရားရှိခိုးချိန်၊ တရားအားထုတ်တဲ့ အချိန်တွေမှာ.. ကလေးတွေကို လာခေါ်ရတယ်..... သူတို့ကတော့ ဘယ်တော့မှ မပြန်ခိုင်းဘူး၊ ကလေးတွေရဲ့ စိတ်ထဲမှာလည်း သူတို့က အဖိုးအဖွားတွေပဲလေ....။


ကျွန်တော်တို့က ကျောင်းနေအရွယ်ကလေးကြီးတွေဆိုတော့ တစ်ခါတလေ ပေါက်ပေါက်ရှာရှာလေးတွေ မေးတတ်ကြတယ်......
ဘဘကြီးက ရယ်မောရင်း၊ တစ်ခါတစ်လေ ပြုံးနေရင်းနဲ့ သူတို့ အကြောင်းလေးတွေ ပြောပြတတ်တယ်။

ဘဘကြီးက စာတော်တဲ့ သာမန်လူတန်းစားတဲ့..... ကြီးကြီးမေက စော်ဘွားမျိုးနွယ်လို့ ပြောတယ်....
ကျောင်းတက်ရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်......
သဘောမတူတဲ့ ကြားက ဘဘကြီးတို့ ပေါင်းဖက်ခဲ့ကြတယ်..။
နောက်တော့ ဘဘကြီး အစိုးရဌာနတစ်ခုမှာ အရာရှိ အလုပ်ရခဲ့ပြီး လင်မယားနှစ်ယောက် ဒုက္ခတွေ အခက်အခဲတွေကို အမျိုးမျိုး ရင်ဆိုင်ကျော်လွှားပြီး အေးချမ်းစွာ နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း...။

စော်ဘွားကြီးက .. သူ့ရဲ့ အချစ်ဆုံးသမီးလေးကို ရယူပေါင်းသင်းလိုက်တဲ့ ဘဘကြီးကို အမျိုးမျိုး ရန်ရှာခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ရယ်မောရင်းပြောပြခဲ့တယ်......

ဒီအကြောင်းတွေ ပြောပြတာကို နားထောင်နေတဲ့ ကြီးကြီးမေကလည်း ဘဘကြီးရဲ့ မိဘတွေ၊ မိသားစုတွေက သာမန်လူတန်းစားတွေပေမယ့် စိတ်သဘောထား ကြီးမြတ်ကြတဲ့အကြောင်း၊
စော်ဘွားသမီးလေးကို ပြည့်စုံအောင်မထားနိုင်တဲ့အတွက် အားနာပြီးစိတ် မကောင်းဖြစ်ပေမယ့် တွေ့သမျှလူကို ကြွားတတ်ကြောင်း...၊
ရွှေရုပ်လေးလိုလှပတဲ့ စော်ဘွားသမီးလေးကို ချွေးမတော်ရတယ်ဆိုတာကို စကား စပ်မိတိုင်းပြောကြကြောင်း၊
စကားမစပ်မိရင်လည်း အတင်းစပ်ပြီး ကြွားကြကြောင်း၊
ကြီးကြီးမေနဲ့ ပတ်သက်လို့ ဘဘကြီးခမျာ အင်မတန်ပင်ပမ်းခဲ့ရကြောင်း၊
အရာရာ မိဘလက်ထက်ကလို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အမျိုးမျိုးကြိုးစားခဲ့ကြောင်း၊

ဒီလို ကြင်နာတတ်တဲ့... ချစ်တတ်တဲ့၊ တာဝန်ကျေတဲ့ အကျင့်စာရိတ္တကောင်းတဲ့
ယောက်ျားကို ရခဲ့တဲ့ အတွက်လည်း အမြဲဂုဏ်ယူနေတတ်ကြောင်း၊

ဘဘကြီးကို အရမ်းလေးစားပြီး မြတ်နိုးခဲ့ကြောင်း....
ဘဘကြီး၏ အကျင့် သိက္ခာနှင့် သဘောထားများကို ကြည့်၍ အလောင်းအလျာတစ်ဦးဟု မှတ်ထင်ထားကြောင်း ဝေေ၀ဆာဆာ ပြောပြခဲ့တယ်...။ ကျွန်တော်တို့ ငယ်ငယ်ကပေါ့.....

အချိန်ကာလတွေကို ဖြတ်ကျော်ရင်း ကျွန်တော် ကျောင်းပြီးတော့ အလုပ်ဝင်ဖြစ်ခဲ့တယ်.....

အရွယ်ရောက်လာပြီး ကျောင်းကြီးတက်တဲ့ အချိန်ကစလို့ ဘဘကြီးတို့ အိမ်ကို သိပ်မရောက်ဖြစ်တော့ဘူး...

ကောလိပ်ကျာင်းသားဖြစ်သွားတာရယ်... တခြားကိစ္စတွေနဲ့ နီးနီးလေးနဲ့ ဝေးခဲ့ကြတယ်ဆိုပါစို့......

ကျွန်တော် ခွင့်ရလို့ အိမ်ပြန်လာခဲ့တယ်... အိမ်အ၀င်လမ်းက ကုက္ကိုပင်ကြီးအောက်ရောက်တော့ ခဏထိုင်ကြည့်နေမိတယ်....။

ခွဲခွါသွားတဲ့ (၄/၅)နှစ်အတွင်း ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေကိုပေါ့..... အိမ်တွေ၊ ခြံဝင်းတွေ၊ လမ်းတွေ၊ နောက် လမ်းထဲက ကလေးလေးတွေတောင် တော်တော် ကြီးကုန်ကြပြီ တစ်ချို့ဆိုရင် မမှတ်မိတော့ဘူး....

ကျွန်တော်တစ်ယောက်ထဲ ထိုင်ကြည့်နေတုန်း အဘိုး အဘွား နှစ်ဦးလမ်း လျှောက်လာတာ တွေ့ရတယ်၊

အဘွားဖြစ်သူကတော့ အနွေးထည်နဲ့ ပုဝါပိုင်းလေးလည်း လည်ပင်းမှာပတ်ထားတယ်၊ အဘိုးကတော့ သာမန်ပုံစံပေမဲ့ အဘွားရဲ့ လက်မောင်းလေးကိုကိုင်ရင်း ဖြည်းဖြည်းချင်း လျှောက်လာနေကြတယ်၊

နှစ်ယောက်စလုံးကို ကျွန်တော် မှတ်မိနေပါတယ်၊ အိမ်ခေါင်းရင်းက ဘဘကြီးနဲ့ ကြီးကြီးမေပေါ့... ကြည့်ရတာတော့ ကြီးကြီးမေ သိပ်နေမကောင်းတဲ့ ပုံပါပဲ.... ဟုတ်ပါတယ်... အသက်တွေလည်း (၇၀)လောက်ဖြစ်ကုန်ပြီလေ...။

ကျွန်တော့်နားကိုရောက်လာကြတော့ တစ်ဘက်မှာ ရှိတဲ့ ခုံတန်းလေးမှာ ၀င်ထိုင်လိုက်တယ်၊

ပြီးတော့ ဘဘကြီးက ကြီးကြီးမေရဲ့ လည်ပင်းက ပုဝါလေးကို ယူရင်းနဲ့ ချွေးလေးတွေ စိုနေလား၊ မစိုဘူးလား မသိတဲ့ ကြီးကြီးမေရဲ့ နဖူးလေးကို ဖိဖိပြီး ချွေးသုပ်ပေးနေတယ်...။

ကြီးကြီးမေကတော့ မျက်နှာနည်းနည်းလေး အမ်းနေတယ်... ပြီးတော့လည်း မောပမ်းနေလေရဲ့.... လျော့လျော့လေး ထိုင်နေရင်းက ဘဘကြီးရဲ့ လက်မောင်းကို ဆုပ်ကိုင်ထားတယ်....။

ကျန်းမာရေးကြောင့် အားငယ်နေတဲ့ အချိန်မှာ ကြီးကြီးမေရဲ့ နှလုံးသားထဲကို ဘဘကြီးရဲ့ လက်မောင်းထဲက အားအင်တွေစီးဝင်နေသလားလို့.......

ကျွန်တော် ထသွားနှုတ်ဆက်ရမလိုလို၊ ဒီ မြင်ကွင်းလေးကို ဆက်ကြည့်နေရမလိုလိုနဲ့ စဉ်းစားနေတုန်းမှာပဲ.....

သူတို့ ပြန်ထွက်သွားကြတယ်....

ကျောပြင်တွေကို ကြည့်ရင်းနဲ့ ကျွန်တော် ကြားဖူးခဲ့တဲ့ သူတို့ရဲ့ အတိတ်ပုံရိပ်လေးကိုအတွေးနဲ့ ပြန်မြင်လာမိတယ်....။

ဟိုး.... နှစ်ပေါင်းလေးဆယ်ကျော်လောက်ကလည်း ဒီလိုပဲ လျှောက်ခဲ့ကြမှာပါလို့..... အဲဒီတုံးကတော့ နှစ်ယောက်စလုံးရဲ့ အလှ၊ နှစ်ယောက်စလုံးရဲ့ အပြုံးတွေကလည်း ရွှန်းလဲ့တောက်ပနေခဲ့ကြမယ်လေ....။

ဒီအပြုံးတွေကပဲ အခုထိ သူတို့ကို သယ်ဆောင်လာခဲ့တာလို့..... အိုမင်းနေတဲ့ မြင်ကွင်းတွေထဲက လှပခြင်းတွေကို ကျွန်တော် တစ်ယောက်ထဲ ခံစားပစ်လိုက်တယ်.... ကြည်နူးစွာနဲ့ပါပဲ....။

ကျွန်တော် ညဘက်မှာတော့.... သူတို့ အိမ်ကို သွားလည်ဖြစ်တယ်..... ကျန်းမာရေးအခြေအနေတွေ မေးမြန်းရင်း၊ ကျွန်တော့်ရဲ့ လုပ်ငန်းအခြေအနေလေးတွေ ပြောပြရင်း.... ဘဘကြီးရဲ့ နူးညံ့တဲ့ နက်နဲတဲ့ သြ၀ါဒစကားလေး နည်းနည်းကိုပဲ ကြားခဲ့ရတယ်...။

ကြီးကြီးမေကတော့ ၀င်မပြောခဲ့ပေမဲ့ ခေါင်းလေး တညိတ်ညိတ်နဲ့ နားလည် လက်ခံပေးနေခဲ့တယ်...။

ဘဘကြီး ဘုရားရှိခိုးချိန်မှာတော့ ဘဘကြီးကိုယ်စား ကြီးကြီးမေကို ဆေးတွေတိုက်ရင်း ၊ခြေဆုပ်လက်နယ် ပြုရင်းနဲ့ ဘုရားရှိခိုးသံကို နားထောင်နေဖြစ်ခဲ့တယ်....။

မေတ္တာပို့သံကြားတဲ့ အခါမှာတော့ နောက်ကနေလိုက်ပြီးဆိုဖြစ်ခဲ့သေးတယ်၊ ကြီးကြီးမေကတော့ အရင်လို တရားမထိုင်နိုင်တော့ဘူး…. ဒါပေမဲ့လည်း အိပ်ယာထဲမှာပဲ လဲလျောင်းရင်းနဲ့ ရှုမှတ်နေမှာပါ…..

အရိယာပုဒ်(၄)ပါးမှာ လဲလျောင်းရင်းဖြင့်လည်း တရားရှုမှတ်နိုင်တာကိုး… ခဏကြာတော့ ကြီးကြီးမေ အိပ်ပျော်သွားတာလား၊ တရားမှတ်နေတာလား မသိပေမယ့် ငြိမ်သွားတယ်၊ စောင်လေး သေသေချာချာ ခြုံပေး၊ ခြင်ထောင်ချပေးပြီးတော… ဘဘကြီး အနှောင့်အယှက်မဖြစ်အောင် အသာလေးထွက်လာခဲ့မိတယ်……။

ဒီတစ်ခါ ကြီးကြီးမေကို နောက်ဆုံးတွေ့ဆုံခြင်းတွေပါ ကျွန်တော် ပြန်သွားပြီး မကြာခင်မှာ…. ကြီးကြီးမေဆုံးသွားခဲ့တယ်တဲ့…။

ဘဘကြီး တစ်ယောက်ထဲ အတွက်ကတော့ ကျွန်တော့်မေမေ အပါအ၀င် ရပ်ကွက်ထဲက သူမွေးမထားတဲ့ သူ့ရဲ့ သားသမီးတွေ၊ မြေးတွေက တာဝန်ယူကြတယ်တဲ့…။

ကလေးတွေကိုလည်း အချိန်ကန့်သတ်ပြီးတော့ သွားလည်စေတယ်တဲ့…။ အသက်အရွယ်အရ အေးအေးဆေးဆေး နေနိုင်အောင် စီစဉ်ပေးကြတယ်လို့ ပြောတယ်။

ဘဘကြီးကတော့ တရားအားထုတ်ရင်း၊ ကလေးတွေကို ပုံပြင်လေးတွေ၊ ရာဇ၀င်လေးတွေနဲ့ ဆုံးမရင်း၊ လိမ်မာယဉ်ကျေးစေရင်းနဲ့…. တစ်ယောက်ထဲ သိမ်မွေ့စွာ.. နောက်ပြီးလှပစွာ၊ ငြိမ်သက်စွာ ရှင်သန်နေခဲ့တယ်တဲ့...။

ဒီလိုနဲ့ လပိုင်းအတွင်း ဖေဖေ့ကျန်းမာရေး ကိစ္စနဲ့ ကျွန်တော် တစ်ခေါက်ပြန်ရောက်ခဲ့တယ်…..

အ၀င်လမ်းလေးမှာလည်း အရင်လို ဘဘကြီးနဲ့ ကြီးကြီးမေတို့ စုံတွဲလေးကို မတွေ့ရတော့ဘူး …၊ သူတို့ အိမ်ကြီးလည်း တိတ်ဆိတ်နေတယ်…။

လုပ်စရာရှိတာလေးတွေ လုပ်ပြီးတော့… ဘဘကြီးဆီကိုရောက်သွားတယ်….. အရွယ်လွန် အိုမင်းခြင်းတွေဆီမှာ တောက်ပတဲ့ မျက်ဝန်းတွေလည်း မရှိတော့ဘူး၊ ရော်ရွက် အဟောင်းကြီးတစ်ခုလို.. အားအင်တွေလည်း ချိနဲ့နေခဲ့ပြီလေ...။

ရေနွေးကြမ်းလေးရယ်…. ဟိုးနှစ်ပေါင်းများစွာက ကျွန်တော်တို့ ညီအစ်ကိုတွေ စားခဲ့ဘူးတဲ့ လ္ဘက်ဘူးလေးကိုလည်း တွေ့ရတယ်…..

ဘဘကြီးကြိုက်တတ်တဲ့ ဒီ လ္ဘက်နှပ်လေးကိုတော့ ကြီးကြီးမေကိုယ်စား တစ်ယောက်ယောက်ကလုပ်ပေးထားတာ နေမှာပါ…. ။

လ္ဘက်အရသာချင်း တူရင်တောင်မှ စားရတဲ့ အရသာချင်းကွာခြားနေလို့… ကြီးကြီးမေကို သတိရလို့… မစားဖြစ်ခဲ့ဘူး….။

ဘဘကြီးကတော့`` စားလေကွာ… မင်းတို့ စားတာကို ကြီးကြီးမေက အရမ်းသဘောကျတာ…´´တဲ့ ရေနွေးမော့ရင်း ဘာမှမဖြစ်သလို ပြောလိုက်ပေမယ့် မျက်ဝန်းတွေထဲမှာတော့… သတိရနေတဲ့ အရိပ်အရောင်တွေကို တွေ့နေရတယ်လေ…..။

လ္ဘက်လေးကို ကျွန်တော်မစားဖြစ်ခဲ့ဘူး……. ကြီးကြီးမေကို သတိရလို့ပါ…. နောက်ပြီး ငယ်ငယ်က စားခဲ့တဲ့ အရသာလေး ပျောက်သွားမှာစိုးလို့လေ…..

ဘဘကြီးရဲ့ ဘ၀ထဲမှာ…. ကြီးကြီးမေနဲ့ အတူ ကျွန်တော်တို့လည်း ရှိနေသေးတာပဲလို့ တွေးလိုက်မိတယ်….။

နောက်နံရံကို ကြည့်မိတော့ ကြီးကြီးမေရဲ့ ခန့်ညားလှတဲ့ ရောင်စုံဓါတ်ပုံကြီး၊ မှတ်မှတ်ရရ ကျွန်တော်တို့ ညီအစ်ကို ရှင်ပြုတုန်းက ကြီးကြီးမေ မြန်မာဆန်ဆန် ရိုက်ထားတဲ့ ပုံကို ပုံကြီးချဲ့ပြီး ကနုတ်ဘောင်နဲ့ ချိတ်ထားတာလေ...၊ ဘဘကြီး ထိုင်တဲ့ ပက်လက် ကုလားထိုင်ကြီးနဲ့ တည့်တည့်မှာပေါ့။

`` ကြီးကြီးမေကို သတိရတာ ကျေးဇူးရှင် တစ်ယောက်အဖြစ်နဲ့လဲ ပါတယ် မောင်ကွန် သူ့ကြောင့် ဘဘလည်း အကုသိုလ်ကင်းကင်းနဲ့ နေနိုင်ခဲ့တယ်...၊ သူအလိုက် သိခဲ့လို့လည်း အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်….။

သူနဲ့အတူတူ တရားတွေလည်း နာဖူးတယ်၊ ကုသိုလ်ကောင်းမှုတွေလည်း လုပ်ဖူးတယ်၊ ပါရမီဖြည့်ဖက် အစစ်ဖြစ်ခဲ့တယ်လေ... အခုတော့ သွားနှင့်ပြီ…. သဘာဝအတိုင်းပေါ့ကွာ၊ တရားသဘောအတိုင်းပေါ့…… ဘဘကတော့ ပြုသမျှကုသိုလ်ကောင်းမှု အစုစုကို မင်းကြီးကြီးရသည်ဖြစ်စေ… မရသည်ဖြစ်စေအမျှ ပေးဝေနေတယ်ကွာ…… မမေ့အပ်တဲ့ သူပါပဲ……´´ တဲ့။

တော်တော်လေးကြာတော့ …. ကျွန်တော် နွမ်းလျစွာ ပြန်လာဖြစ်ခဲ့တယ်…

အထီးကျန်တဲ့ အချိန်တွေကို ဘဘ ဖြတ်သန်းနေရတယ်လို့ တွေးပြီးတော့လည်း ကရုဏာ ဖြစ်မိတယ်…. ဒါပေမဲ့ ဘဘက တရားသမားပဲလေ အဆင်ပြေအောင် နေတတ်မှာပါ..။

မိုးလည်း ချုပ်ခဲ့ပြီ…. တိတ်ဆိတ်နေတဲ့ ညမှာ မကြာခင် ဘဘရဲ့ မေတ္တာပို့သံလေးကို ကြားရတော့မယ်၊ ကျွန်တော်လည်း လိုက်ဆိုနေမိဦးမှာပါပဲ။

တကယ်တော့ လူ့ဘ၀မှာ ကိုယ်ပြုခဲ့သမျှ လုပ်အားအတွက် လုပ်ခတွေကိုတော့…. တစ်နေ့နေ့တစ်ချိန်ချိန်မှာမလွဲမသွေ ပြန်လည်ရရှိမှာပါ…. ကောင်းတာဘဲ ဖြစ်ဖြစ်၊ ဆိုးတာဘဲဖြစ်ဖြစ်ပေါ့…..။

ဘဘနဲ့ ကြီးကြီးမေတို့ကတော့…. ကောင်းတာတွေကို အများကြီး လုပ်ခဲ့ကြတယ်….. ကောင်းမွန်တဲ့ ဘုံဘ၀တစ်ခုမှာ ပြန်လည်ဆုံတွေ့ကြဦးမှာပါ…..။

မနက်ဖြန်တိုင်းအတွက် ဘဘကျန်းမာနေပါစေ….. အသက်ရှင်နေသမျှ အချိန်တွေ အတွက်ပေါ့….။

နောက်ပြီး ခြောက်သွေ့တဲ့ ဘ၀ကိုလည်း သူ့နဲ့ ဝေးရာမှာသာ ရှိနေစေချင်ပါတယ်....။

တကယ်တော့ ဘဘကို တစ်ယောက်ထဲ ဒီလို အခြေအနေမျိုးနဲ့ ကာလအရှည်ကြီး ရှင်သန် မနေစေချင်ပါဘူးဗျာ… ကျွန်တော် မကြည့်ရက်လို့ပါ...။

ကျွန်တော် ဒီအဖြစ်မျိုးတွေကို ကြောက်တဲ့အကြောင်းကိုတော့ ဘဘကြီးကို မပြောဖြစ်ခဲ့ပါဘူး...၊

ဘဘကြီး တရားဓမ္မရဲ့ အေးချမ်းခြင်းတွေကို အမြန်ဆုံး ရရှိနိုင်ပါစေ...လို့။

(ကွန်ဆူးမား)(၂၅-၈-၂၀၁၃)

(၂၀-၁၁-၂၀၁၁)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြန်လည် တင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...