Wednesday, August 28, 2013

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၉ ) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်လေ့လာခြင်း ( က )

August 28, 2013 at 10:15am
 
သီလမဂ္ဂင်သည် ကမ္ဘာ့လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊ မိမိကိုယ်တိုင်တစ်ဦးတည်း၏ သီလစောင့်ထိန်းခြင်းသည် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ နှစ်ဦးနှစ်ဖက် အေးချမ်းမှုနှင့်လုံခြုံမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် လူမှုပြဿနာများပြေလည်ရေးအတွက် ကိုယ်ကျင့်သီလသည် အသက်သွေးကြောပင်ဖြစ်ကြောင်း၊ ကိုယ်ကျင့်သီလကို စောင့်ထိန်းခြင်းကြောင့် မလိုလားအပ်သော လူမှုပြဿနာများမှကင်းဝေးကာ အပိုငွေကြေးမသုံးစွဲရဘဲ  ငွေကြေးအကုန်အကျပင်သက်သာကြောင်း၊စီးပွါးရေးအတွက်လည်းမထိခိုက်ဘဲ ဝင်ငွေပင်တိုးနိုင်ကြောင်း၊ ကိုယ်ကျင့်သီလကိုမစောင့်ထိန်းခြင်းကြောင့် အပိုလူမှုပြဿနာများကိုရင်ဆိုင်ရ၍ မိသားစုစီးပွါးရေးပင်ထိခိုက်ကာ နောက်ဆုံး နိုင်ငံတော်၏ ငွေကြေးကိုပင်ထိခိုက်နိုင်ကြောင်းတို့ကို အသင်စာဖတ်သူသည် ချဲ့ဆန့်တွေးကြည့်ပါက ကောင်းကောင်းကြီးသိနိုင်ပေပြီ။
ယနေ့မြန်မာနိုင်ငံတွင် အုပ်ချုပ်သူလူတန်းစားတစ်ရပ်၏ ကိုယ်ကျင့်သီလပျက်ကာ အုပ်ချုပ်ခဲ့မှုကြောင့် နိုင်ငံတော်၏ဝင်ငွေများ ဆုတ်ယုတ်ကာ ကမ္ဘာတွင်အဆင်းရဲဆုံးနိုင်ငံစာရင်းမှ ရုန်းမထွက်နိုင်ဘဲ ရှိနေသေးသည်ကို လက်တွေ့ကျကျနားလည်နိုင်ပါသည်။ ထို့ကြောင့်ကိုယ်ကျင့်သီလသည် လူမှုလောကအတွက် နယ်ပယ်တိုင်းတွင် မရှိမဖြစ်လိုအပ်သော စည်းကမ်းပင်ဖြစ်သည်ကို အခိုင်အမာသဘောပေါက်ကာ ကျင့်သုံးသည်။

    ယခုဆက်လက်၍ ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားလေးပါးကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်၍ မိမိဥာဏ်မီသလောက် ရှင်းပြပါမည်။ ဤနေရာ၌ အသင်စာဖတ်သူသည် အလွန်မြင့်မြတ်လှသည့် ဗြဟ္မစိုရ်တရားများကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်ခြင်းသည် ဘာသာတရားနှင့်လူမှုပြဿနာကို ရောထွေးအောင် ဝေဝါးအောင် မဆီမဆိုင်တွေးချင်ရာတွေ တွေး၍ ရေးချင်ရာတွေရေးနေသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ ဓမ္မများသည် သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် ဖြစ်သော်လည်း အဓိကအားဖြင့် လူသားများအတွက် ဟောကြားထားခြင်းဖြစ်သည်ဟု မိမိဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓသည် သူကိုယ်တိုင်လူသားဖြစ်၍ ဘုရားအဖြစ် ၄၅ ဝါ အတွင်းတွင် ၄၄ ဝါတိတိ လူ့ပြည်တွင် လူသားများအား ဦးစားပေးဟောကြားတော်မူ၍ တစ်ဝါသာလျှင် တာဝတိံသာနတ်ပြည်၌ တရားဟောတော်မူသောကြောင့်ပင်ဖြစ်သည်။

  ဤအချက်ကိုထောက်ဆလျှင် လူသားသည် ဤကမ္ဘာ ဤစကြာဝဠာတွင် အလွန်အရေးပါသူဖြစ်ကြောင်း ကောင်းကောင်းသိနိုင်သည်။ လူသားများသာ ကောင်းလျှင် ဤကမ္ဘာသည်လည်း အေးချမ်းနေမည်ဖြစ်သည်။ လူသားများသာမက သဘာဝပတ်ဝန်းကျင်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုပြဿနာများလည်း ကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် လူနှင့်ဆက်စပ် ပတ်သက်သမျှ ပြဿနာ အရာရာသည် ပြေလည်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်းမှာ ထင်ရှားလှတော့သည်။ အမှန်စင်စစ် ဗြဟ္မစိုရ်တရားများသည် မည်သည့်အခြေအနေ မည်သည့်ဖြစ်ရပ် မည်သည့်ခေတ်ကာလ မည်သည့်ဒေသတွင်မဆို လူသားများသာ လက်တွေ့ကျင့်သုံးကြလျှင် ကျင့်သုံးသလောက် လက်ငင်းဒိဋ္ဌ ကောင်းကျိုးပေးနိုင်သည့် အကာလိကဂုဏ်တော်နှင့် ပြည့်စုံသော ဓမ္မများဖြစ်လေသည်။ ဆိုလိုသည်မှာ လောကီလူမှုလောက၏ ရှုပ်ထွေးကျယ်ပြန့်လှသော ရောင်စုံပြဿနာများသည် မြတ်ဗုဒ္ဓ၏ ဓမ္မဆေးများကို သက်ဆိုင်ရာရောဂါ ( ပြဿနာ ) အခြေအနေအလိုက် လူသားကိုယ်တိုင် သောက်သုံးပါက ( ကျင့်သုံး ) မုချပြေလည် အေးငြိမ်းနိုင်ကြောင်း သိစေလိုရင်းဖြစ်ပါသည်။

  ဗြဟ္မစိုရ်တရားသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ အားဖြင့်လေးပါးရှိ၏။ ထိုလေးပါးတွင် ဦးစွာပထမ မေတ္တာ၏အဓိပ္ဗါယ်ကို မိမိစွမ်းသမျှ ရှင်းလင်းပါမည်။ လူသားတို့သည် မေတ္တာနှင့်ပတ်သက်၍ သူတို့၏ အလွှာအတန်းစားအလိုက် သူတို့၏ အသိဥာဏ်တွင် မြင်သိသမျှကို အမျိုးမျိုးဖွင့်ဆိုရေးသားကြလေသည်။ အချို့ဆိုလျှင် မေတ္တာဟူသော မူရင်းဝေါဟာရ၏ အဓိပ္ဗါယ်နှင့် လုံးဝကွဲပြားခြားနားသည်အထိ ပြောဆိုရေးသားနေကြသည်များကိုလည်း မိမိကြားဖူး ဖတ်ဖူးပါသည်။ ထို့ကြောင့် ဤနေရာ၌ မေတ္တာဟူသော မူရင်းဝေါဟာရ၏ အဓိပ္ဗါယ်ကို ပေါ်လွင်ထင်ရှားစေရန် အနည်းငယ် ချဲ့ထွင်ရေးသားပါမည်။

  မေတ္တာဟူသော ဝေါဟာရကို Oxford English Dictionary တွင် Love, affection> a strong feeling of deep affection for sb/sth, especially a member of your family or a friend. ထို့ပြင် Love ကို အဓိပ္ဗါယ်တူ စကားလုံးများဖြင့် ဖွင့်ဆိုရာတွင် Love means warm affection, attachment, affectionate devotion etc. တဲ့။ အဓိပ္ဗါယ်မှာ ချစ်ခြင်းမေတ္တာဟူသည် တစ်စုံတစ်ယောက်အား သို့မဟုတ် တစ်စုံတစ်ခုအား နစ်နစ်နောနောစွဲလမ်းသည့် ပြင်းပြသော စိတ်ခံစားချက် ဟူသတဲ့။ အထူးသဖြင့် မိမိ၏ မိသားစု သို့မဟုတ် သူငယ်ချင်းကို ချစ်ခြင်းဟု ဖွင့်ဆိုထား၏။ အဓိပ္ဗါယ်တူစကားလုံးများဖြင့် ထပ်ဖွင့်ရာမှာတော့ ချစ်မေတ္တာဟူသည် နွေးထွေးသော ချစ်ခင်မှု၊ တွယ်တာမှု၊ တွယ်တာချင်ခင်သော ပေးဆပ်မှုစသည်တဲ့။ ဤသည့်ဖွင့်ဆိုချက်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် မေတ္တာဟူသော မူရင်းပုဒ်၏ အဓိပ္ဗါယ်နှင့် လုံးဝမတူချေ။ ကွာချင်တိုင်ကွာခြားလှ၏။ အဘယ့်ကြောင့်နည်း။ အင်္ဂလိပ်ဝေါဟာရတွင် မေတ္တာဟူသော ပါဠိဝေါဟာရနှင့် တိုက်ရိုက်အဆင့်တူညီသည့် ဝေါဟာရမရှိသောကြောင့်ပင်တည်း။

       မေတ္တာဟူသော စကားလုံးကို တိပိဋကပါဠိမြန်မာ အဘိဓာန်တွင် ဤသို့ဖွင့်ဆိုထားပါ၏။ မေတ္တာဟူသည် သတ္တဝါတို့၏ စီးပွါးချမ်းသာကို လိုလားသောအခြင်းအရာအားဖြင့်ဖြစ်သော အဒေါသစေတသိက်ပင်တည်း။ ယင်းမေတ္တာသည် သတ္တဝါတို့၏ အကျိုးစီးပွါးကို ကျင့်သောအခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။ သတ္တဝါတို့၌ ဟိတ ( ကောင်းကျိုး ) ကို ကပ်ဆောင်ခြင်းကိစ္စရှိ၏။ ရန်ငြှိုးကို ဖျောက်သောအခြင်းအရာအားဖြင့် ယောဂီတို့ဥာဏ်အား ရှေ့ရှုထင်တတ်၏။ သတ္တဝါတို့၏ မနာပအဖြစ်ကိုရှုသော ( ချစ်စရာအဖြစ်မှတ်ယူသော )ယောနိသောမနသိကာရလျှင် နီးသောအကြောင်းရှိ၏ ဟူသတတ်။  အထက်ပါဖွင့်ဆိုချက်ကို ဆီလျော်အောင်ချဲ့ကားရလျှင် ပါဠိစာပေမှလာသည့် မေတ္တာဝေါဟာရ၏ မူရင်း အဓိပ္ဗါယ်သည် ရယူပိုင်ဆိုင်လိုမှု အလျဉ်းမရှိဘဲ လူ့လောကကြီး သာယာဝပြောရေး၊ အေးချမ်းရေးအတွက် ကိုယ်ကျိုးစီးပွါးမဖက်ဘဲ အကူအညီပေးလိုမှုဟူသော ဖြူစင်မြင့်မြတ်သည့် အဒေါသစေတသိက် သက်သက်သာလျှင်ဖြစ်သည်။ ဤချစ်မေတ္တာတရားသည် ချစ်လိုသူကိုသာ ရွေးကောက်ချစ်၍ မချစ်လိုသူများကို ပယ်ထုတ်ပစ်သော အဂတိသဘောသက်ရောက်သည့် သဘောတရားလည်းမဟုတ်ချေ။ အကယ်၍ သင်သည် သင်နှင့်အကျွမ်းဝင်သော သင်လိုလားသော သူများကိုသာရွေးကောက်၍ ချစ်ပြီးလျှင် မလိုလားသူများကို ပယ်ထုတ်ထားပါက သင့်ထံတွင် ပိဋကတ်စာပေမှ ဆိုလိုသည့်မေတ္တာနှင့်မကိုက်ညီကြောင်း နားလည်ထားသင့်သည်။ သို့သော် အောက်စ်ဖို့အဘိဓာန်ကဖွင့်ပြသည့် မေတ္တာအဓိပ္ဗါယ်နှင့်တော့ ကိုက်ညီနိုင်ပါသည်။

  ထို့ပြင် မေတ္တာဟူသည် မိမိ၏ မိသားစုနှင့် ဆွေမျိုးသားချင်းမျှကိုသာ ချစ်သည့်သဘောတရားလည်းမဟုတ်သလို မိမိနှင့်သက်ဆိုင်သူများကိုသာ ဝကွက်၍ချစ်သော သဘောတရားလည်းမဟုတ်ချေ။ အမှန်စင်စစ် လူသားအားလုံးကို ကျောသား ရင်သားမခွဲခြားဘဲ တသားထဲ တပြေးညီ ချစ်ခင်တတ်ဘို့ လေးစားတတ်ဘို့ တန်ဘိုးထားတတ်ဘို့ဟောကြားထားသော ဓမ္မသဘောတရားသာဖြစ်သည်။ အမှန်တကယ် မေတ္တာစစ်ဖြင့်ချစ်နိုင်ကြသူတို့သည် အားလုံးအတွက် ရက်ရောသော ပေးဆပ်မှုများနှင့် တက်ကြွသောလက်တွေ့ပါဝင်ဆောင်ရွက်မှုတို့ကိုလည်း စွမ်းဆောင်နိုင်သူဖြစ်လေသည်။ အမှန်စင်စစ် မေတ္တာစစ်သည် မြေပေါ်မြေအောက် ရေပေါ်ရေအောက် လေပေါ်လေအောက် နေထိုင်ကြသော သက်ရှိသတ္တဝါအားလုံးအား အတိုနှင့်အရှည် အဖြူနှင့်အမဲ အဝေးနှင့်အနီး ရုပ်ဆိုးနှင့်ရုပ်ချော ဆင်းရဲနှင့်ချမ်းသာ ပညာရှိနှင့်ပညာမဲ့ အာဏာရှိနှင့်အာဏာမဲ့ နိမ့်သူနှင့်မြင့်သူ အဖိုနှင့်အမ ကောင်းသူနှင့်မကောင်းသူ အငယ်နှင့်အကြီး အထက်နှင့်အောက် ဘယ်အရာတစ်ခုကိုမျှမခွဲခြားဘဲ နေရာတိုင်းမှ သတ္တဝါတိုင်းအား မည်သည့်တုန့်ပြန်ချက်ကိုမျှလည်း မမျှော်ကိုးဘဲ၊ တပ်မက်မောခြင်း ပူလောင်ခြင်း လွမ်းဆွတ်တမ်းတခြင်းတို့လဲ အလျဉ်းမရှိဘဲ ပေးဆပ်ဖြည့်ဆည်းလိုသော အဖြူထည်သဘောတရားသက်သက်သည်သာ မေတ္တာဖြစ်လေသည်။

   လောကလူအများစုသည် တွယ်တာမက်မောသော အောက်မေ့တမ်းတသော စွဲလမ်းသောရာဂ သို့မဟုတ် တဏှာကို မေတ္တာဟု ထင်မှားတတ်ကြလေသည်။ ထိုတွယ်တာမက်မောသော ချစ်မေတ္တာသည် အရမ်းချိုမြိန်သည်ဟုထင်ရသော်လည်း လက်တွေ့တွင် မီးကဲ့သို့ ပူလောင်တတ်သလို မီးထက်လည်းပို၍ပူတတ်ပေသည်။ အမှန်စင်စစ် ထိုတဏှာချစ် ရာဂချစ်သည် မိမိဆန္ဒနှင့်မတိုက်ဆိုင်သည့် အခြေအနေများ ဖြစ်ရပ်များနှင့်ကြုံတွေ့ရသည့်အခါ ချက်ချင်းပင်ကွယ်ပျောက်ကာ စိတ်ဆိုးကြ စိတ်ကောက်ကြ မုန်းကြသဖြင့် ကွဲကြကွာကြလေတော့သည်။ မြန်မာစကားပုံတွင် " ချစ်ကြပြန်တော့လဲ အသဲစွဲ၊ မုန်းကြပြန်တော့လဲ အရိုးကွဲ၊ အချစ်ကြီးတော့ အမျက်ကြီး"  စသော စကားပုံများသည် တဏှာပေမချစ်မေတ္တာကိုသာ ရည်ညွှန်း၍ ဖြစ်ပေါ်လာသော စကားပုံများဖြစ်ပေသည်။ ထို့ကြောင့် တပ်မက်မောသော တဏှာပေမချစ်မေတ္တာ ကြီးလေလေ အကြောင်းမတိုက်ဆိုင်ကြသည့်အခါ အမုန်းနှင့်နာကျင်ခံခက်မှုများလည်း ကြီးလေလေပင်ဖြစ်သည်။ ထို့ပြင် အချစ်အတွက် ပူလောင်ခြင်းသည် မေတ္တာစစ်၏ သဘောလက္ခဏာမဟုတ်၊ အမှန်စင်စစ် မေတ္တာစစ်၏ သဘောလက္ခဏာသည် သန့်စင်မှုနှင့် အေးငြိမ်းမှုအင်အားကို ပေးနိုင်လေသည်။ တဏှာချစ်သည် ကြမ်းတမ်း၏။ ပျက်လွယ်၏။ မခိုင်မာချေ။ မေတ္တာစစ်သည် ဝါဂွမ်းကဲ့သို့ နူးညံ့၏။ သို့သော် ခိုင်မာ၏။ ကျစ်လစ်၏။

  ထို့ပြင် မေတ္တာစစ်သည် စိတ်ပိုင်းဆိုင်ရာ နာကျင်သော ခံစားချက်လည်းမရှိ၊ အတ္တဆန်သော ခံစားချက်မျိုးလည်းမဟုတ်၊ နယ်စည်းလည်းမခြား၊ ကန့်သတ်ချက်လည်းမထားပေ။ မေတ္တာစစ်ဖြင့် ချစ်နေသူသည် စိတ်အနှောက်အယှက်နှင့် ကသိကအောက်ဖြစ်မှုတို့မှလည်းကင်းဝေးလေသည်။ အကြောင်းမှာ မေတ္တာစစ်ဟူသည် မည်သည့် တုန့်ပြန်ရိုက်ခတ်ချက်ကိုမဆို တည်ငြိမ် ရင့်ကျက် အေးချမ်းစွာ တုန့်ပြန်နိုင်သောစွမ်းအင်ရှိသောကြာင့်ပင်ဖြစ်သည်။ ထို့ပြင် မေတ္တာသည် တက်ကြွသည့် စိတ်စွမ်းအင်လည်းဖြစ်၏။ မေတ္တာရှိသူ၏ လုပ်ရပ်တိုင်းသည် လောကလူသားများအား မြင့်မြတ်ရေး၊ အောင်မြင်ရေးနှင့် အေးချမ်းရေးတို့အတွက် မြှင့်တင်လမ်းပြပေးမှုသက်သက်သာလျှင်ဖြစ်သည်။

      ထို့ပြင် မေတ္တာကို ဒေါသနှင့်နှိုင်းယှဉ်ကြည့်လျှင် ဤသို့တွေ့ရမည်ဖြစ်လေသည်။ ဒေါသသည် အကျဉ်းကျစေ၏၊ မေတ္တာသည် လွတ်လပ်စေ၏။ ဒေါသသည် အခွင့်အရေးကောင်းကင်း၏။ မေတ္တာသည် အခွင့်အရေးကောင်းပြည့်၏။ ဒေါသသည် နောင်တတရားကို သယ်ဆောင်လာ၏။ မေတ္တာသည် ငြိမ်းချမ်းမှုကို သယ်ဆောင်လာ၏။ ဒေါသသည် စိတ်အနှောက်အယှက်ဖြစ်စေ၏။ မေတ္တာသည် အေးချမ်းတည်ငြိမ်စေ၏။ ဒေါသသည် ကွဲပြားစေ၏။ မေတ္တာသည် စည်းလုံးညီညွတ်စေ၏။ ဒေါသသည် ကြမ်းတမ်းစေ၏။ မေတ္တာသည် နူးညံ့စေ၏။ ဒေါသသည် ဆူးငြောင့်ခလုတ် အဟန့်အတားဖြစ်၏၊ မေတ္တာသည် အကူအညီဖြစ်၏။ အချုပ်အားဖြင့် မေတ္တာသည် သက်ရှိသက်မဲ့အရာရာအတွက် နယ်စည်းမခြား ပုဂ္ဂိုလ်မခွဲဘဲ ကျင့်သုံးသူတိုင်းအား ကောင်းကျိုးမှန်သမျှကို ဖြစ်စေနိုင်သော သဘောပင်ဖြစ်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...