ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘ၀ရှင်မင်းတရားကြီးက အိပ်နေမှဖြင့်
August 26, 2013 at 4:08am
(တစ်)
ကျွန်တော်နှင့် အလွန်ရင်းနှီးခင်မင်သည့် စာရေးဆရာတစ်ယောက်ရှိပါသည်။ ယခု မန္တလေးအခြေစိုက် ကိုနေ၀င်းမြင့်ပဲဖြစ်ပါသည်။စာပေဟောပြောပွဲစင်မြင့်ကြီးများ ရှိရာဆီသို့ အတူတကွရောက်သွားကြသည့် အချိန်များတွင် တစ်ယောက်ဟောသည်ကို တစ်ယောက်ကထိုင်ကြည့်ရင်း သန်းခေါင်ချဉ်းခဲ့ကြရသည့် ညတွေက တကယ့်ကို မရေမတွက်နိုင်အောင်ပါ။
မြန်မာတို့ မြန်မာ့ဓလေ့ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် တစ်စတစ်စ အဟပ်ကွာ၍ လာရပုံကို ကိုနေ၀င်းမြင့်ပုံဆောင်၍ ပြောလေ့ရှိသော ဟာသကလေးတစ်ပုဒ်ရှိပါသည်။ နည်းနည်းကလေး လက်ဆင့်ကမ်းပါရစေ။
မိခင်ဖြစ်သူက သမီးကို ဆရာတော်ဘုရားထံသို့စေလွှတ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူခိုင်းပါသည်။ သမီးကလည်း မိခင်ခိုင်းစေသည့်အတိုင်း လှူဖွယ်ပစ္စည်းတို့ကို ဆရာတော်ဘုရားထံ သွားရောက်လှူပြီးနောက် ပြန်ဖို့ရာခွင့်ပန်သည်။ သို့သော် ရဟန်းသံဃာနှင့် မည်သို့စကားဆိုရမည်ကို သူမသိ။ ထို့ကြောင့် “တပည့်တော်ပြန်ကြွလိုက်ဦးမယ်ဘုရား” ဟု တင်လျှောက်မိရာ ဆရာတော် ဘ၀င်မကျဖြစ်သွားသည်။ ထို့ ကြောင့် ခေတ်လူငယ်တို့ ပြောတတ်ဆိုတတ်ရှိလာစေရန် သွန်သင်ပေးဖို့ သတိပေးရန်အတွက် ထိုသမီး၏ မိခင်ဖြစ်သူကို ကျောင်းသို့လာခဲ့ရန် အမှာဆင့်လိုက်သည်။
မိခင်ဖြစ်သူကလည်း တစ်ခုခုတော့ တစ်ခုခုပါပဲဟူသော အတွေးဖြင့် ကျောင်းသို့ရောက်လာပါသည်။ ဆရာတော်ဘုရားက သမီးဖြစ်သူစကားပြောပုံကို ပြန်၍ မိန့် ကြားကာ သွန်သင်ဆုံးမဖို့ သတိပေးရပါသည်။ ဤတွင် မိခင်ဖြစ်သူ ဆရာတော်ဘုရားကို ကတိပေးသည်က “တပည့်တော် နောင်သည်လိုမပြောရဘူးလို့ အိမ်ရောက်ရောက်ချင်းသြ၀ါဒကထာ မြွက်လိုက်ပါ့မယ်ဘုရာ့” တဲ့။
ဆရာတော်ကား အလိုမကျစွာဖြင့် နောက်တစ်ဆင့်တက်ရပြန်ပါသည်။ ထိုဒကာမ၏ ခင်ပွန်းသည်ကို ကျောင်းသို့လွှတ်လိုက်ရန် မှာကြားလိုက်ခြင်းဖြစ်ပါသည်။ ဘာများအမှားအယွင်းတွေလုပ်မိကြပါလိမ့်ဟူသော စိုးရိမ်စိတ်ဖြင့် ခင်ပွန်းဖြစ်သူဒကာရောက်ရှိလာ သောအခါ သားအမိနှစ်ယောက် စကားပြောမတတ်ကြပုံကို ဆရာတော်က မိန့်ကြားပြီး သွန်သင်ဦး၊ ဆုံးမဦးနှင့် သတိပေးပြန်ပါသည်။ ဤတွင် ဒကာပြန်လျှောက်ပုံက “သည်လောက် လူလိုနားမလည်တဲ့ဟာတွေ အရှင်ဘုရားရဲ့ကျောင်းဝတ္တက မြေပေါ်မှာ နောင်ဘယ် တော့မှ ခြေတော်ရာမချစေရပါဘူးဘုရား” ဟူ၍။
ဆရာတော်၏ ဘ၀င်မကျမှု ဒီဂရီက ပို၍ပို၍ မြင့်တက်လာရပါပြီ။ သို့ဖြင့် ယောက္ခမဖြစ်သူ အဘိုးကြီးကို ခေါ်ယူကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပါသည်။ အဘိုးကြီးက အဆိုးဆုံး။ “ခုလိုသိကြားရတာ တပည့်တော်ချက်ချင်းကို ပရိနိဗ္ဗာန်စံချင်တော့တာပါပဲဘုရား” ဟူ၏။
ပုံပြင်၏ ဆိုလိုရင်းက ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့၊ ကိုယ့်ထုံးစံများနှင့် မယဉ်ပါးတော့ခြင်း၏ ချို့ယွင်းမှုကို အပြစ်တင်ထားခြင်းပင်ဖြစ်ပါသည်။
ကိုနေ၀င်းမြင့်၏ ၀စနာလင်္ကာရအောက်မှာ စာပေပရိသတ်တွေက တ၀ါးဝါးရယ်လို့။ ကျွန်တော်တို့လည်း ရယ်ကြရသည်ပင်ဖြစ်ပါသည်။ အင်းလေ.. ရယ်ပြီးတော့လည်း မောစရာတွေပေါ့။
(နှစ်)
ကျွန်တော့်စိတ်ထင် အခုခေတ်လူငယ်တော်တော်များများ၊ အထူးသဖြင့် မြို့ပြနေ လူငယ်များ၊ ပို၍အထူးသဖြင့် ယဉ်ကျေးလိမ္မာ သင်တန်းတွေဘာတွေနှင့် မနီးစပ်သူ လူငယ်များ၊ ရဟန်းသံဃာများနှင့် စကားပြောတတ်ကြမည်မထင်ပါ။ ရဟန်းသံဃာများနှင့်မှ မဟုတ်ပါ။ အခြားအခြားသော နယ်ပယ်များ၌လည်း ဘယ်ဝေါဟာရက ဘယ်နေရာမှာသုံး၊ ဘယ်စကားလုံးမျိုးက ဘယ်အခြေအနေအတွက် ရွေးချယ်စသည့်ကိစ္စများ၌ တော်တော့ကို အားနည်းလာပုံရပါသည်။
ကျွန်တော့်မိတ်ဆွေ သမိုင်းဆရာကြီး ဦးအံ့ကျော်၏ ကျေးဇူးဖြင့် ကျွန်တော့်၌ ၁၉၁၀ မတ်လတွင် ကျင်းပခဲ့သည့် ဆယ်တန်းမြန်မာစာ မေးခွန်းတစ်ရွက်ရှိထားရာ မေးခွန်းတစ်ပုဒ်မှာ စိတ်ဝင်စားဖွယ်ဖြစ်၍ ကူးယူဖော်ပြပါရစေ။
“မြန်မာဘာသာယဉ်ကျေးသော စကားဖြင့် အနက်ပြန်ပါ” တဲ့။ ပေးထားသောဝါကျများက ဤသို့။1. The King eats. The pongyi eats. 2. The King Sleeps. The pongyi Sleeps. 3. The King dies. Buddah dies. 4. More haste, Less Speed. 5. Kill two birds with one stone. 6. He came of age today. ဘုရင်ကြီးပွဲတော်တည်သည်။ ဆရာတော်ဘုရားဘုဉ်းပေးသည်။ ဘုရင်ကြီးစက်တော်ခေါ်သည်။ ဆရာတော်ဘုရားကျိန်းသည်။ ဘုရင်ကြီးနတ်ရွာစံသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံသည်။ အလျင်လိုအနှေးဖြစ်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်။ သူ လူလားမြောက်ပြီ။
မေးခွန်း၏ အဖြေများကို ကိုယ့်ဘာသာကိုယ်ရေးကြည့်ကာ ကျွန်တော်သဘောကျနေမိပါသည်။ မေးခွန်းက ဘုရင်ဆိုဘယ်လိုသုံး၊ ဘုရားဆိုဘယ်လိုရေး၊ ဘုန်းကြီးဆိုဘယ်လိုတွဲစပ် စသည်..စသည်ဖြင့် သုံးတတ်အောင်မေးထားသော မေးခွန်းဖြစ်ပါသည်။ ယဉ်ကျေးသောစကားဖြင့် အနက်ပြန်ပါတဲ့။ ကျွန်တော်သဘောကျနေမိလိုက်တာ။
နောက်တစ်ပုဒ်ပြောပါရစေဦး။ အောက်ပါစကားအသီးသီး၏ ဣတ္ထိလိင်ကို ရေးပါတဲ့။ ပေးထားသော ဝေါဟာရများက ဤသို့။ ခဲအို၊ ယောက်ဖ၊ သမက်၊ ကျောင်းတကာ၊ အောက်သား၊ ခမည်းတော်တဲ့။ ခယ်မ၊ မရီး၊ ချွေးမ၊ ကျောင်းတကာမ၊ အောက်သူ၊ မယ်တော်လို့ အသုံးအနှုန်းမှန်မှန်သုံးနိုင်အောင် လုပ်ထားပုံက နေ့စဉ်ဘ၀တွေနဲ့လည်း ဆက်စပ်မှုရှိလိုက်တာ။ လူ့အဖွဲ့အစည်းနဲ့ ဆက်စပ်ထားတဲ့ ပညာရေး။
(သုံး)
အခုတော့ ဆရာတော်ဘုရားကိုလည်း ထမင်းဝါးတယ်လို့ပြောလိုပြော။ ဘုရင်ကိုလည်း အိပ်တယ်လို့ဆိုလိုဆို။ ဘုရားရှင်ကိုလည်း သေတယ်လို့ သုံးလိုသုံး။
ဝေါဟာရကို မှန်အောင်မပြောနိုင်တာဟာ လူ့အဖွဲ့အစည်းကို နားမလည်တာပါ။
ကိုနေ၀င်းမြင့်ရဲ့ ပုံပြင်ထဲက လူတွေကို အဲသည် ၁၉၁၀ ၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က မြန်မာစာမေးခွန်းကလေးဖြေခိုင်းကြည့်စေ ချင်လိုက်တာ။ အင်း... အမှတ် သိပ်ကောင်းမယ်မထင်ဘူး။ ။
မောင်သာချို
7daynewsjournal
အတွဲ-၁၂။အမှတ်-၁၅။

0 comments:
Post a Comment