Thursday, August 1, 2013

ဘုရားသခင်က လူကောင်းတွေကို ဘာလို့ မချီးမြှင့်တာလဲ?


၁၉၆၃ ခုနှစ်မှာ “မေရီ” လို့ခေါ်တဲ့ ကလေးမတစ်ယောက် ချီကာဂိုရဲ့သတင်းစာတစ်စောင်ဖြစ်တဲ့ “Chicago Tribune” ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ အကြောင်းက အမေဖုတ်ပြီးသားမုန့်တွေကို စားပွဲပေါ်အရောက် သူကူသယ်ပေးခဲ့တယ်။ ဒါပေမယ့် “လိမ္မာလိုက်တဲ့ ကလေး” ဆိုတဲ့ စကားတစ်ခွန်းပဲ အမေ့ဆီက သူပြန်ကြားခဲ့ရပြီး ဘာမှဝိုင်းမကူဘဲ ဆိုးဖို့ပဲသိတဲ့ “ဒေးဗစ်” (သူ့ မောင်လေး) က မုန့်တစ်ခုရခဲ့လို့ပဲ ဖြစ်တယ်။


မေရီက သတင်းစာရဲ့ကလေးကဏ္ဍ တာဝန်ခံဖြစ်တဲ့ Mr.Kuesterကို "ဘုရားသခင်က တကယ်ပဲ တရားသလား..? အိမ်နဲ့ကျောင်းမှာတွေ့ဖူးတဲ့ သူ့လိုလိမ္မာတဲ့ ကလေးတွေကို ဘုရားသခင်က ဘာကြောင့် မေ့လျှော့နေရတာလဲ"လို့ စာရေးပြီးမေးခဲ့တယ်။

ကလေးကဏ္ဍတာဝန်ခံMr.Kuesterက ၁ဝနှစ်ကျော်အတွင်းမှာ ကလေးတွေရဲ့မေးခွန်းဖြစ်တဲ့ “ဘုရားသခင်က ဘာဖြစ်လို့ လူကောင်းတွေကို မချီးမြှင့်ရတာလဲ..? ဘာဖြစ်လို့ လူဆိုးတွေကို အပြစ်မပေးရတာလဲ?” ဆိုတဲ့စာကို အများဆုံးလက်ခံရရှိခဲ့တယ်။ အဲဒီလို မေးခွန်းမျိုးကို ဘယ်လိုပြန်ဖြေရမလဲဆိုတဲ့ ပြဿနာက သူ့ကို ဦးနှောက်စားစေခဲ့တယ်။

“မေရီ” ရဲ့စာကို ဘယ်လိုပြန်ရမလဲလို့ စဉ်းစားရကျပ်နေတုန်း မိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာပွဲဖိတ်ကြားစာကို Mr.Kuester လက်ခံရရှိခဲ့တယ်။ သူ့တစ်သက် ဒီမင်္ဂလာပွဲကို ကျေးဇူးတင်ရမလို ဖြစ်နေခဲ့တယ်။ မင်္ဂလာဆောင်မှာပဲ ကလေးတွေအတွက် အဖြေကို သူရခဲ့လို့ဖြစ်တယ်။

လက်ထပ်ပွဲမှာ ဖာသာက သတို့သားနဲ့သတို့သမီးကို လက်ထပ်လက်စွပ် လဲစေခဲ့တယ်။ မင်္ဂလာမောင်နှံနှစ်ဦးလုံး အပျော်လွန်ပြီး စိတ်လှုပ်ရှားနေလို့ပဲလားမသိ အယောင်ယောင် အမှားမှားနဲ့ လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်မှာစွပ်ရမဲ့အစား ညာဘက်လက်ကို စွပ်လိုက်ကြတယ်။

ဒီအဖြစ်ကို ဖာသာကတွေ့တော့ “ညာလက်က ပြီးပြည့်စုံအောင် လှနေပြီးသားပဲ။ လက်စွပ်ကို ဘယ်ဘက်ပဲ ပြောင်းဝတ်လိုက်ကြပါ” လို့ ဟာသနှောပြီး သတိပေးလိုက်တယ်။

ဖာသာရဲ့စကားကြောင့် Mr.Kuesterရဲ့အတွေး တစ်ချက်လက်သွားတယ်။ ညာလက်က ညာလက်ဖြစ်နေရခြင်းမှာ အဲဒီလက်ကို ဘာတန်ဆာမှ ဆင်ပေးစရာမလိုအောင် ပြည့်စုံ လှပနေပြီးသားမို့ ဖြစ်တယ်။ အလားတူ ဘုရားသခင်က သူတော်ကောင်းတွေကို လျစ်လျူရှုထားရတာကလဲ သူတို့ဟာ လုံးဝပြီးပြည့်စုံပြီးသား လူကောင်းတွေဖြစ်နေလို့ပဲဖြစ်တယ်။

အဲဒီနောက် Mr.Kuesterက အဖြေကို ဒီလိုထုတ်လိုက်တယ်။

ဘုရားသခင်က ညာလက်ကို ညာဖက်မှာရှိစေခဲ့တာက ညာလက်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲဖြစ်တယ်။ ထို့အတူ သူတော်ကောင်းတွေကို “လူကောင်း”လို့ နာမည်တပ်ခဲ့တာကလည်း သူတော်ကောင်းတွေအတွက် အကောင်းဆုံးချီးမြှင့်ခြင်းတစ်မျိုးပဲ ဖြစ်တယ်။

Mr.Kuesterက ဒီအဖြေကို ရရှိပြီးနောက် “ဘုရားသခင်က သင့်ကို လိမ္မာတဲ့ကလေးဖြစ်စေခဲ့တာက သင့်အတွက် အကောင်းဆုံး ချီးမြှင့်ခြင်းပဲ”လို့ အစချီတဲ့စာနဲ့ “မေရီ” ကို စာပြန်ခဲ့တယ်။ ဒီစာကို သတင်းစာပေါ် ပုံနှိပ်ဖော်ပြပြီးမကြာဘူး အမေရိကားနဲ့ ဥရောပနိုင်ငံမှာရှိတဲ့ သတင်းစာတွေက ဒီစာကို ထပ်ဆင့် ဝေမျှကြတဲ့အပြင် နှစ်စဉ်နှစ်တိုင်း ကလေးများနေ့မှာ ထပ်ပြီးဖော်ပြခဲ့ကြတယ်။

မကြာသေးခင်က တရုတ်လူမျိုးတစ်ဦး ဘယ်နေရာမှာ ဒီစာကို ဖတ်မိခဲ့သလဲ မသိဘူး။ ဖတ်ပြီးနောက် အင်တာနက်ပေါ်ကနေ Chicago Tribune သတင်းစာမှာ ဒီလို စာတစ်ကြောင်းရေးခဲ့တယ်။ “တရုတ်လူမျိုးမှာလည်း ရှေးဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ “မကောင်းတာလုပ်တဲ့သူက မကောင်းတာကို ခံရမယ်။ ကောင်းတာလုပ်သူက ကောင်းတာကို ခံရမယ်။ မခံရဘူးဆိုတာ မရှိဘူး။ ခံဖို့ အချိန်မကျသေးတာ”ပါ။ မကောင်းတဲ့သူတွေ ဘာကြောင့် သက်ဆိုးရှည် နေရတာလဲဆိုတာကို ကျွန်တော်နားမလည်ခဲ့ဘူး။ ဒီစာကို ဖတ်မိမှ မကောင်းတဲ့လူတွေကို “လူဆိုး၊ လူယုတ်မာ” လို့ အမည်တပ်ခံရတာဟာ ဘုရားသခင်က သူတို့ကိုပေးတဲ့ အပြစ်ပဲဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်။

လူတိုင်း လူကောင်းလုပ်ရမယ်ဆိုတာ သိတာပဲ။ ဒါပေမဲ့ လူဆိုးတွေ မကောင်းတာလုပ်ပြီးနောက် ဘာဖြစ်လို့ အပြစ်ပေးမခံရတာလဲ။ ဘုရားသခင်က မသင့်မြတ်ဘူးလားလို့ အမြဲတွေးမိတယ်။ ဘုရားသခင်မှာလဲ သူ့ဆုံးဖြတ်ချက်နဲ့သူ ရှိပါလိမ့်မယ်။ စိတ်သဘောထား ကောင်းသူကို “လူကောင်း” လို့ ခေါ်တွင်ရခြင်း၊ စိတ်သဘောထားယုတ်မာသူကို “လူဆိုး” လို့ ခေါ်တွင်ရခြင်းက ဘုရားသခင်ချီးမြှင့်တဲ့ အကောင်းဆုံးဆုလို့ပဲ ထင်မိပါတယ်။


မူရင်းရေးသားသူ -- Liu Yan Min
http://huiyuan.minghui.org/big5/html/articles/2003/2/331.html


နိုင်းနိုင်းစနေ (Sunday, February 17, 2008)
.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...