Thursday, August 1, 2013

"" ကံကူလက်လှည့် ""


ကျွန်တော် တက္ကသိုလ်တွင် ဆရာတယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြော ဟော အသင်အကြားကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ် မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ မိုးထိအလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာ အဖြစ်နှစ်နှစ်၊ သုံးနှစ်ခန့် အမှုထမ်းခဲ့ ဖူးပါသေးသည်။
ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်အသင့်နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။

ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့်အဖို့ ဘာမျှပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ အလွယ်တကူနှင့်ပင် ထိုသို့ အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်း သည်ဆိုသော ဆရာမျိုးကိုလည်း “သြော် ... စာသင် ကောင်းတယ်” ဆိုတာပဲဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။

စာသင်ကြားပို့ချမှုနှင့်ပတ်သက်၍ ကျွန်တော်ကြောက်ဒူးတုန်ပြီးလန့်သွားလောက် အောင် ကြုံခဲ့ရသည်မှာ ၁၉၆ - ၆၄ တစ်ဝိုက်လောက်ဆီကဖြစ်ပါသည်။

သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေပါပြီ။ တက္ကသိုလ်ကျောင်းပိတ်၍ ကျွန်တော့်ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေ အင်းတော်ဘုရားကြီးရင်ပြင်ပေါ်ရှိ အမျိုးသားပြတိုက်တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့ သူများတွင် ကျွန်တော်လည်း အမှုဆောင်တယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော်တို့ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထား ကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကိုလုပ်ဆောင်ပေးရပါသည်။

ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစာလှုပ်ရှားသူများတွင်မိုးထိကျောင်းက မူလတန်းပြဆရာ ဦးဉာဏ်စိန် တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးကျောင်းနှင့် ရွှေအင်းတော်ဘုရားမှာ ကပ်လျက်ရှိနေသည် ဖြစ်သော ကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဉာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။

ကိုဉာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ) ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ် မသိ၊ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာ လုပ်လိုက်သောကြောင့်သူက မူလတန်းဆရာအဖြစ် သူ ငယ်တန်းကို သင်ကြားနေရပါသည်။

ကျွန်တောက သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အတန်းဆီသို့ လိုက်သွားပါသည်။ သူ သင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှ သင်သည်လည်း မဟုတ် ပါ။ သင်ပုန်းပေါ်တွင် အရုပ်တရုပ်ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာ အုပ်များတွင် တွေ့ရသော ဖိုးရွှေလိပ်မှန်း ကျွန်တော်သိလိုက်ပါသည်။

ကျွန်တော်သာသိသည် မဟုတ်ပါ။ သူ့တပည့်ကလေးတွေကလည်း သိကြပါသည်။ “ဟေး ... ဖိုးရွှေလိပ်ကွ” စသဖြင့် အော်ကြပါသည်။ သူက ထိုလိပ်ရုပ်၏လက်ထဲသို့ တုတ် ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “တုတ်ကောက်နဲ့ကွ” ဟု အော်လိုက် ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်ပါသည်။ ကလေးတွေက “ဆေးတံနဲ့ဟေ့” စသဖြင့် အော်လိုက်ကြပြန်ပါသည်။

ထိုအရုပ်ရေးပြီးမှ ကိုဉာဏ်စိန်ကအတန်းထဲရှိ ကလေးများဘက်လှည့်ပြီး “တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စော စောလမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့လမ်းမှာ ဘယ်သူနဲ့တွေ့ သလဲဆိုတော့ ...” ဟု ပြောလိုက်ပြီး နောက် သင်ပုန်းတဖက်စွန်းတွင် အရုပ်တရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များ တွေ့မည်လဲ စောင့်ကြည့်နေမိပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိ ပါသည်။ သူဆွဲနေသောပုံမှာ တစ်စ တစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက “ယုန်ကလေး” ဟု တပျော်တပါး ကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ်။ သည်ဟာတပ်ဆင်လိုက်ရာ မျက်မှန်နဲ့၊ အထုပ်အပိုး နဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘော ကျနေကြပါသည်။ သူက ဆက်၍ ...

“အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့၊ ဘယ်ကြွမလို့လဲလို့ မေး လိုက်တယ်”

ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်း ပြောရ လျှင် ဘာရယ်မဟုတ် သူ့ပါးစပ်ထဲရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလို ဘာလိုလိုလုပ်ပြီး ပြော နေခြင်းဖြစ်ပါသည်။

ဆရာကိုဉာဏ်စိန် ကျွန်တော့ကိုမြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာရယ် လိုက်ပြီး “လာလေဗျာ၊ ခင်ဗျားကော နားထောင်သွားပါဦးလား” တဲ့။

“တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ” ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။

နောက်တစ်နေ့ သူ့စာသင်ခန်းဆီ ရောက်သွားပြန်တော့လည်း ထိုနည်းတူအရုပ်တွေ ရေးပြီး ပေါက်တတ်ကရ ပုံပြင်လိုလို၊ ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံးလေးရက်လောက်ရှိတော့ ကျွန်မနေနိုင် တော့ဘဲ -

“ခင်ဗျားဟာက ဘာစာမှသင်တာလည်း မတွေ့ရပါကလားဗျာ” ရယ်ကာမောကာ မေးလိုက်တော့ -

“စာသင်တာ ဘာအရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင်ရတဲ့ကိစ္စ” ဟု ရယ်ပြီး ပြောပါသည်။ ပြီးမှ ...

“တကယ်ပြောတာဗျ၊ စာသင်တာ ဘယ်အချိန်သင်သင်ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီး တယ်။ ကျောင်းပျော်အောင် လုပ်နေရတာဗျ”

ကျွန်တော့်စိတ်ထဲတွင် “အင်း ... သူပြောလည်း ဟုတ်သားပဲ” ဟု တွေးလိုက်မိသည်။ နောက်တစ်နေ့ ရောက် သွားတော့ သူ့လုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြတင်းပေါက်နားတွင် ထိုင်ခုံကလေး တစ်လုံးကို ချပြီးကြည့်နေမိပါသည်။ ကျွန်တော် အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။

ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့်ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်း မကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငို နေပါသည်။ ကလေးကြည့်ရာဆီကို လှမ်းကြည့် လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဉာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့။ သူ့ဘာသာသူ အရုပ်တွေရေးလိုက်၊ ပုံပြောလိုက် လုပ်နေပါသည်။

ကျွန်တော်ကတော့ ထိုကလေးကိစ္စအား ကိုဉာဏ်စိန် ဘာလုပ်မလဲဆိုသည်ကိုစောင့် ကြည့်နေမိပါသည်။ အ တော်လေးကြာတော့ ကိုဉာဏ်စိန်က ပြတင်းပေါက်မှ အပြင်သို့လှမ်း ကြည့်ပြီး ...

“ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ ကတော့ ဒီကောင် တစ်သက်လုံး အငိုတိတ်မှာမဟုတ်တော့ဘူး”

ထိုသို့ပြောလိုက်ခါမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီခနဲငိုလိုက်ပြန်ပါ တော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ဘဲ ပေကပ်ကပ် လုပ်နေပါသည်။

“ခက်တယ်ဗျာ၊ ကလေးတွေကိုထိန်းရတာကျုပ်ကမကြောက်ပါဘူး၊ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အ ခက်ဆုံးပဲ” ဟု ညည်းသလိုလို ကျွန်တော့ကိုပြော လှမ်းပြောပါသည်။

“ကဲ ... မပြန်ချင်ရင် နေဗျာ၊ ဒါပေမယ့် ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေ စမ်းပါ”

ကိုဉာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါ သည်။ သူ့အဘွားကို မမြင်ရတော့ ဟိုချာတိတ်လည်း ငိုလိုက်သည်မှာ တစ်တန်းလုံးသူ့ကို ၀ိုင်းကြည့်နေရ အောင်ပင် ဖြစ်သည်။

ကိုဉာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင် ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေ စီခနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက်ငိုရပ်ပြီး အရုပ်ကိုလှမ်းပြီး ကြည့်လိုက်သည်။ ပြီးတော့ အပြင်လှမ်းကြည့်၊ အဘွားကိုရှာပြီးနောက် တအီအီငိုပြန် ပါတော့သည်။ ကျွန်တော်ကတော့ ထိုကလေးနှင့်ကိုဉာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တတ်ပါ။ ရိုက်နှက်ပစ်လိုက်ရ အောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါမည်လား။

ကိုဉာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလိုပြောလိုက်၊ ချာတိတ်ကလည်း ငိုမြဲ ပါပဲ။

အတော်လေးကြာတော့ ကိုဉာဏ်စိန်လည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကိုစိုက် ကြည့်နေပါသည်။ သို့သော် လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကိုဆရာ စိုက် ကြည့်နေမှန်းသိတော့ ခဏမျှဆရာကိုပြန်ကြည့် ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီခနဲ ခပ် ကျယ်ကျယ်ကြီး ငိုလိုက်ပါသည်။

ကိုဉာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား -

“ဟေ့ကောင်တွေ ... မင်းတို့တွေ့တယ်မဟုတ်လား၊ ဒီကောင် ကျောင်းရောက်ပြီဆိုက တည်းက ငိုတာခုထက်ထိ မတိတ်ဘူးကွ၊ ဒီကောင်မှာ “အငိုတွေ အများကြီးပါလာတယ်။ သူ့ တစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာ မဟုတ်ဘူး။ မင်းတို့ပါ ၀ိုင်းပြီးငိုပေးလိုက်ကြစမ်း ကွာ။ ဒါမှ သူ့အငိုတွေမြန်မြန်ကုန်မှာ”

ကျန်တဲ့ကောင်တွေလည်း သဘောပေါက်မြန်လိုက်ကြတာ မပြောပါနှင့်တော့။ တစ်တန်းလုံး မျက်စိကိုလက်ဖမိုး နှင့်ပွတ်ပြီး တအီးအီးငိုချင်ယောင် ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင်ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကိုကြည့်ပြီး ကြောင်တောင်တောင် နှင့် တိတ်သွားတော့ ပိုလို့ပင်ရယ်မိပါသည်။ ကိုဉာဏ်စိန်က -

“ဟိုး ... တော်ပြီ၊ အငိုတွေကုန်သွားပြီ” ဟု လက်တားပြီး အော်လိုက်တော့ ကလေး တွေ တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။

ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်သွားပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။

ကိုဉာဏ်စိန်ကတော့ သူ့ကိုလှည့်လို့မျှပင် မကြည့်တော့ဘဲ သူ့ဘာသာအရုပ်တွေ ရေးလိုက်၊ ပုံပြင်ကိုပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲကလည်း သူပြောနေသည့် ပုံပြင်တွေကို နားထောင်သလိုလိုလုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည် မသိ၊ အီခနဲ ငိုလိုက်ပြန်ပါ သည်။ ကိုဉာဏ်စိန်က -

“ဟ ... အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်”

ကိုဉာဏ်စိန် စကားဆုံးအောင်ပင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်ပါသည်။ သူတို့တွေ သည်လိုငိုလိုက်ရခြင်းကိုပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာနေရ ပါတော့သည်။

ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဉာဏ်စိန်၏ စကားနှင့်ဆိုလျှင်တော့ “အငိုတွေ” ကုန်သွားပြီပေါ့။

ကျွန်တော်သည် အထက်တွင်ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်ကဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကိုကြည့်ပြီး ခေါင်းခြောက်သည်မှာ မပြောပြ တတ်အောင်ပင်ဖြစ်ခဲ့ပါသည်။ “ဒီက လေး အငိုတိတ်အောင်လုပ်ဟ” ဟုဆိုလျှင် ကျွန်တော်သေ ဖို့သာလျှင် ရှိပါသည်။ ဘာမျှတတ်နိုင်မည် မဟုတ် ပါ။

ကျောင်းဆင်းလို့ ကျွန်တော်နှင့်ကိုဉာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ -

“ကိုဉာဏ်စိန် ခင်ဗျားတော်တယ်ဗျာ၊ ဟိုအကောင် အငိုတိတ်သွားအောင်လုပ်နိုင်တာ သိပ်သဘောကျတာပဲ၊ ကျုပ်ဆိုရင် ဘာလုပ်ရမှန်းမသိတာနဲ့ ဒုက္ခအကြီးအကျယ်ရောက်နေမှာ”

“ဒီလိုပဲလေဗျာ၊ သင့်သလို ကြည့်တွယ်လိုက်ရတာပဲ”

သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့်အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။

ကျွန်တော့်အဖို့ သူငယ်တန်းသင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။ တစိမ့်စိမ့်တွေးပြီး လန့်နေသလောက် အထင် ကြီးနေမိပါပြီ။

နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်နေမိ ပါသည်။ ငိုတော့ငိုထား ဟန် တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ရပါ။ ကွယ်ရာထောင့် တစ်နေရာရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့် ဦးမည် ထင်ပါသည်။

ကိုဉာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။

“ကဲ ... ဒီနေ့တော့ မင်းတို့ကို ဆီးသီးကျွေးမယ်၊ ဆီးသီးစားကြမလားဟေ့”

“စားမယ်”

တစ်အုပ်ကြီး အော်ပြီးဖြေလိုက်သောအသံ။

“ဆီးသီးစားချင်တဲ့သူ လက်ညှိုးထောင်”

တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီးကြည့်လိုက်တော့ သူများလို လက်မထောင် ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်း ညွတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဉာဏ်စိန်ကို မော့ကြည့်နေပါသည်။ ဆီး သီး တကယ်ကျွေးမှာလားဟု စဉ်းစားနေပုံရပါသည်။ သူသာ မဟုတ်ပါ။ ကျွန်တော်လည်း ကိုဉာဏ်စိန်ဘာတွေ အကြံအဖန်လုပ်ဦးမလဲဟု တွေးနေ မိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုး အမှန်ပါ။

ကိုဉာဏ်စိန် အလုပ်စပါပြီ။

သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် “၀” လုံးတစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက် ပါသည်။ ထိုဝလုံးပေါ်တွင် အညှာကလေး တစ်ချက်တပ်လိုက်ပါသည်။

“ကဲ ... ဟောဒီမှာ ဆီးသီးတစ်လုံး၊ ဘယ်သူအလျင်စားမလဲ”

ကျွန်တော် စားမယ်၊ ကျွန်မ စားမယ်ဟူသော အသံများ ညံသွားပါသည်။

“ဟုတ်ပြီ ... မင်းကအငယ်ဆုံးမို့ မင်းကိုအလျင်ကျွေးမယ်၊ ရော့ ... စားစမ်း”ဟုပြောပြီး သင်ပုန်းပေါ်က ဆီး သီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်၍ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထို ကလေးက ဆီးသီးကို ဖမ်းယူဟန်ဆောင်၍ ပါးစပ်ထဲ ထည့်လိုက်ဆောင်ပြီး “မြွမ်မြွမ်” နှင့် စားချင်ယောင် ဆောင်ပါသည်။ တစ်တန်းလုံး တ၀ါးဝါး ရယ်ကြပါသည်။

“ကျွန်တော်လည်း စားဦးမယ်”၊ “ကျွန်မကိုလည်း ပေးပါဦး” စသော အလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဉာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်စားလိုက်ကြနှင့် တကယ့် ပျော် စရာကြီးပါပဲ။

“ချိုရဲ့လားဟေ့”

“ချိုတယ်ဆရာ”

“ကဲ ... ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ။ မင်းလည်း တစ်လုံးစားလိုက်ဦး”

ကိုဉာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေး လိုက်ယောင် ပြုပါသည်။

ချာတိတ်က ကြောင်တောင်တောင် ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။

“သူက မစားချင်သေးဘူးတဲ့၊ မင်းက ယူစားလိုက်စမ်းကွာ”

ဟု ဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးကလည်း အလွယ်တကူပင် ကောက်စားချင် ယောင် ဆောင်လိုက်ပါသည်။

သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက်မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်ရှည် မျောမျောဖြစ်ပါသည်။

“ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း၊ မချဉ်ဘူးလား”

ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်တော့ စားချင်ယောင်ဆောင်၊ ရှုံ့မဲ့ပြီး -

“ချဉ်တယ် ဆရာ” ဆိုတော့ အားလုံးကသဘောကျပြီး ရယ်ကြပါသည်။

ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေး တွေက ချဉ်တယ်ဆရာဟု ပြောကြပါသည်။ ၀ိုင်းဝိုင်းစက်စက်ဆီးသီးကို ရေးပေးလိုက်လျှင် ချို တယ်ဆရာဟု ပြောကြပါသည်။

ကလေးတွေ ဆီးသီးစားတမ်းကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါ သည်။

ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့ -

“ ဟိုချာတိတ်ဒီနေ့တော့ မငိုတော့ဘူးဗျ”

“သူ့အဘွားကိုမမြင်ရတော့လို့ပေါ့ဗျာ၊ အိမ်ကလူကြီးတစ်ယောက်ယောက် ပါလာရင် ဒီလိုပဲ ငိုနေတတ်ကြတယ် ဗျ၊ လူကြီးတွေမပါရင် ခဏပဲ၊ ကလေးတွေချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက် ပျောက်ဖြစ်သွားတာပါပဲ၊ ခက်နေတာက လူကြီးတွေဗျ၊ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ၊ “ယာဖျက် တော့ သခွား၊ မြေးဖျက်တော့ အဘွား” ဆို သလိုပေါ့ဗျာ၊ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြား အလုပ်ကလည်း မည် မည်ရရ မရှိတော့ဘူး မဟုတ်လား”

“ဆရာကို ဘာမှလာပြီး ဆရာမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ”

“အံမယ် ... အဲဒါမျိုးလည်း တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်းဆရာနဲ့နီးနီး ထား ချင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်မောင်းက တူတာမဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကိုကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဒါ သူတို့ကလေးကို ရှေ့ထားပေးပါ၊ ဘာညာနဲ့လာပြီး ပြောတတ်ကြတယ်။ “ခင်ဗျားတို့ ကလေးကိုလည်း သင်ပေးမှာပါ၊ မတတ်မှာ မစိုးရိမ်ပါနဲ့” လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေ အကဲ ဆုံးပေါ့ဗျာ။ ဟိုဘက် အထက်တန်းတွေ ရောက်တော့လည်း ဘာမှ ဂရုစိုက်မနေကြတော့ ပြန် ဘူး။ ရယ်စရာ လည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ပြဿနာ အကြုံဆုံးပေါ့ ဗျာ”

“သူတို့သားသမီးကို ရိုက်တာ၊ ပြုတာနဲ့ပတ်သက်လို့လည်း ပြဿနာကြုံကြရမယ် ထင်တယ်”

“တစ်ခါတလေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့ နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ ဆရာ၊ ဆရာမ အပေါ်မှာလည်း မူတည်တတ်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွား ပါကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှ ရယ်တောင် ရယ်နေရသေးတယ်။ “သူငယ်ချင်းရေ” တဲ့။ “ကဲ ... ငါ့သားကို မင်းဆီအပ်ခဲ့ပြီ၊ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ၊ သူများတွေကတော့ မကျိုးမပဲ့ရင်ပြီးရော၊ ရိုက်ပါ ဆရာလို့ပြောတာပဲ၊ ငါ့သားကိုတော့ မလိမ္မာရင်ဆော်သာဆော်ကွာ၊ မတော်တဆသေသွားရင် အလွမ်း ပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ” တဲ့လေ”

ကျွန်တော်ရယ်လိုက်မိပါသည်။

မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင်စားနေ မိပါသည်။

နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာနောက်တစ်ဆင့်တက် သွားသည်ကို တွေ့ရပြန်ပါ သည်။

“ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ၊ ငါက ၀ယ်မယ်၊ ဆီးသီးငါးလုံးကို တစ်မှတ် ပေးမယ်၊ ဒါပေမယ့် ဆီးသီး အချဉ်တွေကို မ၀ယ်ဘူး”

ဝလုံးကို ၀ိုင်းဝိုင်းရေးတတ်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော်သဘော ပေါက်လိုက်ပါပြီ။

“နောက်ပြီး ဟောဒီလို၊ ဟောဒီလိုရေးတဲ့ဆီးသီးကို မ၀ယ်ဘူး၊ အဲဒီဆီးသီးမျိုးတွေက အပုပ်တွေ”

သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ “ဒီလိုရေးရ မယ်” ဟု ကလေးများကို ကျော်ခိုင်းပြီးလျှင် လက်ကိုလက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။

“ဘယ်လို ဘယ်လို ရေးမလဲ”

“ဒီလို ဒီလို ရေးမယ်”

ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ယမ်းပြီးအော်ကြပါသည်။

“ဘယ်လိုရေးရင် ဆီးသီးအပုပ်လဲ”

“ ဒီလိုရေးရင် ဆီးသီးအပုပ်”

လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။

လက်ယာရစ် ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ယမ်းလေ့ကျင့်ကြစေပြီးနောက် ဆီးသီးတွေ ရေးကြရန် ခိုင်းလိုက်ပါ သည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းကလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။

ဝလုံးကို လက်ယာရစ် ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေး သည်၊ မရေးသည်ကို ဆရာကိုဉာဏ်စိန်လိုက်ပြီး စစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့ မလဲဟု ကျွန်တော့်စိတ်တွင် တွေးနေမိပါသည်။

“ဟောဒီမယ်ဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီးရေးနေတယ်၊ သူ့ဆီးသီးက အပုပ်ကြီးဆရာ”

ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံ ရသော ကလေးက ချက် ချင်းဖျက်ပစ်ပြီး “ဒီလို ဒီလိုရေးတယ်ဆရာ” ဟု လက်ယာရစ် ဝှေ့ယမ်း ပြီး ပြလိုက်ပါသည်။

အင်း ... သည်လိုဆိုတော့လည်း သူ့ဟာသူ ပြဿနာရှင်းအသွားသားပဲဟု အောက်မေ့ လိုက်ပါသည်။

ဆီးသီးငါးလုံးစီရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဉာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟို အလုံးက ပိန်တယ်၊ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဲဒီလောက် ချဉ်ရင်မ၀ယ်ဘူး၊ ဒီတစ်ခါတော့ ၀ယ်လိုက် မယ် စသည်ဖြင့် ပြောပြီး မြေဖြူနှင့်အမှတ် ခြစ်ပေးလိုက်ပါသည်။ ကလေးတွေ ၀မ်းသာအားရ ပြန်သွားကြပါ သည်။

အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဉာဏ် စိန်က သူ့သင်ပုန်းကို ယူ ကြည့် လိုက်ပြီး -

“အံမယ် ... ဒီကောင်က လူကငိုပေမဲ့ ဆီးသီးကတော့ အချိုသားပဲ၊ ဘယ်ဆိုးလို့လဲကွ” ဟု ချီးမွှမ်းပြီး အမှတ် ပေးလိုက်ပါသည်။

ဟိုချာတိတ် ၀မ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။

ကလေးအားလုံးမှာ သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြခဏ လာပြီး ပြနေသည်ဖြစ်သောကြောင့် -

“အံမယ် ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ၊ ချိုလည်း ချိုတယ်ဟေ့”

ချာတိတ်ကျောင်းပျော်သွားပါလေပြီ။

ကျွန်တော်လည်း ကိုဉာဏ်စိန်နှင့်တပည့်များ၏ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်းပျော် နေမိပါသည်။

သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ် ကိုယ့်ပစ္စည်း စသည်တို့ ကိုကိုယ်စီကိုယ်င သိမ်းကြ ယူကြပါသည်။ သည်အခါတွင်မှ သတိထား ကြည့်လိုက်တော့ ကျောင်းခန်းဘေးနံရံ သစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျချိတ်ထားကြ ရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တစ်တွေ ယူကြပြီးနောက် အားလုံး မတ်တပ်ရပ်နေကြပါ သည်။

“စာအုပ်ပါဘီလား” ကိုဉာဏ်စိန်က အော်မေးလိုက်ပါသည်။

“ပါဘာဘီး” ကလေးတွေက အော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။

သူတို့ အတိုင်အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုးမဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။

“ပေတံ ... ပါ ... ဘီးလား”

“ပါ ... ဘာ ... ဘီး”

ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီအော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများ အတန်းမှစ၍ တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။

“ခင်ဗျားအလုပ်ကလည်း ပြီးပဲမပြီးနိုင်ဘူး၊ တယ်ရှုပ်ကိုးဗျ”

“ဒီလိုပဲကိုယ့်လူရေ၊ ခင်ဗျားတို့လို ကောလိပ်ကျောင်းသား ကြီးတွေကို သင်ရတာမဟုတ်ဘူး။ ကလေးတွေဆို တော့ ကျောင်းဆင်းပြီဆိုရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့၊ ဦးထုပ်ပျောက်၊ ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်တော့တာဗျ၊ ဆရာ အထိန်းအသိမ်းညံ့ရာ ရောက်တာပေါ့ဗျာ”

သူက ပြောရင်းဆိုရင်း ခုံတွေအောက်သို့ ငုံ့ကြည့်ပြီး ဟိုဟာရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေပြန်သော ကြောင့် -

“ဘာရှာနေတာလဲဗျ”

“ဘာတွေများ ကျန်ရစ်ခဲ့သေးသလဲလို့ ရှာရတာပေါ့ဗျာ၊ ခုနက ကျုပ်အော်တဲစာရင်း ထဲမှာမပါတဲ့ ဂျင်တို့၊ ဂေါ်လီ တို့၊ ဘာညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေရစ်ခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့၊ ကလေးတွေကိုးဗျ၊ အမိုက် ကလေးတွေကိုးဗျ။ အမိုက်ကလေးတွေဟာ သိတတ်ကြတာမှတ်လို့”

“ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်တွေ စီပြီးရိုက်ထားတာကို တွေ့ တယ်”

“အေးဗျာ ... ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ် လွန်းလို့”

“အဲဒီလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းကထုတ်ပေးသလား”

“ဘယ်ပေးနိုင်ပါ့မလဲဗျာ”

“ခင်ဗျားက အိတ်စိုက်ပေါ့”

“မစိုက်ရပါဘူးဗျာ၊ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေရှိနေတာပဲ၊ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက် လာခဲ့တာပါပဲ”

ကျွန်တော်တို့ နှစ်ယောက်လုံး ရယ်လိုက်မိကြပါသည်။

“ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်၊ ၀လုံးဆိုတော့ ဘာမှလုပ်ဖို့တောင် မလိုတော့ဘူးပေါ့၊ ၀လုံး ရေးကြရအောင်ဆိုရင် ကလေးတွေက ဘယ်မှာပျော်တော့မလဲ၊ ဆီးသီး ရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင် တဲ့အတိုင်းပဲ၊ လက်မလည်နိုင်အောင် အမှတ်ပေးနေတာပဲ မဟုတ်လား၊ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်း ပျော်တယ်ပေါ့ဗျာ”

သူကပြောရင်း ရယ်လိုက်ပါသည်။

ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်း အရေးခိုင်းပါသည်။

“ခင်ဗျားဝလုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ၊ ပြီးပဲ မပြီးနိုင်တော့ဘူး”

“မြန်မာအက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ၊ ၀လုံးကို လက်မသေရင် လက်ရေး ဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်း ရောက်သွားရင် လက်ရေးလှ လေ့ ကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှ မရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက် မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေရဲ့ အထင်သေး မခံချင်ဘူးဗျ”

ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါ သည်။ သူတို့သည်လည်း ကံမကောင်းအကြောင်းမလှ၍ ကိုဉာဏ်စိန် ပြောသလို ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ကြရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ ငယ်ဆရာ ဆရာ ဦးစံရွှေကြောင့် ကျွန်တော့်လက်ရေး အတန်အသင့် ကောင်းခဲ့သည်ကိုတွေ့၍ ကွယ်လွန်သူ ဆရာကို ကျေးဇူး တင်လိုက်မိပါသည်။

ကိုဉာဏ်စိန်က ဆက်၍ -

“အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ၊ အဲဒါတွေကျရင် ပိုပြီးဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကစပြီး ဆွဲ တာတွေ၊ သဝေထိုးကို အပေါ်ကစပြီးဆွဲတာတွေ၊ အို၊ ကို၊ မို တို့ကို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကိုအလျင် စပြီး ရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆေး ရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန် ရေးလိုက်ပြီ ဆိုရင်အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန်ဖတ်ရတာ ခက် သွားတတ် တယ်ဗျ”

ကလေးငယ်၏ တစ်သက်တာအတွက် အခြေခံပန္နက်ရိုက်လိုက်ရသော သူငယ်တန်း ဆရာ၏ ဘ၀နှင့်တာဝန်ကို အလွန်ရိုသေမိလာပါသည်။ အချို့သော တိုင်းပြည်ပညာရေး စနစ်များတွင် သူငယ်တန်းသင်သောဆရာကို သီး သန့်အရည်အချင်းရှိစေလျက် လစာမြင့်မြင့်ကြီး ပေးထားကြသည်ဟူသော အချက်ကိုသဘောပေါက်လာ မိ သည်။

ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီးပြောဖူးသော စကားကိုလည်း သွားပြီးသတိရလိုက်မိပါ သေးသည်။

“ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ရတာတောင် များတယ်လို့ ထင်တတ်ကြသေးတယ်ဗျ၊ ဓား ပြတ်သွားမှာ ကြောက်ရတာတစ်မျိုး၊ ငိုတာက တစ်မျိုး၊ ရုန်းတာက တစ်မျိုး”

အင်း ... ကိုဉာဏ်စိန်တို့၊ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းချင်းက ခပ်ဆင်ဆင်ပါပဲလား ဟု အောက်မေ့မိပါသည်။

ဤသို့နှင့် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။

သင်ပုန်းပေါ်တွင် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တတ်အရပ်ခိုင်းလိုက်ပါသည်

“မင်းနာမည် ဘယ်သူလဲ”

“မောင်ကျော်မြင့်ပါ ခင်ဗျ”

လက်ပိုက်ပြီး ဖြေပါသည်။

“မင်းနာမည်ကကော”

“မောင်ထွန်းစိန်ပါ ခင်ဗျ”

“ညည်းနာမည်က ဘယ်သူလဲ”

“ကြော့ယဉ်ဝင်းပါ ရှင့်”

“အံမယ် ... တယ်ကောင်းတဲ့ နာမည်ပါလား၊ ကဲ ... ကဲ ... ညည်းနာမည်ကကော”

“မတည်ကြည်ဝင်းပါ ရှင့်”

“ဟဲ့ ... ငါ့တပည့်တွေ နာမည်က ကောင်းလှချည်လား၊ ညည်းနာမည်ကကော”

“နီနီအေးပါရှင့်”

ဤသို့လျှင် ကျောင်းသား အတော်များများကို နာမည်လျှောက်ပြီးမေးပါသည်။ ပြီးမှ -

“ကဲ ... ကြည့်စမ်း၊ မင်းတို့အားလုံးမှာ နာမည်တွေရှိကြတယ်။ နာမည်မရှိတဲ့လူများ ရှိသလားဟေ့”

“မရှိပါဘူးခင်ဗျ”

“အေး ... မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သတို့မှာလည်း နာမည်ရှိတယ်”

သင်ပုန်းပေါ်ရှိ ကကြီး ခကွေး အက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။

“ညည်းနာမည်က ဘယ်သူလဲ”

“ဖြူနှင်းဝေပါ ဆရာ”

“အေး သူ့နာမည်က ကကြီးတဲ့ မှတ်ထား၊ ကြားလား၊ ဘယ်သူလဲ”

“ကကြီးပါ ဆရာ”

“ညည်းနာမည်က ဘယ်သူလဲ”

“သန္တာပြုံးပါ ဆရာ”

“အေး ... သူ့နာမည်က ခကွေးတဲ့ မှတ်ထား၊ ကြားလား”

ဤသို့အားဖြင့် ကကြီး၊ ခကွေးများကို မိတ်ဆက် သင်ကြားပေးသွားပါသည်။ မကြာမီ မှာပင် သူတို့အားလုံး ထို အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။

ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေ ဖတ်ရှုကြရပါသည်။ ကြံစည် စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင် ကြားပို့ချရမည်ဆိုသည့် ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်း၊ သင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။

တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့်ကျွန်တော်ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တကြိမ် သီတင်းကျွတ် ကျောင်းပိတ်ရက်လောက်တွင် တောင်တွင်းကြီးသို့ပြန် ရောက်သွားပါသည်။ ယခင်ကအတိုင်း ကိုဉာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါ သည်။

ကလေးတွေက စာတွေအတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီး ရောက်တော့ ကလေးတွေ သံ ပေါက်ကဗျာ ရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်း အဓိပ္ပာယ် အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်။ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာ တွေလည်း ပါပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေသည့် ကိစ္စများအပြင် (ကျွန်တော်မှတ်မိသလောက်) “အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုတာလည်း ပါနေပါသည်။ စကားလုံး ကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်၊ ကိုယ်ဟန် အမူအရာလည်း လုပ်ပြီး ဆိုကြရပါသည်။

ထိုသံပေါက်ကို ဆိုကြရာတွင် “ တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီး ကန်လိုက်သည့် အမူအရာကိုလည်း လုပ်ပြရပါသည်။

ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက် နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက်သို့ ထွက်လာကြတော့မှ -

“နေပါဦး ကိုဉာဏ်စိန်ရ၊ ဟို ... တောင်းကြီးကို ကန်ပစ်တယ်ဆိုတာက ဘာလုပ်တာလဲဗျ၊ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး”

ကိုဉာဏ်စိန်က အားရပါးရ ရယ်လိုက်ပြန်ပါသည်။

ကလေးတွေကို စာသင်နေရင်း လူကြီးတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဉာဏ်စိန်ကို တအံ့ တသြ ကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ် ဆရာတို့သည် ကိုဉာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူများကို အကျိုးပြုနိုင်ပါ၏လောဟု သံ သယ ဖြစ်လာပါသည်။

စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသားဆိုသည်က လက်တစ်ဆုပ် စာမျှသာဟု ပြောရပါတော့မည်။ နောက်ပြီး တက္ကသိုလ်ကျောင်းသားဆိုသည်က ဧရာမမြို့ကြီး တွေလောက်မှာသာ ရှိပါသည်။ သူငယ်တန်းဆိုသည်က ဟိုး ... တောကြိုအုံကြားလေးတွေထိ အောင် ရှိနေကြသည် မဟုတ်ပါလား။

နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင် အဆုံးအမကိုလွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ ရောက်လာကြရသည် မဟုတ်ပါလား။

နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င် စားဆုံးမှာ (ကိုဉာဏ်စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်ပါလား။

နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်အထိအောင် များပြားပါသလဲ။ မူလတန်း ကျောင်းသားဆိုတာကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ ၏ အရေးပါပုံကို ကျွန်တော်ဖြင့် တစိမ့်စိမ့်ကျေးဇူးတင် ကြည်ညိုနေမိပါသည်။

သြော် ... ကျွန်တော့မှာ မြေးမကလေးတစ်ယောက် ရလာပြန်တော့ပိုလို့ပဲ ကိုဉာဏ်စိန်တို့လို သူငယ်တန်းပြ ဆရာ၊ ဆရာမများ၏ ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါ သည်။

တစ်ခုတော့ရှိသည်။ “ယာဖျက်တော့ သူခိုး၊ မြေးဖျက်တော့ အဘိုး” ဟူသော စကားပုံ အသစ် ပေါ်မလာလေ အောင် ဟို ... ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန်တော့ သတိထား လေဦးမှပဲ။ ။

မှတ်ချက်။ ။ ငါန်းဇွန်အထက ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ်ရေးခဲ့ဖူးပါသည်။ ကိုဉာဏ်စိန်လည်း အငြိမ်းစားယူ၍ “ကံ့ကူလက်လှည့်” ဟူသောအမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီး ရောင်းနေသည်ဟု သိရပါကြောင်း။

(အောင်မြင်ရေး၊ အောက်တိုဘာ ၁၉၉၈)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...