Tuesday, August 6, 2013

ငွေရတုသဘင်နှင့် သစ္စာဖောက်ခံလိုက်ရတဲ့ အရေးတော်ပုံ

July 31, 2013 at 3:16pm
 မအောင်မြင်ခဲ့တဲ့ သမိုင်းကို လူရှေ့ထုတ်၊ စင်ပေါ်တင်၊ ပြီးတော့ သုံးရက်သုံးလီ ပွဲသဘင်ခံတာ ခင်ဗျား တို့ မရှက်ကြဘူးလားဗျာလို့ပဲ ပွဲစီစဉ်ကျင်းပသူတွေကို မေးခွန်ထုတ်ချင်တယ်။


“၈၈၈၈ ငွေရတု လုပ်ငန်းကော်မတီအစည်းအဝေး” တဲ့။ “အစည်းအဝေးနေ့ရက် ၂၆ ရက် ဇူလိုင် ၂၀၁၃”။ ဒီအစည်းအဝေးမှတ်တမ်းဟာ မပျောက်မပျက်ရအောင် သေချာ သိမ်းဆည်းထုပ်ပိုးပြီး ထားရှိ ရမဲ့အစည်း အဝေး မှတ်တမ်းတခုဖြစ်အောင် အရေးကြီးလာတယ်။ အစည်းအဝေးမှတ်တမ်း ကို ကောက် နူတ်ကြည့် ရရင်..

၁) ခရိုနီပိုင် Skynet ရုပ်သံက ငွေရတုပွဲကျင်းပမဲ့ ၃ ရက်လုံး လူငါးထောင်အတွက် မနက်စာ ညစာ လှူ မယ်တဲ့။ ဒါ့အပြင် သူတို့ ရုပ်သံကနေ ၃ ရက်လုံး Live လွှင့်ပေးမယ်ဆိုပဲ။

၂) တပ်မတော်ကို ဖိတ်ကြားရေးမှာ ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းမှူးအဆင့်အထိ ဖိတ်မယ်ဆိုပဲ။

၃) သမ္မတနှင့် ဒုသမ္မတများ ကိုယ်တိုင် မတက်ရောက်နိုင်ပါက သ၀န်လွှာတောင်းမယ်တဲ့။

၎) ခရိုနီတွေက ဟိုတယ် ၁၀ လုံးကို ဧည့်သည်တွေ တည်းခိုဖို့ အလှူပေးကြတယ်တဲ့ဗျ။ အဲဒီလိုလှူတဲ့ အလှူရှင်ခရိုနီတွေကို ဖိတ်ကြားရန်တဲ့။

ဒီအချက်တွေပါပြီဆိုတော့ ဒီအစည်းအဝေးမှတ်တမ်းဟာ နောင်လာနောက်သားတွေအထိ အစဉ် အဆက် သိမ်းဆည်းထားရမဲ့ မှတ်တမ်းတစ်စောင် ဖြစ်လာ တော့တယ်။

ဒါတွေတောင် ဖြစ်နေပြီဆိုတော့ ငွေရတုစင်ပေါ်မှာ စကားပြောမဲ့သူတွေထဲမှာ ငြိမ်းချမ်းရေးစင်တာ ဆိုတဲ့ နေရာက ကိုဇော်ဦးလို အခွင့်အရေးနဲ့ ကိုယ်ကျိုးသမား  သစ္စာဖောက်လောက်ကောင်တစ် ယောက် ပါနေတာ တယ်မဆန်း တော့ဘူး။

မေးခွန်တွေ ရှိလာတယ်။ ကျနော်တို့ ဘယ်သူ့ကို ယုံကြည်ပြီး တိုင်းပြည်အတွက် အလုပ် လုပ်ကြ တော့မှာ လဲ။ လူဆိုတာ အသက်ကြီးလာလေ ဖောက်ပြန်တတ်လေလား။ လူမြင်သူမြင် ပွဲလမ်း တွေမှာတောင် ခရိုနီတွေက စပွန်ဆာပေးနေကြလေတော့၊ လူမမြင်သူမမြင်၊ တိတ်တိတ်ပုန်း လက်သိပ်ထိုးကိစ္စတွေ ဘယ်လောက် ရှိနေသလဲ။ ခရိုနီဆိုတဲ့ကောင်တွေကတော့ ခိုးဝှက်ထားတာတွေ တည်မြဲရေးအတွက် တချိန် မှာ နိုင်ငံရေး အာဏာရဖို့ အလာအလာများစွာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းဆိုသူများကို အလျှော်အစားလုပ်မှာကတော့ သေချာသလောက်ပဲ။ ခရိုနီတွေအတွက် သိန်းထောင် ဂဏန်းဆိုတာ မယားငယ်ကိုပေးတဲ့ ထောက်ပံ့ကြေးလောက်တောင် မရှိဘူးမဟုတ်လား။

ဘယ်သူတွေ တရားပျက်ပျက် ဗကသကတော့ တရားမပျက်တာ အားတက်စရာပဲ။ “အစိုးရအဖွဲ့နဲ့ စစ်တပ် အား ဖိတ်ကြားမှုကို မရုပ်သိမ်းပေးနိုင်သည့်အတွက် ဗကသအနေဖြင့် အလုပ်ကော်မတီ အားလုံး မှ နူတ်ထွက်လိုက်သည်” တဲ့။ အစည်းအဝေးမှတ်တမ်းထဲမှာ ဒီလို အားရစရာတွေလည်း ရှိပါ တယ်။ ဒီအတိုင်းပဲ ဖြစ်ရမယ်။ ဗကသ ကျောင်းသားတွေဟာ ငယ်ရွယ်မယ်၊ အတွေ့အကြုံနဲချင်နဲမယ်၊ ဒါပေမဲ့ ဗကသဆိုတာ သမိုင်းတလျှောက်လုံး ဘယ်တုံးကမှ ဖောက်ပြန်တဲ့အလုပ်ကို မလုပ်ခဲ့ဘူး၊ ဗကသဟာ သမိုင်းစဉ်ဆက် ဘယ်တုံးကမှ အဖိနှိပ်ခံ ပြည်သူကို သစ္စာမဖောက်ဘူး။

၈၈၈၈ ငွေရတုပွဲကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆင်ကြံကြံနေသူတွေကိုလည်း တွေ့ရ တယ်။ သူတို့ကတော့ ပြည်ပက အဖွဲ့တချို့နဲ့ လူတချို့ဖြစ်တယ်။ ဒီပွဲမှာ သူတို့ကိုယ်သူတို့ လူသိအောင် မိတ်ဆက်ဖို့၊ Self Promotion လုပ်ဖို့ သူတို့က ရည်ရွယ်တယ်။ ပြီးတော့ ပြည်တွင်းမှာ နိုင်ငံရေးခြေကုပ်ယူဖို့ ရည်ရွယ်တယ်။ ဒီအကွက်တွေက ရိုးပါတယ်ဗျာ။ အနှစ် ၂၀ ကျော်မှာ ဒါတွေက အပ်ကြောင်းထပ်နေပါပြီ။

တကယ်တော့ ၈၈၈၈ လူထုလှုပ်ရှားမှုဆိုတာ ပုဂ္ဂိုလ်တဦးတစ်ယောက် အဖွဲ့အစည်းတခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ ရဟန်းရှင်လူ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။ ဒီပွဲကို ကျင်းပတာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အားလုံးပါဝင်နိုင်ဖို့ ရည်ရွယ်ကျင်းပပါတယ်ဆိုတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကို ပြောချင်တယ်။ ခင်ဗျားတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ချင်ရင် တခြားနေရာမှာ သွားလုပ်ကြပါ။ တခြားစင်ပေါ်မှာ သွားလုပ်ကြပါ။ ၈၈၈၈ စင်ပေါ်မှာတော့ မလုပ်ကြပါနဲ့ ဗျာ။ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် သူရဲကောင်းပီသစွာ ကျဆုံးသွားကြတဲ့ တိုက် ဖော် တိုက် ဖက်တွေရဲ့ ၀ိညာဉ်တွေကို အားနာကြပါ။ ၈၈၈၈ ငွေရတု စင်ပေါ်ကို သွေးညှီစွန်းတဲ့ ခန္ဒာကိုယ်တွေ  တက် တာ မြင်ရရင် ကျနော်တို့ ရဲဘော်တွေ ၀ိညာဉ်ဘ၀နဲ့ ငိုကြွေးနေကြမှာ စိုးရိမ်လို့ပါ။

လက်စနဲ့ တဆက်တည်းပြောစရာရှိတာက ၁၉၅၈-၆၂ ကတည်းက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲ့ရတဲ့ တိုင်းပြည်မှာ အာဏာရှင် အငွေ့အသက် အာဏာရှင် လေထုဟာ အာဏာရှင် အသိုင်းအ၀ိုင်းတင် မကပဲ၊ အတိုက်အခံ အသိုင်းအ၀ိုင်းကိုပါ ဂယက်ရိုက်ခတ်ခံခဲ့ရတယ်။ ပြည်တွင်းက နိုင်ငံရေးအဖွဲ့ အစည်းအချို့မှာ ဒီမိုကရေစီ ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေ လုပ်နေကြတယ်။ ပါတီခေါင်း ဆောင်ပိုင်းရွေးချယ် တာကအစ တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်ချုပ်ကိုင်ပြီး၊ သူရဲကောင်း လိုလို၊ အာဏာရှင်လိုလို လုပ်ကိုင်နေတာတွေ မြင်ရတာ ဗမာပြည် ဒီမိုကရေစီဖြစ်ထွန်းမှု ဖြစ်စဉ်အတွက် အားပျက် စိတ်ကုန် ဖွယ်ဖြစ်တယ်။

နိုင်ငံရေးသမားတွေ ကြပ်ကြပ်သတိထားကြပါ။ ဒီတိုင်းပြည်ကို ငါတို့ကယ်မှဖြစ်မှာ၊ ငါတို့မှသိတာ တတ်တာ၊ လူထုက ဘာမှသိတာ တတ်တာမဟုတ်ဘူးရယ်လို့ လူထုကို အချဉ်မမှတ်လိုက်လေနဲ့။ ဗမာပြည်သူလူထုက ဘယ်တုန်းကမှ အချဉ်မဟုတ်ခဲ့ဘူးး။ အာဏာရှင်အကျင့်တွေ၊ အာဏာရှင်နဲ့ ပုလင်းတူဗူးဆို့ လုပ်ရပ် တွေ ရပ်တန်းက မရပ်ဘူးဆိုရင် ဘယ်နိုင်ငံရေးသမားမဆို သမိုင်းဇာတ်ခုံပေါ်မှာ နာမည်ဆိုးနဲ့  ကျဆုံးဖွယ် ရှိတယ်။

နိဂုံးချုပ်အနေနဲ့ “တိုင်းတပါးကျွှန်၊ စစ်တပ်ကျွှန်၊ ဘယ်ကျွှန်မှမခ၊ံ ဒေါင်းအလံဟေ့၊ ကျောင်းနံရံ တ၀ိုက်၊ ဒေါင်းအလံပြန်စိုက်မယ်” လို့ဆိုခဲ့တဲ့ ဗသက ဥက္ကဌဟောင်း ကိုမင်းကိုနိုင်တစ်ယောက် ကျောင်းနံရံ တ၀ိုက်မှာ တကယ်ပဲ ဒေါင်းအလံတွေ ပြန်စိုက်မှာလား၊ ဒါမှမဟုတ် တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ခရိုနီကျွန်အဖြစ် နာမည်ဆိုးနဲ့ သမိုင်းဇာတ်ခုံပေါ်ကနေ မရှူမလှ ကျဆုံးရမှာလားဆိုတာ အချိန်က အဆုံး အဖြတ်ပေးသွားမှာ ဖြစ်တယ်။ သမိုင်းဆိုတာ ဘယ်သူ့ကိုမှ ထောက်ထားငဲ့ညှာနေမှာ မဟုတ်ဘူး ဆိုတာ ပြောချင်တယ်။

ကိုထွဋ်
၇၊ ၃၁၊ ၂၀၁၃



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...