Tuesday, August 20, 2013

အပျိုကြီး လူပျိုကြီးတွေကြောင့်




အပျိုကြီး လူပျိုကြီး တွေကြောင့် တိုင်းပြည် တစ်ခုမှာ (GDP) လို့ခေါ်တဲ့ တစ်ဦးချင်း ဝင်ငွေတွေ ကျင်ဆင်းကြရ တယ်လို့ပြောရင် ညောင်ဦး ကမ်းပါးပြို တာနဲ့ စမ္ပါနဂိုက နွားမပေါင်ကျိုး တာနဲ့ ဘာဆိုင်လို့လဲလို့ ပြောကြမဲ့ လူတွေ အများကြီးရှိ ပါလိမ့်မယ်။
တစ်ခုနဲ့တစ်ခု ကျိုးကြောင်း ဆက်စပ်ပြီး သက်ရောက် မှုတွေရှိတယ် ဆိုတာကို အဲဒီလူတွေရဲ့ ဘဝများက သင်ကြားပြသွားတဲ့ အချိန် ကိုရောက်ရင် သူတို့နားလည် သွားကြ ပါလိမ့်မယ်။ ဒီအချိန်မှာ GDP ကိစ္စကို အပျိုကြီး လူပျိုကြီးတွေကို လက်ညှိုးထိုး နေရင် အန္တရာယ်များ လိမ့်မယ်ထင် တယ်။

တကယ်တော့ အပျိုကြီး လူပျိုကြီး များနဲ့ တိုင်းပြည် စီးပွားရေးက ဆက်စပ် ယှက်နွှယ်မှု ရှိနေတာ အမှန်ပါ ပဲ။ ကြက်မကြီးနဲ့ ကြက်ဥ လိုပါပဲ။ ကြက်ဥကပဲ ကြက်မကြီး တစ်ကောင် ဖြစ်စေတာလား၊ ကြက်မကြီးကပဲ ကြက်ဥကို ဥပေးလိုက်တာလား ဆိုတာ အစရှာရခက်တယ်။ ကျိုးကြောင်း ဆက်စပ်မှုကတော့ ရှိနေတာအမှန်ပဲ။ ဒါပေမဲ့ ဘယ်ဟာကအစ၊ ဘယ်ဟာ ကအဆုံးဆိုတာ ပြောရခက်လိမ့်မယ်။ အပျိုကြီးလူပျိုကြီးများနဲ့ လူတစ်ဦးချင်း စီရဲ့ ဝင်ငွေကိစ္စ၊ တိုင်းပြည်စီးပွားရေး ကိစ္စကို ခွဲခြမ်းစိတ်ဖြာပြရမယ်ဆိုရင် အဲဒီကြက်ဥနဲ့ကြက်မပြဿနာလိုပဲ ဖြစ်နေလိမ့်မယ်။ ပြဿနာရဲ့အစကို ရှာရတာ ဂျာအေးသူ့အမေရိုက်သလို ဖြစ်နေလိမ့်မယ်။ ဒါကို အနီးစပ်ဆုံး စဉ်းစားကြည့်ရအောင်။

အကျိုးအကြောင်း အမျိုးမျိုး ကြောင့် တိုင်းပြည် တစ်ပြည်ဟာ ဆင်းရဲခဲ့ရတယ် ဆိုပါတော့။ ဒါမှမဟုတ် ဝင်ငွေနိမ့်ကျလာတယ်ဆိုပါတော့။ အဲဒါတွေနဲ့ တစ်ဆက်တည်းဖြစ်လာ ရှားပါးလာမယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ လုပ်ငန်း တွေနည်းပါးလာမှာ အမှန်ပါပဲ။ ဒီတော့ အလုပ်လက်မဲ့တွေ များလာလိမ့်မယ်။ လူတွေဟာ ဝင်ငွေနည်းပြီး၊ ထွက်ငွေ များလာတဲ့အခြေအနေကို ဆိုက် ရောက်လာရတော့မှာ သေချာပါတယ်။ ဒီတော့ ဘာဖြစ်မလဲ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ ပညာ ရေးကိစ္စတွေအထိ တွက်ချက်စဉ်းစား ပြီး ဝင်ငွေနဲ့ထွက်ငွေမျှတအောင် ဖန်တီးကြရတော့မယ်။ ဘဝကိုနေပျော် အောင်နေနိုင်ဖို့အတွက် စဉ်းစားကြ တော့မယ်။

ဒီတော့ အိမ်ထောင်ရှင်တွေက သားသမီးယူဖို့ကိစ္စကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို မျိုးဆက်ခြားတဲ့ နည်းတွေ၊ လူဦးရေအကန့်အသတ် စီမံကိန်းအတိုင်း ဆောင်ရွက်ကြလေ့ရှိ ကြသလို အိမ်ထောင်မပြုကြရသေးတဲ့ အပျိုကြီးလူပျိုကြီးတွေကတော့ အိမ်ထောင်ပြုရမယ့်ကိစ္စ၊ သားသမီး ယူရမယ့်ကိစ္စတွေကို ကြောက်လာ ကြတယ်။ ဖြစ်နိုင်ရင် ရှောင်ဖယ်ချင် ကြတယ်။ ဝင်ငွေထွက်ငွေမမျှတတော့ တိုးလာမယ့် ပါးစပ်ပေါက်တွေအတွက် အရဲမစွန့်ရဲကြဘူး။ မိန်းမ၊ ယောကျာ်း ယူဖို့ကိစ္စကို ဝေါင်ဝေါင်ရှေးပြီး ဝေးဝေး ရှောင်ကြတော့တယ်။ အိမ်ထောင် သည်ဘဝကို မခံယူရဲတော့ဘူး။ အိမ် ထောင်သည် ဘဝရဲ့စိန်ခေါ်မှုတွေကို သူတို့တစ်တွေ မရင်ဆိုင်ရဲတော့တာ အမှန်။

သားသမီး မယူရဲကြတော့ လူဦး ရေနည်းလာပေလိမ့်မယ်။ လူဦးရေ နည်းတော့ ကုန်ထုတ်စွမ်းအားတွေကို ထိခိုက်လိမ့်မယ်။ ကုန်ထုတ်စွမ်းအား ချည့်နဲ့အားနည်းလာတဲ့အခါ တိုင်းပြည် ရဲ့ စီးပွားရေးအခြေအနေကလည်း ရှောင်လွှဲမရနိုင်လောက်အောင် ဆုတ် ယုတ်ကျဆင်း သွားတော့မှာ သေချာ တယ်။ ဒီစကားကို မှန်းတုတ်ရမ်းတုတ် ပြီး ပြောနေတာမဟုတ်ပါဘူး။ ကမ္ဘာ ကြီးရဲ့ဖြစ်စဉ်တွေကို လေ့လာသုံးသပ် ရင်တွေ့ရပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုး တဲ့အချိန်ကာလတွေမှာ လူဦးရေတိုး တက်လာပြီး လူဦးရေတိုးတက်မှုရှိတဲ့ ကာလတွေမှာ စီးပွားရေးတိုးတက်လာ တတ်တာကို သွားပြီးတွေ့ရတတ်တယ်။
ပထမစက်မှု တော်လှန်ရေးကြီး မဖြစ်ခင်က ကမ္ဘာပေါ်မှာ လူဦးရေ သန်း (၅၀ဝ)လောက်သာ ရှိခဲ့ပြီး စက်မှု တော်လှန်ရေးကြီး ဖြစ်ပြီးမှ လူဦးရေနှစ် ဆတိုးတက်ခဲ့ တယ်လို့ စာရင်းဇယား တွေအရ သိခဲ့ရတယ်။ ပထမစက်မှု တော်လှန်ရေး ခေတ်ကာလ တွေကနေ ဒုတိယ စက်မှုတော်လှန်ရေး ခေတ်ကာလ ရောက်တော့ နှစ်ဆခွဲလောက်ထပ်တိုး ခဲ့ပြီး ၁၉၂၇ခုနှစ်ကနေပြီး ၁၉၆၀ လောက်အထိလည်း နှစ်စဉ်တိုးတက် လာခဲ့တဲ့ လူဦးရေနဲ့အတူ စီးပွားရေး တွေလည်း အရှိန်အဟုန်နဲ့တိုးတက် လာကြတာကို သတိပြုမိခဲ့ကြတယ်။ ဒီတော့ လူဦးရေတိုးတက်မှုနဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်ပြေးညီဖြစ် ပေါ်တတ်ပြီး လူဦးရေကျလာလေ စီးပွားရေးကျလာလေလို့ ပြောရလိမ့် မယ်။ ဒီလိုပဲ စီးပွားရေးကျလာလို့ လူဦးရေကျလာပြီး၊ လူဦးရေကျလာလို့ စီး ပွားရေးကျတယဆ် တို့ " ဂျာအေးသူ့ အမေရိုက်လို့" ဆိုတဲ့ အဖြစ်မျိုး ကလည်း မလွှဲမရှောင်နိုင်တွေ့ရပြန်တယ်။

ဒီနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ပေါက်ကွဲ နေကြတဲ့ ဘရာဇီးလို၊ ရုရှား လို၊ အိန္ဒိလို၊ တရုတ်လို နိုင်ငံကြီးတွေက စီးပွားရေးတိုးတက် နေတာကို ထောက် ပြကြပြီး လူဦးရေ တိုးပွားလာရင် စီးပွား ရေးလည်း တိုးပွားလာသယောင် ယောင် တချို့တွေက ဆိုကြပါတယ်။ ဘယ်လောက်မှန်နေလို့ ဘယ်လောက် မှားတယ်ဆိုတာတော့ မသိပါဘူး။ သူတို့ထောက်ပြတဲ့ BRIC လေးနိုင်ငံ ကတော့ သူတို့ပြောသလို လူဦးရေ လည်းများပါရဲ့၊ စီးပွားရေးလည်း တစ်စုံတစ်ရာ တိုးတက်နေပါရဲ့။

ဒါပေမဲ့ လူဦးရေ တိုးတက်လာပေ မဲ့ စီးပွားရေး ကျနေတဲ့ အမေရိကန်နိုင်ငံ နဲ့ တချို့တချို့နိုင်ငံ တွေကို လက်ညှိုး ထိုးပြရမယ်ဆိုရင်တော့ ပညာရှိတွေ ငြင်းခုံဆွေးနွေးရတဲ့ ဆွေးနွေးပွဲကြီး ပေါ်ပေါက်လာနိုင်တယ်။ ဒါကတော့ အလွန်သေချာတဲ့ ကိစ္စ။ သမိုင်းနဲ့ချီတဲ့ အထောက်အထားတွေ နောက်မှာ မတူတဲ့ အယူအဆတွေဟာလည်း ဓမ္မတာပဲ ရှိနေပါလိမ့်မယ်။ ဒီတော့ လူဦးရေတိုးလို့ စီးပွားရေးတိုးတက်ပြီး၊ စီးပွားရေးတိုးတက်လာကြလို့ လူဦးရေ တိုးတက်တယ်ဆိုတဲ့အယူအဆဟာ ဟုတ်သလိုလိုတော့ ရှိသလိုပါပဲ။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပေမဲ့ လူဦးရေနိမ့်ကျလာတဲ့ ဂျပန်လို၊ တောင်ကိုရီးယားလို နိုင်ငံတွေကလည်း ရှိနေပြန်တော့ သူတို့ကမေးခွန်းသစ် တွေကို ယူဆောင်လာဦးမှာ သေချာပါ တယ်။

တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး တိုးဖို့ဆိုတာ လူဦးရေတိုးမှ လုပ်အား တိုးပြီး စီးပွားရေး တိုးတက်မယ်ဆိုတဲ့ အယူအဆဘက်က ကြည့်မယ်ဆိုရင် တော့ လူဦးရေတိုးတာ ကောင်းပါတယ်။ စီးပွားရေး မတိုးတက်လို့ လူဦးရေဆုတ် ယုတ်ကျဆင်း လာနေရတယ် ဆိုတာက တော့ ကောင်းမယ် မထင်ဘူး။ လူပျို ကြီးအပျိုကြီးများ ခင်ဗျား.. တိုင်းပြည် စီးပွားရေးတိုးတက် စေဖို့အတွက် မြန်မြန်ဆန်ဆန် အိမ်ထောင်ပြုကြပါ လို့ မျက်စိမှိတ်ပြီး တိုက်တွန်း ပါရစေ။ GDP ကိစ္စကို လူပျိုကြီး အပျိုကြီးတွေ ကြောင့်လို့ လက်ညှိုး ထိုးကြမယ့် လူတွေ ကလည်း ရှိနေကြတယ် မဟုတ်လား။


BY အခွင့်အလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...