Saturday, August 3, 2013

""" ဘာဆရာလဲ """

ဟန် မိုး

'ညစာစားပွဲကတော့ လူစုံနေပြီပေါ့၊ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (CEO) တစ်ယောက်က ပညာရေး နဲ့ ပတ်သက်ပြီး သူအစာမကြေတာတွေကို ဟောင်ဖွာ ဟောင်ဖွာနဲ့ ပြောနေတယ်၊ ခုခေတ်မှာ ကျောင်းဆရာတွေက ခပ်ချာချာ၊ သူတို့မွေးထုတ်လိုက်မယ့် ကလေးတွေရဲ့ အနာဂတ်က ရင်လေးစရာ ပဲ' လို့ပြောတယ်။


'သူက စီအီးအို ဖြစ်နေတော့ ကျောင်းဆရာတွေကို နှိမ်ချိုးနှိမ်ပေါက် လုပ်တာဖြစ်မယ်'

'စီအီးအိုက ပြောနေတာခဏရပ်နားပြီး တစ်စားပွဲတည်းထိုင်နေတဲ့ ကျောင်းဆရာမ ဘက်ကိုလှည့်ပြီး ဒါနဲ့စကားမစပ် ခင်ဗျားက ကျောင်းဆရာမ မဟုတ်လား၊ ခင်ဗျားတို့ဘာတွေ လုပ်နေရလဲပြောစမ်းပါဦး လို့ မေးခွန်းထုတ်သတဲ့'

'ဆရာမကို ချောက်ချတာ'

'ဆရာမက ဘာမျှမပြောသေးဘဲ တုံ့ဆိုင်းနေတယ်၊ စီအီးအိုကလုပ်ပါ ရိုးရိုးသားသား ပြောစမ်းပါလို့ ထပ်ပြောတယ်'

'ဆရာမတော့ လူပုံအလယ်မှာ ဒုက္ခရောက်ပြီပေါ့'

http://threatgeek.typepad.com/.a/6a0147e41f3c0a970b0153933c3b0c970b-320wi



'ကျွန်မအလုပ်ကို ရှင်သိချင်တယ်ဆိုရင်တော့ ပြောရမှာပေါ့၊ ကျွန်မက ကလေးသူငယ်တွေကို ပင်ပင် ပန်းပန်း အားထုတ်ကြိုးပမ်းသင်ယူခိုင်းတယ်၊ ကျောက်ခဲတွေ ရေပေါ်ပေါ်အောင် လုပ်ပေးတယ်'

'ကျောက်ခဲတွေ ရေပေါ်ပေါ်တယ်ဆိုတာက'

'ဒီကလေးကဖြင့် ဖျင်းလိုက်တာ၊ ဘယ်ပုံဘယ်နည်းမျှ စာမေးပွဲမအောင်နိုင်ပါဘူးလို့ သတ်မှတ်ထားတဲ့ ကလေးတွေကို အောင်အောင်သင်ပေးတာ'

'ပြီးတော့ကော'

'ပြီးတော့ သူတို့မိဘတွေက တစ်နေရာတည်းမှာ ငါးမိနစ်တောင် ငြိမ်ငြိမ်ထိုင်ခိုင်းလို့မရတဲ့ ကလေးတွေ ကို မိနစ် ၄၀ စာသင်ခန်းထဲ ဂိမ်းမရှိ၊ အိုင်ပက်မပါဘဲ ထိုင်ခိုင်းပြီး စာလုပ်ခိုင်းတယ်၊ ကျွန်မလုပ်နေတာ တွေကို ရှင်တကယ်သိချင်တာလားလို့ ဆရာမက ပြန်မေးတယ်၊ ပြီးတော့ ညစာစားပွဲ ကစားပွဲမှာ အတူထိုင်နေသူတစ်ဦးချင်းရဲ့မျက်နှာတွေကို စေ့စေ့စပ်စပ်လိုက်ကြည့်တယ်'

'ဆရာမကတော့ တကယ်ပြောတော့မယ်'

'ကျွန်မက ကလေးတွေကို စဉ်းစားတွေးခေါ်တတ်အောင် မေးခွန်းတွေမေးပြီး ဖြေခိုင်းတယ်၊ ကလေး တွေကို တာဝန်သိတတ်အောင် အတန်းအစား မခွဲခြားဘဲ ဆက်ဆံနေထိုင်တတ်အောင် သူတို့ကို ကီး ဘုတ်မပါဘဲ စာရေးတတ်အောင်'

'အဲဒါလိုတယ်ကွ၊ ခုခေတ် ကလေးတွေက ကီးဘုတ်ကို သိပ်အားကိုးတယ်၊ လက်ရေးလဲ သိပ်ချာတာပဲ'

'ဆရာမ ဆက်ပြောတာက ကလေးတွေကို စာဖတ်အောင်၊ စာတွေများများကြီးဖတ်အောင် လုပ်တယ်၊ သင်္ချာပုစ္ဆာတွေကို စဉ်းစားအဖြေရှာခိုင်းတယ်၊ လူလုပ်တဲ့ ဂဏန်းပေါင်းစက်အစား ကိုယ်ပိုင်ဆိုင်တဲ့ ဦးနှောက်ကို သုံးတတ်အောင် သင်ပေးတယ်'

'တကယ့်ဆရာမပဲကွာ'

'ကျွန်မ ကလေးတွေကို အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားဘာသာဝင်တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကို သိနားလည်အောင် လေးစားတတ်အောင် သင်ပြပေးတယ်'

'လေးစားလောက်ပါတယ်'

'ကျွန်မရဲ့ စာသင်ခန်းကို ကလေးတွေအတွက် ဘေးကင်းလုံခြုံရာ အေးချမ်းတဲ့ နေရာအဖြစ် ဖန်တီး ပေးထားတယ်၊ ပြီးတော့နှလုံးသားဖြူစင်စွာအရာရာကိုရင်ဆိုင်လုပ်ကိုင်ရင် အောင်မြင်နိုင်တယ်ဆိုတဲ့ အသိအမြင်ကို သွန်သင်ပြသတယ်'

'အဲဒီ ဆရာမမျိုးတွေ များများလိုတယ်နော်'

'ဆရာမ ဆက်ပြောတာက ကျွန်မရဲ့ လုပ်ငန်းကို တစ်ယောက်ယောက်ကမေးရင် ရင်ကော့ပြီး ပြောနိုင် တာက ကျွန်မက သင်တို့ရဲ့ ကလေးသူငယ်တွေကို ပညာပြည့်ဝ နှလုံးလှအောင် လုပ်ပေးတယ်၊ သူတို့ကိုလူ့အဖွဲ့အစည်းထဲမှာ ပုံစံခွက်ထဲကထုတ်သလို မဟုတ်ဘဲ၊ မတူကွဲပြားတဲ့ စီအီးအိုတွေ၊ ဆရာ ဝန်တွေ၊ အင်ဂျင်နီယာတွေစတဲ့ ပန်းမျိုးတစ်ရာပွင့်အောင် လုပ်ဆောင်ပေးနေပါတယ်'

'တန်ဖိုးရှိတဲ့ဘဝပဲ'

'ဆရာမက စီအီးအို ဆိုတဲ့သူကို ရှင်ကော ဘာလုပ်သလဲလို့ ပြန်မေးလိုက်တယ်'

'အဲဒီတော့'

'အဲဒီတော့ စီအီးအိုလဲ ပါးစပ်အဟောင်းသားနဲ့ ကြက်သေသေနေတော့တာပေါ့'





Written by ဖေလင်းသစ်
မော်ဒန်သတင်းဂျာနယ်

အမှတ် ၃၆၇၊ ဇူလိုင် ၂၆၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...