Friday, July 19, 2013

တန်းတူရေး ရှိမှသာ ပြည်ထောင်စုမှာ နေရတာ တန်မည် (Intrinsic Equality vs. Majority Rule)

July 19, 2013 at 3:25pm


လူများစုအုပ်ချုပ်ရေးကို ဒီမိုကရေစီဟု ယေဘုယျအားဖြင့် သတ်မှတ်ရသည်။ လူမျိုးတိုင်းမှာ အခွင့်အရေးညီတူညီမျှရှိသည်ကို တန်းတူရေးဟု ဆိုရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းရှိသည့် လူမျိုးတန်းတူရေး ရှိဖို့ ညှိရသည်။ သို့မှသာ ဒီမိုကရေစီအသီးအပွင့်ကို ပြည်သူတိုင်း ခံစားနိုင်ပြီး လူမျိုး၊ ဘာသာစကားကို အကြောင်းပြု၍ ဒုတိယတန်းစားနိုင်ငံသားများ မရှိတော့သည့် တန်းတူအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

ရိုးရိုးပင် တွေးကြည့်ပါ။ အသင်းအဖွဲ့တစ်ခုတွင် အသင်းဝင်များကို ခွဲခြားဆက်ဆံလျှင် ရေရှည်သွား၍ မရပါ။ ပြည်ထောင်စုတစ်ခုမှာလည်း အုပ်စုတစ်ခုက အခြားအုပ်စုများကို အနိုင်ကျင့်နေလျှင်၊ လူမျိုးတစ်မျိုးက အခြားလူမျိုးများကို နိုင်ထက်စီးနင်းပြုမူနေလျှင် ပြိုကွဲဖို့သာ ရှိသည်။
လူမျိုးတိုင်း အတူနေ၍ ရအောင် မူများ၊ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပေါ်လစီများ၊ လုပ်ဆောင်ချက်များ ညီတူညီမျှ ချမှတ်အကောင်အထည်ဖော်ရပါမည်။ ဒီမိုကရေစီစနစ်သည် ယင်းလိုအပ်ချက်များ၏ အခြေခံဖြစ်သည်။ ယင်းလိုအပ်ချက်များအပေါ် လွှမ်းမိုးမှု မရှိရပါ။

တန်းတူရေးဟု ဆိုရာ၌ လူမျိုးတစ်မျိုးက ကြက်ဆီထမင်းကြိုက်၍ ပြည်ထောင်စုတဝန်းလုံးမှာ ကြက်ဆီထမင်းချက်စေပြီး ညီတူညီမျှ စားသောက်စေသည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့အိမ်မှာ မိမိတို့ကြိုက်သည့် ဟင်းရမယ်များကို မိမိတို့ကြိုက်သည့်နည်းဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နိုင်သည်ကို ဆိုလိုသည်။ လူမျိုးတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြ၍ တန်ဖိုးမတူကြပါ။ တန်းတူရေးသည် ယင်းအကြိုက်နှင့်တန်ဖိုးကို အလေးထားသည်။ ယင်းအကြိုက်နှင့်တန်ဖိုးကိုလည်း ပြည်ထောင်စုက သာစေနာစေ ဆရာကြီး ဝင်လုပ်စရာ မလို။ ဆရာကြီး ဝင်လုပ်မည့်အစား ယင်းအကြိုက်နှင့်တန်ဖိုးများကို ပြည်ထောင်စု၏ အမွေအနှစ်များအဖြစ် သတ်မှတ်ရသည်။ အကြိုက်နှင့်တန်ဖိုးမတူသူများ အတူယှဉ်တွဲနေထိုင်၍ ရသော ဝန်းကျင်တစ်ခုကို ညှိနှိုင်းပေးရသည်။ ဤသည်မှာ ပြည်ထောင်စု၏ အလုပ်ဖြစ်သည်။

ပြည်ထောင်စု၏ အလှသည် အရောင်အသွေးပေါင်း စုံလင်၏။ တစ်ရောင်တည်း ခြယ်ရန် မဟုတ်။ ပြည်ထောင်စု၏ သင်္ကေတသည် ကြယ်တစ်လုံးတည်း မဟုတ်၊ ကြယ်တာရာအပေါင်း ခညောင်းသည့်ည ဖြစ်သည်။ ပြည်ထောင်စုကို တစ်ရောင်တည်းခြယ် ကြယ်တစ်လုံးတည်း ထားလျှင် စိတ္တဇဆန်လှ၏။ ရင့်ကျက်မှု မရှိ။ အတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးမထား။ ဗမာမှုပြုခြင်းသာ ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ် ရှိခဲ့လျှင် ဤစိတ်နေစိတ်ထားကနေ စပြင်ရပါမည်။ ထိုသို့ ပြင်မှသာ ဗမာလူမျိုး၏ ကြန်အင်လက္ခဏာအစစ်အမှန်လည်း ပေါ်လာစရာရှိသည်။ အခြားလူမျိုးများလို ပြည်နယ်တစ်ခု ရပြီး တန်းတူရေးအသီးအပွင့်ကို အတူတူ ခံစားနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဆက်ဆက်သည် တန်တူးရေးနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ကြသည်။ ပါလီမာန်ခေတ်တွင် ပြည်နယ်ပြည်မ ခွဲခြားခြင်းဖြင့် တန်တူရေးကို သေးသိမ်စေခဲ့သည်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် မဆလခေတ်တွင် တိုင်းနှင့်ပြည်နယ်(၁၄)ကို ဖန်တီးခြင်းဖြင့် တန်းတူရေးကို ပြက်ရည်ပြုခဲ့ပြန်သည်။ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရခေတ်တွင်လည်း ပြည်ထောင်စုနိုင်ငံဖြစ်သော်လည်း  ကြယ်တစ်ပွင့်ထားခြင်းဖြင့် တန်းတူရေးကို အသိအမှတ်မပြုခဲ့ချေ။ ဤမှားယွင်းသော အတွေးအခေါ်များကို မပြင်သေးသရွေ့ တန်းတူရေး မရှိနိုင်၊ တန်းတူရေးမရှိသေးသရွေ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်၊ ပြည်တွင်းစစ် မငြိမ်းသေးသရွေ့ ပြည်ထောင်စုကြီး သာယာဝပြောအောင် မလုပ်နိုင်ပေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရက ပြည်နယ်များသည်လည်း ပြည်ထောင်စုငယ်များ ဖြစ်ကြသည်ဟု ဆိုလေ့ရှိသည်။ ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုး ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။ သို့သော် ယင်းလူမျိုးပေါင်း (၁၃၅)မျိုးတို့၏ တန်းတူအခွင့်အရေးကို မပေးဘဲ ထို (၁၃၅)မျိုး၏ ပင်မလူမျိုး(၈)မျိုးကို ချုပ်ကိုင်ထားခဲ့သည်။ ဗမာအပါအဝင် မည်သည့်လူမျိးမှ မလွတ်လပ်တော့ပါ။ အမှန်တွင် အမျိုးသားပြည်နယ် အနည်းဆုံး(၈)ခုတွင် ယင်းလူမျိုးပေါင်း (၁၃၅)ခုတို့သည် တန်းတူရေးအပြည့်အဝဖြင့် နေထိုင်နိုင်မှသာလျှင် စစ်မှန်သော ပြည်ထောင်စု ဖြစ်နိုင်သည်။ ပြည်ထောင်စုကြီးက အလှသွေးကြွယ်၍ တင့်တယ်ပါမည်။

ဥပမာအားဖြင့် မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်၊ ထားဝယ်နှင့် ဧည့်နိုင်ငံသား တရုတ်၊ ကုလား အစရှိသည်ဖြင့် နေထိုင်ကြသည်။ ဧည့်နိုင်ငံသား တရုတ်ကုလားများသည် မွန်ပြည်နယ်သားများ ဖြစ်လာကြမည်ဖြစ်သည်။ မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စာလှယ်များ မရရှိနိုင်သော်လည်း မိမိကြိုက်ရာအမတ်များကို မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ဗမာအစရှိသော ကျန်တိုင်းရင်းသားများမှာ မွန်ပြည်နယ်ပါလီမာန်တွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံနိုင်ကြသည်။ ဤလူမျိုးပေါင်းစုံရှိသော မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေများ ပြုကာ မွန်ပြည်နယ်သူပြည်နယ်သားတို့ ရွေးချယ်တင်မြှောက်သော မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ကို စီမံအုပ်ချုပ်ရသည်။ မွန်ပြည်နယ်ရှိ မွန်ပြည်နယ်အမတ်များသည် ဒီမိုကရေစီရေးနှင့် တန်းတူရေးတန်ဖိုးကို သိရှိနားလည်ပြီဖြစ်၍ ပြည်ထောင်စုကို တာဝန်ခံရာ၌ ဒီမိုကရေစီရေးနှင့်တန်းတူရေးကိစ္စရပ်များကို လွယ်လင့်တကူ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်သည်။

ထိုနည်းတူစွာ ဗမာပြည်နယ်သည် အင်အားအကောင်းဆုံး ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာလှသည်။ ထိုဗမာပြည်နယ်တွင်လည်း မွန်ပြည်နယ်တွင်ကဲ့သို့ ဒီမိုကရေစီရေးနှင့်လူမျိုးတန်းတူရေးကို အခြေခံရမည်ဖြစ်သည်။ ဗမာပြည်နယ်ပါလီမာန်တွင် လူမျိုးပေါင်းစုံ ပါဝင်မည်ဖြစ်ရာ အရောင်အသွေး စုံလင်လှ၏။ ဗမာပြည်နယ်အုပ်ချုပ်ရေးမှူး (သို့) ဗမာပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖူးသူသည် ပြည်ထောင်စုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း များသည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ စံပြ ဖြစ်လာမည်မှာ သေချာလှသည်။ ဗမာစာ၊ ဗမာစကား၊ ဗမာ့ယဉ်ကျေးမှုသည် သီးသန့်ရှင်သန်ဖွံ့ထွားလာမည်ဖြစ်ရာ ဗမာ့တက္ကသိုလ်များသို့ တိုင်းရင်းသားပေါင်းစုံ လာရောက်လေ့လာကြမည်ဖြစ်သည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ ဝန်ထုပ်ဝန်ပိုးများကို သယ်စရာမလိုတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် နေနိုင်ကြမည်ဖြစ်သည်။ အပြစ်ကင်းသည့် ဗမာများကို ပြည်ထောင်စုသားတိုင်း လေးစားအတုခိုးဂုဏ်ယူနေကြပါမည်။

ဤသို့ဖြင့် ပြည်နယ်တိုင်းမှာ Intrinsic Value မွေးရာပါကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်ကြသည်။ တိုင်းရင်းသားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဤ Intrinsic Value ကို အခြေခံသည့် Intrinsic Equality သဘောမျိုး ဖြစ်ကြောင်း တွေ့ရသည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးပင် ဖြစ်သည်။ ပြဿနာမှာ ဤ Intrinsic Value သတ်မှတ်သည့်နေရာတွင် တပ်မတော်အသိုင်းအဝိုင်း၊ အစိုးရအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားအသိုင်းအဝိုင်းတို့ကြား ကွာဟမှုများ ရှိနေကြခြင်းဖြစ်သည်။ ဤ မွေးရာပါတန်းတူရေးသည် ဒီမိုကရေစီစံနှုန်းနှင့် ဆီလျှော်မှသာလျှင် ဗဟုဝါဒီများက လက်ခံနိုင်ဖွယ်ရာရှိသည်။ လောလောဆယ်တွင် ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို ကျင်းပပေးမည်ဟု အစိုးရက ကျေညာခဲ့သော်လည်း Intrinsic Equality နှင့် ပတ်သက်၍ မည်မျှလိုက်လျော်နိုင်မည်ကို မည်သည့်အဖွဲ့ကမှ ပွင့်လင်းမြင်သာမှု မရှိကြသေးချေ။

ဥပမာ Intrinsic Equality ကြောင့် ပြည်ထောင်စုတွင် လူဦရေးအများဆုံးဖြစ်သည့် ဗမာများ နစ်နာစရာ ရှိသည်။ ကရင်ပြည်နယ်တွင် လူများစုကရင်များ နစ်စနာစရာရှိသည်။ ကချင်ပြည်နယ်တွင် လူများစုကချင်များ နစ်နာစရာရှိသည်။ ထိုသို့ မနစ်နာရအောင် ဥပဒေပြုရေးကို Majority Rule အရ အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော်မှာ ထားရှိသင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီစံနှုန်းကို ကာကွယ်ထားခြင်းဖြစ်သည်။ Majority Rule ကြောင့် Intrinsic Values များ ယုတ်လျှော့မသွားအောင်၊ ပြည်ထောင်စုပီသအောင် ပြည်သူ့လွှတ်တော်က ပြုစုခဲ့သည့် ဥပဒေသည် ပြည်နယ်များမှ ဦးရေတူ ရွေးချယ်ပေးသည့် အထက်လွှတ်တော် (သို့) အမျိုးသားလွှတ်တော်အမတ်များကို ဖြတ်ရသည်။ ပြည်နယ်များတွင်လည်း အတူတူပင် ဖြစ်သည်။ ပြည်နယ်များတွင် ပြည်နယ်ကိုယ်စားပြုလူမျိုးတို့ပြုသမျှ မနုရလေအောင် ပြည်နယ်များ၏ အထက်လွှတ်တော်ကို ပြည်နယ်ရှိတိုင်းရင်းသားအမတ်များ ဦးရေတူ ထားရှိသင့်သည်သာ ဖြစ်သည်။ သို့မှသာ ပြည်နယ်တွင်းရှိ လူမျိုးစုများအတွက် တန်းတူရေး ရှိနိုင်မည်ဖြစ်သည်။

တရားသော ဥပဒေများကို ပြဌာန်းနိုင်ခဲ့လျှင်

ယင်းဥပဒေအတိုင်း ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရများက အုပ်ချုပ်ကြလျှင်

ယင်းဥပဒေအတိုင်း တရားသူကြီးများက စီရင်ဆုံးဖြတ်ကြလျှင်

တရားဥပဒေစိုးမိုးမှု ရှိပြီး သာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...