Tuesday, July 16, 2013

((((( `` ဖြတ်သန်းခဲ့ဘူးသော အာဇာနည်နေ့ အကြောင်း......´´)))))


မှတ်မိနေပါသေးသည်။
ကျွန်တော်တို့ ငယ်ငယ်က.. ကျောင်းများတွင် ဇွန်လကုန်လောက်မှ စ၍ ပြိုင်ပွဲများ စကြပါတော့သည်။
( -- ) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ......၊
ကဗျာပြိုင်ပွဲ......၊
ကာတွန်းပြိုင်ပွဲ... စသည်ဖြင့်...... နံရံကပ်စာစောင်များလည်း ရှိခဲ့ပါသည်.... ။ မူလတန်း၊ အလယ်တန်း အထက်တန်း အဆင့်လိုက်ပြိုင်ပွဲများ.... တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဂုဏ်ပြုဝတ္ထုနှင့် ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပေးကြပါသည်။

ထို့အပြင် အခြေခံပညာ ကျောင်းများတွင် ကျောင်းသားလူငယ်များအား စိတ်ဓါတ်ကို အခြေတည်၍ မူလတန်းကို တေဇလူငယ်..... အလယ်တန်းကို ရှေ့ဆောင်လူငယ်... အထက်တန်းကို လမ်းစဉ် လူငယ်ဟု.... ဆင်တူ ယူနီဖောင်းလေးများဖြင့် နိုင်ငံတော်အတွက် ဟူသော.... ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ဆိုရှယ်လစ်ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရေး ဟူသော လမ်းစဉ်များဖြင့် ဖွဲ့စည်းပေးခဲ့ကြပါသည်။

ထို လူငယ်များ၏ ယူနီဖောင်းလေးများတွင် ဦးထုပ်လေးများလည်း ပါသည်၊ လက်မောင်းတံဆိပ်များလည်းပါသည်။ ထိုခေတ် ထိုအခါက ရှူးဖိနပ်လေးများ စီးကြရသော်လည်း အများအားဖြင့် တရုတ်လုပ် ကင်းဘတ် အဖြူလေးများဖြင့် ဖြစ်ပါသည်..... ထိုလူငယ် အဖွဲ့များအား ဖွဲ့စည်းပေးခြင်းသည်လည်း...ဗိုလ်ချုပ်ကို ဂုဏ်ပြုခဲ့ခြင်းများ ဖြစ်ပါသည်....။

တေဇ လူငယ်သည် ဗိုလ်ချုပ်၏ ရဲဘော်သုံးချိပ် အမည် ``ဗိုလ်တေဇ´´ကို ဂုဏ်ပြု ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်ပါသည်.....။

ရှေ့ ဆောင်လူငယ်ဆိုသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘ၀မှ စတင်ကာ တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်သို့ ကျရောက်နေရသော နိမ့်ပါးလှသည့် တိုင်းပြည်နှင့် လူမျိုးအား ကယ်တင်လို့သည့် စေတနာဖြင့် နိုင်ငံရေးကို စတင်လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းအား ဂုဏ်ပြုသောအားဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ပါသည်....။

လမ်းစဉ်လူငယ်ဆိုသည်မှာကား.... ဆိုရှယ်လစ်ဒီမိုကရေစီဟူသော ဗိုလ်ချုပ်နှစ်သက်ခဲ့သည့် စုပေါင်းဆောင်ရွက်၍ ညီညွတ်မျှတစွာ ခံစား... စံစားရင်း ပြည်သူကပင် ရွေးချယ်တင်မြှောက်သူက စီမံလိုသော စနစ်ကို စတင်ဆောင်ရွက်နေသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဂုဏ်ပြုသောအားဖြင့် အမည်ပေး ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ပါသည်။

မဆလ ခေတ်ဖြစ်သော်လည်း.... ဆိုရှယ်လစ် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးမည် ဟူသော ဗိုလ်ချုပ်၏ စကားကို အခြေခံ၍ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ် လူငယ်များအဖြစ် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ခဲ့ပါသည်....

အလွန်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ပါသည်။

ထိုအချိန် ထိုကာလသည်လည်း ... ဗိုလ်ချုပ်၏ သြဇာ အတောက်ပဆုံး အချိန်၊ မိဘတိုင်းမှ ဗိုလ်ချုပ်အောင်ဆန်းလို ဖြစ်စေလိုသောအချိန်လည်း ဖြစ်ခဲ့ပါသည်..... (ထိုအချိန်က နိုင်ငံတော်၏ စနစ်များကို မဝေဖန်လိုသော်လည်း)..... ထိုအချိန်က နိုင်ငံကို ဦးဆောင်နေသူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်မွေးခြံပေါက်များနှင့် ၄င်းတို့၏ လက်အောက်ခံ တပည့်များ ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။)

အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများတွင် နေရာဒေသအလိုက် စာပေပညာရှင်များလည်းတက်ရောက် ဟောပြောကြပါသည်.....

စာရေးဆရာများ၊ သတင်းစာဆရာများ စသည်ဖြင့်....... တက်ရောက် ဟောပြောကြပါသည်။

အဖြစ်မှန်များမှ တဆင့်၎င်းတို့၏ အမြင်များ.... ယူဆချက်များ..... ဆန်းစစ်ချက်များကို လိုက်နာ မှတ်သားခဲ့ရပါသည်။

အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၁၀)နာရီ(၃၇)မိနစ် အချိန်တွင် မြန်မာ့ အသံမှ ဥသြဆွဲပေးပါသည်...။
ရောက်ရာအရပ်တွင် ရပ်တန့် ဦးညွတ်ကြပါသည်...။
ကားများ ဆိုင်ကယ်များသည်လည်း ရောက်ရာအရပ်တွင် ရပ်တန့်၍ ဟွန်းတီးဂုဏ်ပြုကြပါသည်......။

ထိုအချိန်တွင် အားလုံး၏ ရင်ထဲတွင် ကြိမ်မီးအုံး သကဲ့သို့ ခံစားနေကြရမည်ကို အထူးပြောစရာမလိုပါ......။

ညအချိန်တွင်လည်း ဗိုလ်ချုပ်၏ မိန့်ခွန်းအား မြန်မာ့ အသံမှ ထုတ်လွှင့်ပေးလေ့ ရှိပါသည်...... ထိုခေတ်က ကြီးပြင်းလူလားမြောက်ခဲ့ကြသော ကျွန်တော်တို့သည် ဗိုလ်ချုပ်၏ အသံကို နားရည်ဝနေကြပါသည်။

ထို့ကြောင့် ထိုခေတ်က လူငယ်များ၊ ကျောင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးသွားကြလေသော နိုင်ငံ့ခေါင်းဆောင်များ အကြောင်းကို နားရည် ``၀´´ နေကြပါသည်......။

ထိုထက်ပို၍ ထိုခေတ်က လူငယ်များတွင် မော်ကွန်းဝင် (သို့) ဂျပန်ခေတ်ဝန်ထမ်း (သို့) ကိုလိုနီခေတ်ဝန်ထမ်း (သို့) ဂျပန်ခေတ်နှင့်ကိုလိုနီခေတ်ကိုမှီခဲ့သော အဘိုး/အဘွားများ ရှိနေခဲ့ကြပါသည်။

ထိုအဘိုးနှင့်အဘွားများမှ ဂျပန်ခေတ်အကြောင်း၊ အင်္ဂလိပ် အုပ်ချုပ်မှု ခေတ် အကြောင်း၊ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေး စနစ်အကြောင်း...စသည်ဖြင့်.... စသည်ဖြင့် မကုန်နိုင်အောင် ကြားသိခဲ့ရသည်... ။

ထို အဘိုး/ဘွားများသည် ရှုထောင့်အမျိုးမျိုးမှ ရှုမြင်သုံးသပ်နိုင်ကြသော သက်ရှိ ထင်ရှား သမိုင်းစာအုပ်ကြီးများနှင့်တူပါသည်

အဘိုးအဘွားတို့အား သိချင်ရာကိုလည်း မေးမြန်းနိုင်ခဲ့ပါသည်......။

ဗိုလ်ချုပ်၏ ငယ်နံမယ်.....
ကျောင်းစတက်ဖြစ်သော အကြောင်း.....
ငယ်ငယ်က မိခင်နှင့် စကားပြောကြပုံ.....
လမ်းတွင် ခွေးရူးအား လွယ်အိတ်ဖြင့် ရိုက်ခဲ့ပုံ....
ဗိုလ်ချုပ် သူရဲကြောက်တတ်ပုံ၊
ရေမကူးတတ်ပုံ....
တက္ကသိုလ်ကျောင်းသားဘ၀တွင် ပိုသီပတ်သီ နေတတ်ပုံ၊
ဆောင်းပါးများ ရေးပုံ.....
အင်္ဂလိပ်စကားနှင့် စာကို ကျွမ်းကျင်ပုံ.....
ခေါင်းဆောင်ဖြစ်လာပုံ....၊
ဂျပန်တွင် စစ်သင်တန်း တက်ရောက်ပုံ...
သင်္ဘောခိုးစီးသွားခဲ့ပုံ...
သွားတု တတ်သွားပုံ...... စသည်ဖြင့် သိချင်ရာကို မေးမြန်းစုံစမ်းနိုင်ပါသည်...... ထိုအချက်အလက်များအတိုင်းလည်း ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရေးသား ဖြစ်ခဲ့ပါသည်......။

ထိုနေ့.... ၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင်..... ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခြင်း အကြောင်းကို ထိုခေတ်က လူငယ်များ၊ ကျောင်းသားများ အလွတ်ပြောနိုင်ပါသည်.....။ ထိုမျှအထိ ဗိုလ်ချုပ်အမှူးပြုသော ရဲဘော်သုံးချိပ်ဝင်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့အား ရင်းနှီးနေခဲ့ကြပါသည်။

နှစ်စဉ် ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့တွင် ကျောင်းများမှတဆင့်...... မြို့ တော် ခန်းမ၊ အားကစားကွင်း၊ သို့မဟုတ်ပါကလည်း သင့်လျော်သော ကွင်းများတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြပါသည်...။

တစ်ဝင်းလုံး.... တစ်ကွင်းလုံး.... အဖြူ အစိမ်းလေးများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ဦးညွတ် အရိုအသေပေးခဲ့ကြပါသည်.......။

ထိုနေရာတွင်လည်း လာရောက်သူ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများနှင့် ပြည်သူလူထုအား လ္ဘက်ရည်နှင့်ကောက်ညှင်းပေါင်းကို အစိုးရအနေဖြင့် ဖြစ်စေ သီးခြား အလှူရှင်များ ဖြစ်စေ၊ အခြားအစားအသောက်များကို ဖြစ်စေ.... ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်...... ထိုနေ့တွင် သောက်ခဲ့ရသော လ္ဘက်ရည်သည် လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့များတွင်သောက်သုံးခဲ့ရသော လ္ဘက်ရည်ကဲ့သို့ ချိုမြိန်ခြင်း မရှိကြောင်းကို ထိုစဉ်ကပင် သိသာထင်ရှားခဲ့ပါသည်...။

အဘယ်ကြောင့်ပါနည်း......
လူငယ်လေးများ ဖြစ်သော်လည်း ထိုနေ့.... အကြောင်းကို ကောင်းစွာ သိနေခဲ့သဖြင့်
ဖြစ်ပါသည်....... မိမိ၏ အဘိုး၊ ဖခင်နှင့် မိမိတို့၏ ကျေးဇူးရှင်များအဖြစ် နားလည် ခံစားမိသောကြောင့်ဖြစ်ပါသည်..... ။ အမှန်တကယ်ပင်ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးခဲ့ကြပါသည်...... စိတ်နှလုံး ၀မ်းနည်းကြေကွဲနေခြင်းကြောင့်လည်း ဖြစ်ပါမည်.....။

ဤ အဖြစ်အပျက်များသည် ကျွန်တော်တို့ ကိုယ်တွေ့ဖြစ်ပါသည်။

ယနေ့ သမိုင်း တစ်ပါတ်လည် ခဲ့ပါပြီ......။

ယခုအချိန်တွင် ကျောင်းများ၌ ယခင်ကလို အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲများ...... ပညာရေးဆိုင်ရာ ပြိုင်ပွဲများအား ကျင်းပပေးသင့်ပါပြီ......

သို့မှသာ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သဘောထား.. လုပ်ဆောင်ချက်နှင့် ဇွဲ၊ လုံ့လ၊ ၀ိရိယ၊ သတ္တိ၊ အမှား/အမှန်ခွဲခြားနိုင်မှု၊ စွန့်လွှတ်စွန့်စားမှု.......ရှေ့သို့ ကြိုတင် မျှော်တွေးနိုင်မှု နှင့် အရေး အကြီးဆုံးသော နိုင်ငံရေး အသိနှင့် တရားဥပဒေစိုးမိုးမှု၊ စီမံခန့်ခွဲမှုများ အကြောင်းကို နားလည် နိုင်မည်ဖြစ်ပါသည်......။

အာဇာနည် ခေါင်းဆောင်ကြီးများ၏ ပြည်ထောင်စု စိတ်ဓါတ်နှင့် နိုင်ငံတော် တည်ဆောက်မှု ပုံရိပ်များကိုခွဲခြမ်းစိတ်ဖြာကြည့်ပါက ဖြစ်နိုင်ချေ အနည်းဆုံး အခြေအနေတွင် ရလာဒ်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားခဲ့ကြသူများ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်....။

ရှားပါးလှရခဲလှသော အတွေ့အကြုံများ ဖြစ်နေခဲ့ပါသည်......။

တန်ဘိုးမဖြတ်နိုင်ခဲ့ပါ.........။

စေတနာနှင့် စစ်မှန်သော စိတ်ရင်းအခံကြောင့်..... စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ် ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ထိုအတွေးသည် ယခု လူလတ်ပိုင်း အရွယ်တွင်တွေးတောမိသော အတွေးလေးများ ဖြစ်ပါသည်.........။

နိုင်ငံတော်နှင့် တိုင်းသူ / ပြည်သားများအား မွှေးရနံ့ သင်းပျံ့ စေခဲ့သော..... ပန်းပွင့်ကြီးများသည် ရုပ်သဘာဝအားဖြင့်ကြွေကျခဲ့ကြပါပြီ........ လွန်ခဲ့သော နှစ်ပေါင်း (၆၆)နှစ်ခန့်က ဖြစ်ပါသည်.....။

သို့သော် ထိုပန်းများ၏ မွှေးရနံ့သည် ယခုတိုင် လှိုင်လှိုင်မွှေးပျံ့နေဆဲ ဖြစ်ပါသည်....။

လွတ်လပ်ခြင်းတည်းဟူသော မွှေးရနံ့များအား အသက်ဝိဥာဉ်များနှင့် ရင်း၍ လဲလှယ် ရယူပေးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းသည်.... သားစဉ်မြေးဆက် မြန်မာ့မြေပေါ်တွင်လည်းကောင်း.....၊ မြန်မာများ၏ နှုတ်ဖျားတွင်လည်းကောင်း၊ မြန်မာများ၏ နှလုံးသားတွင်လည်းကောင်း ထာဝရ တည်တံ့လျှက် နှစ်စဉ်နှစ်တိုင်း ကျေးဇူးတရားကို အောက်မေ့ သတိရနေမည်သာ ဖြစ်ပါသည်.......။

နောင်တွင်လည်း မြန်မာလူမျိုးများ တည်ရှိနေသမျှ ..... ကမ္ဘာကြီး တည်နေသမျှ မွှေးပျံ့နေမည်သာ ဖြစ်ပါသည်.......။

ယနေ့အချိန်အခါသည် ကမ္ဘာနှင့် အ၀ှမ်း ရုပ်ဝတ္ထုပစ္စည်းများ၊ နည်းပညာများ တိုးတက်မြင့်မားလာနေပါသည်။

ယနေ့လူငယ်များကြားတွင် မျိုးချစ်စိတ်၊ မိမိနိုင်ငံနှင့် လူမျိုးအား တန်းဘိုးထား မြတ်နိုးတတ်သည့် စိတ်ဓါတ်များသည် မှေးမှိန်လုပြီဟု... ထင်မြင် ယူဆမိပါသည်.....။

အခြားနိုင်ငံများသာမက မြန်မာများကိုယ်တိုင်ပင် မြန်မာနိုင်ငံနှင့် မြန်မာ့ ဓလေ့စရိုက်များ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်း အစဉ်အလာများ၊ စိတ်ဓါတ်များ၊ မြန်မာဟူသော ဂုဏ်သိက္ခာများကို မေ့လွယ်ပျောက်နေဖြစ်နေကြပြီ ဖြစ်ပါသည်။

ယနေ့ ကျောင်းသားလူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်ကို အလုပ်အကြွေးပြု ထိန်းသိမ်းစောင့်ရှောက်မည့် ပုဂ္ဂိုလ်များ.... အနာဂတ်၏ ကြယ်ပွင့်များ.... နိုင်ငံတော်၏ အဓိက မဏ္ဍိုင်များ ဖြစ်ပါသည်....။

နိုင်ငံတော်၏အနာဂတ်ပိုင်ရှင်များ ဖြစ်ကြပါသည်....။

ထို့ကြောင့် ကျောင်းသား လူငယ်လေးများသည် မြန်မာနိုင်ငံတွင် အတုယူစရာ...... လေးစားစရာ..... အားကျစရာ........ မြတ်နိုးတွယ်တာစရာ..... စံပြုထိုက်သူ အာဇာနည် ခေါင်းဆောင်ကြီးများအား စိတ်နှလုံးတွင် သိရှိ အမှတ်ရနေတတ်ပါလျှင်......

မကြာမီ အာဇာနည်နေ့ ရောက်တော့မည်....။

အာဇာနည်နေ့ ရောက်လျှင်....

`` ရာဇ၀င် အထုပ္ပတ္တိလဲ ရှိရမယ်..... မော်ကွန်းလည်း ထိုးလောက်တယ်..... မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်.....´´

`` ငါတို့ ဗမာပြည်မယ် မိဘတိုင်းကကွယ်..... ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်......´´

`` ဒို့ဗိုလ်က ဓါးဆွဲလို့ ရှေ့က တက်ပါတယ်.... ဘယ်မှာ ကြောက်စိတ်ရှိမလဲ ငါတို့ စစ်သားရယ်.......´´ ဟူသော သီချင်းသံများ ပြန်လည်ဝေစည် လာဦးမည် ဖြစ်သော်လည်း`` အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာ သုဂတိ ရောက်ရှိကြပြီလေ....´´ ဟူသော တေးသံသည်ကား ငယ်စဉ်အချိန်မှ ယခုတိုင် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သော ၀မ်းနည်းကြေကွဲမှုများအား အသစ်ဖြစ်နေစေဦးမည်သာ ဖြစ်ပါကြောင်း တင်ပြရင်း....

(ကွန်ဆူးမား)(၁၆-၇-၂၀၁၃)

(၁၂-၇-၂၀၁၂)ရက်နေ့တွင် ၂၀၁၂ခုနှစ် အာဇာနည်နေ့အား ဂုဏ်ပြုရေးဖွဲ့ခဲ့သော ပို့စ်လေးအား ပြန်လည် ပြင်ဆင် ရေးသား တင်ပြအပ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...