Wednesday, July 3, 2013

မိုးခါးပုံပြင်


ပြည်တပြည်တွင် မင်းနှင့်ပုဏ္ဏား အကျွမ်းဝင်ကြ၏ ။ အခါတပါးသော် မင်းကြီးကို ပုဏ္ဏားဆို၏ ။ “အရှင်မင်းကြီး၊ရှေ့ ၇ ရက်၌ ၇ ရက်ပတ်လုံး မိုးကြီးစွာရွာလတ္တံ့သတည်း။ ထိုမိုးကို ပြည်သူပြည်သားတို့ သောက်ကြကုန်သော် ပြည်လုံးရူးအံ့ သတည်း” ဟု ဆို၏ ။
မင်းကြီးလည်းပုဏ္ဏား၏ ဥာဏ်အမြော်အမြင်ကို ယုံမှတ်၏။ မိုးကြီးရွာလတ်သော် မိုးရေမှအပဖြစ်သောရေကိုသာ၊မင်းနှင့် ပုဏ္ဏား မှီဝဲ၍နေ၏။ မိုးရေကိုသောက်မိသော ပြည်သူအလုံးလည်း ရူးသွပ်ခြင်းသို့ရောက်၏။ ရူးသူတို့က မင်းကို ပမာမခန့်ပြု သည်ဖြစ်၍ ပြည်အ၀ှမ်း၌ အုတ်အာသရဲ ရှိလေ၏။

(၂)
Nobody above The Law .“ဥပဒေ အထက်တွင် မည်သူမျှ မရှိစေရ”(ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)။
……..
သမ္မတက မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံ ဆည်အား မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှု ဆောင်က တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆို သွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်း များ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစားဗိုလ်မှူးချုပ်ကတွေ့ဆုံမေးမြန်းရာတွင်စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။
"ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်"ဟု ဖြေကြားသွားပြီးယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက် သင့်သလားဟု မေးမြန်း ရာတွင် "ဆောက်ကိုဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက် နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။
USDPပါတီ၏အဓိကအလုပ်အမှုဆောင်တစ်ဦးဖြစ်သူသည်NLDပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်း ပြင်းထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်အားလည်း"ကျွန်တော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြား သွားခဲ့သည်။(သောကြာ၊ဇူလိုင် ၂၀။၂၀၁၂)။ Burma Development Net
……….
၂၀၁၃၊ဇန်န၀ါရီ၂၈ရက်နေ့က ပြုလုပ်တဲ့ လယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ လယ်ဆည်ဝန်ကြီးက “အကြွေးမကြေရင်တောင်သူ တွေအနေနဲ့ထမင်းတစ်နပ် လျော့စားသင့်ကြောင်း၊ ဥပုဒ်စောင့်တဲ့ သဘောမျိုး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝမှာဖြစ် ကြောင်း၊ အကြွေးမကျေရင် သံသရာက မလွတ်နိုင်ဘူး နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
………
၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးပြည်သူလူထု ကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပါတယ်။ ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွား ပါရောလား။ (သမိုင်းက ဒဏ်ခတ်လိမ့်မယ်)။ (မောင်သွေးချွန်)

(၃)
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သော မိမိတို့သည် စစ်အစိုးရမှ ပေါက်ဖွားလာခြင်း ဖြစ်ပြီး ဘာမှမတတ်ဟူသည့် ပြောကြားချက်အသံဖိုင်မှာလူမှုကွန်ယက်စာမျက်နှာ(fackbook)တွင် ပျံ့နှံ့နေပြီး လူကြိုက်များ လျှက်ရှိသည်။ဝန်ကြီးက “ကျနော်တို့ဟာ စစ်အစိုးရက ပေါက်ဖွားလာတာဖြစ်တယ်၊စံနစ်သစ်ရောက်လို့ တံခါးဖွင့်ကြည့် လိုက်တဲ့ အခါ ဘာမှမတတ်ဘူးဆိုတာ သွားတွေ့ရတယ်”ဟု ဆိုသည်။သူသည် ၂၀၁၂ခုနှစ်နိုဝင်ဘာလအတွင်းက လက်ပံ တောင်းကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဒေသခံများအား မိမိတို့သည် တရုတ်ကိုကြောက်နေရကြောင်းနှင့် တရုတ်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်းပြောကြားသည့်စကားကြောင့် လည်း ပြည်သူလူထုအကြားစိတ်ဝင်စားမှုခံခဲ့ရဖူးသည်။
(အမှတ်(၉) မေ ၁၁-၁၇၊၂၀၁၃ရက်စွဲပါ The Myanmar herald)
“ နောက်ကြောင်းပြန်မလှည့်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှာသာ တာဝန်ရှိပြီး နောက်ကြောင်းပြန်လှည့်စေဖို့ ပြောသူ၊ လုပ်သူတွေကို ချေမှုန်းမယ်”( ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)

(၄)
တင်ဒါအောင်မြင်ခါ ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမည်ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ခါ ရက်ရွှေ့ဆိုင်းရန် မရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ် စိစစ် ရွေးချယ်ရေးအဖွဲ့ဥက္ကဌက မြန်မာတိုင်း(မ်)ကို ပြောသည်။''လွှတ်တော်မှာ တင်သွင်း အဆိုပြု ဖြစ်တာတော့ မကြားရ သေးဘူး။ လွှတ်တော်က ဒါမျိုး ရပ်ခိုင်းလို့မရဘူး။ နိုင်ငံရေး ပိုင်းအရ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ဘယ်လိုရှိမလဲ မသိဘူး။ သမ္မတရုံးဆီက ဘာမှ ညွှန်ကြားချက် မလာရင် လုပ်စဉ်အတိုင်း ဆက်လုပ်ရမှာပဲ။ နည်းပညာအဖွဲ့ဖြစ်လို့ လွှတ်တော်မှာ ဘာဖြစ်လဲ ကျွန်တော်တို့ မသိဘူး''ဟု ဦးဆက်အောင်က ပြောသည်။(မြန်မာတိုင်းမ်၊ ဇွန်၂၇၊၂၀၁၃)
………………..
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရမဲ့ ကုမ္ပဏီတွေ အနေနဲ့ ထွက်ရှိလာမဲ့ ဆက်သွယ်ရေးဥပဒေအ တိုင်းပဲ လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူလွှတ်တော်မှာ သတင်းထောက်များကိုပြောကြားလိုက်ပါတယ်။“တင်ဒါအောင်တာပဲ ရှိမယ်။ လုပ်မယ်ဆိုရင် နိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေရင်းနှီးမြှုပ်နှံမှုဥပဒေ၊တယ်လီဖုန်းအော်ပရေတာဥပဒေတွေ အများကြီးရှိသေးတယ်။ အဲဒီဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မှတ်ပုံတင်သင့်တင်မယ်။ စာချုပ်ချုပ်စရာရှိချုပ်ရမယ်”ဇွန်၂၈၊၂၀၁၃အာအက်ဖ်အေ။

(၅)
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်း တိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံး မှာ ဖော်ပြလိုက်ပါတယ်။
…………….
အမျိုး၊ ဘာသာ၊သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက် ကောင်း ကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီ ကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြော ကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

(၆)
ပုဏ္ဏားလည်းဆိုပြန်၏။ `မြတ်သောမင်းကြီး...ကျွန်ုပ်တို့ ရူးသည်ထက် ပြည်မပျက်အောင် နှလုံးစေ့ဆော်ပါလော့´ဟုဆိုကာ မိုးခါးရေကို မင်းအား ဆက်၏ ။ ကိုယ်တိုင်လည်း သောက်၏။ထိုအခါတွင်မှ အမျိုးလေးပါးသောပြည်သူတို့ကမင်းနှင့်ပုဏ္ဏား ကို ပျပ်ဝပ်ကြသည် တဖန်ဖြစ်၍တိုင်းကားပြည်ရွာ ငြိမ်သက်ခြင်းသို့ရောက်၏။
(မဏိရတနာပုံကျမ်း)
 
(မင်းဒင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...