Thursday, July 18, 2013

"ပိုးဟပ်"


တစ်ချို့ကိစ္စတွေက ဒီလောက်ကြီး ခက်တာ မဟုတ်ဘူး။ မနက် အိပ်ရာထချိန်မှာ အားလုံးပြီးသွားကုန်ကြ တာပဲ။ ခက်နေတာက ~ ခက်နေတယ် ထင်တဲ့ စိတ်ရယ်၊ မခက်ရ မနေနိုင်တဲ့ ကျနော်တို့ရယ်။

အခုလည်း ကျနော့ ပိုးဟပ်လေး ဆုံးသွားတဲ့ အကြောင်းကိုပဲ ကြည့်ကြည့်။ သူဆုံးသွားတော့ သူ့အသုဘ ကို ဘယ်လို ပြင်ချင်တယ်။ ဘယ်လိုချချင်တယ်။ ဘယ်နှစ်ရက်ထားမယ်၊ ဘယ်လို မီးသင်္ဂြိုလ်မယ်၊ တစ်ချို့က ဘယ်ဘာသာထုံးတမ်းနဲ့ သင်္ဂြိုလ်ချင်တယ် အထိ။ တိုင်ပင်နေတယ် ဆိုတဲ့ သူတို့ကို ကြည့်ပြီး ခက်အောင်လုပ်နေတာ သက်သက်ပဲလို့ ကျနော် တွေးလိုက်မိတယ်။

ကျနော့ ပိုးဟပ်လေး က အခုတော့ဖြင့် သေပြီးပြီ။ သေပြီ ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ အပြောနဲ့ ဆို ဘဝကူးသွားတယ်လို့ ပြောရမှာပဲ။ သူ ဆိုတဲ့ အဲ့သဟာလေး ဘယ်ကူးသွားတာလဲ၊ ဘယ်လို ကူးသွားတာလဲတော့ မပြောတတ်ဘူး။ ဒါပေမယ့်၊ သူ့ခန္ဓာကိုယ်ကတော့ ခြေကားယား လက်ကားယား ကျန်ရစ်ခဲ့တာ ခင်ဗျားတွေ့ရလိမ့်မယ်။ ဒီလို 'ကား' နေရတာကလည်း ထွေထွေထူးထူး အခြားအကြောင်းကြောင့်တော့ မဟုတ်ပါဘူး။ ကျနော် တက်နင်း မိလိုက်လို့ သက်သက်ပဲ။

ပိုးဟပ်တစ်ကောင်ကို တက်နင်းမိတာ သူလိုကိုယ်လိုပဲ မဟုတ်လား။ ဘာများ ထူးဆန်းသွားလို့လဲ။ ဆိုပါစို့ ပြောရရင် - သူ အသက်ရှိစဉ်က သူကိုယ်တိုင်ကလည်း အငြိမ်နေတဲ့ကောင် မဟုတ်ဘူး။ ကျနော်လည်း (ဘာမို့လို့၊) ကျနော်ကလည်း အငြိမ်နေတဲ့ကောင် မဟုတ်ဘူး။ ဒီလို အငြိမ်မနေတဲ့ နှစ်ကောင်ဟာ အနားမှာ ရှိနေတဲ့ အခိုက် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဆုံမိကြမှာ။ ဟုတ်တယ်မလား။ တကယ်လည်း ဆုံမိကြတာပါပဲ။ ဆုံဆို ခဏခဏကို ဆုံတာ။

ဆုံတိုင်းလည်း တစ်ကောင်က တစ်ကောင်ကို ဦးအောင် တက်နင်း ကြတယ်။ သူက ဦးအောင် နင်းမယ်၊ ကိုယ်က ဦးအောင် နင်းမယ်။ အပြိုင်အဆိုင် လုနေကြသလိုပဲ။ ဒီလို သူ ဦးမယ် ကိုယ် ဦးမယ် နဲ့ လုနေကြတာ၊ ဒီတစ်ခါ ကျနော် ဦးသွားတယ်။ အဲ့တော့ သူ ပြားသွားတယ်။ အဲ့ဒါ ဘာဆန်းလဲ။ ဘာမှ မဆန်းဘူး။

ဆန်းနေရတာက သူ့အသုဘ ကိစ္စရယ်။

ပိုးဟပ်တစ်ကောင်ရဲ့ အသုဘ စရိတ်က ဘယ်လောက်ကုန်နိုင်မလဲ လို့ တစ်ယောက်က စမေးတယ်။ အဲ့ကနေ ဒီပြဿနာရိုးရိုးလေးက စပြီး ဆန်း တော့တာပဲ။ အားလုံး ဝိုင်းစဉ်းစားသွားကြတယ်။ စဉ်းစားရုံ စဉ်းစားတာပဲ ဆိုရင်ည်း ဘာမှ မဖြစ်လောက်သေးဘူး။ တစ်ယောက်က - ။ အဲ့ တစ်ယောက်က ကျနော့ကို လက်ညှိုးထိုးပြီး ပြောတာ။ ဒီကောင် တက်နင်းလို့ ဒင်းကလေး သေသွားတာ၊ ဒါ့ကြောင့် ဒီပိုးဟပ်လေးရဲ့ အသုဘ စရိတ်ကို ဒီကောင်ကပဲ စီစဉ်ပေးသင့်တာ၊ ပေးလျော်သင့်တာ တဲ့။ အဲ့ကစပြီး မခက်ခဲသင့်တဲ့ ကိစ္စက ခက်ခက်ခဲခဲ တိုင်ပင် ရတဲ့ အထိ၊ မဆန်းပြားတဲ့ ကိစ္စက ဆန်းပြားရတဲ့အထိ ရောက်သွားတော့တာပဲ။

ကျနော်ကလည်း ချူးတစ်ပြားကို နှစ်ပြား ခွာနေရတဲ့ ငမွဲ။ ဒါ့ကြောင့်မို့လည်း ခေါင်းနပန်း နဲနဲ ကြီးသွားရတယ်။ မပြောမဖြစ်မို့ ပြန်ပြောလိုက်တယ်။ ဒီကောင့် အသုဘ စရိတ်က ဘယ်လောက် ကုန်ကျမလဲ ပြောကွာ။ ငါ့ကို စာရင်းတွက်ပြီးပေး၊ လိုတာ ပိုတာ တွေတော့ နည်းနည်း လျော့လျော့ပေါ့ပေါ့ လုပ်ကြ ကျနော်လည်း သိပ်အဆင်ပြေတာ မဟုတ်ဘူး လို့။

ဒီတော့မှ သူတို့ အချင်းချင်း ခေါင်းချင်းဆိုင်ကြ၊ တိုင်ပင်ကြတယ်။ တစ်ယောက် က အခေါင်းဝယ်မယ်၊ မဝယ်ဘူး၊ တစ်ယောက်က ဖျာလိပ်မယ်၊ မလိပ်ဘူး။ အဲ့က စလို့၊ နောက်ဆုံး ဘုန်းကြီး ဘယ်နှစ်ပါး ပင့်မယ်၊ မပင့်ဘူး။ ဘာတွေလှူမယ်၊ မလှူဘူး ဆိုတာ အထိ။ တစ်ယောက်က ဆို ငါတို့ အချိန်ပေးပြီး တိုင်ပင်နေတာ မင်းကို သနားလို့တဲ့၊ ဝင်ကူပေးနေတာတဲ့။ သူတို့ တိုင်ပင်နေတာ နားထောင်ကြည့်တော့၊ ဘာမှ ရေရေရာရာလည်း မရှိဘူး။ ဒါပေမယ့်လည်း ညဦးပိုင်းလောက်ကနေ သန်းခေါင်တိုင် အထိ တိုင်ပင်နေကြတုန်းပဲ။ နက်ဖြန် မနက် မိုးလင်းတောင် ပြီးပါဦးမလား မပြောတတ်ဘူး။ ကျနော်လည်း စိတ်သိပ် ရှည်တာ မဟုတ်လို့၊ ပြီးခါမှ ပြီးရော ဆိုပြီး၊ ခပ်လှမ်းလှမ်းမှာ မွှေ့ရာခင်း၊ သွားအိပ်နေလိုက်တယ်။

ပထမတော့ အ်ာဟစ်တိုင်ပင် နေကြတဲ့ သူတို့ဘက် လှည့်၊ နားထောင်ရင်း အိပ်နေတာ။ မှေးခနဲ တစ်ချက် အိပ်ပျော်သွားတယ်။ ကျယ်လောင် ကျယ်လောင် စကားသံတွေ ကြားလို့ ခဏပဲ၊ ပြန်နိုးလာတယ်။ သူတို့ကတော့ တကြိတ်ကြိတ် တိုင်ပင်နေကြတုန်းပဲ။ ဒီပိုးဟပ်တစ်ကောင်ရဲ့ ကိစ္စက ဘာများ အဲ့လောက် တိုင်ပင်စရာ လိုလဲ။ ကျနော်လည်း တွေးရင်း တွေးရင်း မျက်လုံးကျယ်လာတယ်။ တကယ်ဆို ခင်ဗျားလည်း သိပါတယ်၊ဒါဟာ ခက်ခဲနေတဲ့ ကိစ္စမှလည်း မဟုတ်ဘဲ။

ကျနော် သက်ပြင်းချပြီး စောင်ဆွဲခြုံရင်း သူတို့ဘက်လှည့်ကြည်တော့- ငြင်းခုံနေတဲ့ သူတို့နဲ့ ကျနော့ကြား ကြမ်းပြင်ပေါ် မျက်လုံးက ရောက်သွားတယ်။ အဲ့မှာ အသက်မရှိတော့တဲ့ ပိုးဟပ်ကောင် က ကျနော် နင်းထားမိတဲ့ အတိုင်း ကားကားလေး ရှိနေတုန်းပဲ။

...........................
"Once upon a time in Curiosity"
July 18th 2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...