Tuesday, July 16, 2013

သင်္ချိုင်းမှာ သမိုင်းတွေရှိတယ်


တရံရောအခါက ကျွန်တော်တို့၏ သူငယ်ချင်းများဆုံဆည်းရာ ကျောင်းတော်ကြီးမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်သော် မြန်မာနိုင်ငံ၏ သမိုင်းကိုဖန်တီးခဲ့ကြသည့် ထင်ရှားကျော်ကြားသော လူထုခေါင်း ဆောင်များ၊ နိုင်ငံရေးသမားများ၊ လူမှုရေးသမားများ၊ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ လဲလျောင်းနေကြသည်ကို မြင်တွေ့ရမည်။ သူတို့သူတို့သည် မြက်ခင်းပြင်တွင် အနားယူ လဲလျောင်းနေ ခြင်းမဟုတ် သူတို့၏ သက်မဲ့ခန္ဓာကိုယ်များ ထည့်သွင်းထားသော အုတ်ဂူများပင်ဖြစ်သည်။ ထိုနေရာက အုတ်ဂူများ အစီအရီရှိနေသော ကြံတောသုဿန်ပင် ဖြစ်တော့သည်။


ဤသုဿန်သည် သင်္ချိုင်းက ကျွန်တော်တို့ကျောင်းပြေးပြီး ဆေးလိပ် ခိုးသောက်နေကျ နေရာဖြစ် သည်။ ကျွန်တော်တို့ကျောင်းက ဟံသာဝတီအဝိုင်းထိပ် စာပေဗိမာန်အဆောက်အဦး၏ နောက်ကျော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညာဘက်ထွက်ပေါက်နှင့် မျက်နှာချင်းဆိုင်မှာရှိသည်။ ကျွန်တော်တို့ ကျောင်း၏ အမည်က အ.ထ.က(၁) စမ်းချောင်း ဖြစ်သော်လည်း အချို့က “အလောင်းစည်သူကျောင်း” ဟု ခေါ်တွင်ကြတော့သည်။


“အလောင်းစည်သူမင်းကြီး”ကို ကြည်ညိုလေးစားစွာ မှည့်ခေါ်ထားခြင်းတော့ မဟုတ်ပါ။ နေ့စဉ် ဟံသာဝတီ အဝိုင်းကြီးကိုပတ်ပြီး “မောင်ငွေပန်း” တို့ “ဦးပန်ချာ” တို့ “ဦးမိုးကြီး” တို့လို နိဗ္ဗာန်ယာဉ်များဖြင့် အသုဘကားများ ကျွန်တော်တို့ကျောင်းရှေ့မှဖြတ်ပြီး ရန်ကုန်မြို့၏ အထင်ကရဖြစ်သော “ကြံတော သုဿန်”သို့ ပို့ဆောင် သင်္ဂြိုဟ်ကြခြင်းကြောင့် ဖြစ်ပါသည်။


ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမမြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့၏ အထင်ကရ သင်္ချိုင်း။ အထက် က ကျွန်တော်ရေးခဲ့သလို မြန်မာနိုင်ငံ၏သမိုင်းကို ခက်ခက်ခဲခဲ ပင်ပန်းဆင်းရဲစွာ ထုဆစ်ပုံဖော်ခဲ့ကြရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြသော လူထုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူမှုရေးသမားများ၊ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ၏ နောက်ဆုံးလဲလျောင်းရာနေရာက ဒုစရိုက် သမားများ၊ လောင်းကစားသမားများ၊ ဝိသမလောဘ သမားများ၊ လူ့ပတ်ဝန်းကျင်မှ ဖယ်ကြဉ်ခံရသော ဝေဒနာသည် ဒုက္ခိတများနှင့် တောင်းရမ်းစားသောက်သူ ဒွန်းစဏ္ဏားများ၏ ခိုလှုံရာနေရာ ဖြစ်နေခဲ့သည်။


အုတ်ဂူများကလည်း ဆေးအင်္ဂတေများ ကွာကျပြိုပျက်ပြီး သစ်ရွက်ဆွေးများ ပေါက်ပင်မြက်ပင်များ ဖုံးအုပ်ကာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းမရှိ။ လမ်းများကလည်း မညီမညာ ချိုင့်ခွက်၊ ရွံ့ဗွက်များနှင့် ပြည့်နှက်လျှက်။ နာရေးကိစ္စမရှိလျှင် တော်ရုံလူ မည်သူမျှ ဖြတ်သန်းသွားလာခြင်း၊ ဝင်ရောက်ကြည့်ရှုခြင်း မရှိဘဲ မနှစ်မြို့စွာဖြင့် ရှောင်ကွင်းသွားတတ်ကြသော နေရာဖြစ်နေသည်။ ကျွန်တော်တို့ ကိုယ်တိုင်ကျောင်း ပြေးပြီး ခိုးကြောင့်ခိုးဝှက် မဟုတ်တာ လုပ်ချင်သော အခါမှသာ ဤသင်္ချိုင်းသို့ လာကြခြင်းဖြစ်သည်။


ထို့ကြောင့် သင်္ချိုင်းဆိုသည်မှာ လူသေများကို လာရောက်စွန့်ပစ်ထားသောနေရာ၊ အသက်ရှိသော လူများက မလွှဲသာသောအခါမှသာ လာရောက်ကြပြီး ကျန်အချိန်များမှာလုံးဝ မနှစ်မြို့သော ဂရုမစိုက် အလေးမထားကြသော ရှောင်ဖယ်ချင်သောနေရာဟု ကျွန်တော်ထင်ခဲ့မိသည်။


သို့သော် ကျွန်တော်တို့ကျောင်းနောက်ဘက် ဟံသာဝတီ ဘတ်စ်ကားမှတ်တိုင် ဘာဝနာလမ်းနှင့် တည့်တည့်မှ “ဗြိတိသျှ ဓနသဟာယစစ်သင်္ချိုင်း” ကိုတွေ့သောအခါ ကျွန်တော်အံ့သြ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ သူတို့သင်္ချိုင်းက ကျွန်တော်တို့သင်္ချိုင်းနှင့် တခြားစီဖြစ်နေသည်။

ညီညီညာညာ စီစီရီရီရှိနေသော အရွယ်တူ အရိုးအိုးဂူလေးများက စိမ်းစိုသော မြက်ခင်းလေးများ လှပသော ရောင်စုံပန်းပင်လေးများ အဆက်မပြတ်ပက် ဖျန်းပေးနေသော ရေပန်းလေးများနှင့် ခလုပ်ကန် သင်း ချိုင့်ခွက်များမရှိ ပြန့်ပြူးနေသော ကွန်ကရစ် လျှောက်လမ်းလေးများကြားမှာ အေးချမ်းတည်ငြိမ်စွာ ဂုဏ်သရေကြီးစွာဖြင့် ရှိနေကြသည်။ ထို့အပြင် မြန်မာသင်္ချိုင်းများနှင့်မတူသည့် နောက်တစ်ချက်က သန့်ရှင်းသပ်ရပ်သော အနက်ရောင်ဝတ်စုံများ ဝတ်ထားသည့်သူများက လှပသောပန်းခြင်းများ ပန်းခွေများ ဖြင့် အုတ်ဂူလေးများကို မကြာခဏလာရောက် ဂါရဝပြုကြခြင်းပင် ဖြစ်ပါသည်။


မင်္ဂလာဒုံရှိ နိုင်ငံခြားစစ်သင်္ချိုင်းသို့ ရောက်သောအခါ ပို၍ပင်အံ့သြမိသည်။ လူ့အရိုးအိုးများကို မြုပ်နှံ ထားသည့် သင်္ချိုင်းဟု ဆိုသော်လည်း ခမ်းနားထည်ဝါလွန်းသော အထိမ်းအမှတ်အဖြင့် တည်ဆောက်ထား သည်။ ကျွန်တော်တို့ မြန်မာသင်္ချိုင်းများကို ခြေဦးပင်မလှည့်ချင်သောသူများက ထိုစစ်သင်္ချိုင်းကိုတော့ အလည်သွားကြသည်။ အလှဓါတ်ပုံများ၊ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြသည်။ ရုပ်ရှင်ဗီဒီယိုတွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ သွားရောက်ရိုက်ကူးကြသည်။


သင်္ချိုင်းချင်းအတူတူ ကျွန်တော်တို့သင်္ချိုင်းက အဘယ့်ကြောင့် ညစ်ပတ်စုတ်ပြတ်နေပြီး သူတို့ သင်္ချိုင်းတွေက အဘယ့်ကြောင့် ထည်ဝါခန်းနားနေရသလဲ။ သင်္ချိုင်းချင်းအတူတူ ကျွန်တော်တို့ သင်္ချိုင်း တွေကို အဘယ့်ကြောင့် ကြောက်ရွံ့စွာ၊ မနှစ်မြို့စွာ ရှောင်ကြဉ်ကြပြီး သူတို့သင်္ချိုင်းကျတော့ အဘယ့် ကြောင့် မကြောက်မရွံ့၊ မရွံမရှာ သွားလည်နေကြသလဲ။

နှစ်ပေါင်းများစွာကြာ၍ ဘဝခရီးမိုင်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ယခု နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ပရဟိတလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေသောအခါမှ ကျွန်တော်နားလည်သဘောပေါက် လာခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ၏ အကြောင်းအကျိုးမဆီလျော်သော အယူသီးမှု လူ့သမိုင်းနှင့် ဂုဏ်သိက္ခာကို အလေးမထားမှု၊ စည်းကမ်းမရှိမှု၊ ဂါရဝတရားမရှိမှု မြတ်စွာဘုရားရှင်၏ လေးနက်မှန်ကန် မြင့်မြတ်သော တရားတော်များကို ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ မလေ့လာ မလိုက်စားဘဲ ဇာတိဗုဒ္ဓဘာသာ (မိရိုးဖလာ ဗုဒ္ဓဘာသာ) အဆင့်ဖြင့်သာ နိမ့်ကျစွာ ကိုးကွယ်ရပ်တည်နေမှုများကို တွေ့ရှိလာခဲ့ရသည်။


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူနှင့်အတူ မြန်မာပြည်အနှံ့ ပရဟိတလူမှုရေး ဟောပြောပွဲခရီးစဉ်များ လိုက်ပါခွင့်ရသောအခါ ပို၍ပင် သဘောပေါက်နားလည်လာကာ ကျွန်တော်တို့ မြန်မာလူမျိုးများကို ပို၍ပင် အားမလိုအားမရ ဖြစ်မိသည်။


ကျွန်တော်တို့ ပရဟိတခရီးစဉ်ဆိုသည် အခြားနိုင်ငံ့ခေါင်းဆောင်များ အကြီးအကဲများလို ခမ်းနား သော နိုင်ငံရေး၊ စီးပွားရေးအဆောက်အဦးများ၊ လုပ်ငန်းများကို ခန့်ခန့်ညားညား လိုက်လံကြည့်ရှု လေ့လာ ရသော ခရီးမဟုတ်။ မြန်မာပြည်အနှံ့အပြားမှ နာရေးအသင်းများ ဆင်းရဲချို့တဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အခမဲ့ဆေးခန်းများ၊ နာရေး(နိဗ္ဗာန်ယာဉ်)ကားများ၊ လူနာတင်ကားများ၊ လူသေ အလောင်းသယ်သည့် အလူမီနီယံခေါင်းများ၊ သင်္ချိုင်းများ၊ မီးသင်္ဂြိုဟ်စက်များကို လိုက်လံကြည့်ရှု လေ့လာ ၍ အကြံပေးဆွေးနွေးတိုင်ပင်ရသော ကူညီပံ့ပိုးပေးရသော ခရီးစဉ်များဖြစ်သည်။


ရောက်လေရာ အရပ်ဒေသများမှ သင်္ချိုင်းများကို လိုက်ကြည့်သောအခါ ချုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့နေသည့် အုတ်ဂူအကျိုးအပျက်များ၊ မညီမညာဖြင့် ပြိုပျက်ကျွံကျနေသော မြေပုံများ၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ စွန့်ပစ်ထားသော လူသေတင်သည့်ဝါးကပ်များ၊ ပန်းခွေအဟောင်းများ၊ လူသေကိုပတ်ပြီး သယ်ဆောင်လာသည့် ဖျာလိပ်အဟောင်းများ၊ ညစ်ပတ်ဟောင်းနွမ်းနေသည့် စောင်အစုတ်များ၊ မှို့များ ထွက်ပြီး ချေးအထပ်ထပ်ဖြစ်နေသည့် ခေါင်းအုံးများ၊ ခွေးများဆွဲလာသည့် လူအရိုးများ၊ ခေါင်းခွံများဖြင့် စိတ်ပျက်စရာ မသတီစရာ ဖြစ်နေသည်ကိုတွေ့ရသည်။ လူသေအလောင်း မီးရှို့ထားသည့် နေရာများမှ ထင်းစများ၊ မီးသွေး အကြွင်းအကျန်များနှင့် ပြာမှုံများအပြင် မီးမကျွမ်းသေးသော လူအရိုးအချို့ကလည်း အနံ့အသက်ဆိုးများထွက်ကာ သံဝေဂ ရစရာမရှိပဲ အော့အန်မူးဝေပြီး နှလုံးသွေးပျက်ချင်စရာ ဖြစ်နေလေ သည်။ သင်္ချိုင်းမြေများက ကျဉ်းမြောင်းပြီး လူဦးရေက အဆမတန်များလာသဖြင့် တွင်းသစ်တူးရင်း တွင်း ဟောင်းပေါ်လာပြီး လူသေအဟောင်းပေါ် လူသေအသစ်ကိုထပ် မြှုပ်ရသည်များလည်း ရှိနေသည်။


ထိုပရဟိတခရီးစဉ်များနှင့် ဟောပြောပွဲများမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူက ပရဟိတအကြောင်းများ ဟောပြောရင်း သူနိုင်ငံခြားသွားစဉ်က သွားရောက်လေ့လာ ကြည့်ရှု့ခဲ့သော သင်္ချိုင်းများကို ဗီဒီယို ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။ ထိုသင်္ချိုင်းများသည်လည်း ကျွန်တော်ရှေ့က ရေးခဲ့သလို ကျွန်တော်တို့ သင်္ချိုင်းများနှင့် လုံးဝ (လုံးဝ) တခြားစီပဲဖြစ်သည်။


ဧကပေါင်းများစွာကျယ်ဝန်းသော နေရာများမှာ ရေတံခွန်များ၊ ရေပန်းများ၊ မြက်ခင်းများ၊ ပန်းပင် များ၊ အရိပ်ရအေးမြသော သစ်ပင်ကြီးများ၊ ခုံတန်းလျားလေးများ၊ ညီညာပြန့်ပြူးသော လမ်းကလေးများ ယဉ်ပါးနေသော သားရဲတိရိစ္ဆာန်လေးများဖြင့် စိတ်အေးချမ်းစရာ သာယာလှပနေသည်။ ကျွန်တော်တို့ ဆီက ဟိုတယ်များ၊ ပန်းခြံကြီးများထက်ပင်သာသည်ဟု ပြောနိုင်သည်။

သည်လောက်ဆိုလျှင် စာဖတ်သူများလည်း စဉ်းစားကြည့်၍ ရလောက်ပြီဟု ထင်ပါသည်။ ကျွန်တော်ရှေ့ကရေးခဲ့သလို ကျွန်တော်တို့ သင်္ချိုင်းများက အဘယ့်ကြောင့် ညစ်ပတ်စုတ်ပြတ်နေပြီး သူတို့ သင်္ချိုင်းများက အဘယ့်ကြောင့် ခမ်းနားထည်ဝါပြီး သာယာလှပနေရပါသလဲ။ အဖြေရှာကြည့်ဖို့ လိုမည် ထင်ပါသည်။


ကျွန်တော့်အထင် ကျွန်တော်တို့ မြန်မာလူမျိုးများက လူသေကို အမှိုက်တစ်ခုလို သင်္ချိုင်းကို အမှိုက် ပုံလို သဘောထားနေကြသည်ဟု ထင်သည်။ တကယ်တော့ လူသေဆိုသည်မှာ အမှိုက်မဟုတ်သလို သင်္ချိုင်းဆိုသည်မှာလည်း အမှိုက်ပုံမဟုတ်ပါ။


နိုင်ငံရပ်ခြားမှာ သင်္ချိုင်းများကိုအဘယ့်ကြောင့် အမှိုက်ပုံလိုသဘောမထားပဲ လေးစားစွာ ခန်းနား ထည်ဝါစွာ တည်ဆောက်ထားကြပါသလဲ။


ကျွန်တော်တို့ ယခုတစ်ခေါက် ၂၃.၆.၂ဝ၁၃ ရက်မှ ၃.၇.၂ဝ၁၃ ရက်အထိ အထက်မြန်မာပြည် ပရဟိတခရီးစဉ်နှင့် ဟောပြောပွဲများမှာ ဦးကျော်သူက ကျွန်တော်တို့ သတိထားစရာ၊ အလေးထားစရာ၊ စဉ်းစားစရာ စကားတစ်ခွန်းပြောခဲ့သည်။ ထိုစကားကတော့ “သင်္ချိုင်းမှာ သမိုင်းတွေရှိတယ်” ဟူသော စကားဖြစ်သည်။


“သင်္ချိုင်းမှာ သမိုင်းတွေရှိတယ်” တဲ့။ သင်္ချိုင်းတွေမှာ လေးစားစရာသမိုင်းတွေရှိတယ်တဲ့။ ဟုတ်ပါ သည်။ ထို့ကြောင့် စာရေးဆရာ “လှကွန့်”က “ကြံတောကပြောသော သမိုင်း” ဟူသော စာအုပ်တစ်အုပ် ပြုစုရေးသားခဲ့သည်။ ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ကြံတောသုဿန်မှာ မြန်မာနိုင်ငံ၏ သမိုင်းကို ဖန်တီးခဲ့ကြသော လေးစားစရာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ၏ အုတ်ဂူများရှိခဲ့ဖူးပါသည်။ ယခုတော့ ထိုသမိုင်း ဝင်နေရာကြီးမှာ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရှောပင်းမောများ၊ စူပါမားကတ်များ ဖြစ်သွားခဲ့လေပြီ။


လူ့သမိုင်းအစဉ်အဆက်မှာ လူ့လောကကို အကျိုးပြုခဲ့သော ကိုယ့်နိုင်ငံကိုယ့် လူမျိုးကို အကျိုးပြု ခဲ့ကြသော ပုဂ္ဂိုလ်များ ကိုယ့်နိုင်ငံကိုယ့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ခဲ့ကြသော ပုဂ္ဂိုလ်များကို ခမ်းနားထည်ဝါစွာ ဂုဏ်ပြုသဂြိင်္ိုဟ်ခဲ့ကြသည်။ သင်္ချိုင်းများလည်းရှိပါသည်။ ဥပမာ - ပိရမစ်ကြီးများ အာဇာနည်ဗိမာန်များ ဧကရာဇ်ဘုရင်ကြီးများ၏ ဂူသင်္ချိုင်းတော်များ သူရဲကောင်းများ၏ ဂူဗိမာန်များ ကမ္ဘာအရပ်ရပ် နိုင်ငံ အသီးသီးမှာ ရှိပါသည်။ ကိုယ့်နိုင်ငံ၏ အာဇာနည်သူရဲကောင်းများ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ဂူသင်္ချိုင်းများကို ဂုဏ်ယူစွာဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားကြသည်။


အဘယ့်ကြောင့်ဆိုသော် ထိုသင်္ချိုင်းဂူထဲမှာ လဲလျောင်းနေသည့် ပုဂ္ဂိုလ်ဖြတ်သန်းခဲ့သော ထုဆစ် ပုံဖော်ခဲ့သော လေးစားဂုဏ်ယူဖွယ်ရာ သမိုင်းအဖြစ်အပျက်များ အချက်အလက်များက ထိုသင်္ချိုင်းဂူမှာ ထင်ဟပ်နေသောကြောင့် ဖြစ်ပါသည်။


ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ရုံမက အသက်ကိုပင် စွန့်၍ အနစ်နာခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့သော လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လဲလျောင်းရာ အာဇာနည်ဗိမာန်ကြီး ရှိနေပါသည်။


ယခုအခါ ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပြီး အာဇာနည်နေ့တွင် နိုင်ငံတော်ဒုတိယသမ္မတ ကြီး ကိုယ်တိုင်လေးစားစွာ တက်ရောက်ဂါရဝပြုခဲ့သော်လည်း တစ်ချိန်ကတော့ ထိုက်သင့်သော လေးစား တန်ဘိုးထားမှု မရှိခဲ့ဟုဆိုလျှင် မှားမည်မထင်ပါ။


ကျွန်တော်တို့ငယ်စဉ်က ထည်ဝါမှုမရှိသော ဇရပ်ပုံစံ အာဇာနည်ဗိမာန်ကြီးမှာ အာဇာနည်နေ့ကာလ မှာသာ ခေတ္တစည်ကားပြီး ကျန်ကာလများမှာ အစောင့်မရှိ စည်းရိုးအကာအရံမရှိသောကြောင့် တိရိစ္ဆာန် များပင် ဝင်ရောက်ကျက်စားနေသည်ကို တွေ့ခဲ့ရဖူးသည်။


အမှန်တော့ “သင်္ချိုင်းမှာ သမိုင်းတွေရှိတယ်” ဆိုသည်ကို အာဇာနည်ဗိမာန်ကြီးနှင့် သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များက သက်သေခံနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏ သမိုင်းများမပျောက် ပျက်အောင် သင်္ချိုင်းများကို စောင့်ရှောက်ထိန်းသိမ်းသင့်ပါသည်။


ထို့အပြင် ကျွန်တော်တို့သည် အယူမသီးသော ကျေးဇူးသိတတ်သော ယဉ်ကျေးမှုနှင့် အသိဉာဏ် မြင့်မားသော လူမျိုးများပီပီ ကျွန်တော်တို့ ဘိုးဘွားမိဘများနှင့် ကွယ်လွန်သူများ၏ ဂုဏ်သိက္ခာကို လေးစား သောအားဖြင့် သူတို့လဲလျောင်းရာ သင်္ချိုင်းများကို သံဝေဂ ရစရာ စိတ်ငြိမ်အေးချမ်းသော နေရာဖြစ်အောင် ဂါရဝပြုလိုသူ ကျန်ရစ်သူမိသားစုများလည်း အေးအေးချမ်းချမ်း အန္တရာယ်ကင်းကင်း ဂါရဝပြုနိုင်အောင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နှင့် ထည်ထည်ဝါဝါ တည်ထားသင့်ပါသည်။


(၆၆ နှစ်မြောက် အာဇာနည်နေ့ကို လေးစားကြည်ညိုစွာ ဂါရဝပြုလျှက် . . . )


မောင်မြတ်ဆွေ (ခ) ဒါရိုက်တာ မိုးခြိမ်းညံ

အေးချမ်းမွန် Copy & Credit To >Kyaw Thu < Thank
Re-post By ACM 16-7-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...