Saturday, July 6, 2013

ငါးလဲငါးခူ၊ ငါးခူလဲငါး

by Mg Han (Notes) on Monday, May 20, 2013 at 2:27am
 

အားအားနဲ့ယားယားဆိုသလို လုပ်စရာရှိတဲ့ စာကိစ္စက တခြား လုပ်လိုက်မိတာတခြား အမြဲလွဲသွားတတ်တဲ့ ကျနော့် အကျင့်အတိုင်း စာအတွက် အမေအိမ့်လုပ်နေတဲ့ ဂူဂယ်ရဲ့ ကောင်းမှုနဲ့ ဂျင်မီဝေးလ်ရဲ့ မြစ်ထဲက သဘက်များလို့ ကိုယ့်ဟာကိုယ် ဘာသာပြန်လိုက်တဲ့ River-Monsters ဆိုတဲ့ အတွဲလိုက် ရုပ်သံအစီစဉ်လေး ကြည့်မိပါတယ်။
တိရိစ္ဆာန်ရုပ်သံလိုင်းက(Animal channel) က ရိုက်ကူးတင်ဆက်တာပါ။ ရေချိုမြစ်တွေထဲမှာ လူတွေကို စားမယ့် လူတွေကို အန္တာရယ်ပေးမယ့် ငါးတွေ အကြောင်း ကမ္ဘာတစ်ခွင် ပြဲပြဲစင်အောင် သောက်ကျိုးနဲ ရှာရှာဖွေလျောက်ရိုက်ထားတာပါ။ အဲသောက်ရူးတွေ အဲသလိုရူးကောင်းလို့ ကိုယ်လဲ နဲနဲလောက် လိုက်ရူးပြီး ကြည့်တာပါ။ သူတို့ရူးတာ နာမည်လဲကျော် ပိုက်ဆံလဲရ၊ ကိုယ်ရူးတာကျ အချိန်ကုန် သွားပါရော။ အရူးဒီကရီနိမ့်သေးလို့ ထင်ရဲ့။

အဲဒီချယ်နယ်ကို ကြည့်ပြီးတဲ့အခါမှာတော့ ကမ္ဘာ့အနှံ့အပြား မြစ်ထဲက ဒဏ္ဏာရီတွေ အတော်များများဟာ Catfish တွေနဲ့ ပက်သက်သတဲ့ဗျ။ ဗမာလိုဆို ငါးခူပေါ့နော့။ စကြည့်တာက အပိုင်း၁က မဟုတ်ပဲ ၂လောက်က ဖြတ်ကြည့်မိတာဆိုတော့ အဲဒီအပိုင်းမှာတော့ ဇာတ်လမ်းရဲ့ မင်းသား ဂျင်မီဝေးက အိန္ဒိယနိုင်ငံ ကာလီမြစ်ကို ရောက်သွားပါတယ်။ အဲဒီမှာ သိပ်ကို ဒဏ္ဏာရီဆန်တဲ့ ရေနစ်မှုတွေ ဖြစ်လေ့ရှိပါတယ်။ အလောင်းလဲ ပြန်ရလေ့မရှိပါဘူး။ ဒေသခံတွေက မိကျောင်းတို့ ရေဝဲကြောင့်တို့လို့ပြောပေမယ့် ဂျင်မီဝေးလ်က လက်မခံပါဘူး၊ မိကျောင်းဆိုရင်လဲ ရေနစ်ရာမှာ သွေးကွက်တွေ့နိုင်သလို အလောင်းအစိတ်အပိုင်းတွေလဲ တွေ့ရနိုင်ပါတယ်။ ရေဝဲဆိုရင်လဲ တစ်နေရာရာမှာ အလောင်းပြန်ပေါ်ရမှာမို့ပါပဲ။ ဒါပေမယ့် ခေတ်မှီသိပ္ပံပစ္စည်းတွေ ကျွမ်းကျင်သူတွေကို မေးမြန်းပီး သူစဉ်းစားတဲ့အခါ ငါးခူတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုတာ သူစဉ်းစားမိလာပါတယ်။ ငါးခူတွေဟာ လူအရွယ်လောက် ရှိလာခဲ့ရင် သူ့ပါးစပ်ကနေ စုပ်လိုက်တာနဲ့ ရေဝဲဖြစ်ပီး သားကောင်ကို တစ်ချက်တည်း မြိုနိုင်လို့ပါ။ အဲဒီအကြောင်းအရာတွေကို သူမေးမြန်းဖို့ရာမှာ နတ်ဆရာတွေရဲ့ တားမြစ်မှုတွေနဲ့ ကြုံရပါတော့တယ်။ နောက်တော့ နတ်ဆရာတစ်ယောက်က လမ်းညွန်ပါတယ်။ ဒါက နတ်ဘုရားရဲ့ ငါးတွေဖြစ်လို့ မင်းဖမ်းလို့ မမိနိုင်ဘူးဆိုပါတယ်။ မင်းတွေ့ချင်ရင်တော့ ဘယ်ကိုသွားလို့ ညွန်းလိုက်ပါတော့တယ်။ မြစ်ညာကို ဆန်တက်လာတဲ့ ဂျင်မီဝေးလ်ဟာ အိန္ဒိယ ဟိန္နူတွေရဲ့ အလေ့အထ တစ်ခုကို သွားတွေ့ပါတယ်။ လူသေတွေကို မီးရှို့ပြီး အကျွင်းကျန်တွေကို မြစ်ထဲ မျှောလေ့ရှိတာပါ။ မြစ်နားနီးတဲ့ အညာရွာတွေမှာလဲ လုပ်လေ့ရှိပါတယ်။ အဲဒီအခါ ငါးခူတွေက လာစားလေ့ရှိပြီး၊ လူရဲ့အရသာကို သိသွားကြတဲ့ ငါးခူတွေပါ။ အစာအဟာရမပြတ်တဲ့ ငါးခူတွေဟာ လူလောက်မက ကြီးလာလိမ့်မယ်လို့ သူယူဆပါတယ်။ သူဖမ်းပေမယ့် သထ္ထုစပ် ငါးမြှားတံအကြီးစား ကြိုးသွားတဲ့အထိ ရုန်းနိုင်တဲ့ငါးကိုပဲ မိခဲ့ပြီး မျက်မြင်သက်သေသူမပြနိုင်ခဲ့ပါဘူး၊ ရေပေါ်ခဏပေါ်တဲ့ အခိုက်အရတော့ ငါးခူဆိုတာ သေချာတယ်လို့ ဆိုပါတယ်။ မြစ်ညာက ငါးခူတွေ ပေါက်ဖွားရာနေရာကိုလဲ သူသွားလေ့လာခဲ့ပါတယ်။


နောက် အပိုင်းတွေ ဆက်ကြည့်တော့လဲ ဥရောပ၊ အာဖရိက၊ အမေရိက၊ အာရှ၊ ဒေသတော်တော်များများမှာ ငါးခူမျိုးနဲ့ ဆက်စပ်တဲ့ ပုံပြင်တွေ အများကြီးကြားရ ကြုံရတော့တာပါပဲ။ သူဖမ်းသမျှထဲက အကြီးဆုံးငါး တော်တော်များများကလဲ ငါးခူတွေပါပဲ။ ကမ္ဘာပတ်သူလျောက်သွားသမျှ နောက်ဆုံး ချိုင်နိုဘိုင်းလ်က ရေကန်ထိမှာ သူအကြုံရဆုံးကလဲ ငါးခူပါပဲ။ သူ Fish on, Fish on လို့ အော်လိုက်တိုင်းမှာ ၇၀% ကျော်ဟာ ငါးခူပဲဆိုတာ ကျနော်သိလာတယ်။ ဒါနဲ့ ကျနော်လဲ ငါးခူကို စပ်စုမိပါတော့တယ်။
အမှန်တော့ ကိုယ်က ငါးကြိုက်တဲ့လူလဲမဟုတ်၊ ငါးဆို မမူးရင်နဲ့ မငတ်ရင် မစားဘူးလို့ ဆိုတဲ့လူဆိုတော့ အတော်ဝေးပါတယ်။ ဗမာလို ဝီကီပီးဒီးယားက အခုလိုဆိုပါတယ်။ ငါးခူဟာ အင်ငါးထဲမှာ လူသိများပါသတဲ့။ ခေါင်းပြား၊ ကိုယ်လုံးပြီး၊ အမြီးဝိုင်းသတဲ့။ ကျောရိုးဆူးတောင်၊ ရင်ဆူးတောင်ပါတယ်။ ရင်ဆူးတောင်က လွှလိုပါပဲတဲ့။ အကြေးခွံအစား အရေခွံပျော့ပျော့တစ်ထပ်ဖုံးထားသတဲ့။ လေလဲရှုနိုင်တယ်။ ရေလဲရှုနိုင်တဲ့ အတွက် ကုန်းပေါ်မှာ နာရီများစွာ အသက်ရှင်သတဲ့။ ရေချိုရော ရေငံရော နေနိုင်သတဲ့။


တကယ်တော့ ဈေးထဲမှာသွားကြည့်ရင် ငါးခူဆိုတာ အင်မတန်သနားစရာ အကောင်းဆုံး ငါးအနေနဲ့မြင်ရမှာပါ။ ရေကလေးစပ်စပ်ထဲမှာ ထည့်ထားပြီး ဝယ်သူလက်ညိုးထိုးလိုက်မှ ခေါင်းကို တုံးပေါ်တင် ဒုတ်တိုနဲ့နှက် ဈေးခြင်းထဲထည့်ပေးလိုက်တာမို့လား၊ ဒါတောင် အိမ်ရောက်တဲ့ထိ လှုပ်တုန်း။ အတော်အသက်ပြင်းတဲ့ အမျိုး၊ တစ်နည်းစဉ်းစားရင် အတော်ဝဋ်ကြီးတဲ့ အမျိုးပေါနော်။ ငါးခူဆိုတာ သားဖေါက်နုန်းလဲ ကောင်းသလို အသားစားလဲ ကျူးတဲ့ အမျိုးပါ။ ငါးခူတိုင်းတော့ ဘယ်ဟုတ်မလဲပေါ့လေ။ ငါးခူဆိုပေသည့် အမျိုးအစားပေါင်းက သောင်းခြောက်ထောင်မို့လား။
အိုသာသေသွားရော ၃စင်တီမီတာ မကျော်တဲ့ အမျိုးကနေ လူကိုမြိုစားနိုင်တဲ့ အမျိုးအထိ အစားစားရှိတာမို့လား။ ဈေးထဲရောင်းတာကတော့ အလွန်ဆုံးကြီးမှ တောင်ဆုပ်ပေါ့။ ဒါက ပြည်တွင်းက ငါးခူကိုး။ ငါးခူမှန်ရင် အကြေးခွံမပါပေမယ့် နုတ်ခမ်းမွှေးကားကားနဲ့ ရင်ဘတ်မှာဖွက်ထားတဲ့ အဆိပ်ဆူးနဲ့၊ သွားမပါပေမယ့် အသားစားတဲ့ အဝကျယ်ပါးစပ်နဲ့၊ အသက်ပြင်းပြင်းနဲ့ချည်းပါပဲ။ ဒါငါးခူပေါ့။ ငါးခူဆိုတာ လူကို အန္တာရယ်ပေးခဲပါတယ်။ သူ့ကိုဖမ်းမှ ဆူးဆူးတတ်တာမို့လား။ ဆူးအဆိပ်ကလဲ ငယ်ထိပ်တက်ရင်သေတတ်တယ်။ ဒါပေမယ့် မြစ်ထဲချောင်းထဲမှာတော့ ငါးခူဆိုတာ အခြားငါးမျိုးကို ပြုတ်သွားအောင် စားပစ်နိုင်တဲ့ ငါးမျိုး၊ အချင်းချင်းလဲ ပတ်မျိုတတ်သေးတယ်။ ကိုက်မစားဘူး၊ တွတ်မစားဘူး၊ ဟုတ်ခနဲ မြိုစားတဲ့ ငါး။ အရိုးရောအသားရော ချေးဖြစ်မှ ပြန်ထွက်လာရောပဲ။


စပ်စပ်စုစု ငါးခူက လူကို ဘာလုပ်သတုန်းလို့ ဂျင်မီဝေးလ်က လိုက်စပ်စုတော့ အတော်များများက ဒဏ္ဏာရီဖြစ်ပေမယ့် အတည်ပြုရတဲ့ ငခူနဲ့ကိစ္စတွေ သက်သေထင်ရှားနဲ့ရှိသတဲ့။ ၃စင်တင်မီတာထက် ပိုမကြီးတဲ့ ငါးခူမို့ ဥပုသ်စောင့်သလား မမေးနဲ့နော် သူလဲ အသားစားပဲ။ သူက စားချင်တဲ့ အကောင်ရဲ့ ကိုယ်တွင်းအင်္ဂါထဲဝင်ပြီးမှ လှိုက်စားတာ။ ၁၉၉၇လောက်က ဘရာဇီးနိုင်ငံ အစ်တာခိုအေးရှားဒေသမှာ အသက်၂၃လောက် လူတစ်ယောက်က ပေါင်လည်လောက်ရေထဲ ဆင်းပြီး ရှူးရှူးဖလားဝါးတုန်း Candiru အမျိုးအစားဆိုတဲ့ ငခူတစ်ကောင်က တန်းကျနေတဲ့ ရူးရူးအတန်းထဲကနေ ဆီးလမ်းကြောင်းထဲကို ခုန်ဝင်သွားသတဲ့။ အဲဒီအကောင်က ဘယ်ထိတိုးဝင်သလဲဆို ဆီးအိမ်ထဲထိတိုးဝင် ကပ်ပယ်အိပ်ထဲထိ လျောက်တိုးဝင်လို့ ခဗျာမယ် ၂နာရီနီးပါး ခွဲစိတ်ကုသလိုက်ရပါသတဲ့။ အဲဒီ အမျိုးအစားကို သွေးစုပ်ဖုတ်ကောင်ငါးလို့ အဲဒေသကခေါ်ကြသတဲ့။ ဘယ်လောက် ချိန်သားကိုက်သလဲဟင် ရွှေပြွန်ကရေသွန်တဲ့ လမ်းအတိုင်း တစ်ချက်ခုန်လိုက်တာ တားကတ်ကို ဒါရိုက်ဟစ်တာပဲ။ ဘရာဇီးမို့သာပေါ့ ဗမာပြည်သာဆို ဘယ်သူမှမယုံတာနဲ့ သေမှာပဲ။ ရေထဲသေးပေါက်လို့ မြစ်စောင့်နတ်က ကိုင်ထည့်လိုက်တာဖြစ်မယ်။ အဲဒီ ပေါက်စကွေးမျိုးကလဲ ငါးခူဗျ။ ထူးထွေသည့် ဆန်းရာနော်။


၂၀၀၇ အရောက်မှာတော့ မောင်ဂျင်မီဝေးလ်ကောင်းမှုနဲ့ အရင်က ၆လက်မမကျော်ပါဘူးလို့ သိထားတဲ့ Goonch catfish ဆိုတဲ့ ငါးခူမျိုးကို ၆ပေမက ကြီးထွှားနိုင်ကြောင်း တွေ့ခဲ့ရပါသတဲ့။ အဲဒီငါးခူမျိုးက အာဖရိက၊ အိန္ဒိယနဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ် တွေမှာ အများဆုံးရှက်သန်နေထိုင်သတဲ့။ မြန်မာ-ထိုင်းနယ်စပ် မဲခေါင်ထိ မောင်မင်းကြီးသား ရောက်ပြီး လေ့လာထားပေမယ့် ၂၀၀၇ဆိုတော့ တစ်တောင့်ဆို တစ်တောင့် မိုးပေါင်ထောင်ပစ်လိုက်တာတွေ ကြောက်လို့ မြန်မာပြည်ကိုတော့ ရောက်မလာခဲ့ဘူး။ ဈေးထဲက ငါးခူမျိုးတွေလဲ မြစ်ထဲ တစ်နေရာရာမှာ ဘယ်လောက်ကြီးနေမလဲ ဘယ်သိမလဲနော့။


Wels catfish ဆိုတဲ့ ငါးခူမျိုးကတော့ အာဖရိကနဲ့ ဥရောပမှာ လူကို တိုက်ခိုက်တဲ့ ငါးတွေလို့ နာမည်ကြီးသတဲ့။ သူတို့ မြစ်ကြမ်းပြင်လိုနေရာ၊ ရေစီးသိပ်မသန်တဲ့နေရာမှာနေပြီး ရေရဲ့ လှုပ်ရှားသံကို နားထောင်ပြီး အမဲလိုက်တာတဲ့။ အထူးသဖြင့် ကလေးငယ်တွေ ရေကူးရင် မြစ်ကြမ်းပြင်ကနေ အရှိန်နဲ့တက် ပါးစပ်နဲ့ဆွဲစုပ်လိုက်ရင် မလွတ်ဘူးတဲ့။ အပျော်ငါးဖမ်းသူတွေကတော့ လူ၂ယောက် တစ်ယောက်က လက်တို့ ခြေထောက်တို့ ထိုးပေးပြီး ငါးက အမြိုမှာ နောက်တစ်ယောက်က လူရော ငါးရော ကုန်းပေါ်ဆွဲတင် ဖမ်းကြလေ့ရှိသတဲ့။ အောင်မလေး အသဲယားထှာ။ သူတော့ ၁၃ပေလောက်ထိ ကြီးနိုင်ပြီး အတော်အသားစားကျူးသတဲ့။


Walking catfish လို့ခေါ်တဲ့ နောက်ထပ် ငါးခူကတော့ ကွန်ဂိုမှာ နာမည်ကြီးပဲတဲ့။ အမေရိကန်က ရုပ်ရှင်ရိုက်ဘူးတယ်ဆိုလားပဲ။ အဲဒီငါးခူမျိုးက မြစ်ချောင်းပေါလှတဲ့ မြစ်ဝကျွန်းပေါ်လို နေရာတွေမှာနေပြီးတော့ ချောင်းတစ်ချောင်းထဲမှာ ငါးကုန်သွားရင် သူက နောက်ချောင်းတစ်ခုကို ကုန်းပေါ်ကနေ ကူးနိုင်တဲ့ငါးတဲ့။ ညဘက်မှာ ကုန်းကိုဖြတ်ပြီး ချောင်းကူးစားတဲ့ ငါးပေါ့နော်။ ဒဏ္ဏာရီတွေကတော့ အဲဒီငါးကြီးတွေဟာ ညဘက်မှာ မိစ္ဆာတွေလိုပဲ ကလေးငယ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ကုန်းပေါ်ထိတက်ဖမ်းစားသတဲ့။ ဒါပေမယ့် ကုန်းပေါ်ကိုဖြတ်ပြီး ချောင်းကူးတာကိုသာ သက်သေရှိပြီး ကျန်တာတွေကတော့ သက်သေမရှိပါဘူး။ မြန်မာပြည်က ငါးခူမျိုးဟာ အဲသည်အမျိုးပါတဲ့။ ခုတော့ အမေရိကားထိ အဲငါးခူမျိုးတွေ ရောက်ကုန်ပတဲ့။ ငါးခူကတော်တော် လူကကဲကဲ၊ ဟိုကဟာသည်သယ်၊ သည်ကဟာဟိုသယ်နဲ့ ငါးခူကလဲငါးခူ လူကလဲလူကိုး။


ဒါလောက်အသားကျူးတဲ့ငါး မျိုးတုန်းပလိုက်ပါလားဆိုတော့လဲ မဟုတ်သေးဘူးတဲ့။ ကမ္ဘာအနှံ့အပြားမှာ ငါးခူရဲ့ အရသာကို တန်းတန်းစွဲသူတွေနဲဘူးတဲ့။ မြန်မာပြည်မှာလဲ ငပိကောင်တောင် ငခူငါးပိကောင်မှ တန်းဝင်တာမို့လား။ သည်တော့ ငါးခူဆိုတာ အင်းထဲမှာသားဖေါက်မွေးရလောက်အောင် ဝယ်လိုအားကလဲ များပြန်သတဲ့။ သားပေါက်အားကောင်းတဲ့ ငါးခူ ဆူဆူဖြိုးဖြိုးတွေအတွက် နိုင်ငံခြားက ငါးခူတွေကိုတောင် တင်ပြီး သားစပ်ယူကြရသတဲ့။ ဒါပေမယ့် ၂၀၁၀ လောက်တုန်းက သတင်းတစ်ခု ဖတ်ရတယ်။ မြန်မာပြည်မှာ အာဖရိက ငါးခူတွေကို တင်သွင်းခွင့်မပြုတဲ့။ ရောင်းအားကောင်းကောင်း အသားချိုချိုမို့ လောဘတွေတက်ပြီး အသားစားကျူးတဲ့ အာဖရိကငါးခူးနဲ့ ဗမာငါးခူစပ်လိုက်တဲ့အခါ ဗမာငါးခူမျိုးက ငုပ်သွားသတဲ့။ အာဖရိကနဲ့ အရှေ့အလည်ပိုင်းမှာ ပေါက်ဖွားတဲ့ Clarias gariepinus ခေါ်တဲ့ ငါးခူမျိုးဟာ အသားစားကျူးတဲ့အပြင် မျိုးဗီဇလဲ သန်သတဲ့။ ဒါကြောင့် သည်မျိုးစိတ်ကိုတော့ လုံးဝတင်သွင်းခွင့်မပြုဘူးလို့ တားမြစ်သတဲ့။ နောက်ပြီး သင်္ကြန်ကာလ ဇီဝိတဒါန လွှတ်ကြရာမှာတောင် အဲသည် ငါးခူမျိုး ပါမသွားဖို့ စိစစ်ခိုင်းရတဲ့အထိပဲတဲ့။ အမိန့်ကြေညာစာအမှတ် ၅/၂၀၁၀အရ ထုတ်ပြန်တားမြစ်ယူရသတဲ့။ ဘာလို့ဆို မြန်မာပြည်က ကျန်တဲ့ငါးတွေ မျိုးတုန်းသွားမစိုးလို့တဲ့။ ခက်ပါဘိနော်။(https://www.facebook.com/note.php?note_id=395852651512)


လူတွေများ လောဘတက်ပြီး ငွေနောက်လိုက်၊ သည်ငါးမျိုးပြည်တွင်းသွင်းလာခဲ့တာ။ သူတို့နဲ့စပ်ပေါက်တဲ့ ဗမာငါးခူတွေလဲ နဂိုကမှ အသားစားပါတယ်ဆို အလွန်အကျူးတွေစား ကျန်တဲ့ငါးတွေ ကုန်ရင် ခက်ဘူးလား။ ခုတောင် ဘယ်နှကောင်လောက် လွတ်သွားသလဲ မသိဘူးနော်။ မြစ်ထဲရောက်သွားရင် သားဆက်လိုက်ခြားလို့လဲ ရမထင်ပါဘူး။ သူတိုကသာ မျိုးတုန်းအောင်စားတာ။ သူတို့ကို မျိုးတုန်းမယ့် ငါးက ကမ္ဘာပေါ်မပေါ်သေးဘူး၊ ရေချိုလား၊ ရေငံလား၊ ကုန်းပေါ်လား၊ ရေပေါ်လား၊ သေးသေးလားလား၊ ကြီးကြီးလားလား၊ ငါးခူဟာ ငါခူပီသသဗျာ။ အံ့သြကုန်နိုင်ဖွယ်ပါ့။ ငါးခူလဲငါးပေမယ့် အများနဲ့မတူ တမူထူးခြားတာကတော့ ကမ္ဘာအနှံ့က ငါးခူအကြောင်းတွေ သမိုင်းစဉ်ဆက် အခုထက်ထိ ကြားနေရတာပါပဲ။ သြော် ငါးခူ ငါးခူ တူမလိုလိုနဲ့ကွဲတဲ့ တစ်မျိုးတည်းငါးခူတွေ၊ ကွဲသလိုလိုနဲ့ အကုန်တူနေကြတဲ့ အမျိုးမျိုးသော ငါးခူတွေ၊ ငါးလဲငါးခူ ငါးခူလဲငါး၊ ဒါပေမယ့် ငါးခူဟာ ငါးခူပါပဲလေ။    ။
(ကျနော့် စာဖတ်အားနဲပါးမှုကြောင့် အချက်လက်နှင့် ပညာရပ်ဆိုင်ရာ အသုံးနုန်းများ မှားယွင်းပါက ဖြတ်သန်းခဲ့ရသော စစ်အစိုးရ ပညာရေးကို နှစ်ထောင်းအားရ အပြစ်တင်နိုင်ပါကြောင်းနှင့် ချီးမွမ်းထောပနာများမှအပ ကျနော်နှင့် လုံးဝ မသက်ဆိုင်ပါကြောင်း။)ငါးခူနှင့်တကွ ငါးများအပါအဝင် အားလုံး ကျန်းမာချမ်းသာကြပါစေ။ 

ကျနော် မောင်ဟန်ပါ။




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...