Tuesday, July 16, 2013

ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာ

တို့ဗမာအစည်းအရုံး Dobama Asiayone
 ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က တစ်ခါတလေ အပြောအဆိုမှားတာရှိရင် ရှိမယ်။ သို့သော်လဲဘဲ စေတနာကတော့ သန့်ရှင်းလျက်ပါဘဲ။ ဒါကျွန်တော်သေသေချာချာ ၀န်ခံရဲပါတယ်။ ဖ၊ဆ၊ပ၊လ ဖွဲ့က ပုဂိုလ်တစ်ဦး တစ်ယောက်တည်းက ဖောက်ပြန်သွားတဲ့လူရှိချင် ရှိမယ်။ သို့သော်လည်း အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။
အဲဒီအတိုင်းဘဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့စေတနာနဲ့ ခြေလှမ်းမှန်မှန်နဲ့ နေပြီးဗမာပြည် လွတ်လပ်ရေးရအောင်ဆိုပြီး အကောင်အထည်ဖော်အောင် တစ်စတစ်စ ရုပ်လုံးလဲ ကျွန်တော်တို့ ပေါ်ပေါ်လာခဲ့ပြီ။ နောက်ရက်များမကြာမှီမှာဆိုရင် တစ်ဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံးပေါ်လာတာကို မြင်ရမှာဘဲ။ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလဲဘဲ အဲဒီလိုဘဲ တစ်ဆင့်တက်ပြီး ရုပ်လုံးပေါ်လာတာ မြင်ရအုံးမှာဘဲ။ အဲဒီလိုပေါ်လာပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် လုပ်နေရာမှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အအေးဆုံးဆိုတဲ့နည်းကို ကျွန်တော်တို့က ပထမဦးစွာ ကျွန်တော်တို့ရှာပြီး လုပ်မှာဘဲ။ သို့သော်လဲပဲ အဲဒီလိုလုပ်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရှေးကလဲပြောလာခဲ့တာတွေ ရှိပါတယ်။ "ခင်ဗျားတို့ပြန်ပြီး စဉ်းစားကြည့်။ အေးအေးနဲ့ မရရင်ရနိုင်တဲ့နည်းနဲ့ လုပ်ရမှာဘဲ။ ဒီတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အချုပ်အချာအာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူးလို့ ကျွန်တော်တို့ အဆီးအတား အာဏာလွှဲပြောင်းယူနိုင်အောင် ........ ကျွန်တော်တို့ ပထမရှေးဦးစွာ ဒီသဘောကို ထားခြင်း သတ်မှတ်ထားတဲ့ အချိန်အခါရောက်လို့ အကြည်အသာဆိုတဲ့ ကိစ္စမျိုး မဖြစ်လို့ရှိရင် ကျွန်တော်တို့က အတင်းလုပ်မှာဘဲ ဆိုတာတော့ ဒါပြောထားပြီးသား။ ဘာမှ ကျွန်တော် ထပ်ပြောနေစရာ မလိုပါဘူး။ ဒီတော့ အတင်းလုပ်တဲ့အခါမှာလဲ ခင်ဗျားတို့ အဆင်သင့် ရှိနေရမယ်။ ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာ ရှိနေရမယ်။ ယခုအခါမှာလဲဘဲ ကိစ္စမပြီးသေးတော့ ကျွန်တော်တို့ သိပ်အားမလျှော့ရသေးဘူး။ ကျွန်တော် အရင်တစ်ခါ ပြောခဲ့သလိုဘဲ နိုင်ငံရေးဖက်က အေးနေပြီးတော့ကာ၊ မဟုတ်တဲ့နေရာမှာ ဆူတဲ့ပူတဲ့ဖက်က ပိုလာသလို ဖြစ်နေပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ဲဒီတော့ကာ အဲဒီလို မဟုတ်တဲ့နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နှင်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။ သို့သော်လည်းဘဲ ဗမာပြည်ရဲ့  လွတ်လပ်ရေးကို ထူထောင်ရေး၊ ဗမာပြည်တိုင်းသူ ပြည်သား ညီညွတ်ရေး၊ လူထုရဲ့ ညီညွတ်ရေး ထက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်။ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ ဒီနေရာမှာဆိုရင် လုပ်လာတဲ့နေရာမှာ လိုသေးတယ်။ ကျွန်တော်လဲ သိပ်မကျေနပ်သေးဘူး။ အဲဒီတော့ကာ ဒါတွေအားလုံး အလုပ်လုပ်ကြဖို့လိုတယ်။ အဲဒီလို လုပ်နိုင်ကြမှသာလျှင် လွတ်လပ်ရေးဆိုတာလဲဘဲ ကျွန်တော်တို့ရည်ရွယ်မှန်းထားတဲ့ အတိုင်း ရလဲရမယ်။ [ ၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးကို စတင် ကျင်းပခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရေး လမ်းညွှန် ပြဌာန်းချက်များကို အဆိုတင်သွင်း ဆွေးနွေးလေသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် လက်ရှိ တည်ရှိသော တိုင်းပြုပြည်ပြု လွှတ်တော် ၏ ပုံသဏ္ဍန်နှင့် လွတ်လပ်ရေးကို တနှစ် အတွင်း ရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေး ရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန် အောင် အလုပ်ကြိုးစား လုပ်ကြစေလိုကြောင်း ..... စသည်များကို ရှင်းလင်းပြောကြား သွား၏ ။ဤ ပြောကြားသော မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်းပင် ဖြစ်သည်။ ဤ မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။ ] စာသား - ourbogyoke.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...