Thursday, July 4, 2013

`` သမီးမွေးလျှင် ဆီးပင် စိုက်ပါ...´´

ကွန်ဆူး မား posted a photo to အမျိုးကောင်းသား's timeline.

`` ဟေ့ မောင်ကွန်.....´´
အသံကြားရာကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ သက်ရှိ အဘိဓာန်ကြီး ဦးတိုး.....။ မိုးရေထဲကနေ ထီးတစ်ချောင်းနဲ့ ရောက်လာတယ်။

`` လာ လေးလေးတိုး.. စိုစိုရွှဲကုန်ပြီ.... နေမကောင်းဖြစ်နေပါဦးမယ်..... ´´ ပါးစပ်ကလည်းပြော ကုလားထိုင်ကို ဆွဲယူပေးရင်း ဧည့်ခံလိုက်တယ်။

`` မင်း စာရေးနေတယ်ဆို...´´

`` ဟုတ်..... နည်းနည်း ရေးနေတယ်၊ စိတ်ထဲ ပေါ်တာလေးတွေပါ၊ အွန်လိုင်းမှာ လေးလေးရဲ့ ပုံနှိပ် စာမူလေးတွေလည်း နည်းနည်းတော့ ဖြစ်နေပြီဗျ..... စာရေးဆရာ ပေါက်စလေးလို့ ဆိုရမှာပေါ့...... ရန်ကုန်က သူငယ်ချင်း စာရေးဆရာမတစ်ယောက်က ပို့ပေးတာလေ ဟဲဟဲ´´ ဒီလို အမေးခံရတော့ ၀မ်းလည်းသာ.. ကြွားလည်း ကြွားလိုက်တယ်...။

`` ဘာစာတွေ ရေးတာတုံး ´´

`` ဟိုလေ.... ဖေ့ဘွတ်မှာတော့ စိတ်ထင်ရာ အကုန်ရေးတယ်၊ ကန့်သတ်ချက်မှ မရှိပဲကိုး၊ ဂျာနယ်မှာတော့ အကျိုးပြု ရသ စာပေလေးတွေ ရေးတယ် လေးလေး၊ နှလုံးသား အဟာရလေးတွေ... ကျွန်တော် ၀မ်းအသာဆုံးကတော့ ရင်သွေးရတနာ ဂျာနယ်မှာ ပါလာတဲ့ ဆောင်းပါးလေးကိုပဲ....၊ ကလေးတွေအတွက် အကျိုးဖြစ်စေတဲ့ စာက အစွန်းနှစ်ဘက်လွတ်ရတဲ့အပြင် လက်တွေ့ကျပြီး အတုယူလွယ်တဲ့ စာမျိုးမှ ပါတာဆိုတော့လေ အရမ်း ကျေနပ်မိတယ်...´´ပြောလည်းပြော ရေနွေးပူပူလေး တစ်ခွက်ကိုလည်း ထည့်တိုက်လိုက်ပါတယ်။


``အေး ကောင်းတယ်ကွ ဘာဆောင်းပါးတုံး´´

`` ပန်းမနင်းကြေး´´

`` အော် ကျေးလက် ကစားနည်းလေးပေါ့ ဟုတ်လား၊ ကောင်းတယ်ကွ.... ချစ်/ကြိုက်/ညား/ကွဲ/ လွမ်းဆိုတာတွေထက် မင်းပြောတဲ့ နှလုံးသားအဟာရလေးတွေပေါ့ကွာ ရသ စာပေလေးတွေ ရေးစမ်းပါ၊ ပြီးတော့ ပျောက်ကွယ်လု ဖြစ်နေတဲ့ မြန်မာ့ ယဉ်ကျေးမှုလေးတွေ ရေးကွ၊ အခြေခံ အကြောင်းအရာကို မင်းတတ်တဲ့ ပညာနဲ့ ပေါင်းရေး...... စာဖတ်နေရင်းနဲ့ မျက်စိထဲ မြင်ပြီး အသံတွေ ကြားရလောက်တဲ့ အထိ ရေးနိုင်အောင် ကြိုးစားကွ... ´´

`` ဟုတ်..... ဒါနဲ့ စာဖတ်ရင်း ဘယ်လိုမျက်စိထဲမြင်ပြီး အသံတွေ ကြားရတာတုံးလေးလေးရဲ့....´´

``ဒီလိုကွာ.... ( မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊
ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊
နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသော်ကြောင့်) ဆိုတဲ့ အမတ်ကြီး လက်ဝဲသုန္ဒရ ရဲ့ `` မဲဇာတောင်ခြေ ရတု´´ လိုဟာမျိုးပေါ့ကွ၊ မျက်စိထဲလည်း မြင်လာတယ်... သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လည်း မိုးလောက်ပြင်းထံ ဆိုတော့ မိုးတွေရွာနေတဲ့ အသံကို လူတိုင်း ကြားဘူးတယ်ကွာ... နှင်းကျတဲ့ အသံက အသံဝါကြီး ဖြစ်နေတယ်ကွာ ဆိုလိုတာက အသံက သိသာထင်ရှားလှတယ်ကွာ... တဖြောက်ဖြောက်နဲ့တောင် မြည်တယ်ကွာ... ပြီးတော့ မိုးရွာသလိုကို ကျနေတယ်ကွာ... ဒီတော့ အသံလည်းကြား၊ ရုပ်လည်း မြင်ရတာပေါ့ကွ...´´

ဟုတ်လိုက်တဲ့ အဘိုးကြီး ဗဟုသုတ စုံသလို ပုံဖော်တာလည်း ကောင်းလွန်းလှတယ်။

`` ငါပြောချင်တာကကွာ ဒို့ငယ်ငယ်က ( သမီးမွေးလျှင် ဆီးပင်စိုက် ) ဆိုတဲ့ မြန်မာမှုလေး တစ်ခုကို ပြောချင်တာကွ´´ ပြောရင်းနဲ့ ရေနွေး ကုန်သွားတဲ့ ရေနွေးခွက်လေးကို ချထားလိုက်တယ်...။

`` ဟုတ်ကဲ့ လေးလေး ပြောပါ´´

`` အေး ဒို့ငယ်ငယ်က ကျေးလက်အရပ်တွေမှာ ထုံးစံလေး တစ်ခုရှိတယ်ပေါ့ကွာ သမီးမွေးရင် ဆီးပင် စိုက်တယ်ကွ၊ ဆီးပင်ဆိုတာက နှစ်နှစ်၊ သုံးနှစ်ဆိုရင် သီးတယ်ပေါ့ကွာ၊ အဲဒီအချိန်ကျတော့ သမီးလေးကလည်း လမ်းလျှောက်ပြီး ဆီးသီးလေးတွေ ကောက်တတ်ပြီလေ...´´

`` ဟုတ်ကဲ့ ဆက်ပြောပါ လေးလေး...´´ ပြောရင်း နောက်တစ်ခွက် ထပ်ငှဲ့ ပေးလိုက်တယ်။

`` အဲဒီတော့ သမီးလေးနဲ့ အတူတူ တခြားကလေးတွေကလည်း ဆီးသီး လာကောက်ကြတယ်ကွာ.... အတူတူ ကောက်ရင်းနဲ့ ကလေးတွေထဲမှာ ဘယ်သူက ကိုယ့်သမီးအပေါ် အနွံအတာခံသလဲ... ဘယ်သူက ကူဖော်လောင်ဖက် ဖြစ်သလဲ.... ဘယ်သူက ဘယ်လို သဘောထားသလဲ ဆိုတာ အိမ်ပေါ်ကနေ မိဘတွေက ရွေးချယ်ကြတာပေါ့ကွာ....´´

`` ဟုတ်.....´´

`` အရင်ကတော့ ဒို့ မြန်မာလူမျိုးတွေက ကြင်ဘက်ရှာတဲ့ အခါမှာ ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်းကိုယ်သိတဲ့ ဒေသတွင်းက လူတွေကိုပဲ ရွေးချယ် လက်ဆက်ပေးတတ်ကြတယ်... စကားတောင် ရှိပါတယ်ကွာ... ပုဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်တယ်...၊ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတယ် ဆိုတာ... ´´

`` ဟဲဟဲ ဟုတ်ပ လေးလေးရာ ပြောပါဦးဗျ´´

`` ပြောရရင်တော့ကွာ အဲဒီအရွယ်ကတည်းက မိဘတွေက ဖူးစာဘက် သားမက်လောင်းကို ရွေးထားတာ... အခုတော့လည်း ဒီအလေ့အထလေးတွေ မရှိတော့ပါဘူး.... ဒီသဘောမျိုးနဲ့ သားမက်လောင်းလေးတွေ ရွေးတာတော့လည်း ရှိတာပေါ့´´

`` ဟုတ်ကဲ့လေးလေး ရှိကြပါတယ် ပုံစံတော့ မတူတော့ဘူးပေါ့.... ဒါပေမဲ့ အနှစ်သာရကတော့ တူကြပါတယ်..... နွားဝယ်တဲ့ သဘောပေါ့နော်...... ဟဲဟဲဟဲ´´

`` ဟာ ဟေ့ကောင် ပေါက်ကရ မပြောနဲ့ကွ မင်းကတော့... အေး ငါပြန်ဦးမယ်ကွာ.. အခုငါပြောတာလေးကို မင်းတတ်တဲ့ မာယာတွေနဲ့ ရေးလိုက်တော့... ဟုတ်ပြီလား´´

`` ဟုတ်.... ဟုတ် ဒီအတိုင်းပဲ ရေးလိုက်ပါ့မယ်ဗျာ... မာယာ သုံးစရာ မလိုပါဘူး... ရှင်းနေတာပဲကို.... ဆီးယူ လေးလေး....´´

`` ဆီးယူပါကွာ.... မိုးအေးတယ်ဆိုပြီး စွပ်ချမနေနဲ့ဦး ဟေ့ကောင်´´

`` အာ ချပါဘူးဗျ..... ရေနွေး သောက်နေတာကို မြင်လျှက်နဲ့...´´

`` အေး ချချ မချချ ပြောရမှာက ငါ့အလုပ်... သွားပြီ´´ ပြောရင်း ထီးဖွင့် ပုဆိုးမပြီး ကြွသွားပြီ..... လေးလေးတိုးကြီးက ကျွန်တော့ အတွက်တော့ အသက်ရှင်နေတဲ့ အဘိဓါန်ကြီးပါပဲ..... ဒီအဘိဓါန်ကြီးက တစ်ခါတလေ ဆဲတတ်တယ်ဗျ.....။

(ကွန်ဆူးမား)(၄-၇-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...