CoE, လွှတ်တော်, Autonomy, Accreditation နဲ့ Chartered Engineer

Ko Min Zaw on Saturday, February 2, 2013 at 10:05am
ပြီးခဲ့တဲ့ ၂၀၁၂ နှစ်ကုန်ခါနီးမှာ ဆယ်စုနှစ် တခုမက မေ့လျော့ခံထားရတဲ့ YIT/ MIT ကို Centre of Excellence (CoE) ဖြစ်အောင် ပြန် အဆင့်မြှင့်တင်မယ် ဆိုတဲ့ သတင်း ကြားခဲ့ရတယ်။
စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း တယောက် အတွက် ဒီထက် မင်္ဂလာရှိတဲ့ သတင်း ရှိနိုင်ပါအုံးမလားဗျာ။ ဆက်တိုက်ဆိုသလို မောက္ခလို ပညာရေးဦးစားပေး တင်တဲ့ ဝက်ဆိုဒ်တွေ က ဆောင်းပါးတွေ နဲ့ ဖေ့ဘွတ်ပေါ်က နုတ်စ် တွေ အစီအရီ ဖတ်လိုက်ရတယ်ဗျ။ ပညာရေးလို့ ပြောလိုက်ရင် ကျောင်းတက်ဖူး စာသင်ဖူးကြတဲ့ လူတိုင်းနီးပါး ပြောဆိုဆွေးနွေးဖို့ သိပ် မစိမ်းလှဘူးလေ။ အမြင် အမျိုးမျိုး အတွေးအမျိုးမျိုး တွေနဲ့ တင်ပြကြတာပေါ့။ ကိုယ်တိုင် ကတော့ စာ အသင်ခံရဘူးတာသာ ရှိပြီး ဆရာ မလုပ်ဖူးလေတော့ ဆရာတွေမှာ တွေ့ကြုံရမဲ့ အခက်အခဲ ကို ဂဃနဏ မသိတဲ့အတွက် CoE ဘယ်လို လုပ်သင့်တဲ့ အကြောင်း ရေးမှာ မဟုတ်ပါဘူး။ “CoE, လွှတ်တော်, Autonomy, Accreditation နဲ့ Chartered Engineer” လို့ ခေါင်းစဉ် ရှည်ရှည် တပ်ထားတဲ့ အတိုင်း အဲဒါတွေ အားလုံး တခု နဲ့ တခု ဆက်နွယ်နေတာလေးတွေ ပြောချင်တာပါဗျ။
စက်မှု တက္ကသိုလ် ရဲ့ အဆင့်အတန်းကို Centre of Excellence (CoE) အနေနဲ့ မြှင့်တင်ရာမှာ သင်ရိုးညွန်းတမ်း၊ သင်ထောက်ကူ ပစ္စည်း ပြည့်စုံမှု၊ ဆရာကျောင်းသား အချိုးအစား၊ ဝင်ခွင့် သတ်မှတ်ချက် အဆင့်အတန်း၊ ဆရာ/မ အရည်အသွေး ပြည့်ဝမှု၊ သင်ကြားနည်း နည်းစနစ်၊ အတန်းတင် အကဲဖြတ် စနစ်၊ သုတေသန အဆင့်အတန်း စတာတွေနဲ့ အကဲဖြတ်ကြတယ် ဆိုတာ ကျောင်းကို ဦးစီးဦးဆောင် လုပ်နေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ မပြောနဲ့ ကျနော်တို့လို ကျောင်းသားဘဲ ဖြစ်ဖူးတဲ့ သူတွေတောင် သိသေးတာဘဲဗျာ မြန်မာပြည် စက်မှုတက္ကသိုလ်တွေ ခေါင်းမော့ ရင်ကော့လာဖို့ ဘာတွေ လုပ်ရမယ် ဆိုတာကို နိုင်ငံတကာ ကျောင်းတွေမှာ လည်း ကျောင်းသားအဖြစ် စာတွေသင်ခဲ့ဘူးပြီး ဆရာလုပ်သက် နှစ်ပေါင်း ၃၀-၄၀ ကျော် ရှိနေတဲ့ ဆရာကြီး ဆရာမကြီးတွေ အနေနဲ့ မသိစရာ၊ မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ လုံးဝ ယုံကြည်တယ်ဗျ။ သို့သော်လည်း နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အဓိက ကျလှတဲ့ ဘတ်ဂျက်၊ လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင် စီမံဆုံးဖြတ်ပိုင်ခွင့် (Autonomy) ဆိုတာလည်း လွှတ်တော်က ချပေးသလောက်နဲ့ အကန့်အသတ် ရှိ၊ အုပ်ချုပ်ရေးပိုင်း ကြတော့လည်း မိုးကျရွှေကိုယ် တွေက ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာဘဲ လိုချင်တယ် ဆိုပြီး ဆက်လုပ်နေကြအုံးမယ် ဆိုရင်တော့ သိသော်သိငြား၊ လုပ်နိုင်သော် လုပ်နိုင်ငြား ခြေထောက် ကြိုးတုတ်ပြီး ပြေးခိုင်းသလို ဖြစ်နေဦးမှာကို G3 မှန်ဘူးတဲ့ စာသူငယ်လို စိုးရိမ်စိတ်လေးတော့ ရှိဆဲဘဲဗျ။
မြန်မာပြည်မှာရော အင်္ဂလန်မှာရော စက်မှုတက္ကသိုလ် တက်ဖူးတဲ့ ကျောင်းသားဟောင်း တယောက် အနေနဲ့ အခုလို သမိုင်းဝင် အပြောင်းအလဲကြီး မှာ ဆန္ဒရှိတာလေး တခုတော့ ထုတ်ပြောချင်တယ်ဗျာ။ YIT/ MIT course တွေကို နိုင်ငံတကာမှာ သြဇာကြီးတဲ့ institution တခုခု ရဲ့ အသိအမှတ်ပြု (accreditation) ရအောင်ထိ မြှင့်တင်စေချင်တာပါ။ UK မှာတော့ Engineering Accreditation Board – (EAB, www.engab.org.uk) ကို လျှောက်ယူရပါတယ်။ accreditation ပေးတဲ့ institution ဆီကို လျှောက်မယ် ဆိုရင် တာဝန်ရှိသူတွေက သင်နေတဲ့ course တွေနဲ့ ပတ်သက်တဲ့ quality assurance အဝဝ ကို review လုပ်ပြီး ကျေနပ်လောက်တဲ့ အနေအထား ရှိဖို့ကတော့ လိုအပ်မှာပါ။ မပေးဘူးဆိုလဲ မပေးတဲ့ အကြောင်း feedback ပြန်ရမယ် ဆိုရင်လည်း ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ရတာပေါ့ဗျာ။ မြန်မာပြည်မှာ အခုလက်ရှိ ကြားရသလောက် course တွေကို accredited လုပ်တာ မဟုတ်ပေမဲ့ အင်ဂျင်နီယာတွေကို ASEAN အသိအမှတ်ပြု PE ဆိုတာ လုပ်နေတယ်လို့ သိရတာ အင်မတန် ကောင်းတဲ့ သတင်းပါဘဲ။ ဒါတွေနဲ့ ဆက်စပ်လို့ engineering နဲ့ပတ်သက်တဲ့ UK accreditation အကြောင်း မရင်းနှီးသေးတဲ့ သူတွေသိအောင် နည်းနည်း ဖောက်သည်ချချင်တယ်ဗျာ။
European University Association (EUA, www.eua.be) ရဲ့ သတ်မှတ်ချက် အရ ဥရောပ universities တွေ ထဲမှာမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်/ လုပ်ပိုင်ခွင့်တွေ အများဆုံး ရှိတာ UK လို နိုင်ငံကြီး နဲ့ Estonia လို နိုင်ငံငယ်လေး က တက္ကသိုလ်တွေလို့ အကဲဖြတ်ထားတယ်ဗျ။ ဒါကြောင့် autonomy ဆိုတာ နိုင်ငံကြီးတာ ငယ်တာနဲ့ မဆိုင်ဘူး လို့ ယူသော်ရ၏ ဗျနော်။ Academic Freedom ဆိုတာကို University တွေ ဘယ်လောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် (Autonomy) ရှိလည်း နဲ့လဲ တွဲမြင်ကြတယ်ဗျ။ အဲဒီ Academic freedom ဆိုတာကြီးကို ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေက မကြိုက်ကြဘူးဗျ။ ဘာလို့ မကြိုက်လည်း ဆိုတော့ သူတို့ စည်းရုံးချင်တိုင်း စည်းရုံးလို့ မရ၊ မှန်တာ မှားတာတွေကို လွတ်လွတ်လပ်လပ် ဝေဖန်ကြတာ တွေကြောင့် ဖင်ထိုင်ခုံ လှုပ်မှာစိုးလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အကြောင်းအမျိုးမျိုး ပြပြီး ကန့်သတ်လေ့ရှိကြတယ် လို့ သိရတယ်ဗျ။ ကျနော်တို့ ရွှေမြန်မာတွေ အနှစ် ၅၀ ကျော် စံပြစနစ်ကြီးတွေနဲ့ ဖြတ်သန်းလာခဲ့တာ ဆိုတော့ ထွေထွေထူးထူး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ် မထင်ဘူးဗျ.. နော။ Autonomy ကို "Financial, Organizational, Staffing and Academic Autonomy " ဆိုတဲ့ နယ်ပယ် လေးခု မှာ ဘယ်လောက် လွတ်လွတ်လပ်လပ် ဆုံးဖြတ် ပိုင်ခွင့် ရှိလဲ ဆိုတာပေါ် မူတည်ပြီး အကဲဖြတ်တယ် လို့ သိရပါတယ်။ ဒီ အပိုင်း ၄ ခု ဖွံ့ဖြိုးမှု ဆိုတာကတော့ ဥပဒေပြု လွှတ်တော်က ချမှတ်ပေးတဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အက် ဥပဒေ တွေက အခရာ ကျတာပေါ့ဗျာ။
စကားစပ်လို့ဗျာ … အင်ဂျင်နီယာ ပညာရေး တိုးတက်ဖို့၊ တက္ကသိုလ် ကောလိပ် အဆင့် အဆင့်မြင့် ပညာရေး တိုးတက်ဖို့ ဆရာတွေနဲ့ ကျောင်းသား တွေထက် အဲဒီ ပညာရေးနဲ့ ဆိုင်တဲ့ အက်ဥပဒေ တွေ က အပင်တပင်ရဲ့ ပင်မ ရေသောက်မြစ်ကြီး တခုလို အဓိက ကျတယ်လို့ ကျနော်ကတော့ ယူဆတယ်ဗျ။ ရေသောက်မြစ်ကြီးထဲ ရေမ၀င်မှတော့ မျိုးစေ့ ဘယ်လောက်သန်သန် အပင်ကြီး သေမှာဘဲဗျ။ ဒါကြောင့် လွှတ်တော်က ဥပဒေပြု အမတ်ကြီးတွေ ကို အားကိုးပါရဲ့ဗျာ။ အဲ … ဟိုတနေ့ကဘဲ ခေါင်းပေါင်းစကြီး တလူလူနဲ့ အမတ်မင်းကြီးက GTC တက်သမျှ ကျောင်းသားများ ဘဇာကြောင့် BE အကုန် မရ ကြသတုံး မောင်မင်း၊ ဟိုမှာ ကလေးတွေ AGTI လက်မှတ်နဲ့ ယောင်လည်လည် နဲ့ ပျက်စီးကုန်ပြီ လို့ မေးခွန်း ထုတ်တာလဲ ဖတ်လိုက်ရရော တိုင်နဲ့ ခေါင်းနဲ့ကို ပြေးဆောင့်ချင် သွားတာဘဲဗျို့… (ခေါင်းနာမှာ စိုးလို့သာ) ။ ဥပဒေပြု အခွင့်အာဏာ ရထားတဲ့ လွှတ်တော်က ဥပဒေပြု အမတ်တွေဟာ ပညာရေး အဆင့်အတန်း မြင့်လာစေဖို့ ၊ Academic freedom ရလာစေဖို့ တွေအတွက် ကိုယ်နိုင်ငံနဲ့ ကိုက်ညီ ဆီလျော်မဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ရှိစေအောင် ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ဥပဒေပြု အခွင့်အာဏာ ရထားကြတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်လို့ ကျောင်းသား တွေ နစ်နာ သွားနိုင်တာ တွေကိုလည်း ဥပဒေတွေ အားနည်းနေရင် သုံးသပ် ပြင်ဆင်ရမယ်။ ကျောင်းသား အများစု ကုန်ကျမဲ့ ငွေအတွက် ဘယ်လိုအစီအစဉ်နဲ့ ပြန်ထောက်ပံ့နိုင်အောင် ဥပဒေထဲမှာ ဘယ်လို ပြင်ဆင်မလဲ စဉ်းစားကြရမယ်။ ဒါပေမဲ့ ကျောင်းက သူသတ်မှတ်တဲ့ ၀င်ခွင့် အရည်အချင်းကို ၀င်စွက်ဖက်လို့ မရဘူး။ ကျောင်းသားကို အရည်အချင်းစစ်တဲ့ assessment ကို စွက်ဖက်ခွင့် မရှိသင့်ဘူး လို့ဘဲ နားလည်ထားတာတွေ ဟုတ်မှ ဟုတ်ရဲ့လားတောင် ကိုယ့်ဘာသာ ပြန်ဆန်းစစ်နေမိတယ်ဗျ။
မန်းဆေးကျောင်း ကိစ္စမှာလည်း ကျောင်းခေါ်ချိန် မပြည့်လို့ စာမေးပွဲ ဖြေခွင့် မရတာက စလို့ ၃ခါ ကျတဲ့ ကျောင်းသား ကျောင်းထုတ်ခံရတာ ပြန်လက်ခံဖို့ လွှတ်တော် အမတ်က လွှတ်တော်ကနေ ဖိအားပေးသင့်တယ် မထင်ဘူးဗျ။ university drop out များလာတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ၊ appeal procedure ဘယ်လို ဘယ်ပုံရှိလဲ၊ ဆရာက ဂတိ နဲ့ ဆုံးဖြတ်နေသလား၊ အဂတိ နဲ့ ဆုံးဖြတ်နေသလား ဆိုတာမျိုးတောင် သက်ဆိုင်ရာ ၀န်ကြီးဌာန သို့မဟုတ် Regulatory body တခုခု သို့မဟုတ် ကျောင်း အုပ်ချုပ်ရေး ကသာ သုံးသပ်ရမဲ့ ကိစ္စလို့ မြင်တယ်။ ကျောင်းဘက်က စဉ်းစားရင် သူတို့ဦးတည်ထားတဲ့ အဆင့်အတန်း ထိမ်းသိမ်းဖို့ မှန်မှန်ကန်ကန် လုပ်ဆောင်နေတယ် ဆိုရင် ၀င်စွက်ဖက်တဲ့ သူ မှားတယ် ပြောရမှာပါဘဲဗျ။ လူငယ်ဆိုတာတော့ ဆယ်ကျော်သက်မှာ မှားတတ်ကြပါတယ်။ ကျောင်းစာ သင်ယူတဲ့ နေရာမှာလဲ motivation လဲ နည်းလေ့ရှိတတ်ပါတယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ လူငယ်တယောက် ၃ခါ ကျလို့ အထုတ်ခံလိုက်ရတဲ့ အတွက် မြန်မာပြည် ဘယ် institution မှာမှ တက်ခွင့် မရှိလို့ ပြန်ပြင်ခွင့် မရှိဘဲ ပေးဆပ်လိုက်ရတာက ဘ၀တက်လမ်း တခုလုံး တဆစ်ချိုး ပြောင်းသွားနိုင်ပါတယ်။ ကျောင်းသားတင် မဟုတ်ဘဲ နိုင်ငံအတွက်လဲ သွေးတတ်ရင် တန်ဖိုးတက်လာမဲ့ ကျောက်ရိုင်း တပွင့် ဆုံးရှုံးရပါတယ်။ ဒါကြောင့် ကျနော်တို့ ဆီမှာ ချမှတ်ထားတဲ့ ၃ခါ ကျလို့ အထုတ်ခံလိုက်ရတဲ့ အတွက် မြန်မာပြည် ဘယ် institution မှာမှ တက်ခွင့် မရှိတဲ့ လုပ်ထုံးလုပ်နည်းကို မပြင်ဆင်သင့်ဘူးလားလို့ မေးချင်တယ်ဗျာ။ ကျနော် သဘောကတော့ ဒါကို ဖျက်သိမ်း သင့်တယ်လို့ ယူဆမိတယ်။ ဒီကျောင်းက သူ့စည်းကမ်းနဲ့ အညီ ထုတ်လိုက်ပေမဲ့ နောက် တကျောင်းက လက်ခံခွင့်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့် ရှိစေချင်မိတယ်။ ဒါဆိုရင် University တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) နဲ့ လုံးဝ သက်ဆိုင်နေပြီ ဖြစ်တယ်ဗျ။ လွှတ်တော်မှာ မေးခွန်းထုတ်ရမှာ ဒါလို့ မြင်တယ်ဗျာ။
ဆေးကျောင်း ကိစ္စလိုဘဲ ရိုးရိုးနဲ့အောင်လို့ AGTI diploma ဘဲ ရတာကို ဘယ်လိုအောင်အောင် BE ဆက်တက်ခွင့်ပေးရမယ် ဆိုတဲ့ သဘောမျိုး လွှတ်တော် အမတ်က လွှတ်တော်ကနေ ဖိအားပေးတာ သင့်တယ် မထင်ဘူးခင်ဗျ။ သတ်မှတ်ထားတဲ့ အရည်အချင်း မမှီလို့ diploma နဲ့ ထွက်ရတဲ့ ကျောင်းသား အခွင့်အရေးကို ကာကွယ်ရာ မရောက်ဘဲ ကျောင်း အုပ်ချုပ်ရေးကို ၀င် စွက်ဖက်တာသာ ဖြစ်တယ်။ နိုင်ငံရေး အကျိုးအမြတ်အတွက် ၀င်ရောက်စွက်ဖက် သလိုဖြစ်ရင် မသင့်တော်ဘူး မြင်သဗျ။ ကျောင်းသား ဆက်တက် နိုင်တဲ့ အခွင့်အလမ်း ဖွင့်ပေးထားတဲ့ procedure က ရှိထားပြီး ဖြစ်တယ်။ တနိုင်ငံလုံးရဲ့ လူသားအရင်းအမြစ် လိုအပ်ချက်မှာ vocational ဖြစ်တဲ့ AGTI diploma holder ဘယ်လောက်လိုပြီး academic ဖြစ်တဲ့ BE/ ME/ PhD ဘယ်လောက် လိုသလဲ မကြည့်ရင် industrial requirements ကို မဖြည့်နိုင်ဘဲ ဘွဲ့ရအလုပ်လက်မဲ့က ရိုက်သတ်လို့ ကုန်မှာ မဟုတ်ဘူးဗျ။ အနည်းဆုံး အာစီယံ အဆင့် အသိအမှတ်ပြု မခံရတဲ့ ဘွဲ့ရတွေ များလာပေမဲ့ သုံးစားမရလို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ထပ်လိုလာမဲ့ လုပ်အား လိုအပ်ချက်ကို မဖြည့်နိုင်ရင် အိမ်နီးချင်း နိုင်ငံက graduate တွေ ပြည်တွင်း ဈေးကွက်ကို ၀င်ယူလာကြလိမ့်မယ်ဗျ။ THS တွေကနေ ထုတ်ပေးတဲ့ technician တွေ အဆင့် (diploma ထက် တဆင့်နိမ့် Certificate ) ဆို ရှိကို မရှိသလောက် ဖြစ်နေပြီဗျ။ ဒါကြောင့် vocational course တွေကိုလည်း vocational အနေနဲ့ အဆင့်အတန်းရှိရှိ အောင်မြင်အောင်၊ academic course တွေ ကိုလည်း academic course အနေနဲ့ အဆင့်အတန်းရှိရှိ အောင်မြင်အောင် လုပ်ဖို့ လိုပါတယ်။ တိုင်းပြည်မှာ လိုအပ်နေတဲ့ vocational course တွေ အောင်မြင်အောင် school/ college အဆင့် အရည်အသွေး အားကောင်းလာစေဖို့၊ ထွက်လာတဲ့ ကျောင်းသားတွေ သူ့အဆင့်နဲ့သူ အနိမ့်ဆုံး အရှေ့တောင် အာရှ အသိအမှတ်ပြု ဖြစ်လာစေဖို့၊ Academic institution တွေကို academically freedom ရှိရှိ ဖွံ့ဖြိုးလာအောင် ဆိုတာ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ autonomy ပေးပြီး strategically လုပ်ရမှာလို့ စဉ်းစားမိတယ်ဗျာ။ ကျောင်းတွေရဲ့ quality assurance ကို ဘယ်လိုလုပ်ရမယ် ဆိုတာ ကျောင်းက professor တွေ ကောင်းကောင်း နားလည်ကြပါတယ်။ ရေသောက်မြစ်ထဲ ရေ၀င်အောင်သာ လုပ်ပါ၊ အပင်ကြီး သီးပွင့် ကြီးထွားလာဖို့ သေချာပါတယ်။ အရင်ကတော့ နိုင်ငံရေး မငြိမ်မသက် ဖြစ်တာတွေကြောင့် Government Intervention သိပ်များလို့ အရပ်သားတွေရဲ့ တက္ကသိုလ် ပညာရေး သင်းသတ်ခံနေခဲ့ရတာ ကနေ အခု Parliament Intervention ပါ ထပ်တိုးလာရင်တော့ စာကလေး အမွှေးနှုတ်ထား သလိုကို ဖြစ်တော့မှာဗျ။ ဒါကြောင့် အင်ဂျင်နီယာ ပညာရေးကို လွှတ်တော်က ပဲ့ အကိုင်များ မတော်ရင် ဒီ ဝဲဂယက် က ထွက်ပါ့မလား ဆိုပြီး ရင်တမမ လဲ ဖြစ်ရတယ်ဗျာ။
အင်္ဂလန်မှာတော့ ကိုယ်ပိုင် အုပ်ချုပ်ပြီး သူ့ထက်ငါ အပြိုင်အဆိုင် သင်နေတဲ့ တက္ကသိုလ် ၁၀၀ ကျော် ရှိလေတော့ quality assurance standardize လုပ်ဖို့ သူတို့ရဲ့ engineering course တွေကို Engineering Council (EC-UK) တခုထဲကနေ အသိအမှတ်ပြု တာ/ မပြုတာတွေ လုပ်ရတယ်ဗျ။ EC-UK က engineering profession အတွက် regulatory body လို့ ခေါ်ပါတယ်။ Chartered Engineer, Incorporated Engineer, Engineering Technician တွေ မှတ်ပုံတင်ပေးတဲ့ အဖွဲ့အစည်းပေါ့။ EC-UK ကို umbrella organisation လို့ ခေါ်နိုင်ပါတယ်။ သူ့အောက်မှာ ဆိုင်ရာဆိုင်ရာ တွေဖြစ်တဲ့ Institution of Civil Engineers (ICE), Institution of Structural Engineer (IStructE), Institute of Highway Engineers(IHE), The Chartered Institute for IT (BCS), Institute of Mechanical Engineer (IMechE) အစရှိသဖြင့် အများကြီး ပေါင်းဖွဲ့ထားကြတာ ဖြစ်တယ်ဗျ။ အသေးစိတ် အချက်အလက်တွေတော့ www.engc.org.uk မှာ ကြည့်နိုင်ပါတယ်။ ကျနော်တို့လို Civil/ Structural Engineer တွေကတော့ ICE တို့ IStructE တို့က တဆင့် Chartered Engineer (လိုင်စင်ရအင်ဂျင်နီယာ လို့ ဘာသာပြန် နိုင်မလား မသိဘူး) ဖြစ်ဖို့ ကြိုးစားကြရတော့ဗျာ။ သူတို့ သတ်မှတ်တဲ့ အရည်အချင်းစစ် စာမေးပွဲတွေ အောင်ပြီးသွားပြီ ဆိုရင်တော့ နံမည် နောက်မှာ CEng MICE ဒါမှ မဟုတ် CEng MIStructE ဆိုပြီး ကိုယ်ဖြေထားတဲ့ Institution အလိုက် တပ်ခွင့်ရတာပေါ့။ CEng ဆိုတာ Chartered Engineer ကို ဆိုလိုပြီး နောက်က ကိုယ်ဖြေထားတဲ့ MICE/ MIStructE ဆိုတာမျိုးတွေကတော့ ကိုယ်ဖြေဆိုလာတဲ့ Institution membership ကို ထည့်ကြတာ ဖြစ်တယ်ဗျ။
EC-UK က အရည်အချင်း စိစစ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ အသင်း အဖွဲ့ဝင် အဖြစ် လိုင်စင်ရ အင်ဂျင်နီယာ (CEng) လို့ သတ်မှတ်ထားလိုက်ပြီ ဆိုရင် ဘယ်နိုင်ငံကမှ အဆင့်မမှီဘူး ပြောမရတော့ဘူးပေါ့ဗျာ။ ဆရာဝန်တွေ MRCP/ MRCS (Membership of the Royal Colleges of Physicians/ Surgeons) ယူတာနဲ့ သဘောချင်း အတူတူဘဲဗျ။ Chartered Engineer အနေနဲ့ သတ်မှတ်ပြီး EC-UK က အရည်အချင်း ကို အာမခံပေးထားတဲ့ အတွက် လုပ်ငန်းခွင်မှာ တာဝန်ကြီးကြီး ယူရမဲ့ နေရာရောက်လာပြီ ဆိုရင် ဒိုင်း ဒိုင်း ဒိုင်း ဆို မြန်မြန်ဆန်ဆန် တောက်တောက်ပပ ရာထူးတွေ တက်သွားတတ် ကြတယ်ဗျ။ Brighter futures ပေါ့ဗျာ။ လက်ရှိလုပ်နေတဲ့ ကုမ္မဏီက တက်မပေးဘူး ဆိုရင်လည်း သနားတယ်သာ ပြောလိုက်.. ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုဘဲ ဘယ်ကုမ္ပဏီ ပြောင်းမလဲ CV တစောင် ဖမ်းပို့… နောက်တပတ် အင်တာဗျူး ၅ခု လောက် ချိတ်ပြီးသားဘဲ။ ဆိုတော့ဗျာ အဲဒီလို ဈေးကောင်းတဲ့ Chartered Engineer (CEng) ကို တနှစ်မှ အသင်းဝင်ကြေး စတာလင်ပေါင် ၂၇၀ လောက်ပေးရတာ လူတိုင်း အသင်းဝင်ချင်တာပေါ့နော။ ပြန်ရမှာ နည်းမှ မနည်းဘဲ။ အဲ.. လူတိုင်း ၀င်ခွင့်ရရင်လည်း ဈေးပေါသွားမပေါ့။ အဲဒါကြောင့် သူက အနိမ့်ဆုံး ရှိရမဲ့ ပညာအရည်အချင်း တွေ သူ့ အဆင့်လိုက် သတ်မှတ်ထားတယ်ဗျ။ Chartered Engineer အတွက် အနိမ့်ဆုံး အဆင့် EC-UK က အသိအမှတ်ပြုထားတဲ့ Masters Level ရှိရမယ်၊ Incorporate Engineer အတွက် အနိမ့်ဆုံး အဆင့် EC-UK က အသိအမှတ်ပြုထားတဲ့ Bachelor Degree Level နဲ့ Engineering Technician အနိမ့်ဆုံး အဆင့် EC-UK က အသိအမှတ်ပြုထားတဲ့ Diploma Level ရှိရမယ်လို့ သတ်မှတ်ထားတယ်။
ဒါကြောင့် EC-UK က ဒီဂရီတွေ အသိအမှတ် ပြုဖို့ Accreditation of courses ကိုပါလုပ်ရပါတယ်။ ကျောင်းတွေက သင်တဲ့ course တွေကို review လုပ်ပြီး သူတို့ သတ်မှတ်ထားတဲ့ အဆင့် ရှိမရှိ ဆုံးဖြတ်တယ်။ Accredited course တွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်အောင် သူတို့ရဲ့ web page ဖြစ်တဲ့ http://www.engc.org.uk/education--skills/accreditation/accredited-course-search မှာ တင်ထားတယ်။ စကားစပ်လို့ (စကားစပ် တာတွေကလည်း များသဗျာ..) မြန်မာပြည်က ကျောင်းအကျိုးဆောင်တွေ ဆီမှာ ကျောင်းတွေဘာတွေများ စုံစမ်းမယ် ဆိုရင် ကျောင်းသားရော၊ ကျောင်းသားမိဘရော ဒါမျိုး အသိအမှတ် ပြုထားလား သေချာမေးပါ။ ကိုယ်က အချိန်ရော ငွေရော ကြိုးစားအားထုတ်မှုရော စိုက်ရမှာ ဘာမှ အားနာစရာ မလိုဘူးနော်။ ကျောင်းအကျိုးဆောင်တွေ ကတော့ အကျိုးဆောင်ခ မရခင်တော့ လာထား အာဘွား… အကျိုးဆောင်ခ လည်း ယူပြီးရော စားပြီး နားမလည် ၀ါးပြီး ထွေးထုတ် လုပ်တော့မှာ။ ကိုယ့်မှာသာ သိန်း ရာနဲ့ချီရင်း၊ အချိန်တွေကုန်ပြီး အသိအမှတ်မပြုတဲ့ ဘွဲ့ကြီး ပိုက်ပြီး မထွေးနိုင် မအန်နိုင်နဲ့ ဂိ နေမှာ။ ကျောင်းရှာတယ် ဆိုရင် တခြား ယုံကြည်ရလောက်တဲ့ source တွေကနေ စုံစမ်းပါ။ တရားဝင် ကျောင်း web site တွေ ကိုယ်တိုင် လေ့လာပါ။ UK Accreditation နဲ့ ပတ်သက်ရင် EC-UK မှာ တင်ထားတဲ့ information ထက် မှန်စရာ မရှိပါ။ အလုပ်အတူလုပ်ဖူးတဲ့ တရုတ်ပြည်က လာတက်တဲ့ တရုတ်မ တယောက် သူ့ UK Masters ကို accredited မလုပ်တာနဲ့ institution membership ဝင်လို့မရ၊ မရတော့ လူလျှော့စရာလဲ ရှိရော သူ အရင်ဆုံး အလုပ်ပြုတ်ရောဗျ။ accredited လုပ်ထားတယ် ဆိုရင်လည်း ကိုယ်တက်မဲ့ course ကို ဘယ် အဆင့်ထိ အသိအမှတ်ပြုထားလဲ သိထားဖို့ လိုပါတယ်။ ဟိုတလောက ဂျာနယ်တခု ကြော်ငြာမှာ UK BEng (Hons) course ကို Chartered အသိအမှတ်ပြု သလိုလို လုံးချ ရေးထားတာ တွေ့မိလိုက်လို့ပါ။ Chartered အဆင့်အတွက် MSc/ MEng ရှိထားဖို့ လိုပါတယ်။ BE, BEng ကို တဆင့်နိမ့်တဲ့ Incorporated Engineer အထိဘဲ အသိအမှတ်ပြုပါတယ်။
EC-UK ရဲ့ အသိအမှတ်ပြု course တခုခုကို စတက်နေတဲ့ အချိန်က စပြီး Student Member အနေနဲ့ အသင်းစဝင်လို့ ရပါပြီ။ အသိအမှတ်ပြု MSc/ MEng ဘွဲ့ရပြီးရင်တော့ သတ်မှတ်ပြီး Graduate Member အနေနဲ့ အသင်းဝင် ဖြစ်ပြီပေါ့။ အဲဒါဆိုရင်တော့ CEng professional engineer အတွက် လိုအပ်တဲ့ အခြေခံ ပညာရေး minimum educational requirement မှီပြီလို့ သတ်မှတ်ပါတယ်။ CEng လမ်းကြောင်းပေါ် စတက်ပြီ လို့ ပြောနိုင်ပါတယ်။ အဲဒီနောက်မှာတော့ လုပ်ငန်းခွင်နဲ့တွဲပြီး Continuing professional development (CPD) course တွေ ဆက်လေ့လာ၊ လိုအပ်တဲ့ report တွေ ရေးတင်ရင်း သတ်မှတ်ထားတဲ့ development objectives တွေကို ပြည့်မှီအောင် ၃ နှစ် ကနေ ၅ နှစ် အထိ စနစ်တကျ ပြင်ဆင်ကြရတယ်ဗျ။ ကိုယ် ၀င်ဖြေတဲ့ institution ပေါ် လိုက်လို့ စာမေးပွဲ ဖြေကြ၊ interview ၀င်ကြတွေ လုပ်ကြရပါတယ်။ အဲဒီမှာ Pass ဖြစ်ရင် CEng/ IEng ရပြီးပေါ့ဗျာ။ ဟိုးအရင် ၆၀ခု ၀န်းကျင်လောက်က မြန်မာ အင်ဂျင်နီယာကြီးတွေ membership ယူထားတာ ကြားဖူးပေမဲ့ နောက်ပိုင်းတော့ မြန်မာလူငယ်အင်ဂျင်နီယာတွေ ကြားတောင် မကြားဖူးကြတော့ဘူး ထင်တာဘဲဗျ။ အင်း … အဲ... ဟိုဒင်း.. ဟိုဝါ… တွေကြောင့် ဆုတ်ယုတ်သွားတာ နေမှာပေါ့နော်။ ပေါက်တယ်နော်… ပေါက်တယ် မလား... :-P ။ အားငယ်စရာတော့ မရှိပါဘူးလေ.. ၁ နေ့ ၁ လံ ချာတာ ဘယ်ပြေးမလဲ ပေါ့ဗျာ။
ဒီ နုတ်စ် အရှည်ကြီး နဲ့ လေကန်ထားတာကို ဖတ်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါကြောင်း ပြောရင်း နောင် တနေ့.. ကျနော်တို့ရဲ့ သားသမီး မြေးမြစ်တွေ လက်ထက်တော့ ရွှေမြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာကို လွှမ်းနိုင်ကြဖို့ ဆုတောင်းနေမယ်ဗျာ။
0 comments:
Post a Comment