Thursday, February 21, 2013

လစ်ဘာတီနဲ့ ငြိမ်းချမ်းရေး

by Wint Htan on Thursday, February 21, 2013 at 8:18pm ·
လွတ်လပ်ရေးရစ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သလို တစ်ဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီကာလ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေဟာ လက်ဝဲ၀ါဒ အမြင်နဲ့ လှုပ်ရှားခဲ့တာလို့ ယူဆစရာပါ။ အဲဒီငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ၊
 ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်မလဲဆိုတာ လက်ရှိ ငြိမ်းချမ်းရေးသမားတွေနဲ့ သမိုင်းသုတေသီတွေအဖို့ ပြန်လည်သုံးသပ်စရာတွေပါပဲ။

ဒီကနေ့ကျတော့ အစိုးရက ကမကထလုပ်တဲ့ ‘ငြိမ်းချမ်းရေးစင်တာ’ ဆိုတာ ရှိလာပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည် ငြိမ်းချမ်းရေးလုပ်ငန်းမို့ စောင့်ကြည့်ကြရမှာပါ။ အဲဒီမှာ ပြန်တော်ပြန် နိုင်ငံရေးသမားတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ နော်ဝေနိုင်ငံ ဦးဆောင်တဲ့ ဒိုနာတွေ ရှိကြတယ်။ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ငြိမ်းချမ်းရေးပွဲစားတွေလည်း ၀င်ထွက်ပါတယ်။ အရင်နဲ့ မတူတာတာက ခေတ်သစ် ငြိမ်းချမ်းရေးသမားတွေဟာ နိုင်ငံတကာအကူအညီ ပိုယူပြီး ငြိမ်းချမ်းရေး လုပ်လာကြတာပါ။ စိတ်ဝင်စားစရာက သူတို့တွေကကော ဘယ်လိုအယူအဆတွေ ဘယ်လို သီအိုရီတွေကိုင်ပြီး ငြိမ်းချမ်းရေးလုပ်နေသလဲ ဆိုတာပါ။


မြန်မာ့ငြိမ်းချမ်းရေး အယူအဆ

ဒီနေရာမှာ ငြိမ်းချမ်းရေးလိုလားသူအားလုံး ဂရုပြုသင့်တာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးအမြင်ပါ။ မနှစ်က နိုဘယ်ငြိမ်းချမ်းရေးမိန့်ခွန်းမှာ ဒေါ်စုက သူမြင်တဲ့ မြန်မာ့ငြိမ်းချမ်းရေးအယူအဆကို ကမ္ဘာသိအောင် ပြောသွားပါတယ်။ မြန်မာတွေရဲ့ ငြိမ်းချမ်းရေးအယူအဆက ‘အဆင်ပြေညီညွတ်မှုတွေကို ဟန့်တားနှောင့်ယှက်မယ့် အရာတွေ မရှိတော့ခြင်းကနေ ပေါ်ထွက်လာတဲ့ ပျော်ရွှင်မှု’ ဆိုပြီး ရှင်းပြပါတယ်။

“ငြိမ်းချမ်း ဆိုတဲ့ မြန်မာစကားဟာ လောင်မြိုက်နေတဲ့ မီးတွေငြိမ်းသွားပြီး အေးမြမှု ပေါ်ထွက်လာခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒုက္ခမီးတွေ လောင်မြိုက်နေတယ်။ ကျွန်မနိုင်ငံမှာလည်း ရန်လိုမှုတွေနဲ့ အကြမ်းဖက်မှုတွေက နေရာတကာမှာ ဖြစ်နေတယ်။ အဲဒီ အကြမ်းဖက်ရက်စက်မှု သတင်းတွေဟာ ကမ္ဘာအနှံကို ပျံ့နှံသွားတယ်။ ဆာလောင်မှု၊ ရောဂါဘယထူပြောမှု၊ နေအိမ်ရွှေ့ပြောင်းခံရမှု၊ အလုပ်အကိုင်မဲ့မှု၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ခွဲခြားဆက်ဆံခံရမှု၊ မလိုမုန်းထားမှု၊ တယူသန်မှု စတဲ့ သတင်းတွေကို နေ့စဉ်လိုလို ကြားမြင်နေကြရတယ်။ နေရာတိုင်းမှာ အဖျက်စွမ်းအားတွေ (negative forces) က ငြိမ်းချမ်းရေး အုတ်မြစ်ကို လှိုက်စားပစ်နေတယ်။ ကျွန်မတို့ကမ္ဘာကြီးရဲ့ ပျော်ရွှင်မှုနဲ့ ညီညွတ်သဟဇာတဖြစ်မှုကို ကာကွယ် ထိန်းသိမ်းပေးဖို့ လိုအပ်တဲ့ လူသားရင်းမြစ်တွေကို အဆင်ခြင်မဲ့ အလဟဿဖြုန်းတီးပစ်နေတာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်…”

“…..နေရာတကာမှာ အဖျက်အင်အားစုတွေက အပြုအင်အားတွေထက် ပိုအားကောင်းနေပြီဆိုရင် ကျွန်မတို့အားလုံးအတွက် အန္တရာယ်ရှိနေပြီ။ ဒီတော့ အဲဒီ အဖျက်အင်အားတွေ အားလုံးကို အမြဲဖယ်ရှားနိုင်မလားဆိုတဲ့ မေးခွန်းရှိလာတယ်။ ရိုးရှင်းတဲ့ အဖြေကတော့ ‘နိုး’ ပါ။ အပြု (positive) နဲ့ အဖျက် (negative) နှစ်ခုစလုံးပါတာကိုက လူသားသဘာဝပါ။ ဒါပေမဲ့ အပြုသဘောတွေကို ပိုမိုအားကောင်းအောင်လုပ်ဖို့နဲ့ အဖျက်တွေကို လျော့ပါးအောင်လုပ်ဖို့ လူသားမှာစွမ်းရည်တွေ ရှိပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးတစ်ခုလုံး အဆုံးစွန်ငြိမ်းချမ်းဖို့ဆိုတာက မရရှိနိုင်တဲ့ ပန်းတိုင်ဖြစ်ပေမဲ့၊ ဒါက ကျွန်မတို့ ဆက်သွားရမယ့်ခရီး ပါပဲ။ ကန္တရခရီးသည်တစ်ဦးဟာ သူ့အသက်ရှင်သန် လွတ်မြောက်ဖို့ကို ညွှန်ပြနေတဲ့ တစ်လုံးထဲသောကြယ်စင်အပေါ် သူ့မျက်လုံးတွေ စူးစိုက်ထားရသလို၊ ကျွန်မတို့ မျက်လုံးတွေကိုလည်း ငြိမ်းချမ်းရေးအပေါ်မှာပဲ စွဲစွဲမြဲမြဲထားကြရပါမယ်။ ကမ္ဘာမြေပေါ်မှာ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့ မရရှိရင်တောင်မှ၊ ငြိမ်းချမ်းရေးရဖို့ စုပေါင်းအားထုတ်မှုတွေကနေ လူတစ်ဦးချင်းကြား၊ နိုင်ငံတွေကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ မိတ်ဆွေဖြစ်မှုနဲ့ ကျွန်မတို့ လူသားအသိုက်အ၀ိုင်းအတွက် လုံခြုံမှုနဲ့ ကြင်နာမှုတွေ ဖြစ်လာအောင် ကူညီနိုင်ပါလိမ့်မယ်…”

“….ကျွန်မတို့ရဲ့ အဆုံးစွန်သောရည်မှန်းချက်ဟာ လူတွေနေရာပြောင်းရွှေ့ခံရမှု၊ အိမ်ခြေယာမဲ့ဖြစ်မှု၊ မျှော်လင့်ချက်မဲ့မှုတို့ကနေ ကင်းဝေးတဲ့ ကမ္ဘာတစ်ခု ဖန်တီးဖို့သာ ဖြစ်သင့်ပါတယ်။ ကမ္ဘာနေရာတိုင်း ထောင့်တိုင်းဟာ အဲဒီမှာနေထိုင်နေသူတွေအတွက် လွတ်လပ်မှုရှိပြီး ငြိမ်းချမ်းစွာ ခိုလှုံနိုင်မယ့် ဘေးမဲ့ရိပ်မြုံအစစ်အမှန် ဖြစ်သင့်ပါတယ်။ အတွေးတိုင်း၊ စကားလုံးတိုင်း၊ အပြုအမူတိုင်းဟာ အပြုသဘောဆောင်မှုနဲ့ လျော်ကန်သင့်မြတ်မှုကို ဖြစ်စေပြီး ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေရပါမယ်။ ကျွန်မတို့ တစ်ဦးချင်းစီတိုင်းမှာ အဲဒီငြိမ်းချမ်းရေးဖြစ်ထွန်းစေဖို့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ ကျွန်မတို့ လုံခြုံစိတ်ချစွာ အိပ်ရပြီး ပျော်ရွင်စွာ နိုးထနိုင်မယ့် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့ ကြိုးစားရာမှာ ကျွန်မတို့လက်တွေ ခိုင်မြဲမြဲ ယှဉ်တွဲထားကြပါစို့….”


ဒေါ်အောင်ဆန်းစုကြည်က သူ့ငြိမ်းချမ်းရေးအမြင်ဟာ မြန်မာ့ငြိမ်းချမ်းရေးအမြင်ဖြစ်သလို ဗုဒ္ဓအယူအဆအပေါ်မှာ အခြေခံထားတယ်လို့ ဆိုပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးအယူအဆနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ကမ္ဘာသိ ရှင်းပြနိုင်တာကြောင့် မြန်မာတွေအတွက် ဂုဏ်ယူစရာပါပဲ။

ဒေါ်စုက တစ်ကမ္ဘာလုံးမှာ အပြည့်အ၀ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး၊ သို့သော် ငြိမ်းချမ်းရေးကို မျက်ခြေမပြတ် စုပေါင်းအားထုတ်ခြင်းအားဖြင့် နိုင်ငံတိုင်း လူမျိုးတိုင်းကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်။ လူသားသဘာဝမှာ အကောင်း အဆိုးတွေ ရှိနေပေမဲ့၊ အကောင်းတွေ အားကောင်းလာအောင်နဲ့ အဆိုးတွေ လျော့ပါးအောင် လုပ်နိုင်တာဟာ လူသားပဲဖြစ်တယ်။ ဒါကြောင့် တစ်ဦးချင်းရဲ့ အပြောအဆို အပြုမူတိုင်းဟာ ငြိမ်းချမ်းရေးတွေပဲ ဖြစ်နေသင့်တယ်။ ကမ္ဘာပေါ်က လူတိုင်းရဲ့ တစ်ဦးချင်းလွတ်လပ်မှုနဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ရရှိအောင် ၀ိုင်းဝန်းကြိုးစားခြင်းနဲ့ မိမိကိုယ်တိုင်ရဲ့ အကျင့်ဆိုးတွေကို လျော့ပါးအောင်လုပ်ခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။


လစ်ဘာတီရဲ့ ငြိမ်းချမ်းရေး အကျိုးပြုမှုများ

ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မြန်မာ့ငြိမ်းချမ်းရေးအယူအဆဟာ ကနေ့ခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးအယူအဆနဲ့လည်း တူညီမှုရှိပါတယ်။ ကနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတိုင်းဟာ တစ်ဦးချင်းလွတ်လပ်ခွင့်၊ အဖိနှိပ်ခံတွေနဲ့ လူမျိုးစုငယ်တွေရဲ့ လွတ်လပ်ခွင့်အပေါ်မှာ အခြေတည်ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းမှာ လူတစ်ဦးချင်းတန်ဖိုးတွေကို အကာကွယ်ပေးမယ့် ‘လစ်ဘာတီ’ တွေ ဖန်တီးယူရတာဖြစ်သလို၊ အစိုးရရဲ့ အာဏာပါဝါကို ကန့်သတ်ကြရတာ ဖြစ်ပါတယ်။

'လစ်ဘရယ် ဒီမိုကရေစီ' ဟာ  တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဆိုတဲ့ စနစ်နှစ်ခုကို ပေါင်းစပ်ကျင့်သုံးတာ ဖြစ်တယ်။ လူအများ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုက ငြိမ်းချမ်းရေးကို တိုးမြှင့်ပေးနိုင်သလို၊ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီ အားကောင်းလာပါမှ ငြိမ်းချမ်းရေး အမှန်အကန် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ လစ်ဘာတီမှာ အဓိက သုံးခုရှိပါတယ်။ စီးပွားရေး လစ်ဘာတီ၊ ဘာသာရေးလစ်ဘာတီနဲ့ နိုင်ငံရေးလစ်ဘာတီတို့ပါ။ အဲဒီသုံးခုက အစိုးရအာဏာကို ကန့်သတ်ထားဖို့နဲ့ ထိန်းညှိနိုင်ဖို့ ကူညီပါတယ်။

အထူးသဖြင့် နိုင်ငံရေးလစ်ဘာတီရှိမှုက ပြည်တွင်းမှာဖြစ်ဖြစ် နိုင်ငံတကာနယ်ပယ်မှာဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ထွန်းလာစေတယ်။ ငြိမ်းချမ်းတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆောင်ကြဉ်းပေးတယ်။ နိုင်ငံရေးလစ်ဘာတီမှာ ပြည်သူ့ရေးရာ ကိစ္စတွေအပေါ် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေ ပါဝင်ပါတယ်။ ဒီမိုကရေစီနိုင်ငံသားတွေက အစိုးရကို ဆန့်ကျင်လိုတဲ့အခါ အဲဒီအခွင့်အရေးတွေကို တစ်နည်းမဟုတ်တစ်နည်း အသုံးပြုပါတယ်။ လစ်ဘာတီရဲ့ ကျင့်ထုံးတွေ အင်စတီကျူးရှင်းတွေကို အသုံးပြုပြီး ဥပဒေတွင်းကနေ အစိုးရကို လူထုက ဆန္ဒပြနိုင်တယ်။ လစ်ဘာတီဟာ သဘာဝအားဖြင့် ဒီမိုကရေစီမဟုတ်တဲ့ အစိုးရတွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တားမြစ်လေ့ရှိပါတယ်။

တစ်ဖက်မှာ ဒီမိုကရေစီအစိုးရတွေက အတိုက်အခံတွေကို ချေမှုန်းဖျက်စီးလည်းမပစ်နိုင်၊ လုံးဝလျစ်လျူရှုထားလို့လည်း မရတာကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးဆက်ဆံမှုတွေလုပ်ရတယ်။ ရွေးကောက်ပွဲရလဒ်မှာ အတိုက်အခံ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အာဏာရသူက ငြိမ်းချမ်စွာ ဆက်ဆံရပါတယ်။ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ ပြိုင်ဘက်တွေကြား အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာ လုပ်ကြရပါတယ်။

ဒီမိုကရေစီအစိုးရတွေမှာ စစ်ပွဲတစ်ခုဆင်နွှဲဖို့ အဟန့်အတားတွေ အများကြီးရှိပါတယ်။ အာဏာရှင်တွေကတော့ ဘယ်သူ့မှ ဆွေးနွေးတိုင်ပင်တာမရှိဘဲ စစ်ပွဲတစ်ပွဲ စတင်နိုင်တယ်။ အီရတ်က ဆဒမ်ဟူစိန် ဆိုရင် ဘယ်သူ့မှ မတိုင်ပင်ဘဲ ၁၉၈၀ မှာ အီရန်၊ ၁၉၉၀ မှာ ကူဝိတ်နိုင်ငံတို့ကို ၀င်တိုက်ခဲ့တယ်။ ဟစ်တလာကလည်း ဥရောပမှာ ဒုတိယကမ္ဘာစစ်ကို သူ့စိတ်ပေါက်သလို စတင်ခဲ့တယ်။ ဒီမိုကရေစီခေါင်းဆောင်တွေမှာတော့ အဲဒီလို ရမ်းဖို့ဆိုရင် အတားအဆီးတွေ အများကြီးရှိနေတတ်တယ်။

ဒါကြောင့် တစ်ဦးချင်း လစ်ဘာတီဟာ အစိုးရတွေ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အပေါ် ဩဇာသက်ရောက်မှု အများကြီးရှိပါတယ်။ နောက်ပြီး ဒီမိုကရေစီအပေါ် လစ်ဘာတီရဲ့ အကျိုးပြုမှုတစ်ခုက ‘ပွင့်လင်းမြင်သာမှု’ (transparency) ပါပဲ။ လစ်ဘာတီဟာ အစိုးရရဲ့ အာဏာကို စောင့်ကြည့်ကန့်သတ်မှုတွေ လုပ်တာကြောင့်၊ လစ်ဘာတီနောက်မှာ ပွင့်လင်းမြင်သာမှု ကပ်ပါလာပါတယ်။ ဒီမိုကရေစီစနစ် အလုပ်လုပ်ပုံတွေနဲ့ အစိုးရရဲ့ မူဝါဒ ရွေးချယ်ဆောင်ရွက်ပုံတွေကို အများပြည်သူတွေ အကွင်းလိုက် မြင်နိုင်အောင် လစ်ဘာတီက ကူညီပေးတယ်။ ချထားတဲ့ ဥပဒေတွေကို အစိုးရ လိုက်နာမှုရှိအောင် လစ်ဘာတီက ထိန်းကျောင်းပါတယ်။

အဲဒီလို လစ်ဘာတီ အားကောင်းလာမှုကို ‘ယုံကြည်မှု တည်ဆောက်ရေးဖြစ်စဉ်’ (confidence-building measures) လို့ ခေါ်ကြပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးလုပ်နည်းလုပ်ဟန်တွေ ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ ပြည်တွင်းမှာရော အခြားနိုင်ငံတွေနဲ့မှာပါ ယုံကြည်မှုတွေ တိုးပွားလာပါတယ်။ ပွင့်လင်းမြင်သာမှုတွေကို သယ်လာပေးတဲ့ လစ်ဘာတီကြောင့် ယုံကြည်မှုတွေ တိုးပွားလာပြီး လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်စဲလာစေပါတယ်။ လစ်ဘာတီ အလေ့အကျင့်တွေ၊ လစ်ဘာတီ အင်စတီကျူးရှင်းတွေကို ပွေ့ဖက်ထားတဲ့ ဒီမိုကရေစီနိုင်ငံဟာ တခြားသောဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ ငြိမ်းချမ်းစွာ ပြုမူဆက်ဆံမှုတွေ ရှိလာတယ်။ နိုင်ငံခြားရေး မူဝါဒတွေမှာ အောင်မြင်မှုတွေ ရရှိလာပါတယ်။

တစ်ဦးချင်း vs လူထု

ဒါကြောင့် လစ်ဘာတီက ဒီမိုကရေစီကို အားကောင်းစေတယ်။ လစ်ဘရယ် ဒီမိုကရေစီ တိုးပွားလာခြင်းဟာ ငြိမ်းချမ်းရေး ပျံ့နှံစေခြင်းပါပဲ။ ဒီအတွက် ငြိမ်းချမ်းရေးသမားဆိုသူဟာလည်း လစ်ဘာတီကို ပွေ့ဖက် ရှင်သန်နေထိုင်သူသာ ဖြစ်ရပါမယ်။ တစ်ဦးချင်းအခွင့်အရေးနဲ့ လူနည်းစု အခွင့်အရေးတွေအတွက် ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးလှုပ်ရှားနေသူသာ ဖြစ်ရပါလိမ့်မယ်။

တစ်ဦးချင်းပိုင်ခွင့် (individualism) တွေကို စတေးပစ်တဲ့ စကားလုံးတွေ၊ အယူဝါဒတွေရဲ့ အန္တရာယ်ကို ငြိမ်းချမ်းရေးသမားတိုင်း သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ‘ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာကာကွယ်ရေး၊ ခွဲမထွက်ရေး၊ တစ်ပြည်ထောင်စနစ်၊ လူထုအတွက်၊ အများအတွက်၊’ စတဲ့ အစုအပေါင်း အယူအဆတွေ (mass, collectivism)၊ ကြွေးကြော်သံတွေအောက်မှာ တစ်ဦးချင်းပိုင်ခွင့်နဲ့ လူနည်းစုအခွင့်အရေးတွေ ဖျက်ဆီးမြေမြှုပ်ပစ်ကြတာ သမိုင်းတလျှောက် ပါပဲ။ လူထုအတွက်လို့ ကြွေးကြော်ရင်း၊ အစုအပေါင်းစနစ်တွေ ဘုံစနစ်တွေကို ထူထောင်ဖို့ ကြံရွယ်ရင်း အစိုးရလက်တံတွေ ရှည်သထက်ရှည်လာပြီး ငြိမ်းချမ်းရေးတွေ ကြေမွခဲ့ရပါတယ်။

ဒါကြောင့် တစ်ဦးချင်းရပိုင်ခွင့်ကို ကာကွယ်ဖို့က ငြိမ်းချမ်းရေးသမားတွေရဲ့ မွေးရာပါတာဝန်ကြီး ဖြစ်ပါတယ်။ ဒီအတွက် ၂၁ ရာစု ငြိမ်းချမ်းရေးသမားဟာ ဒေါင်ဒေါင်မြည် ဒီမိုကရက်တစ်ယောက် ဖြစ်နေရလိမ့်မယ်။ ဂလိုဘယ်ခေတ်မှာ လစ်ဘာတီသမားအနေနဲ့ မိုးကို ဒူးနဲ့ထတိုက်မတတ် ရှင်သန်မြူးကြွနေရပေလိမ့်မယ်။

ရဲမြင့်ကျော်
မဇ္ဈိမဂျာနယ် အတွဲ ၂၊ အမှတ် ၂၁၊ ဖေဖော်ဝါရီ၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...