Monday, February 25, 2013

မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။


 မျောလွင့်နေတဲ့ စိတ်တွေကို စုဆည်းဖို့ ကြိုးစားမိချိန်မှာ ရင်မောမောခြင်းတွေ အခါခါဖြစ်မိပါတယ် ။ ကျွန်မ စာတွေ ရေးချင်စိတ်တွေ ပျောက်ဆုံးနေတယ် ။ ကျွန်မဘဲ လူတွေကို အကောင်းမမြင်နေခြင်းလား ဆိုတဲ့ မေးခွန်းတွေကို အခါခါမေးနေမိပါတယ် ။
ကျွန်မရေးတဲ့စာတွေက မျက်မှောက်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အကောင်းဘက်ကို ဦးတည်ပြောင်းလဲလိုသော ရည်ရွယ်ချက်ဖြင့် စာတွေရေးမိပါတယ်။ အထူးသဖြင့် မြန်မာမိန်းကလေးတွေကို သိပ်ချစ်တဲ့ စိတ်တစ်ခုနဲ့ ရေးနေတယ်ဆို ပိုမှန်ပါလိမ့်မယ် ။ တစ်ချို့တွေကလည်း ဝေဖန်ကြတယ် ။ ဒီလို မလေးရှားကအဖြစ်တွေဘဲ ရေးနေမယ်ဆို ကောင်းကောင်းမွန်နေတဲ့ မိန်းကလေးတွေ အတွက် ထိခိုက်မှုမရှိဘူးလားတဲ့ ။ ဟုတ်ကဲ့ လုံးဝမရှိနိုင်ပါဘူး ။ ကျွန်မရေးတဲ့ စာကို ကျွန်မတာဝန်ယူပါတယ် ။ ကောင်းကောင်းမွန်နေထိုင်တဲ့ မိန်းကလေး အရေတွက်တွေ များပြားလာစေဖို့ အထူးရည်ရွယ်ပါတယ် ။ ကျွန်မတို့နိုင်ငံရဲ့ လက်ရှိအခြေနေမှာ အလုပ်ကိုင် အခွင့်အရေးတွေ နည်းပါးနေသေးတဲ့ အတွက် သူတစ်ပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြရပါတယ် ။ တခြားနိုင်ငံတွေကို ကျွန်မ အလည်ပတ်ဘဲ ရောက်ဖူးတာမို့ သေချာမသိပါဘူး ။ မလေးရှားနိုင်ငံကတော့ ခုလက်ရှိ ခင်ပွန်းသည်နဲ့ တူတူလိုက်နေတာမို့ တော်တော်လေးကို အသေးစိတ်လေ့လာမိပါတယ် ။ လူတွေ ဘာကြောင့် မလေးရှားကို ရောက်တာနဲ့ ပြောင်းလဲကုန်ရတာလည်း ကျွန်မ အဖြေရှာမိတာ ကြာပါပြီ ။ မလေးရှားကို ရောက်ထဲကဆိုပါတော့ ။ သေချာတဲ့ အဖြေကို မထုတ်နိုင်ခဲ့ပါဘူး ။ ခုဒီစာကိုရေးနေတဲ့ အချိန်မှာတော့ ၆၀ ရာခိုင်နှုန်း နီးစပ်တဲ့ အဖြေကို ရှာတွေ့ခဲ့ပါပြီ။ ဒီအဖြေနဲ့ အတူ မထင်မှတ်တဲ့ အကြောင်းအရာတစ်ခုကို ကျွန်မ ရင်နင့်စွာ ကြားသိလိုက်ရပါတယ် ။ အကြောင်းအရာလေးကို အရင်ပြောချင်တယ် ။ အဖြစ်ချက်လေးကတော့………..
ကျွန်မ ငယ်ငယ်လေးထဲက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ ချစ်စရာကောင်းသူ သူငယ်ချင်းလေးမို့ ကျွန်မတော်တော်လေး ခင်မင်ခဲ့မိပါတယ် ။အနေထိုင်အရမ်းကို တည်ငြိမ် သိက္ခာရှိသူတစ်ဦးလို့ စံထားရသူဆိုလည်း မမှားပါဘူး ။ သူရဲ့ အေးဆေးတည်ငြိမ်မှုကြောင့် ကျွန်မမိဘတွေပါ အထင်တကြီးလေးစားချစ်ခင်မှုကို ခံခဲ့ရသူလေးပါ ။ ဒီလိုနဲ့ သူအိမ်ထောင်ကျပါတယ်။ သူအမျိုးသားကလည်း အေးဆေးသူတစ်ဥိးပါဘဲ ။ ဒီလိုနဲ့ အိမ်ထောင်သက် တစ်နှစ်လောက်မှာ သူငယ်ချင်းက မလေးရှားကို သွားအလုပ်လုပ်မယ်လို့ သိလိုက်ရပါတယ် ။ ကျွန်မ တအံ့သြပြောမိပါတယ် ။ * ဟဲ့ နင်အမျိုးသားကို အရင်မလွတ်ဘဲ နင်က ဘာလို့ အရင်သွားရတာလည်း *လို့ မေးလိုက်မိတော့ သူအရင်သွားမှရမယ်တဲ့ ။ မိန်းကလေးတွေက အကြွေးရတယ်တဲ့ ။ ပထမဆုံး ၃သိန်းဘဲ ပေးရမယ်တဲ့ ။ နောက်မှ သူအမျိုးသားကို ခေါ်မယ်လို့ ပြောပြတယ် ။ ဒီလိုနဲ့ သူမလေးရှားကို ရောက်သွားခဲ့တယ် ။ သူအမျိုးသားကတော့ သူပို့တဲ့ငွေနဲ့ ဘာမှ မလုပ်တော့ဘဲ သူလှမ်းခေါ်တဲ့ အချိန်ကို ထိုင်စောင့်နေတယ် ။ အလုပ်မရှိတော့ နေ့တိုင်းအင်တာနက်ဆိုင်မှာ ဂိမ်းဆော့တယ်။ ဒီကနေ ချက်တင်လောကထဲကို ရောက်သွားတယ် ။ တနေ့ ကျွန်မ သူငယ်ချင်းနဲ့ vzo ပြောဖြစ်တော့ အရင်ကထက် အစစပိုလှလာတဲ့ သူငယ်ချင်းလေးကို တွေ့လိုက်ရပါတယ် ။ မလေးရှားမှာ ဘယ်လို ပျော်ဖို့ကောင်းတယ်ဆိုတာတွေ စုံနေအောင်ပြောပြသွားပါတယ် ။ ဒီအချိန်က ကျွန်မက မြန်မာပြည်မှာဘဲရှိသေးပါတယ် ။ ဒါပေမယ့် မလေးရှားအကြောင်းတွေကို အထိုက်လျောက်တော့ သိနေခဲ့ပါတယ် ။ ကျွန်မအမျိုးသားက မလေးရှားမှာ ရှိနေတာကို ။ သူပြောပြတာတွေနဲ့ တော်တော်လေး သိနေခဲ့ပါပြီ။ သူငယ်ချင်း အမျိုးသား ချက်တင်ထိုင်ရင်းကောင်မလေးတွေ နဲ့ အပြင်မှာပါ ဖုန်းတွေဘာတွေ ပြောလာတဲ့အဆင့်ကို တက်လာပါတယ် ။ တစ်နေ့ ကျွန်မတို့ဆိုင်မှာ အင်တာနက်သုံးရင်း သူဆီကို ကောင်မလေးတစ်ယောက်ဖုန်းလာတာနဲ့ တိုးပါတယ် ။ သူဖုန်းပြောပြီးချိန်မှာ ကျွန်မစကားတစ်ခွန်းပြောလိုက်မိတယ် ။ အဲဒီစကားလေးက နိမိတ်ဖတ်တဲ့ စကားလေး ဖြစ်နေမယ်ဆိုတာ ကြိုတာသိခဲ့မယ်ဆို ကျွန်မလေ ပြောမိမယ်မထင်ပါဘူး ။ ကျွန်မပြောလိုက်မိတာလေးကတော့ * …..ချက်တင်ထဲက ကောင်မလေးတွေနဲ့ ကျူနေနော် …….ကမလေးမှာနေတာနော်။ ခုဆို ရေရေလည်လည်လန်းနေတာ ။ ဟိုက အပြင်မှာ အသစ်ရှာသွားမှ ငုတ်တုတ်မေ့နေမယ် * လို့ ပြောခဲ့မိတယ် ။ ဒီစကားလေးက အမှန်တစ်ကယ်ကြီး ဖြစ်လာမယ်လို့ တစ်ကယ်ကို မထင်ခဲ့မိပါဘူး။ ဒီလိုနဲ့ ကျွန်မ မလေးရှားကို ရောက်လာခဲ့တယ် ။ ဒီနေ့ သတင်းတစ်ခုကြားလိုက်ရတယ် ။ အသိတစ်ယောက်က ဖုန်းဆက်ပြောတယ် ။ * ခိုင်လေး နင်သိလား ….ရဲ့အမျိုးသားမလေးကိုရောက်လာပြီ။ အဲဒါရောက်ပြီး မကြာဘူး ပြသနာတွေ တက်ကြတယ် ။ …က နောက်တစ်ယောက်နဲ့ဖြစ်နေလို့တဲ* ပြောတဲ့လူကပြောပြီး ဖုန်းချသွားပေမယ့် ကျွန်မ ဖုန်းလေးကို ကိုင်ပြီး အချိန်တော်တော်ကြာ မှင်သက်နေမိပါတယ် ။ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို အထပ်ထပ်မေးရင်း သူငယ်ချင်းကို နှမြောနေမိပါတယ် ။ သူတို့ နှစ်ယောက် ပြသာနာတက်ပေမယ့် ကွဲတဲ့ကွာတဲ့အထိတော့ မဖြစ်လိုက်ပါဘူး ။ တော်သေးတာပေါ့ ။ ဒါပေမယ့် ရှေ့ဆက်မယ့် ခရီးမှာ သံတယတွေ နဲ့ နှစ်ပါးသွားနေတော့မယ် ။
မလေးရှားဆိုတဲ့ မြေက မြန်မာလူမျိုးတွေရဲ့ စိတ်တွေကို ပြောင်းလဲနေတာလားလို့ ပထမဆုံး တွေးမိတယ် ။ မဟုတ်ပါဘူး ။ မဆိုင်ပါဘူး ။ ဒီလိုတွေ ဖြစ်ရတဲ့ အကြောင်းအရာတွေကို ကျွန်မရှာဖွေမိတယ် ။
၁။ လွတ်လပ်ခြင်းဆိုတဲ့ အရာကို လိုအပ်တာထက် ပိုမိုခုံမင်သွားတတ်ခြင်း ။
၂။ မတူညီတဲ့ ရေမြေ အပြောင်းလဲ ၊ ၀တ်စားဆင်ယင်မှုတွေနဲ့ အတူ မိမိတို့ရဲ့ စိတ်တွေကို လိုက်ပါပြောင်းလဲ လိုက်ခြင်း ။
၃။ တစ်နေ့တစ်နေ့ များလာတဲ့ အလုပ်ချိန်တွေကြားမှာ အနားယူမှု စိတ်ထွက်ပေါက်ကို လွဲမှားစွာ အသုံးပြုလိုက်ကြခြင်း ။
၎။ အမိမြေနဲ့ ဝေးကွာနေမှုအပေါ် ငါတို့ဘာလုပ်လုပ် ဘယ်သူမှ ပြန်မသိနိုင်ပါဘူးဆိုတဲ့ မှားလွင်းတဲ့ အသိတွေ ၀င်ရောက်ခြင်း ။
၅။ ပမထဆုံး အမှားတွေကို ဖတ်ခေါ်စေတတ်တာကတော့ ဖုန်းတွေပါပဲ ။ မြန်မာပြည်မှာ အရင်ကဆို ဖုန်းဆိုတာ ပိုက်ဆံရှိသူတွေသာ ကိုင်နိုင်တာမို့ ဖုန်းကိုင်နိုင်ဖို့ဆိုတာ အတော်မလွယ်ကူဘူး ။ မလေးရှား ရောက်ချိန်မှာ ဖုန်းဆိုတာ ပေါမှပေါလေ ။ လူတစ်ယောက်ကို ၂လုံးလောက်ကိုင်နေသူတွေတောင် ပေါမှပေါ။ေ နောက် ဖရီးကောတွေကလည်း အများသား ။ ဒီတော့ ဆက်ချင်တိုင်းဆက်ရနေတယ်က တစ်ကြောင်း နေ့စဉ်ဖုန်းပြောနေရတဲ့ အပေါ် သံယောဇဉ်တွေ တွယ်လာ၇ကာနေ နောက်ဆုံး ဆင်ခြင်နိုင်မှုတွေ နည်းပါးလာတဲ့ အထိ မှောက်မှားကြတော့တာပါပဲ  
ခုပြောခဲ့တာတွေကတော့ အဓိကဖြစ်မယ်ထင်တဲ့ အချက်တွေပါပဲ ။ ဒါတွေကို ကျွန်မတို့ ဘယ်လို ရှောင်ရှားမလဲ ၊ ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်က ပိုအဓိက ကြမယ်ထင်ပါတယ် ။ ပြောနေကြစကားကိုဘဲ ထက်ပြောချင်ပါတယ် ။ ဖြစ်နိုင်မယ်ဆို မလေးရှားဆိုတာကို မြန်မာ မိန်းကလေးတွေကို မလာကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ် ။ မဖြစ်လို့လာမယ်ဆိုရင်လည်း အိမ်ထောင်သည်ဆို တူတူလာပါ ။ တူတူနေပါ ။ ဒါဟာ အထိရောက်ဆုံး ကာကွယ်နည်းပါဘဲ ။ တစ်ယောက် ရောက်လာတဲ့ မိန်းမပျိုလေးတွေ အနေနဲ့  ကိုယ်ကိုကိုယ်တန်ဖိုးထားတတ်ပါ။  ဖုန်းပြောနေမယ့် အစား ကိုယ်အတွက် အကျိုးရှိစေမယ့် အလုပ်တွေ ရှာကျန်လုပ်မယ်ဆို အများကြီး ရှိပါတယ် ။ စာဖတ်မယ် ။ ရုပ်ရှင်ကြည့်မယ် ။ အင်တာနက်သုံးမယ်ဆို သတင်းတွေ ဖတ်မလား ၊ နည်းပညာတွေ လေ့လာမယ် ။ အလှပရေးရာတွေ လေ့လာမယ် ။ လုပ်စရာတွေ မှ ပုံပင်နေတာပါဘဲ ။ ချက်တင်ထိုင် ကျူဖို့ တစ်ခုထဲ အတွက် အင်တာနက်ဆိုတာ ပေါ်ပေါက်လာတာမဟုတ်ပါဘူး ။ တစ်နေ့တစ်နေ့ တစ်ကယ်လေ့လာမယ့်ဆို လေ့လာစရာတွေ မကုန်နိုင်တဲ့ ရတနာသိုက်ကြီးဟာ အင်တာနက်ပါပဲ ။ မသုံးတတ်သူတွေ အတွက်တော့ ဘေးဖြစ်စေနေတာပါ ။ သုံးတတ်သူတွေ အတွက်တော့ သိပ်ကိုတန်ဖိုးရှိတဲ့ ရတနာသိုက်တစ်ခုပါပဲ ။ ဒီနေရာမှာ ထပ်ပြောစရာရှိလာတာကတော့ လူသုံးများတဲ့ facebook လိုနေရာမှာ  လူတော်တော်စုမိကြပါတယ် ။ တင်ထားတဲ့ ပုံလေးကိုဘဲ ကြည့်ပြီး လာလာဟိုင်းတတ်ကြတဲ့ သူတွေကို ကျွန်မ ကိုယ်တိုင် ခဏခဏ ကြုံရပါတယ် ။ တစ်ကယ်ကို စိတ်ပျက်မိပါတယ် ။ ရိုးရိုးတန်းတန်း ခင်မင်လို့ လာပြောတဲ့ သူအားလုံးကို လေးစားစွာ ပြန်ပြောတတ်ပေမယ့် အလကားနေ လိုက်ကျူနေတဲ့သူတွေကို လုံးဝကို စကားပြောချင်မရှိပါ ။ ပြောဖို့လည်း မလိုအပ်သလို မသင့်တော်ဘူးလို့ မှတ်ယူမိပါတယ် ။ ခေတ်နောက်ကျန်တယ်ပြောလည်း ပြောနိုင်ပါတယ် ။ ခေတ်ကို လိုက်လျောညီထွေစွာ နေမယ် ။ ခေတ်လွန်ခေတ်ပျက်စေတာမျိုး ကိုယ်လိပ်ပြာတောင်ကိုယ်မလုံစေမယ့် ကိစ္စမျိုးတွေကို အပျက်ကို ရှုံ့ချမိပါတယ် ။ တစ်ချို့တွေပြောတတ်ကြပါသေးတယ် ။ အိမ်ထောင်ရှိတာကို သိနေသားနဲ့ လာပြောလို့ အပျင်းပြေ ပြန်ပြောတာတဲ့ ။ ဟင်အင် ဒီစကားမျိုးကို လုံးဝကို လက်မခံနိုင်ပါဘူး ။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ အပျင်းပြေလည်း ပြောဖို့ လုံးဝကို မလိုအပ်ပါဘူး ။ ခေတ်တွေဘယ်လောက်တိုးတက် ပြောင်းလဲနေပါစေ ယောကျာင်္းတွေနဲ့ ဘယ်လောက်ဘဲ ရင်ဘောင်တန်းလို့ရပါတယ် ပြောနေနေ မတူညီတာတွေ အများကြီးပါ ။ သူတို့လုပ်တိုင်း လိုက်လုပ်ဖို့ အခွင့်ရေး ကျွန်မတို့မှာ အပြည့်ဝမရှိပါဘူး ။ ဘယ်အရာက တားမြစ်ထားလဲဆို မိန်းမတစ်ယောက် ထိန်းသိမ်းရမယ့် သိက္ခာတရားတွေကို ကန့်သတ်တားမြစ်ထားပါတယ် ။ ဇနီးမောင်နှံဆိုတာ တစ်ဦးမေတ္တာ  ကို တစ်ဦးက အပြန်အလှန်ခံယူကာ နှစ်ရှည်လများ တူတူနေသွားရမယ့်သူတွေပါ။ ပျင်းလို့ ပင်ပမ်းလို့ အငမ်းဖြေမယ်ဆို လုပ်စရာတွေပုံလို့ပါ ။ အင်တာနက်ပေါ်မှာ ချက်ပြုတ်နည်းဆိုဒ်တွေ တပုံတပင်ရှိနေပါပြီ ။ မုန့်လေးတွေ လိုက်လုပ်ကြည့်မယ် ။ အလှပရေးရာဆိုဒ်တွေမှာလည်းလေ့လာစရာတွေ တပုံတင်ပါဘဲ ။ နောက်ဆုံး အင်တာနက်မသုံးတတ်ဆိုရင်တောင် မိမိတို့နေတဲ့ အခန်းလေးတွေကို နှစ်လိုဖွယ်ဖြစ်အောင် တစ်နေ့ တစ်မျိုးရှင်းမယ် ။ ရှာကျန်လုပ်မယ်ဆို ပုံနေတာပါဘဲ ။ ဘာမဟုတ်တဲ့ အရေလည်းမရ အဖက်လည်းမရတဲ့ ဒီစကားသံတွေပေါ် ဘာလို့သာယာနေကြရမှာလည်း။ လူပုံအလည်တောင် ချပြောလို့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို ဘာလို့ဖက်တွယ်ချင်နေကြတာလဲ ။ အမြန်ဆုံး ပြုပြင်လိုက်ကြပါ ။မိမိဟာ အိမ်ထောင်ရှင် သားကောင်းမိခင်လောင်းတွေဆိုတာကို မမေ့လျော့ဘဲ သတိရှိကြစေလိုပါတယ် ။ ကျွန်မရေးတဲ့ စာတွေတိုင်းသည် မြန်မာမိန်းကလေးတွေကိုဘဲ ဦးတည်ပြောပါတယ် ။ ဘာလို့လဲဆို ကျွန်မက မြန်မာမိန်စကလေးတွေကို သိပ်ချစ်တယ် ။ တန်ဖိုးရှိစေချင်ပါတယ် ။ နောက်ကိုလည်း ကျွန်မ ဆက်ရေးအုံးမှာပါပဲ ။ တန်ဖိုးရှိတဲ့ မိသားစုဘ၀လေးတွေကို ဘာမဟုတ်တဲ့ အကြောင်းအရာတွေ နဲ့ မဖျက်စီးချင်ကြပါနဲ့ ။ ဘ၀ဆိုတာ တိုပါတယ် ။ ခုလို ဆုတ်ခေတ်ကြီးထဲမှာ လူဖြစ်နေရတဲ့ ကျွန်မတို့တွေ အတွက် အချိန်တွေက ပိုလို့တောင် တန်ဖိုးရှိနေပါပြီ ။ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိစွာ နေထိုင်သွားမယ်ဆို သိပ်ကိုလှပ ကျက်သရေ ရှိတဲ့ အမျိုးကောင်းသမီးလေးပေါင်းများစွာ ပေါ်ထွန်းလာမယ်ဆိုတာ မလွဲဧကန်ပါဘဲ ။ မနေ့က ဆရာမကြီး စောမုံညင်းရေးသားတဲ့ မြန်မာအမျိုးသမီးဆိုတဲ့ စာအုပ်လေးကို တတိယအကြိမ် ဖတ်မိခဲ့ပါတယ် ။ ဆရာမကြီး စာအုပ်ထဲက သမိုင်းမော်ကွန်းတင်စရာ မြန်မာ အမျိုးကောင်းသမီးတွေ အကြောင်းကိုဖတ်မိပြီး ထူးချွန်ထက်မြက်သူတွေ အများပြား ပေါ်ပေါက်စေချင်တဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်မိပါတယ် ။ ခုခေတ်မိန်းကလေးတွေက ညဏ်ရည်ညဏ်သွေးထက်မြက် အရင်ကထက်တောင် ပိုမို ထူးချွန်ကြပါတယ် ။ သိက္ခာတရားတွေကိုလည်း ရှေးယခင်ကထက်ပင် ထိန်းသိမ်းစောက်ရှောက်ကြမယ်ဆို သိပ်ကို ပြီးပြည့်စုံတဲ့ မြန်မာအမျိုးသမီးတွေ ဖြစ်လာကြမှာပါ ။ ပြိုင်ကြပါ ။ ထူးချွန်ထက်မြက်တာတွေ ၊ သိက္ခာတရားကို ဘယ်လိုစောက်ရှောက်ကာကွယ်တယ်ဆိုတာတွေ အားရပါးရ ပြိုင်လိုက်ကြစမ်းပါ ။ မဟုတ်တဲ့ လော်လီမှုတွေကို မပြိုင်ကြပါနဲ့ ။ အားမကျပါနဲ့ မြန်မာမိန်းကလေးတို့ရေ ။ နောင်မှရတဲ့ နောင်တတွေဟာ သိပ်ကိုနောက်ကျ ကျန်နေတတ်ပါတယ် ။  ဘီယာခွက်တွေ ကိုင်ဓာတ်ပုံအရိုက်ခံတင်ထားလို့ wallမှာ ကော်မန့်တွေ များချင်များမယ် ။ အထင်ကြီးလားမေးကြည့်ပါ ကွယ်ရာမှာ နှာခေါင်းရှုံ့နေတာကို မသိကြလို့ပါ။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်အထင်သေးစရာတွေကို ၀ယ်ယူနေတာတွေကို ဆင်ခြင်သုံးသပ်သင့်နေပါပြီ ။ ဖြစ်ပျက်သဘောတရားတိုင်းကို တိုက်ရိုက် အကျိုးခံစားရမှာက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ် ။
ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ
မှန်မှန်လုပ် ၊ ကုပ်ကုပ်နေ
အတည့်သွား ၊ အမှားရှောင်
အမှောင်ခွင်း ၊ အလင်းရောက်ဧ။်
တဲ့ ဆုထူးပန် ဆရာတော်ကြီး ဆုံးမခဲ့တဲ့ စာလေးပါ ။ ဒီဆုံးမစာလေးထဲကလိုဘဲ မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။

ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...