Wednesday, February 27, 2013

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”
•••••••••••••••••••••••••••••••••••••

“ ငယ်ငယ်ကတည်းက သိထားတဲ့အသိဆိုတာက 
ကြီးတဲ့အထိ စွဲမြဲတာ များတယ်လေ။ ငယ်ငယ်
ကတည်းက ဒါလုပ်ရင် ကုသိုလ်ဖြစ်တယ်၊ 
ဒါလုပ်ရင် အကုသိုလ်ဖြစ်တယ်ဆိုတာကို စွဲစွဲ
မြဲမြဲလေးနားလည်သဘောပေါက်ထားရင် အခြေခံ
ဖြစ်တဲ့ကြောက်စိတ် ခိုင်မာသွားတယ်။ ကြောက်စိတ်
ဆိုတာ ကြောက် သင့်ကြောက်ထိုက်တဲ့အရာကို 
ကြောက်တဲ့စိတ်၊ ဟီရိ သြတ္တပ္ပကို ပြောတာပါ။ 

ဟီရိသြတ္တပ္ပ အရှက်အကြောက်တရားဆိုတာ 
မလုပ်သင့်မလုပ်ထိုက်တာကို လုပ်ရမှာရှက်ကြောက်
တဲ့စိတ်၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိမှာ 
ရှက်ကြောက်တဲ့စိတ်ပါပဲ။ ဒီစိတ်က ရှိကိုရှိဖို့
လိုတာကိုး။ ငယ်စဉ်ကတည်းကိုက ဘာသာရေး
အဆုံးအမနဲ့ကြီးပြင်းလာရင် ဒီစိတ်ပိုအားကောင်း
တာပေါ့။

ကလေးဘ၀မှာတော့ အများအားဖြင့် ဒါလုပ်ရင် 
ငရဲကြီးတတ်တယ် လို့ ပြောလေ့ရှိတယ်။ ဒါလုပ်ရင်တော့ 
ကုသိုလ်ရမယ်၊ နတ်ပြည်ရောက်မယ် လို့ ပြောတတ်
ကြတာကိုး။ အဲဒီအခြေခံအချက်လေးက သာမန်ဆိုရင် 
နိမ့်တယ်လို့ထင်ရပေမယ့် အရမ်းအရေးကြီးတာလေ။ 
ကုသိုလ်အလုပ်တွေ လုပ်ဖြစ်ဖို့၊ အကုသိုလ်အလုပ်တွေ
ရှောင်ကြဉ်ဖို့အတွက် အဲဒီအခြေခံ စိတ်ဓာတ်လေးကလည်း 
အရမ်းအရေးကြီးတယ်။ 

ကလေးဘ၀မှာတော့ ဒါလုပ်ရင် ငရဲကြီးမယ်ဆိုရင် 
ငရဲကြောက်တဲ့စိတ်နဲ့ကို မလုပ်ဖြစ်တော့ဘူးပေါ့။ 
တချို့က ငရဲကြီးမှာ စိုးရိမ်တဲ့စိတ်နဲ့ဆိုရင် ဗုဒ္ဓဘာသာ
မူလတန်းအဆင့်ပဲ ရှိသေးတယ်၊ အဆင့်နိမ့်တယ်ဆို
ပြီးတော့ ဒါကို ပေါ့ပေါ့တန်တန်သဘောထား ပြီးပြောတာ
ရှိတယ်။ အမှန်ကတော့ အဲလိုမပြောသင့်ဘူး။ 

တကယ်တော့ ငရဲကျမှာကြောက်တဲ့စိတ်၊ အပါယ်လေးဘုံ
ကျမှာကြောက်တဲ့စိတ်ကြောင့် အကုသိုလ်မလုပ်လည်းဘဲ 
ဒါကကောင်းတာပဲ။ ချီးမွမ်းထိုက်တာပဲ။ ဘာအကြောင်း
ကြောင့်ပဲ အကုသိုလ်အလုပ်ကိုရှောင်ရှောင်၊ ချီးမွမ်းရမှာ
ပဲလေ။ စကားအဖြစ်သာ ငရဲကြောက်တယ်လို့ပြောပေမယ့် 
အကျိုးသက်ရောက်မှုအနေနဲ့ မကောင်းမှုမလုပ်ဖြစ်တာက 
အဓိကပဲ။

အသက်ကြီးသွားတဲ့အချိန်မှာတော့ ငရဲကျမှာကြောက်လို့
ဆိုတဲ့ စိတ်က အဓိကမဟုတ်တော့ဘူးပေါ့။ သူသိတဲ့
ဗဟုသုတနဲ့ သူ့အသိဥာဏ်ပေါ် မူတည်ပြီးတော့ ငရဲကျမှာ
ကြောက်လို့ရယ်လို့မဟုတ်ဘဲနဲ့ မလုပ်ချင်လို့ကို မလုပ်တာမျိုး 
ဖြစ်သွားမယ်။ တစ်ဖက်သားကို ကိုယ်ချင်းစာလို့၊ သနား
ညှာတာလို့ကို မလုပ်တာဖြစ်သွားမယ်။ ဒီစိတ်ထားတွေ
ကတော့ အရည်အသွေးအများကြီးမြင့်မားသွားတာပေါ့လေ။ 
ကလေးဘ၀မှာကတော့ ကိုယ်ချင်းစာတာကို နားလည်ချင်မှ 
နားလည်မှာလေ။

ကုသိုလ်ဆိုလည်း ဒါလုပ်ရင် နတ်ပြည်ရောက်မယ်၊ 
နတ်သားလေးဖြစ်မယ်၊ နတ်သမီးလေးဖြစ်မယ်နဲ့ပြောတော့ 
ကလေးက ကုသိုလ်လုပ်ချင်သွားတယ်။ ဘာကြောင့်
ညာကြောင့်ဆိုတာထက် ကုသိုလ်လုပ်ချင်တဲ့စိတ်ကလေး
 စွဲသွားဖို့က အရေးကြီးတာပဲ။ ကြီးလာတဲ့အခါကျတော့ 
နတ်ပြည်ရောက် ချင်လို့ မဟုတ်တော့ဘဲနဲ့ တစ်ဖက်သား 
ကောင်းကျိုးချမ်းသာရစေချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ 
တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်လို့ 
လုပ်တာမျိုး ဖြစ်သွားမယ်။ နောင်သံသရာက လွတ်မြောက်
ချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ ရည်ရွယ်ချက်တွေ
မြင့်မားလာမှာပေါ့။

ကလေးဘ၀ကတည်းက ကုသိုလ်အလုပ် လုပ်ချင်တဲ့
စိတ်ဖြစ်အောင်၊ အကုသိုလ်အလုပ် မလုပ်ချင်တဲ့စိတ်
ဖြစ်အောင် သွန်သင်ပေးနိုင်မယ် ဆိုရင်တော့ ကလေးရဲ့
စိတ်ထဲမှာ စွဲသွားလို့ သူ့အတွက်အများကြီး အကျိုးရှိ
တာပေါ့။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

(  ဆရာတော်ဘုရားအား Eternal Light Magazineမှ
မေးမြန်းလျှောက်ထားချက်အား ဓမ္မမိတ်ဆွေတို့အကျိုးငှာ
ဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ပါသည်။ )

Dhamma Danã Source ► www.facebook.com/EternalLightMagazine &
www.facebook.com/youngbuddhistassociation.mm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...