Wednesday, February 20, 2013

“ကျိုက်ထီးရိုး ဘုရားဖူး”

by Soe Min on Tuesday, February 19, 2013 at 9:00am ·

          ဆယ်နှစ်ဆယ်မိုးကျော်မှ တစ်ခေါက်ပြန်ရောက်ရတဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးဟာ ဟိုးအရင်တုန်း ကနဲ့ဘာမှမဆိုင်တော့ပါဘူး။ တော်တော်ကြီးကို ပြောင်းလဲသွားတယ်။ ရောက်လေရာနေရာတိုင်းကို မှတ်ဥာဏ်ထဲမှာ ကျန်ရစ်သေးတဲ့ အရင်တုန်းကပုံရိပ်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် မနည်းမှတ်မိအောင် အစပြန်ဖော်ယူရပါတယ်။ အဘိုးကြီးအိုဖြစ်သွားတာ လို့ ဆိုရမလား မသိပါဘူး။ နှလုံးက၊ ဒူးခေါင်းက စကားသိသိသာသာ မပြောသော်လည်း ဦးနှောက်မှတ်ဥာဏ်ကတော့ တော်တော်အိုသွားပြီ။ ဟင် ဒီနေရာက အစတုန်းက ဘယ်လိုလေးလေ။ ဟိုဟာကြီးတွေ ရောက်လာပြီး ဟိုဥစ္စာကြီးတွေ ပျောက် သွားတယ်။ စသည်စသည်ဖြင့် စပိတ်ကိုလှန်သော် လုပ်မိနေတယ်။
အသစ်ဆိုတာ ပိုပြီးဆန်းတာ သစ်တာ ကောင်းတာပေါ့ လို့ ယေဘုယျအားဖြင့် ပြောလို့ရပေမယ့် ကိုယ့်စိတ်ထဲမှာ အဟောင်းတွေကိုချည့် တတမ်းတတ လွမ်းမိတယ်။ ဒါကြောင့် ပြန်ရောက်ရောက်ချင်း လွမ်းတော်မူဖို့ စာကိုစီမယ် ကြိုးစားပေမယ့် စိတ်ထဲမှာ အတော်ကြီး အားငယ်မိသား။ သည်ခရီး သည်စခန်းအကြောင်းကို မသေမချင်း ဘယ်လောက်ပဲ အပတ်အကုပ် ကြိုးစားရေးရေး ဆဋ္ဌမတန်းမြန်မာစကားပြေထဲမှာပါတဲ့ ဆရာကြီးဦးဖိုးကျား ရဲ့ “ဘုရားဖူးသွားခြင်း” ကို ခြေဖျားတောင် မီစရာ အကြောင်းမရှိဘူး။ မဖတ်ဖူးမကြားဖူးသေးတဲ့ နောင်လာနောက်သားတွေ သိရအောင် အကျဉ်းချုပ်ကလေး ပြန်ရှင်းပြရရင် သူငယ်ချင်းနှစ်ယောက် ကျိုက်ထီးရိုးဘုရားဖူးသွားကြတယ်။ တဲကျောင်းလေးတစ်ကျောင်းမှာ မကျန်းမမာဖြစ်နေတဲ့သူကို ကူညီပြုစုပေးနေတာကြောင့် တစ်ယောက်က တောင်ပေါ်ထိ မလိုက်နိုင်ပဲ ကျန်ခဲ့တယ်။ နောက်တစ်ယောက်က အဖော်တွေနဲ့ ပျော်ပျော်ပါးပါး ဘုရားပေါ်ဆက်တက်သွားတယ် ဆိုတဲ့ဇာတ်လမ်း။ ဘုရားရှင်လက်ထက်က မြတ်စွာဘုရားကို ဖူးမြှော်ဖို့ ခရီးသွားတဲ့ ရဟန်းနှစ်ပါးရဲ့ ပုံဝတ္ထုကလေးနဲ့လည်း နှိုင်းယှဉ်ပြသွားတယ်။ စာရေးဘယ်လောက် ကောင်းတယ်ဆိုတာကတော့ သည်အသက်သည်အရွယ်ထိအောင် စွဲနေအောင် မှတ်မိနေသေးတာသာ ကြည့်ပါတော့။ အခုကိုယ်ကိုယ်တိုင် ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့အကြောင်းကို ရေးမယ်ပြင်တဲ့အခါ အဲဒါကြီးခေါင်းထဲက မထွက်လို့ ရေးတောင် မရေးရဲဘူး။ အဲဒါကြောင့် ဆရာကောင်းသမားကောင်းများရဲ့ စာကောင်းပေမွန်အဖြစ် ဦးထိပ်မှာထားပြီး ရေးရပါတယ်။ ကချော်ကချွတ် ကရော်ကမယ် ပေမမီ ဒေါက်မမီဖြစ်ခဲ့ရင် ဟောဒီက ငမိုက်သားကိုသာ ကလော်တုတ်တော်မူကြပါ။
          ဦးဖိုးကျားရဲ့ “ဘုရားဖူးသွားခြင်း” ပြီးရင် သူ့လိုပဲ နောက်ထပ် လောင်းရိပ်ထိုးနေတဲ့ ရသစာပေတစ်ပုဒ်ရှိပါသေးတယ်။ အဲဒါကတော့ ကိုဝင်းဦး ရဲ့ “သိုး” ပါ။ သန်စွမ်းဖြတ်လတ်ပြီး ခေါမကျောက်ဆစ်ရုပ်ကလေးလို တောင့်တင်းချောမောတဲ့ အထမ်းသမားကလေးကို (သူငယ်ချင်းတစ်ယောက် နံမယ်ပေးသလိုဆို ဟယ်ရီပေါ်တာတဲ့) ရန်ကုန်မြို့က လူကုံတံသူဌေးမိန်းမပျိုကလေးက သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး လူချမ်းသာ အထက်တန်းလွှာ အသိုင်းအ၀ိုင်းထဲကို ကျင်လည်ဝင်ဆန့်အောင် ခေါ်ယူသင်ကြားပေးတဲ့ဇာတ်လမ်းပါ။ ဒါပေမယ့် ကျောက်ရုပ်မဟုတ်ဘူး။ အသည်းနှလုံးနဲ့ဆိုတဲ့ လူပျိုပေါက်ကလေး သိုး ခမျာ နောက်ဆုံးတော့ ကျင်လည်ရာ ဘ၀ဟောင်းကိုပဲ ပြန်သွားခဲ့ပါသတဲ့။ ၀င်းဦး နဲ့ ခင်သန်းနု တို့ရဲ့ အင်မတန်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလို့လည်း ကြားဖူးပါတယ်။ ခုတော့ သူ့ဝတ္ထုကြီးဖတ်ဖူးထားတာနဲ့ အထမ်းသမားလေးတွေ မြင်ရင် အင်္ကျီလက်ပြတ်ကလေးဝတ်ထားတဲ့ ၀င်းဦးငယ်ရုပ်ကလေး သွားသွားမြင်နေတယ်။ အေးပေါ့လေ။ ကိုဝင်းဦးကြီးရေးသွားတာဆိုတော့ အထမ်းသမား ချောချောလေးဇာတ်လမ်းပေါ့။ ခင်သန်းနုကြီး ၀တ္ထုမရေးတတ်တာ နာတာပဲ။ သူသာဆို ကျိုက်ထီးရိုးစောင်းတန်း ဆိုင်ခန်းတွေထဲက မွန်မချောချောလေးတွေ ဇာတ်လိုက်ဖြစ်မှာ သေချာတယ်။ (သားသားက ဒါမျိုးဇာတ်လမ်းမှ ကြိုက်တာ) အင်း။ သည်လို ဘုရားဖူးသွားပုံမျိုးနဲ့တော့ ကုသိုလ်တွေ တပုံကြီး ရဦးတော့မှာပဲ။
          ဦးဖိုးကျားဝတ္ထုထဲက ကျိုက်ထီးရိုးဘုရားကတော့ အဖော်အပေါင်းများနဲ့ လမ်းမှာ နှစ်ည သုံးညအိပ် တက်ယူရတဲ့ခရီးပါ။ လမ်းက တဲကျောင်းစခန်းလေးတွေမှာ တထောက်တနား တည်းခိုချက်ပြုတ်စားသောက်လို့ ခရီးဆက်ရပါသတဲ့။ တော်ရုံတန်ရုံဇွဲနဲ့တော့ ဘုရားအရောက်တက်နိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ ရွှေနန်းကျင်တုန်းကလို ကျားတွေဆင်တွေ လိုက်မှာလည်း ကြောက်ရသေးတာကိုး။ ကိုဝင်းဦးတို့ခေတ်မှာတော့ အခစားအထမ်းသမားလေးတွေ တော်တော် ပေါလာပြီပေါ့။ ဒါပေမယ့် အဲဒီခေတ်က အထမ်းသမားဆိုတာ ခုခေတ်လို ကျောပိုးအိပ်မသယ်ချင်လို့ ပိုက်ဆံပေးသယ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ လမ်းမှာ ချက်ပြုတ်စားသောက်ဖို့ ဆန်နဲ့ အခြောက်အခြမ်း၊ အိုးခွက်ပန်းကန်ပါ သယ်ပေးရတာပါ။ ရှေးတုန်းက အခုလို ဆိုင်တွေဘာတွေလည်း မရှိဘူး။ လူတော်တော်များများကလည်း ရထားစီးစီး၊ ကားစီးစီး၊ သင်္ဘောစီးစီး၊ ကိုယ့်အိမ်ကကိုယ် ချိုင့်ကြီးချိုင့်ငယ်နဲ့ ချက်ပြုတ်သယ်ဆောင်လာကြတာ။ သောက်ရေဘူးပါ သယ်ရတယ်။ ရေသန့်ဗူး မရှိဘူး။ ဘုရားဖူးခရီးသွားဝန်ဆောင်မှုတွေလည်း ဘယ်ရှိဦးမှာလဲ။ ရွှေကြေးစည်လို ဘုရားဖူးယာဉ်တွေလည်း မရှိသေးဘူး။ ရန်ကုန်ကနေ မော်လမြိုင်ရထားစီး ကျိုက်ထိုဘူတာမှာဆင်းရတယ်လို့ ထင်တာပဲ။
          ကိုယ်ကိုယ်တိုင် ကျိုက်ထီးရိုးကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတုန်းကတော့ နှစ်တန်းရောက်တော့မှပါ။ အညာက အမျိုးတွေလည်းပါတယ်။ ညီအငယ် မွေးကင်းစကလေးလည်း ရင်ခွင်ပိုက်လို့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကားလို့ ခေါ်တဲ့ အိမ်ကအော်စတင်ကားကြီးကို အလယ်ခေါင်မှာ ကလေးတွေထိုင်ဖို့ ခုံတန်းထိုးပြီး လူဆယ့်တစ်ယောက်စီးလာကြတာ တစ်လမ်းလုံး ဖွတ်ချက်ဖွတ်ချက်နဲ့မို့ ကျော်တက်သွားတဲ့ကားတွေက ခေတ္တရာခရီးသည် လို့ အော်ကြတယ်။ အဲဒီတုန်းက ခေတ္တရာခရီးသည်ဆိုတဲ့ ရုပ်ရှင်က အူတက်နေအောင်ရယ်ရတယ်လေ။ ကားစုတ်ကြီးနဲ့ ခရီးသွားတဲ့အကြောင်း ရိုက်ထားတာ။ မနက်ကတည်းက နားနားနေနေ ထွက်လာတဲ့ကားဟာ ကင်ပွန်းစခန်းကိုရောက်တော့ ညကိုးနာရီထိုးတော့မယ်။ ကင်ပွန်းစခန်းကနေ အထမ်းသမားနှစ်ယောက်ငှားပြီး ကညင်ဆီမီးတုတ်ကြီးတွေ ထွန်းပြီး တစ်ညလုံးတက်ကြတယ်။ ကလေးဆိုတော့ မောရမှန်းလည်း မသိပါဘူး။ လူကြီးတွေရှေ့ကရောက်အောင် ပြေးတက်၊ နောက်ကျတဲ့လူကြီးတွေ အမောပြေတဲ့အထိ တရေးတမော ငုတ်တုတ်အိပ်လိုက်၊ နောက်ဆုံးလူက လူကုန်ပြီ ထ ထ ဆို အိပ်မှုန်စုံမွှားနဲ့ ရှေ့ဆုံးရောက်အောင် ပြေးတက်ပြီး တရေးရအောင် ပြန်အိပ် နဲ့ ကျောက်သဗ္ဗန်ရောက်တဲ့အခါ မနက်လင်းအားကြီး ဖြစ်နေပြီ။ တောင်တက်လမ်းတလျှောက်မှာ ဘာဆိုင်ခန်းမှ မရှိပဲ အမောအပန်းဖြေစရာ ၀ါးနဲ့ဆောက်ထားတဲ့ တဲကျောင်းကလေးတွေ အနှံ့အပြားရှိပါတယ်။ ချမ်းချမ်းစီးစီးမို့ မီးပုံကလေးတွေဖိုပြီး မီးလှုံနေကြတာလည်း နေရာတော်တော်များများပါပဲ။ ရေချမ်းစင်ကလေးတွေ နဲ့ ၀ါးတောင်ဝှေးကလေးတွေ အားကိုးပြီး တက်ကြတယ်။ ဘုရားပေါ်ရောက်တော့ တစ်ညလုံး ကောင်းကောင်း မအိပ်ရသေးတာမို့ လူကြီးတွေက ရသေ့တောင်၊ မုဆိုးတောင်တွေ ဆက်သွားတော့ မလိုက်တော့ပဲ တဲကျောင်းထဲမှာ အိပ်ပြီး ကျန်ခဲ့တယ်။ အိပ်ယာနိုးမှ နီးနီးနားနား ကျီးကန်းပါးစပ်ကို ဆင်းတယ်။ အဲဒီအချိန်က အကြိုက်ဆုံးကတော့ ၀ါးနဲ့လုပ်ထားတဲ့ ကျိုက်ထီးရိုး စက်သေနတ်ကလေးတွေပါ။ ပြန်မချစ်ရင် သတ်ပစ်မယ်တဲ့။ စာကလည်း ရေးထားသေး။ ဓါးဘုရင်တို့၊ မက္ခရာဓါးတို့၊ ကိုးသင်္ချိုင်းသံဓါးတို့လည်း ရှိတယ်။ ကတွတ်ယို၊ နာနတ်ယိုက ကျိုက်ထီးရိုးက ပြန်လာမှ စားရတာပါ။
          နောက်တစ်ခေါက် ကျိုက်ထီးရိုးကိုရောက်တော့ ဆေးကျောင်းပထမနှစ်မှာ သူငယ်ချင်းတွေနဲ့ သွားရတာပါ။ ဒီတစ်ခါတော့ နေ့ဘက် လင်းလင်းချင်းချင်း တက်ရတာမို့ လမ်းခရီးက စခန်းတွေ သေသေချာချာ မှတ်မိတယ်။ ရေမြောင်ကြီး၊ ရေမြောင်လေး၊ စိုင်တမော့၊ ရွှေရင်စို့ တဲ့။ မြန်မာဆန်ဆန် နံမယ်လှလှလေးတွေ ပေးထားတာ အများကြီးပဲ။ ရေမြောင်ကြီးစခန်းမှာ ရေချိုးရတာတော်တော် အပန်းပြေပါတယ်။ ရေနွေးလိုချင်လည်း ဇလုံကြီးနဲ့ စပ်ပေးတယ်။ ဘုရားပေါ်မှာ အရမ်းအေးတာမို့ အိမ်က အနွေးထည်တွေ စောင်တွေ သယ်သွားခိုင်းတာနဲ့ အ၀တ်အစားက နှစ်စုံလောက်ပဲ ပါတယ်။ ဒီတစ်ခါတော့ အနားဝန်းကျင် စခန်းစုံအောင် လှည့်ဖြစ်ပါတယ်။ ရဟန္တာခြေတော်ရာအထိ ရောက်ခဲ့တယ်။ ဆီမီးကိုးထောင်ပူဇော်ပွဲလည်း နွှဲခဲ့တယ်။ တောသဘာဝ၊ ငှက်ကလေးတွေ၊ သစ်ပင်ပန်းမာန်တွေရဲ့ အလှအပကို သီချင်းတကြော်ကြော်နဲ့ ခံစားတတ်ခဲ့တယ်။ နောက်ဆုံးနှစ်ကိုရောက်တော့ အာရ်အိုင်တီက သူငယ်ချင်းတွေနဲ့ တခေါက်ထပ်ရောက်ပြန်တယ်။ ဒီတစ်ခါတော့ မွန်မကလေးတွေ ဘယ်လောက်လှတယ်၊ ဖော်ရွေတယ်ဆိုတာ ခံစားမိခဲ့တယ်။ တစ်ခါထက်တစ်ခါ ပိုပိုစုံလာတာကတော့ ဘုရားပတ်ဝန်းကျင်မှာရှိတဲ့ တောင်ကုန်းကလေးတွေအပေါ်က သာသနိက အထိမ်းအမှတ် စခန်းကလေးတွေပါ။ နောက်ဆုံးတစ်ခေါက် ပြင်သစ်ကျောင်းကအဖွဲ့တွေနဲ့ သွားတဲ့အခါ ကျောက်ထပ်ကြီးက ကြိမ်ချောင်းနဲ့ ဘုရားပေါ်တက်ရွှေချပြတာ အဝေးဆုံးခရီးပဲ။
          စိတ်ထဲမှာစွဲနေတာကတော့ ကျိုက်ထီးရိုးဘုရားဖူးတယ်ဆိုတာ ကုသိုလ်ရတာတော့ မှန်ပါတယ်။ တောထဲတောင်ထဲက ဘုရားကို ခက်ခက်ခဲခဲ တပင်တပန်းတက်ယူရတာမို့ ပိုတောင် ကုသိုလ်ရဦးမယ်။ ဒါပေမယ့် တော်ရုံတန်ရုံ သက်လုံနဲ့ ဇွဲနဲ့တော့ တက်ဖူးဖို့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ နှစ်ညအိပ် သုံးရက်လောက် သွားရတဲ့ခရီးတစ်လျှောက်မှာ ခြေတွေလက်တွေနာတာမှ ပေါင်တွေကွပြီး လမ်းတောင် မနည်းလျှောက်ယူရတဲ့အထိ ပင်ပန်းတယ်။ ပြန်လာရင် နှစ်ရက်သုံးရက်လောက် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာတယ်။ ဒါပေမယ့် ပျော်စရာကောင်းတယ်။ ဘူတန်က ပြန်ကာနီး သူတို့ဆီက ကမ္ဘာကျော် ကျားရဲတွင်း ဘုန်းကြီးကျောင်း (Tiger Nest) ကို သွားလည်ဖြစ်တဲ့အခါ ကျိုက်ထီးရိုးထက် နှစ်ဆ၊ သုံးဆ ပိုပင်ပန်းတယ်။ လမ်းခရီးမှာ တော်ပြီ။ ငါဆက်မသွားနိုင်တော့ဘူး လို့ ခဏခဏ ဖြစ်တယ်။ ခြေသလုံးတွေ ကိုက်ပြီး ကြွက်တက်မတတ်ပဲ။ အသက်ကြီးလာလို့လားတော့ မသိဘူး။ ဒါပေမယ့် သိတယ် မဟုတ်လား။ သေကာမှသေရော။ အိုတယ်လို့ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် အထင်မခံနိုင်တာမို့ မရောက်ရောက်အောင် တက်ခဲ့တာ ရောက်သွားရော။
           တစ်လမ်းလုံးမှာ သတိရမိနေတာကတော့ ကိုယ့်ဆီက ကျိုက်ထီးရိုးဘုရားဖူးခရီးပါ။ သူတို့ဆီမှာတော့ ကိုယ်နဲ့အတူ အတက်အဆင်း တွေ့ခဲ့တဲ့အဖော်ဆိုလို့ အားလုံးပေါင်းရင်တောင် ဆယ်ယောက်ပြည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်ပန်းရကျိုးနပ်ပါတယ်။ ဘုန်းကြီးကျောင်းက တောင်ကမ်းပါးယံမှာ ဆောက်ထားတာ။ သဘာဝလိုဏ်ဂူကြီးထဲမှာ သူတို့ရဟန္တာဓါတ်တော်တွေ စေတီတည်ထားတာရှိတယ်။ ကျောင်းအတွင်းကို ကင်မရာယူခွင့်၊ ဓါတ်ပုံရိုက်ခွင့် မပြုဘူး။ ကျောင်းအရှေ့မှာ ရေတံခွန်ကြီးက ရေတွေမစီးနိုင်ဘူး။ အပေါ်ကကျတဲ့ရေတွေက လမ်းခုလတ်မှာ ခဲသွားလို့ ရေခဲပန်းဆွဲကြီးတွေလို ဖြစ်သွားတယ်။ သူတို့ဆီက မှုန်မှိုင်းမှိုင်း သမပိုင်းတောတောင်နဲ့ ကိုယ်တို့ဆီက မုတ်သုန်တောတောင်နဲ့က စိမ်းလန်းစိုပြေမှုချင်း ဘယ်လိုမှ မတူနိုင်ပါဘူး။ Biodiversity လို့ခေါ်တဲ့ ဇီဝမျိုးစိတ် ကွဲပြားကြွယ်ဝမှုကလည်း ကိုယ်တို့ဆီက အပုံကြီးသာပါတယ်။ ငှက်ဖျားကတော့ သူတို့ဆီမှာ မရှိသလောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီက ကျိုက်ထီးရိုးဘုရားကတော့ တန်ခိုးလည်းကြီးသလို ဘုရားဖူးတွေအဖို့ ကုသိုလ်ရတာလည်း အမှန်ပဲ လို့ ထင်ပါတယ်။
           အိမ်ရှင်မက ကျိုက်ထီးရိုးဘုရားဖူးရအောင်လို့ နိဗ္ဗာန်ဆော်လုပ်လာတဲ့အခါ စိတ်ထဲမှာ အရင်ဆုံးပေါ်လာတာကတော့ “ဖြစ်ပါ့မလား” ဆိုတာပါ။ သူက လမ်းသွားရင်တောင် လှုပ်လီလှုပ်လဲ့မဟုတ်လား။ အဲသလောက်ပင်ပန်းတဲ့ တောင်တက်ခရီးကြီးကို ဘယ့်နှယ်လုပ်သွားနိုင်မှာလဲ။ ကိုယ်ကလည်း ဟိုတောင်တန်းဝယ် မောင်ထမ်းကာခေါ်ပါ့မယ် လုပ်နိုင်တဲ့ အခြေအနေမဟုတ်။ လက်က ကျိုးထားတာ မပိုးနိုင် မသယ်နိုင်။ ပုဂံဘုရားဖူး၊ ပဲခူးဘုရားဖူးသလို ကားလေးမောင်းပို့ရုံနဲ့ ရတာလည်း မဟုတ်။ ဒီတစ်ခါမှာတော့ အများကြီး ခေတ်နောက်ကျပြီး ဘာမှန်းမသိတော့တာ ကိုယ်ဖြစ်နေပါတယ်။ ရန်ကုန်က ငါးနာရီလောက်မောင်းရင် ကင်ပွန်းစခန်းရောက်သွားရော။ ထမင်းဆိုင်မှာ ခဏအိပ်နေ၊ ခြောက်နာရီထိုးတော့မှ တောင်တက်ကားနဲ့ ရှေ့ခန်းကထိုင်လိုက်သွား၊ နောက်တစ်နာရီဆို ရင်ပြင်တော်ပေါ်ရောက်သွားရော။ ရွှတ်ကနဲပဲ။ ရင်ပြင်ပေါ်မှာ ရေပူရေအေး၊ ပစ္စည်းကိရိယာအစုံနဲ့ အဆင့်မြင့်ဟော်တယ်ကြီးတွေ ရှိပြန်တယ်။ တချို့လူတွေဆို ရန်ကုန်က မနက်စောစောထလာ။ ဘုရားပေါ်တက်ကန်တော့ပြီး ရန်ကုန်ကို နေ့ချင်းပြန်ကြသတဲ့။ ကောင်းလိုက်တာကွယ်။ တစက်မှကို အရသာမရှိတော့အောင်ကို ကောင်းတာ။
          ခိုက်ခိုက်တုန်နေအောင် အေးတဲ့ရာသီဥတုမှာ ချွေးကလေးတွေစို့ပြီး ပါးစပ်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်လာတဲ့အထိ၊ သလုံးမြင်းခေါင်းကလေးတွေ တောင့်လာတဲ့အထိ ကြိုးစားပန်းစား တက်လိုက်၊ တဖြုတ်တနား အမောအပန်းဖြေလိုက်၊ ရေချမ်းစင်က ရေအေးအေးကလေးတွေ သောက်လိုက်၊ မုန့်ပဲသွားရေစာကလေးတွေ ၀ယ်စားလိုက်၊ စိမ့်ရေစမ်းရေ ကြည်ကြည်လင်လင်ကလေးမှာ ဆော့ကစားလိုက်ဆိုတဲ့ အရသာတွေ ဘယ်ရောက်သွားမှန်းမသိဘူး။ ရင်ပြင်တော်အနီးအနားမှာ မီးပုံကလေးတွေဖိုလို့ ကင်ကာဖုတ်ကာ စားရသောက်ရတာကလေးတွေလည်း မရှိတော့ဘူး။ ဘုရားအောက်က ကျောက်တုံးကြီးကို နှီးပြားကလေးနဲ့ ထောက်ထောက်တွန်းလို့ ကျောက်တုန်းကြီးလှုပ်သွားတဲ့အခါ “ဘုရား ဘုရား။ မတော်လို့ ပြုတ်များကျသွားမှဖြင့်” ဆိုတဲ့ သည်းထိတ်ရင်ဖို အံ့ဖွယ်သရဲ ခံစားမှုတွေလည်း ပျောက်သွားပြီ။ အရာရာ အားလုံး အသစ်အသစ်တွေ၊ ပိုကောင်းတာ ပိုအဆင်ပြေတာတွေ။
          ကုသိုလ်ရတာတော့ ရတုန်းပါပဲ။ လှူစရာတန်းစရာတွေ ပိုပေါတော့ ကုသိုလ်တွေ ပိုရနိုင်တာပေါ့။ သို့သော်လည်းပဲ အဲဒီကုသိုလ်ကအစ ဈေးကွက်ပေါ်ရောက်နေသလို မြင်မိတယ်။ ဘယ်အရာမဆို ဘုရားကိုဗဟိုပြုပြီးတော့ အရောင်းအ၀ယ်သဘောမျိုး၊ စီးပွားရေးလုပ်ငန်းသဘောမျိုး ဆောင်လာတယ်။ ဘုရားတည်ဖို့ အုတ်ခဲကလေးတွေ တောင်ခြေက ရင်ပြင်အရောက် သယ်ခိုင်းချင်သလား။ ရွက်ပြီးသယ်ပေးမယ်။ မီးစက်နှိုးဖို့ ဒီဇယ်တိုင်ကီကြီးတွေ ကားဂိတ်ကနေ ဘုရားပေါ်သယ်ချင်သလား၊ ထမ်းပြီးသယ်ပေးမယ်။ အကိုကြီးက ကုသိုလ်ယူလိုက်။ သာဓု၊ သာဓု၊ ညီလေးတို့ကို သယ်ခလေးပဲပေး။ ထမင်းစားရဦးမှာ။ ဦးဖိုးကျားခေတ်တုန်းကထက်တော့ ဘာမှ မယှဉ်နိုင်အောင် အစစအရာရာ လွယ်ကူအဆင်ပြေ ချောမွေ့သွားပြီ။ ဒါပေမယ့် ဦးဖိုးကျားခေတ်တုန်းကရှိခဲ့တဲ့အရာတစ်ခုကတော့ အစအနရှာမရအောင် ပျောက်သွားတယ်။ အပေး နဲ့ အယူကြားမှာ စေတနာတွေ၊ မေတ္တာတွေ အငွေ့ပျံသွားတယ်။ မရှိတော့ဘူး။ ဆန်ပေးရင် ဆေးရမယ်ဆိုတာပဲ ကျန်ခဲ့တယ်။ ကုသိုလ်လိုချင် ခင်ဗျားပဲ ယူလိုက်ပါ။ ကျွန်တော့်ကို ပိုက်ဆံပဲ ပေးပါတော့ လို့ ဖြစ်လာတယ်။
        ဘုရားဖူးသွားတဲ့လမ်းတလျှောက်မှာ ဘာတောဘာတောင်မှ မမြင်ရသလောက်ပဲ။ အသံချဲ့စက်ကလေး ဖွင့်ထားရင် ဘုရားဝင်ကန်တော့ခိုင်းမယ်။ သမိုင်းကြောင်းလေး စီကာပတ်ကုံးပြောလို့ အလှူခံမယ်။ ဆိုင်ခန်းတွေ ဘေးကျပ်နံကျပ် ဆောက်ထားတယ်။ ၀ယ်စမးပါလေ့။ ဒေသထွက်ကုန်တွေဆိုတာကတော့ ယိုတကာ့ယို ဘူးယိုပါမကျန်အောင် ဆိုင်ပေါ်ရောက်နေပြီး ခံတက်ခြောက်တောင် ပရောဒတ်အသစ်ထွက်လို့။ အကြော်ဆိုင်တွေထိုင်လိုက်ရင် လင်ပန်းကြီးတွေနဲ့ ခင်းထားတဲ့အထဲက လက်ညှိုးထိုးဝယ်စားလို့ ရတယ်။ ချေသား၊ စိုင်သား၊ ဆတ်သား၊ ယုန်သား၊ ဖွတ်သား၊ ပဒတ်သား၊ ဖြူသား၊ စနိုက်၊ချိုး၊ ရေကြက်၊ တောကြက်၊ တောဝက်သားတဲ့။ ကတွတ်ပီလက်တည့်ပုံများကလည်း သြချလောက်ပါပေတယ်။ အဲသလောက်သာ နေ့တိုင်းမိနေရင် တစ်လတောင် မခံဘူး။ မျိုးပြုန်းကုန်မှာ။ အမ်းမှာတောင် တခါတရံပဲ ရတယ်။ သိတယ်မဟုတ်လား။ ယုံတယ်ဟုတ်။ ယုံရင် ယုန်သားလို့သာမှတ်လိုက်။ တောင်ဆိတ်အဆီတွေကတော့ ဆိုင်တိုင်းမှာဝင်လိမ်း၊ ဂါလံပုံးနဲ့တောင် လှောင်ထားသလား မသိဘူး။ ဆေးမြစ်စုံတွေလည်း စုံပါ့ဗျား။ လက်တို့ပြီးတော့ တိုးတိုးမေး ဆိုတဲ့ ဆေးတွေလည်း အောတိုက်လို့။ သဘာဝအလှကို ခံစားချင်ရင် ရင်ပြင်တော်ပေါ် ရောက်မှ ခံစား။
ဘုရားပတ်လည် အာရုံခံရင်ပြင်ကြီးတွေ ဆောက်လို့ အလှဆုံးပုံတွေ လည်ရိုက်လို့ရတယ်။ (ကင်မရာခွန်လေးပဲဆောင်)။ ခုခေတ်လူတွေက ဟိုးတုန်းကလို ဖလင်နဲ့ ရိုက်တာကို နောက်တနေ့ ကူးဆေးပြီး စောင့်ရွေးတဲ့အစား မဟုတ်တော့ဘူး။ ဓါတ်ပုံဆရာတွေတောင် ထမင်းငတ်ကုန်ပြီ။ လူတိုင်းလက်ထဲမှာ ကင်မရာပါတယ်။ မပါလည်း ဖုန်းနဲ့ ပွတ်ရိုက်တယ်။ အိုက်တင်အမျိုးမျိုးလည်း ပေးတတ်တယ်။ ခုမှပဲ ကျိုက်ထီးရိုးလည်း ဒစ္စနီလန်းတို့၊ ယူနီဗာဆယ်စတူဒီယိုတို့လိုပဲ ၀က်ဝက်ကွဲ ဓါတ်ပုံရိုက်နေကြတဲ့ ဓါတ်ပေါင်းစုဓါတ်ပုံစုစေတီကြီး ဖြစ်နေပြီ။ ဈေးကွက်အသစ် ပေါ်လာတာကတော့ တယ်လီဖုန်းဓါတ်ခဲ အားသွင်းသည်တဲ့။
         ဦးဖိုးကျားသွားခဲ့တဲ့ ကျိုက်ထီးရိုး၊ ကိုဝင်းဦး ခံစားခဲ့တဲ့ ကျိုက်ထီးရိုး၊ မောင်စံဖား ကလေးဘ၀က တက်ခဲ့တဲ့ ကျိုက်ထီးရိုးနဲ့ မနေ့တနေ့က မိန်းမစကားနားထောင်ငြားဆိုပြီး ရောက်ခဲ့ပြန်တဲ့ ကျိုက်ထီးရိုးဟာ ပင်လယ်အောက်က သိကြားမင်းသယ်လာတဲ့ တိဿရသေ့ကြီး ဦးခေါင်းနဲ့တူသော ကျောက်တုံးကြီးပေါ်က ဘုရားရှင်ရဲ့ ဆံတော်နှစ်ဆူ ကိန်းဝပ်တော်မူရာ စေတီကြီးကလွဲရင် အရာရာပြောင်းလဲသွားခဲ့တာ မှတ်တောင် မမှတ်မိချင်ဘူး။ တောင်ပေါ်တက်ရမှာစိုးလို့ အိမ်မှာနေခဲ့တဲ့ သမီးကလေး ကို ကျိုက်ထီးရိုးအကြောင်း ပြောပြဆိုရင် ဘယ်အကြောင်းကို ပြောရမှာပါလိမ့်။ သူကိုယ်တိုင် စိတ်ပါလို့ တက်ဖြစ်တဲ့ တစ်နေ့ကျရင်လည်း တူတော့မှာ မဟုတ်ပါဘူး။ မှာချင်တာကတော့ ဗုဒ္ဓသာသနာဆိုတာ သည်အရပ်သည်ဒေသမှာ ဘုရားရှင် ပွင့်တော်မူစဉ်အခါကတည်းက ထွန်းကားခဲ့တယ်။ ဘယ်အရာတွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ၊ အဖိုးတို့ အဖေတို့ လက်ထက်အထိဘည်း ထွန်းကားဆဲပဲ။ သမီးလေး ကြီးလာတဲ့အခါ၊ နောင်လာနောက်ဖွား သားမြေးများလက်ထက်မှာ ကွယ်မသွားဖို့ပဲ အရေးကြီးပါတယ်ကွယ်။ သမီးလေးရဲ့ ဂိမ်းကစားတဲ့အချိန်တွေထဲက ဘုရားရှိခိုးတဲ့အချိန်ကလေး နည်းနည်းလောက် ပေးမယ်မဟုတ်လား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...