Thursday, February 21, 2013

ပညာရေးဖြင့် ပညာပေးခြင်း



သုတေသနပြုချက်အရ စောစီးစွာပညာသင်ကြားရေးကို မဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကလေးတွေမှာ နောက်ပိုင်း အကြမ်းဖက်ပြဿနာတွေ ကျူးလွန်လာကြကြောင်းတွေ့ရတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်ရေးမှာ အရေးအကြီးဆုံးကတော့ ကိုယ်ချင်းစာပြီး “မျှဝေခံစားကြည့်ခြင်း”  ဖြစ်တယ်။
မျှဝေခံစားတယ်ဆိုတဲ့နေရာမှာ လူငယ်တစ်ယောက်ရဲ့ ခံစားမှုကို အသိအမှတ်ပြုခြင်း၊ သူတို့အတွေးအမြင်ကိုလက်ခံခြင်းနဲ့ သူတို့ ဖော်ထုတ် ချက်ကို စိတ်ဝင်စားစွာ နားထောင်ပေးခြင်းတို့လည်းပါဝင်တယ်။ သူတို့ကို မျှဝေခံစားပေးတာဟာ သူတို့ရဲ့ စိတ်လိုက်မာန်ပါ လုပ်လိုစိတ်တွေကို ထိန်းချုပ်နိုင်မယ်၊ ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်၊ ဒေါသတွေကို တားဆီးပေးနိုင်လိမ့်မယ်။
ဆရာတွေဘက်က ဆောင်ရွက်စရာတွေလည်း အများကြီးပဲ။ လူငယ်တွေစိတ်ဝင်စားတတ်တဲ့ ပြဇာတ်၊ စာပေ တွေနဲ့ စည်းရုံးကြည့်မယ်။ စံထားအပ်သူတွေအကြောင်း အသံကျယ်ကျယ်နဲ့ ဖတ်ပြခိုင်းမယ်။ စာသင်ရင်း သို့မဟုတ် ဆုံးမစကားပြောရင်း လှုံ့ဆော်မှု၊ သဲလွန်စဖော်ထုတ်မှု၊ အကြံပေးမှု၊ ပြန်လည်သုံးသပ်ခိုင်းမှု၊ ချီးကျူးမှု တွေကို မပြတ်ပြုလုပ်ပေးနေမယ်။ လူငယ်တွေကို ပြန်လည်သုံးသပ်ခြင်း၊ ချီးကျူးခြင်းတွေ မလုပ်ဆောင်မီ ဦးနှောက်ဆူအောင် လုပ်ပေးတဲ့နည်းဟာလည်း ကောင်းမွန်တဲ့နည်းတစ်ခုဖြစ်တယ်။ ပြဿနာရှာတတ်တဲ့ လူငယ်တွေဟာ အခြား ကလေးတွေလိုမဟုတ်ဘူး။ Brainstroming လို့ခေါ်တဲ့ ဦးနှောက်မုန်တိုင်း ဆင်ပေးလိုက်မှ လမ်းကြောင်းပြောင်းပြီး အကောင်းဘက် ဦးတည်သွားနိုင်တာတွေလည်းရှိတတ်တယ်။ အဆိုးဆုံးဆိုတဲ့ အဆင့်သတ်မှတ် ခြင်းခံထားရသူတွေအတွက်ကတော့ အုပ်စုလေးတွေဖွဲ့ပြီး နောက်ဆက်တွဲ သင်ကြားမှုတွေ ပြုလုပ်ပေးသင့်တယ်။
“ပညာရေး” နဲ့ “ပညာပေး” တာဟာ တကယ့်ကို အရေးပါတဲ့ စနစ်ကြီးတစ်ခုဖြစ်လာပြီလို့ ဘယ်လိုပဲဆိုဆို အမေရိကန်နိုင်ငံမှာ အရက်စွဲလို့၊ မူးယစ်ဆေးသုံးစွဲလို့၊ ငယ်ငယ်ရွယ်ရွယ်ကိုယ်ဝန်ဆောင်လို့၊ ဆိုးသွမ်း ရမ်းကား လို့၊ ရာဇဝတ်မှုကျူးလွန်လို့ ကျောင်းထွက် သွားရသူ ဦးရေ မြင့်တက်နေတယ်။ နှစ်စဉ်အမေရိကန်နိုင်ငံမှာ လူငယ် ၁ သန်း သို့မဟုတ် ကျောင်းနေသင့်တဲ့ အရွယ်ရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ ကျောင်းထွက်သွားရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုတယ်။ ယောက်ျားလေး ကျောင်းထွက်သွားသူဦးရေက မိန်းကလေးတွေထက် ပိုများ တယ်။ တကယ့်အချက်အချာကျတဲ့ ကျောင်းကြီးတွေမှာတောင် ကျောင်းရှိလူဦးရေရဲ့ ထက်ဝက်နီးပါး ကျောင်းထွက်သွားတဲ့အထိ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။  ကျောင်းထွက်သွားသူတွေမှာ ၇၅ ရာခိုင်နှုန်း ဟာ လူဖြူတွေ ဖြစ်နေပြီး၊ ၆၂ ရာခိုင်နှုန်းလောက်ဟာ မြို့ပြဆင်ခြေဖုံးရပ်ကွက် တွေမှာ နေထိုင်ကြသူတွေ ဖြစ်နေပြန်တယ်။
အမေရိကန်မှာ ကျောင်းတွေဟာ လူငယ်တွေရဲ့ ပြဿနာကို အဓိကဖြေရှင်းပေးနိုင်တဲ့ နေရာတွေ ဖြစ်လာတာ ကြောင့် ကျောင်းတွေကို အခြေခံပြီး နည်းမျိုးစုံနဲ့ လုပ်ဆောင်လာကြတာလည်းတွေ့ရတယ်။ ဥပမာ ကျောင်းပြေးတဲ့ ကလေးတွေကို ရဲတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက စောင့်ကြည့်ပြီး သတင်းပေးတာတို့ မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်တာတို့ ပြုလုပ်ပေးကြတယ်။ ကျောင်းမပြေးနိုင်အောင် စောင့်ရှောက်ခြင်း ဟာလည်း ရာဇဝတ်မှုမဖြစ်အောင် အထောက်အကူဖြစ်စေတယ်လို့ဆိုတယ်။
စာသင်ခန်းတွေမှာ ကျောင်းသားအရွယ်အစား ချုံ့ခြင်းဟာ ဆရာတွေအတွက်သာမက ကျောင်းသားတွေ အတွက်ပါ စည်းကမ်း လိုက်နာစေရေး အထောက်အကူပေးနိုင်တယ်။ အစိုးရက စာသင်ခန်းတစ်ခန်းမှာ ကျောင်းသားဦးရေကို ၂၀ အထိသာထားရမယ်လို့ လျှော့ချ လိုက်တာဟာ ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည် ကို ၅၀ ရာခိုင်နှုန်းကနေ၊ ၆၀ ရာခိုင်နှုန်းအထိ တိုးတက်သွားတယ်လို့ဆိုတယ်။ ဒါကြောင့်လည်း ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားဦးရေကို စာသင်ခန်းတစ်ခန်း ၁၅ ယောက်ကနေ ၁၈ ယောက်အထိသာ ထားကြတာများတယ်။
ကျောင်းသေးတာဟာလည်း ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ နည်းတစ်နည်းဖြစ်တယ်။ ကျောင်းသေးတော့ အုပ်ချုပ်ရတာ စီမံခန့်ခွဲရတာ ပိုကောင်းတာကြောင့် ထိရောက်မှုရှိတယ်။ များသောအားဖြင့် တစ်နိုင်တစ်ပိုင် စနစ်တွေနဲ့ သင်ကြားပေးနေတဲ့ကျောင်းတွေဟာ ပိုပြီး အောင်မြင်တယ်လို့ ဆိုတယ်။ ချီကာဂို၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်မြို့တွေမှာ ကျောင်းသား ၅၀၀ လောက်ပဲ လက်ခံသင်ကြားပေးနေတဲ့ ကျောင်းတွေဖြစ်အောင် စီစဉ်နေကြပြီ။ တကယ်လို့ ကျောင်းသားဦးရေ များလာရင်လည်း ကျောင်းခွဲတစ်ခုအနေနဲ့သာ ထပ်မံဖွင့်လိုက် ကြတယ်။ အမေရိကန်နိုင်ငံရဲ့ အလယ်တန်းအဆင့် ကျောင်းပေါင်း ၃၃ ကျောင်းကို လက်ရှိလေ့လာကြည့်ရာမှာ ဆရာ ဆရာမတွေကို ၂ နှစ် ၃ နှစ် ဆက်တိုက်ထားနိုင်ခြင်းဟာလည်း စည်းကမ်းကောင်းအောင်၊ သင်ကြားမှု ကောင်းအောင် စီမံပေးနိုင်တဲ့ အကြောင်းတရား တစ်ခုဖြစ်နေတာ တွေ့ရတယ်။
ပြဿနာရှိတဲ့မိသားစုတွေရဲ့ကလေးတွေဟာ ပြဿနာလေးတွေ ကျောင်းအထိပါလာတတ်တယ်။ ဒါကြောင့် မိသားစုအရေး ပြဿနာတွေကို သေသေချာချာလေ့လာပြီး သူတို့ကို အနွေးထွေးဆုံးနဲ့ အလေးပေးပြီး ဆက်ဆံပြုစုသင့်တယ်။ ကျောင်းတွေက လူငယ်တွေရဲ့ ပညာရေးအတွက် ဘယ်လောက် ဆောင်ရွက်ပေး သည်ဆိုစေ မိသားစုအိမ်တွင်းရေးတွေက အဖျက်တရားဆီဦးတည်ဖို့ စိန်ခေါ်နေတတ်တယ်။ ဒီလို ကလေးမျိုး တွေကို “မင်းနောက်ကြောင်းကို မတွေးနဲ့ ဆရာတို့က မင်းကိုယုံတယ်” ဆိုတာမျိုးတွေနဲ့ အားပေးဖို့လိုအပ်တယ်။ တကယ်တော့ ပြဿနာကလေးတွေရဲ့ ရှေ့ရေးဟာ မိဘတွေမှာလည်း တာဝန်ရှိတယ်ဆိုတာ မေ့မထားလေနဲ့။
ရန်လိုပြီး ပြဿနာရှာတတ်တဲ့ လူငယ်တွေနဲ့ ဆရာတွေဟာ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် အလွတ်သဘောနဲ့ တွေ့ဆုံ ဆွေးနွေးသင့်တယ်။ အမေရိကန်မှာ ပြဿနာ ကျောင်းသားကျောင်းသူ ၉၅၉ ယောက်ကို သုတေသနလုပ်ကြည့်ရာမှာ မူးယစ်ဆေးသုံးစွဲမှု ၄၅ ရာခိုင်နှုန်း၊ အရက်သေစာသောက်သုံးမှု ၂၇ ရာခိုင်နှုန်း၊ လက်နက်ကိုင်တိုက်ခိုက်မှု ၃၂ ရာခိုင်နှုန်း၊ ကျောင်းပြေးမှု ၅၅ ရာခိုင်နှုန်းအထိ ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံဆွေးနွေးမှုကြောင့် လျှော့ကျသွားတယ်လို့ဆိုတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတဲ့မူကို အစိုးရကပါလက်ခံပြီး ငွေကြေးအကုန်အကျခံကာ နှစ်သိမ့်ဆွေးနွေးမှုတွေ မကြာမကြာလုပ်ပေးနေပြီ။ ထိရောက်မှု အတော်လေး ရှိတယ်လို့လည်း ဆိုတယ်။ ဒေါ်လာ ၁၀၀၀ လောက်အကုန်အကျခံပြီး တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်လိုက်တိုင်း ရလဒ်ကောင်းတွေထွက်နေတာကြောင့် တွက်ခြေကိုက်တဲ့ လှုပ်ရှားမှုလို့ အစိုးရက သတ်မှတ်ထားတယ်။
အုပ်စုဖွဲ့လမ်းညွှန်မှုဟာ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်လို့ဆိုပေမယ့် အပျက်သဘောဆောင်တဲ့ လမ်းကြောင်းကို ရောက်သွားတာတွေလည်းရှိတယ်လို့ဆိုတယ်။ အဖွဲ့အစည်းတွေကျောင်းတွေမှာ ဘယ်လို လှုပ်ရှားမှုတွေ ဆောင်ရွက်နေသည်ဆိုစေ စိတ်ပါဝင်စားခြင်း၊ ပါဝင်ကူညီ ဆောင်ရွက်ခြင်းမရှိတဲ့ မိဘတွေ ကြောင့် ပြဿနာဆက်လက် ကြီးထွားနေရတာတွေလည်းရှိပါတယ်။ အချို့လူငယ်တွေက အရွဲ့တိုက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်မရှိတာကို မိဘတွေကလည်း လစ်လျူရှုထားလိုက်ချိန်မှာ အခြားအင်အား ကြီးတဲ့ ပြဿနာ အုပ်စုတစ်စုကို ထပ်မံဖြစ်ထွန်းစေဖို့ တွန်းအားပေးလိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆွေးနွေးရေးအဖွဲ့တွေ ဖွဲ့ထားရသလို ဖျန်ဖြေရေးအဖွဲ့တွေလည်း ဖွဲ့ထားကြရသေးတယ်။ ကျောင်းတွေနဲ့ လူမှုရေးအဖွဲ့တွေ မည်မျှလှုပ်ရှားဆောင်ရွက်နေကြသည်ဖြစ်စေ အိမ်ပြန် ရောက်ချိန်မှာ စိတ်ချမ်းသာမှုမရနိုင်တဲ့ လူငယ်တွေအတွက် ထင်ရာစိုင်းလိုမှုတွေကို ပြန်ပြီးဖြစ်ပေါ်စေနိုင်ပါသေးတယ်။  ပြဿနာတစ်ခုဟာ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့သွားပေါက်လိုက်ရင် သို့မဟုတ် ပေါက်ဆိန်နဲ့ပေါက်ရမှာကို အပ်နဲ့ သွားထွင်းနေရင် လိုရင်းမရောက် ဖြစ်နိုင်ပါ တယ်။ ရန်လိုတဲ့ ပြဿနာတွေဟာ မျက်စိအောက်မှာတင် ဖျန်ဖြေလိုက်ရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားမယ့် ကိစ္စတွေလို့ထင်ရပေမယ့် နောက်ကွယ်က ပြဿနာတွေဟာ လူငယ်တွေရဲ့အနာဂတ်နဲ့ အများကြီးဆက်စပ်နေတာကြောင့် ခေါင်းရှောင်မနေသင့်တဲ့ ကိစ္စတစ်ရပ်အနေနဲ့ တင်ပြလိုက်ရပါတယ်။

http://maukkha.org/index.php/interview-maukkha/opinion-maukkha/3017-2013-02-21-01-31-40 မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...