Monday, February 25, 2013

စကားပြေနှင့်ကဗျာကြားက အဆက်အသွယ်-၁-

Thet Tun shared ဝေ(စီးပွားရေးတက္ကသိုလ်)'s photo.
စကားပြေနှင့်ကဗျာကြားက အဆက်အသွယ်-၁-

   (ဧရာဝတီစာပေပွဲတော်မှာ ဆရာမ မအိ၊ ဆရာမနှင်းဆီအောင်၊ ဆရာသစ်ခက်အိမ်၊ ဆရာမအဖြူရောင်(ရွှေ)တို့နဲ့ ကျွန်မ ဝေ(စီးပွားရေးတက္ကသိုလ်) တို့ ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာလေးပါ။ စာဖတ်သူမိတ်ဆွေတွေက တင်ပေးဖို့ တောင်းဆိုတာကြောင့်... တခြားဆရာတွေ ဆွေးနွေးသွားခဲ့တာက ကျွန်မမှာ စာရိုက်ပြီးသားလည်း အပြည့်အစုံမရှိ၊ အသံလည်းသွင်းမထားမိတာမို့
ကျွန်မဆွေးနွေးခဲ့တာလေးကိုပဲ တင်ပေးလိုက်ရတာပါ။)

 ရှေ့က ဆရာ၊ဆရာမတွေ ဆွေးနွေးသွားကြတာ အချက်အလက်တွေလည်း တော်တော်စုံပြီး၊ ဗဟုသုတတွေလည်း အများကြီးရပါတယ်။ ကျွန်မကတော့ စာနဲ့ကဗျာကြားက ကျွန်မရဲ့ တစ်ကိုယ်ရည်ခံစားချက်လေးကိုပဲ ဆွေးနွေးချင်ပါတယ်။ တကယ်တော့ ကျွန်မက ကဗျာဆရာမဟုတ်သလို ကဗျာအကြောင်းလည်း သိတ်သိလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကဗျာတွေကိုတော့ အင်မတန်ချစ်သူပါ။ ကျွန်မဘ၀တစ်လျှောက်လုံးမှာ ကဗျာတွေက အရိပ်လိုပဲ အမြဲလိုက်ပါယှဉ်တွဲနေတယ်လို့လည်း ကျွန်မခံစားရပါတယ်။

    ကျွန်မတင်မှမဟုတ်ပါဘူး။ လူတိုင်းလိုလို ကဗျာနဲ့ကင်းခဲ့တဲ့သူတော့ တစ်ယောက်မှ ရှိလိမ့်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံး  ကလေးဘ၀ကတည်းက စာရယ်လို့ တစ်လုံးမှမရေးတတ်သေးခင် လူကြီးမိဘတွေ ရွတ်ပြခဲ့တဲ့ ကဗျာလေးတွေနဲ့အတူ ကြီးပြင်းခဲ့ရတာပါ။ ဥပမာ ရောင်စုံဘောလုံးလိုကဗျာလေးတွေ၊ မနီကလေး ဘယ်ကလာ ဆိုတဲ့ကဗျာလေးတွေဆိုရင် ကလေးတိုင်းကို လူကြီးမိဘတွေကရော၊ မူကြိုကျောင်းက ဆရာမတွေကရော ရွတ်ပြတတ်သလို၊ သီဆိုတတ်အောင်လည်း သင်ပေးခဲ့တာချည်းပါ။ 
“မနီကလေး ဘယ်ကလာ အိမ်ကထွက်လို့လာ၊
 မနီကလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား ”
ဆိုတဲ့ကဗျာလေးတွေကို ရွတ်ဆိုရင်းနဲ့ပဲ ကျွန်မတို့ စာသင်ကျောင်းကို သွားခဲ့ရတာပါ။    

   စာသင်ခန်းထဲရောက်လာတော့လည်း ကျောင်းသင်ခန်းစာတွေထဲမှာ စာနဲ့အတူ ကဗျာလေးတွေကိုပါ တွဲပြီးသင်ကြရ ပြန်ပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆိုရင် မိဘတွေနဲ့စတိုးဆိုင်တွေကိုရောက်တိုင်း တခြားကလေးတွေလို အရုပ်တွေ ပူဆာဖို့ထက် ပို့စ်ကတ်လေးတွေကို ပိုပြီးတော့စိတ်ဝင်စားသူပါ။ ဘာလို့လဲဆိုတော့ အဲဒီပို့စ်ကတ်လေးတွေမှာပါတဲ့ မောင်ပန်းမွှေးကဗျာလေးတွေကို ကျွန်မကစာဖတ်တတ်ပြီဆိုကတည်းက စွဲလန်းနေခဲ့တာပါ။ မောင်ပန်းမွှေးကဗျာလေးတွေက ရွတ်ရတာ အသံလည်းအရမ်းသာတဲ့ အပြင် အရုပ်လေးတွေကလည်း ချစ်စရာ ဆွဲဆောင်တော့ ကျွန်မအရမ်းသဘောကျပြီး အများကြီးဝယ်စုထားပါတယ်။

   အဲဒီအချိန်မှာပဲ စာဖတ်တတ်ပြီဆိုကတည်းက ကာတွန်းတွေလည်း ကျောင်းပိတ်ရက်တိုင်း လောဘတကြီး ဖတ်တတ်နေပါပြီ။

ဒါပေမဲ့ စာနဲ့ကဗျာဆိုရင် ကဗျာကတော့ ပို့စ်ကတ်တွေဝယ်တိုင်း အသစ်တွေ မကြာခဏဖတ်ရပေမဲ့ ကာတွန်းကတော့ နွေကျောင်းပိတ်ရက်လို ကျောင်းပိတ်ရက်ရှည်မှာမှ မိဘတွေက ငှားဖတ်ခွင့်ပေးတာမို့ အမြဲတော့မဖတ်ခဲ့ရပါဘူး။

    အဲလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ကဗျာတွေရော၊ ကာတွန်းတွေရော ရှားပါးတဲ့  ကချင်ပြည်နယ်က
တောင်ပေါ်မြို့လေးကို မိဘတွေနဲ့အတူပြောင်းခဲ့ရပါတယ်။ 
အဲဒီမှာ စာအုပ်တွေလည်း အင်မတန်ရှားတော့ စာကြည့်တိုက်မှာရှိတဲ့ ၀တ္ထုရှည်ကြီးတွေကို စဖတ်မိပါတယ်။ ဒါပေမဲ့ အရွယ်နဲ့မလိုက်တော့ သိတ်မခံစားတတ်ပါဘူး။ အဲဒီမှာ အနေကြာပြီး အရွယ်နဲ့လိုက်တဲ့ စာတွေ၊ ကဗျာတွေမဖတ်ရတာကြာလာတဲ့အခါမှာ ကျွန်မလည်းကိုယ့်ဖာသာကိုယ် ဇာတ်လမ်းတွေစိတ်ကူးယဉ်ရပါတော့တယ်။

    အဲဒီအချိန်က ကိုယ့်စိတ်ကူးပေါ်ရာ ကဗျာလေးတွေ ပါးစပ်ကကောက်ရွတ်လိုက်ပေမဲ့ စာနဲ့ချရေးရကောင်းမှန်း မသိသေးတဲ့အရွယ်မို့ မှတ်မှတ်သားသားတော့ မရှိခဲ့ဘူးပေါ့နော်။ ဇာတ်အိမ်ဇာတ်ကွက်နဲ့ စိတ်ကူးယဉ်တဲ့ ဇာတ်လမ်းတွေကတော့ ကျွန်မက မောင်လေးကို ပုံပြင်အနေနဲ့ပြန်ပြန်ပြီး ပြောပြဖြစ်တာမို့ ဒါလေးတွေကတော့ မှတ်မှတ်ရရရှိခဲ့ပါတယ်။ အဲဒီနောက် အလယ်တန်း အထက်တန်း ရောက်လာတဲ့အခါမှာ ကိုယ်ပိုင်ခံစားချက်ကဗျာလေးတွေ စရေးမိပါတယ်။ ငယ်ငယ်ကတည်းကဖတ်ခဲ့ပြီး ရင်ထဲမှာစိမ့်ဝင်နေတဲ့ စာတွေကဗျာတွေရဲ့ရသတွေကနေပြီးတော့ ပထမဆုံး ပြန်အန်ကျလာတာက ကဗျာလေးတွေဖြစ်နေခဲ့တာပေါ့နော်။ 
အဲဒါနဲ့တပြိုင်နက် စာရယ်လို့ ၀တ္ထုတစ်ပုဒ်လုံးကြီးမဟုတ်ပေမဲ့ တပိုင်းတစ ခံစားချက်လေးတွေလည်း ရေးနေမိပါပြီ။

   တက္ကသိုလ်ရောက်လာတော့ အဆောင်ကနံရံကပ်စာစောင်မှာ ကဗျာတစ်ပုဒ်၊ စာညွန့်တစ်ပုဒ်ဝင်ပြိုင်ဖြစ်ပါတယ်။ အဲဒီမှာ စာညွန့်လေးက ဆုမရဘဲ ကဗျာလေးက ပထမဆုရခဲ့ပါတယ်။ အဲဒီကနေတဆင့် နောက်ပိုင်းမှာ ကျွန်မပြောချင်တာတွေ အရမ်းများလာတယ်။ ပတ်ဝန်းကျင်က မြင်တွေ့ကြားသိ ရသမျှတွေကို ပြန်မျှဝေချင်စိတ် ပြင်းထန်လာတဲ့အခါကျတော့ ကဗျာနဲ့ရေးရတာ အားမရတော့ဘဲ ၀တ္ထုအနေနဲ့ စကားပြေလေးတွေရေးမိလာပါတယ်။ အဲဒါနဲ့ပဲ ကျွန်မ စကားပြေလိုင်းကို ကူးသွားတယ်ပေါ့နော်။ ကျွန်မအနေနဲ့ စကားပြေကိုပိုပြီးအားသန်တဲ့အတွက် ၀တ္ထုလေးတွေ အများကြီးရေးမိပါတယ်။ ဒါပေမဲ့ ကဗျာလေးတွေကိုလည်း လက်တော့မလွှတ်ခဲ့ပါဘူး။ ကဗျာလေးတွေက ကျွန်မရင်ထဲကို ရိုက်ခတ်နေတုန်း၊ နှလုံးသားကို  လှုပ်ရှားစေနိုင်တုန်းပါ။ ခု ကျွန်မရေးတဲ့ စာတွေထဲမှာလည်း ကဗျာအငွေ့အသက်တွေ အများကြီးပါနေတယ်လို့လည်း ကျွန်မရဲ့ရေးဖော်တချို့က သုံးသပ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အမှန်ပြောရရင် ဒီရသစာပေကိုချစ်တဲ့စိတ်ဟာလည်း ကဗျာလေးတွေကိုချစ်တဲ့စိတ်ကနေ သန္ဓေတည် ပေါက်ဖွားလာခဲ့ရလို့ပါရှင်။
+++++++++++

ဝေ(စီးပွားရေးတက္ကသိုလ်)

(ဧရာဝတီစာပေပွဲတော်မှာ ဆရာမ မအိ၊ ဆရာမနှင်းဆီအောင်၊ ဆရာသစ်ခက်အိမ်၊ ဆရာမအဖြူရောင်(ရွှေ)တို့နဲ့ ကျွန်မ ဝေ(စီးပွားရေးတက္ကသိုလ်) တို့ ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာလေးပါ။ စာဖတ်သူမိတ်ဆွေတွေက တင်ပေးဖို့ တောင်းဆိုတာကြောင့်...
တခြားဆရာတွေ ဆွေးနွေးသွားခဲ့တာက ကျွန်မမှာ စာရိုက်ပြီးသားလည်း အပြည့်အစုံမရှိ၊ အသံလည်းသွင်းမထားမိတာမို့ ကျွန်မဆွေးနွေးခဲ့တာလေးကိုပဲ တင်ပေးလိုက်ရတာပါ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...