Tuesday, February 26, 2013

အကြင်နာလမ်းမှာ ဘဝခရီး သာယာဖို့

by ဘဘကြီး ဘဘလတ် on Tuesday, February 26, 2013 at 2:42am ·


By 8 Days Journal Originally posted 05/02/2013 14:11PM
Everyone needs kindness, understanding and love.  “လူတိုင်းအတွက် ကြင်နာခြင်း၊ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာ လိုအပ်ပါတယ်”။
လူ့ဘဝဟာ တိုတိုလေးပဲလို့ ပြောလေ့ရှိကြပါတယ။် ဒါပေမဲ့ တိုတောင်းလှတဲ လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
လူ့ဘဝမှာ နေထိုင်ရတဲ့မိနစ်၊ စက္ကန့်တွေကအစ တန်ဖိုးရှိပါတယ်။ အဲသလိုပဲ တန်ဖိုးရှိတဲ့ လူသား တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ တချို့ကျတော့ လူသာဖြစ်လာရတယ် လူဖြစ်ရကျိုး မနပ်တဲ့သူတွေ ရှိပါတယ်။ တစ်ဘဝလုံး မပျော်မရွှင်နဲ့ ဇာတ်သိမ်းသွားရတာတွေလည်း ရှိပါတယ်။ ရွှေတွဲလဲ၊ ငွေတွဲလဲ နေနိုင်ပေမယ့် စိတ်မချမ်းမသာ ဖြစ်နေရသူတွေလည်း တစ်ပုံတစ်ပင်ကြီးပါပဲ။

ဒါကြောင့် လူဖြစ်လာရတဲ့ အခိုက်မှာ လူပီသအောင် ကျင့်ကြံနေထိုင်ခြင်းနဲ့အတူ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားဖို့ လိုလာပါတယ်။ လောကကြီးဆီကနေ ဘာတွေ ရယူနိုင်မလဲဆိုတာ မစဉ်းစားပါနဲ့။ ဘာတွေကို ကိုယ့်ဘက်ကနေ ပေးဆပ်နိုင်မလဲ ဆိုတာကိုပဲ အရင်ဆုံးစဉ်းစားပါ။ တလောဆီက စာဖတ်သူတို့လည်း ကြားမိကြမှာပေါ့။ အမေရိကန်ပြည်ထောင်စုက ကမ္ဘာကျော် သူဌေးကြီး ဂျော့စ်ဆိုးရော့စ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ သတင်းပါ။ သူဟာ ချမ်းသာကြွယ်ဝသူ တစ်ယောက်ဖြစ်ပေမယ့် တခြားနိုင်ငံက လူသားတွေကို အကူအညီပေးချင်တဲ့ စိတ်နဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

“ပေးဆပ်သူ” တို့ရဲ့ နှလုံးသားဟာ အမြဲတမ်း အလှတရားနဲ့ ပြည့်ဝနေပါတယ်။ တောရွာတွေအထိ သွားပြီး လခနည်းနည်းနဲ့ စာသင်ကြား ပေးနေတဲ့ ဆရာမလေးတွေရဲ့ နှလုံးသားဟာ လှပပါတယ်။ ဒုက္ခသည်တွေရှိတဲ့ နေရာအထိ သွားပြီး ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေရဲ့ နှလုံးသားဟာ လှပပါတယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအကျိုးအတွက် ပရဟိတ လုပ်ငန်းတွေ လုပ်နေသူတွေရဲ့ နှလုံးသားဟာ လှပပါတယ်။ အဲသလို ပေးဆပ်ကြသူတွေဟာ လူ့ဘောင်လောကအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့် ပေးဆပ်နိုင်ကြတာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ မပါဘဲနဲ့ ဘယ်သူမှ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကျိုးတစ်ခုပဲ ကြည့်တတ်ကြသူတွေက လက်နက်ထုတ်လုပ်၊ လက်နက်ရောင်းချကြပြီး အများအကျိုး ကြည့်တတ်သူတွေက ငြိမ်းချမ်းရေးရဖို့ ကြိုးစားပါတယ်။ ချစ်ခြင်းမေတ္တာဟာ သာယာလှပတဲ့ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ လူသားတွေရဲ့ စိတ်ကို နူးညံ့ပျော့ပျောင်းလာအောင်၊ ကြင်နာမှုတွေ မွေးဖွားလာအောင် ချစ်ခြင်း မေတ္တာကသာ စွမ်းဆောင်နိုင်ပါတယ်။

ဘဝမှာ အမြဲတမ်းတော့ လူသားတိုင်ဟာ အောင်မြင်သူ မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ ရှုံးနိမ့်မှုတွေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်း ကြွယ်ဝမှုနဲ့အတူ လူသားတန်ဖိုးတွေ လျော့နည်းမသွားအောင် ချစ်ခြင်းမေတ္တာက ထိန်းမတ် ပေးပါလိမ့်မယ်။ အခုတလောမှာ ဖတ်ရတဲ့ သတင်းတွေက စိတ်မချမ်းမြေ့စရာပါ။ ချစ်သူတွေဆိုပြီး ယုံကြည်မိပြီးကာမှ ပန်းကောင်း အညွန့်ချိုးပြီး တစ်ဖက်က တာဝန်မယူဘဲ ပစ်သွားတဲ့ ကိစ္စတွေပေါ့။

အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ လက်မထပ်ဘဲ အတူနေတာက အထူးအဆန်း မဟုတ်ပေမယ့် အရှေ့တိုင်း လူ့အဖွဲ့အစည်းမှာတော့ ဒါကို လက်သင့် မခံကြပါဘူး။ အခုလို ချစ်သူတွေ အချင်းချင်း လက်မထပ်ရသေးဘဲ နယ်ကျွံကြတာကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အလိုမတူဘဲ ဖြစ်သွားလို့ အမှုဖွင့်ရင်လည်း မိန်းကလေးဘက်ကပဲ သိက္ခာကျရတာပါ။ မိန်းကလေးတွေ အနေနဲ့ ကိုယ်နဲ့လက်တွဲရမယ့် ချစ်သူကို သတိကြီးကြီး ထားပြီး ရွေးချယ်စေချင်ပါတယ်။ တချို့ဆို တစ်ခုလပ်၊ နှစ်ခုလပ်တွေ ဖြစ်နေပါလျက်နဲ့  Facebook မှာ လူပျိုပါလို့ညာပြီး မိန်းကလေးတွေရဲ့အချစ်ကို ရယူဖို့ ကြိုးစားနေကြတာ ရှိတဲ့အတွက် သတိပြု ဆင်ခြင်တတ်ဖို့၊ အယုံမလွယ်ဖို့ လိုပါတယ်။

ကျွန်မရဲ့သူငယ်ချင်းမတစ်ယောက်ဟာ အရမ်းစဉ်းစားတတ်သူ တစ်ယောက်ပါ။ သူနဲ့တွဲခဲ့တဲ့ ပထမရည်းစားက သူ့ကိုချစ်ပေမယ့် အခွင့်အရေးသမား တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ကျတော့ လက်မထပ်ရသေးဘဲ တည်းခိုခန်း သွားဖို့ဆွယ်တော့ သူငယ်ချင်းက လုံးဝလက်မခံခဲ့ပါဘူး။ အဲဒါကိုပဲ သူ့ကိုမချစ်လို့ လက်မခံတာလို့ အကြောင်းပြပြီး ယောက်ျားလေးဘက်က ဖြတ်လိုက်ပါတယ်။ သူငယ်ချင်းက အပြုံးမပျက် လက်ခံခဲ့ပါတယ်။ နောက်တစ်ခါ မိဘလုပ်စာကို ထိုင်စားနေတဲ့ သူဌေးသား ငကြွားတစ်ယောက်က သူ့ကိုအသည်းအသန် လိုက်ပါတယ်။ ကိုယ်ပိုင်အရည်အချင်း မရှိတဲ့သူမို့ ချစ်သူအဖြစ် မစဉ်းစားပါဘူး။ ဒီလိုနဲ့ တကယ် ကြင်နာတတ်တဲ့၊ နားလည်မှုရှိတဲ့၊ လူကြီးဆန်တဲ့ သူတစ်ယောက်က ချစ်ရေးဆိုလာတဲ့အခါ လက်ခံလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခရီးက သာယာဖြောင့်ဖြူးခဲ့ပါတယ်။ အခုအခါ လက်ထပ်လိုက်ကြပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နေပါပြီ။

“လူတိုင်းအတွက် ကြင်နာခြင်း၊ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာ လိုအပ်ပါတယ်” ဆိုတဲ့ စကားအတိုင်း ကြင်နာမှုရှိမှ ကိုယ့်ချစ်သူအပေါ် နားလည်နိုင်မှာပါ။ နားလည်မှုဟာ ချစ်ခြင်းမေတ္တာရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ထုဆစ်တဲ့လမ်းမှာ ထာဝရ လျှောက်လှမ်းဖို့အတွက် ကြင်နာမှုနဲ့ နားလည်မှုကသာ ဖေးကူနိုင်မှာပါလို့ ပြောပါရစေလား။ ။

ပန်းပွင့်ကဗျာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...