Tuesday, February 26, 2013

မိုးထံသို့ ပေးစာ

by Jip Too on Sunday, February 24, 2013 at 8:50pm ·

      မိုးရေမနေ့က နင့်ဆီက ဖုန်းလာတော့ ငါအတော်လေးပျော်သွားတာပေါ့ဟယ်။ နင်နဲ့ငါ မတွေ့ရတာ ဘယ်လောက်ကြာ ပြီလဲ။ နင်အိမ်ထောင်ကျသွားတာ၊ နင်သားလေး တစ်ယောက်မွေးတာပဲ ငါသိထား ရတာ။ ဟော.. ခုတော့ နင်က ဒုတိယ သားတစ်ယောက်တောင် မွေးထားပြီးပါပကော။ ဖုန်းထဲကနေ နောက်ထပ် သားတစ်ယောက်မွေးထားကြောင်းပြောတဲ့ နင့်အသံလေးကို ကြားတော့ ငါ လေ ငါတို့ ခုနစ်တန်းကျောင်းသူဘ၀ကို သွားသတိရမိတယ်။ နင့်အသံကြည်ကြည်ရွှင်ရွှင်လေးက အရင်တိုင်းပဲ မိုးရယ်။ ဒီလိုနဲ့ပဲ နင့်ရဲ့ ဖြူဖြူသွယ်သွယ် ရုပ်ရည်လေးကိုလည်း ငါမျက်လုံးထဲ မြင်လာတယ်။ ကျောင်းလာ ရင် နင်က အမြဲပဲ လက်စက အဖြူလေးကို ၀တ်တတ်တယ်။
နင့်မှာ ကျောင်းစိမ်းလုံချည် ပျော့ပျော့လေးရော၊ မာစရိုက်လို ဘဲခေါင်းစိမ်းရောင် လုံချည်လေးရော ရှိပြီး ဘာဝတ်ဝတ် နင်ဟာ ချစ်စရာ အမြဲကောင်းနေတယ်။ ကျောင်းနဲ့အိမ် မျက်စောင်းထိုးလောက်သာ ဝေးတဲ့နင် ကျောင်းလာရင် နင့်ပါးပေါ်က သနပ်ခါးလေးတွေက မခြောက်တတ်သေးဘူးလေ။
       ရှမ်းသွေးနဲ့ တရုတ်သွေးနှောထားတဲ့ နင် ဘယ်လောက် ချစ်စရာကောင်းတယ်ဆိုတာ ငါတို့ ခုနစ်တန်းကျောင်း သူဘ၀ကတည်းက ငါ သတိထားမိပါတယ်။ ချစ်စရာကောင်းပြီး ရုပ်ချောပေမယ့် နင်ဟာ တခြားကျောင်းသူ တွေလို ပဲမများဘူး။ ကျောင်းမှာ ပေါက်ကျော်ဖြစ်တဲ့ငါနဲ့ နေရာအနှံ့ နင်လိုက်ကစားဖူးသလို၊ အတန်းထဲက စာအတော်ဆုံး ငါတို့နဲ့ အတူတူထိုင်တဲ့(ခုတော့ဆရာဝန်မကြီးဖြစ်နေတဲ့)ဖြူဖြူသန့်နဲ့လည်း နင် တွတ်ထိုးတာပဲ။ နောက်ထပ် ငါတို့ရဲ့ အချစ်ဆုံး ရူပါ့ကိုလည်း မချန် နင်စ ချင် စနေတတ်တာ။။နင်ရယ် ငါရယ် ဖြူသန့်ရယ် ရူပါရယ် ခုနစ်တန်း တစ်နှစ်တည်းသာ တစ်ခန်းထဲ အတူတူ နေလိုက်ရပေမယ့် ဘာလို့ တစ်ဘ၀လုံး မေ့မရတဲ့ သူငယ်ချင်းတွေ ဖြစ်သွားရပါလိမ့်လို့ ငါတွေးမိတယ်။
        နင့်သားလေးအကြောင်းတွေ၊ ရန်ကုန်ရောက်ရင် ငါ့ဆီ ၀င်ဖြစ်အောင်ဝင်မယ် ဆိုတဲ့ စကားတွေ မ၀တ၀ ပြောပြီး ဖုန်းချသွားတော့ ငါတို့ရဲ့ အမှတ်တရတွေ တွေးမိတယ် မိုးရေ။ ငါတို့ စဆုံခဲ့တဲ့ နှစ်က ခုနစ်တန်းနှစ်။ ငါနဲ့ ရူပါက ငါးတန်းကတည်းက အတူတူထိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဆိုတော့ ခုနစ်တန်းနှစ်မှာလည်း အတူတူ ထိုင် ကြတယ်။ ဆရာမခုံနဲ့ မျက်နှာချင်းဆိုင် ရှေ့ဆုံးမှာ ထိုင်နေကြတုန်းကတော့ ခပ်တည်တည်ပေါ့။ နောက်တော့ နင် ဘယ်ကနေ ဘယ်လို ငါတို့ဘေး ရောက်လာတယ် မသိပါဘူး။ နင်နဲ့ အရင်တုန်းက သိပ်မခင်ကြပေမယ့် မစိမ်းတော့မ စိမ်းကြဘူးလေ။ ခဏကြာတော့ ခြောက်တန်းဆရာမ ဒေါ်အေးသန်းရောက်လာတယ်။ သူ့ဘေးမှာ တော့ မှုန်ကုတ်ကုတ် ဆံပင်ထူထူနဲ့ ကောင်မလေး တစ်ယောက် ရပ်နေတယ်။ ဆရာမက တစ်တန်းလုံးအနှံ့ မျက်လုံးနဲ့ ဝေ့ကြည့်ပြီး အဲ့ကောင်မလေးကို ငါတို့ဘေး လွတ်နေတဲ့တစ်ယောက်စာ နေရာလေးမှာ ထိုင်ခိုင်းတယ်။ သူ့တူမတဲ့။ ဖြူဖြူသန့်တဲ့ ။ သူငယ်ချင်းတွေ တည့်အောင်နေကြလို့လဲ ဆရာမက မှာသွား သေး ထင်ပါရဲ့ဟယ်။
         ငါတော့ သိပ်မမှတ်မိတော့ဘူးနောက်တော့လည်း ငါတို့ လေးယောက်ပေါင်းမိပြီး လောင်းကိုကျော်သွားတာတော့ ငါတင်မဟုတ်ဘူး နင်ကော၊ဖြူသန့်ကော၊ ရူပါကောမှတ်မိကြမယ်ထင်ပါရဲ့။တစ်ရက် ငါတို့ အိမ်တွင်းမှုလုပ်ကြရတဲ့အချိန်ကို နင်မှတ်မိမလား။ ငါတို့က ဘီခန်းဆိုတော့ အေခန်းက မိန်းကလေးတွေက ငါတို့ အခန်းကိုလာရတယ်။ ငါတို့ အခန်းကယောင်္ကျားလေးတွေက အေခန်းကို သွားပြီး စက်မှုသင်ကြရတယ်။ အိမ်တွင်းမှုတို့၊ စက်မှုတို့ အချိန်ဆို ငါတို့ ကျောင်းသားတွေ သိပ်ပျော်ကြတာကလား။ အဲ့ဘာသာရပ်တွေက ငါတို့စာမေးပွဲမှာ ဖြေစရာမလိုသလို၊ ဆရာမတွေကလည်း သိပ်မတင်းကြပ်ဘူး။ သင်ချင်မှ သင်တယ်။တစ်ခါတစ်ခါလည်း လက်ဘက်တွေသုပ်စားကြတာပေါ့။ အကြောင်းပြချက်ကတော့ အိမ်တွင်းမှုသင်ကြသည်ပေါ့ဟယ်။အဲ့ရက်ကို ငါအစပြန်ဖော်ရင် နင်မှတ်မိလိမ့်မယ်။
       ဆရာမ မလာတဲ့ အိမ်တွင်းမှုချိန်တစ်ချိန်မှာပေါ့။ ခုနစ်တန်း ကျောင်းသူကျောင်းသားတွေဆိုတာ အရွယ်မရောက်တရောက်တွေဆိုတော့ လှလည်းလှချင်၊ ကစားလည်းမက်ချင်တဲ့ အရွယ်တွေလေ။ သိပ်မကြာခင်တစ်နှစ်အတွင်းမှာ အထက်တန်းကိုလှမ်း ရတော့မယ် ဆိုတော့လည်း သွေးကြီးချင်နေကြတဲ့အ ရွယ်ပေါ့။ အေခန်းကမိန်းကလေးတော်တော်များများက အေးပြီး စာကျက်ကြတယ်။ အေခန်းဆိုတဲ့ ဂုဏ်နဲ့လည်းလိုက်အောင်ပေါ့။ ငါတို့ကတော့ ဘီခန်းဆိုတဲ့ဂုဏ်နဲ့ လိုက်အောင်များ သောင်းကျန်းခဲ့ကြသလားမသိပါဘူးမိုးရယ်နော်။အဲဒီနေ့က အိမ်တွင်းမှုချိန် ဆရာမ မလာတာကို အခွင့်ကောင်းယူပြီး ငါတို့ လေးယောက် လွန်ဆွဲကြတာ။ ဆွဲကြတဲ့ လွန်ကလည်း ကြိုးမရှိတော့ ငါ့ သိုးမွေးအကျီလေးကို ဆွဲကြတာ။ ရူပါက ငါတို့ထက် နည်းနည်း ၀ တော့ သူတစ်ယောက်တည်း တစ်ဖက်၊ နင်ရယ်၊ငါရယ်၊ ဖြူသန့်ရယ်က တစ်ဖက်။ ဘာပြောကောင်းမလဲ ဆွဲ လိုက်ကြတာ။ ရူပါကြီးလည်း ပက်လက်လန်ရော။ ရူပါက ဒီတိုင်းမလန်ဘဲ သူ့ဘေးခုံကို တိုက်မိတော့ ဘေးခုံမှာ ထိုင်နေတဲ့ အေခန်းက ကောင်မလေးတစ်ယောက်ရဲ့ ချိုင့်က ကလောင်ကလင်နဲ့ မြည်ပြီး သံမံတလင်းနဲ့ ပြေးဆောင့်လေရောလေ။ အဲ့ကောင်မလေးက ချမ်းဝင်းလဲ့ရည်။ သူကလည်း ဒေါသတွေဖြစ်တော့ ရန်တွေ့တာပေါ့။ ဘာတွေပြောကြလဲတော့မမှတ်မိတော့ဘူး။ ငါမှတ်မိတာက ငါတို့တွေ ရန်ဖြစ်ကြပြီး လွန်ဆွဲခံရတဲ့ ငါ့အကျီလေးလည်း ချိုင်းပြဲသွားတယ်ဆိုတာပါပဲ။ ခုထိ အဲဒီအကျီလေး ငါသိမ်းထားတယ်။ မိုးရယ်။ နင်တိုနဲ့ ပြန်ဆုံရင် အဟောင်းတွေပြန်ဖော်ပြီး ရယ်ကြ၊ လွမ်းကြ ရအောင်လို့။
      နောက်အမှတ်တရက ခုံအံထဲမှာ တောင်ကြီးမောက်မယ် သနပ်ခါးဘူးတွေ ထည့် ၊ လျက်ဆားဘူးလွတ်ကို ထိပ်ဖောက် ရေထည့်ပြီး နေ့လယ် မုန့်စားကျောင်းတက်ချိန်ဆို ငါတို့ သနပ်ခါးလိမ်းကြတာလေ။ လှချင်တာထက် သက်သက် ဆော့ချင်ကြတာပေါ့။ နေ့လယ် ကျောင်းပြန်တက်ပြီးပြီးချင်းအချိန်က မြန်မာစာ ချိန်။ ဆရာမကတအံ့တသြနဲ့ သနပ်ခါးအဖွေးသားဖြစ်နေတဲ့ ငါတို့ လေးယောက်ကိုကြည့်ပြီး ရယ်လိုက်တာ နင်မှတ်မိမလား။မုန့်စားဆင်းချိန်ဆိုလည်း ငါတို့ လေးယောက် ဘယ်လိုမှ ဖမ်းမမိဘူး။ အတန်းထဲက သူငယ်ချင်းတွေနဲ့ စုပြီး မိန်းကလေးအိမ်သာဘေးက မြေကွက်လပ်မှာ စိန်ပြေးတမ်း ကစားကြတာ။ ထန်းသီးကြွေခိုက်ကျီးနင်းခိုက် ဆိုသလို ပြေးရင်းလွှားရင် မောလို့ အပေါ်ထပ်နဲ့ အောက်ထပ် သွယ်ထားတဲ့ဘေဇင်ရေပိုက်ဘေး ငါသွားရပ်နေတဲ့အချိန် ရေပိုက်ကြီးက အလိုလို ပြုတ်ကျလို့ ငါတို့ ထွက်ပြေးကြတာ အဲ့တုန်းကတော့ ငါ့ကြောင့် ထင်လို့ ကြောက်လိုက်ရတာဟယ်။ တစ်ခါလည်း ဆော့ရင်း နင်ချော်လဲတာ ငိုလို့လေ၊ ငါတို့ အတော်ချော့ယူ ရတယ်။နင်က သိပ်စိတ်ကောက်တာပဲ မိုး။ ဆံပင်ပါးပါးပျော့ပျော့ အသားဖြူဖြူ၊ နှုတ်ခမ်းပါးပါးလေးနဲ့ နင်က ရှမ်းဝဲ ၀ဲပြီး ငါတို့ကို ရန်တွေ့ စိတ်ကောက်လုပ်ရင် ငါကတော့သိပ်စချင်တာပဲ။ ဖြူသန့်နဲ့ ငါက နင့်ကို ဒိုင်ခံစ၊ နင်က ခုံပေါ် ခေါင်းကြီး ငုံ့ပြီး စိတ်ကောက်။ ကျောင်းရဲ့ တစ်နှစ်က ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူးနော်။
    ဟုတ်တယ်မိုးရေ။..............
   အံ့သြစရာကောင်းလောက်အောင် အဲဒီကာလက အဖြစ်အပျက်တွေကို ငါမှတ်မိနေတယ်။ ဘာလို့လဲဆိုတော့ ငါသိပ်ပျော်ခဲ့တာကိုး။ အဲဒီကာလတွေမှာ ကျောင်းတက်ဖို့ ငါမကြောက်ခဲ့ဘူး။ သူများတွေ ဖြစ်နေတဲ့သမီးရည်းစားပြဿနာတွေ ငါတို့ မသိသေးဘူး။ ဘ၀ရဲ့ အခက်အခဲက ဘာဆိုတာလည်း ငါတို့ မတီးခေါက်မိကြဘူး။ ငါတို့ရည်ရွယ်ချက်က ငါကလည်း စာရေးဆရာမဖြစ်ရမယ်။ နင်ကလည်း သူဌေးမကြီးဖြစ်ရမယ်။ ဖြူသန့်ကလည်း ဆရာဝန်မကြီးဖြစ်ရမယ်။ ရူပါကလည်း ဘ၀ကို အေးအေးချမ်းသာစွာ ဖြတ်သန်းရမယ်။ခုတော့လည်းဟယ်။။။ ရူပါက ဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်း၊ ဖြူသန့်ကလည်း ဆရာဝန်မကြီ တကယ်ဖြစ်၊ နင်ကလည်း သူဌေးမကြီးတင်မက ချစ်စရာကောင်းတဲ့ သားလေး ၂ ယောက်ကိုလည်း ပိုင်ဆိုင် နေရ ပြီ။ငါဖြူသန့်နဲ့ တစ်ရပ်ကွက်တည်းနေပြီး မဆုံဖြစ်ဘူး။ ရူပါရှိတဲ့ မြို့နယ်မှာ ငါအလုပ်လုပ်နေပေမယ့် ရူပါ့ကို ငါ သွားမတွေ့ဖြစ်ဘူး။ နင့်ဖုန်းနံပါတ် ငါ့ဖုန်းထဲ ရှိပေမယ့် နင့်ဆီငါ ဖုန်းမဆက်ဖြစ်ဘူး။ အလိုလို ဝေးကွာ နေလိုက်တာ ။ ခုလို ငါမမေ့သေးသလို နင်လည်း ငါ့တို့ကို မေ့မှာ မဟုတ်ပါဘူး။ငါစဉ်းစားမိတယ် မိုးရဲ့။ ငါတို့ရဲ့ ကျောင်းသူဘ၀ ပျော်စရာတွေကို နင်မမေ့သေးဘူးဆိုရင် နင့်သားလေးတွေရဲ့ အိပ်ရာဝင်ပုံပြင်တွေအဖြစ် ငါ့တို့ အကြောင်းကိုများ နင်ပြောပြနေမလားလို့လေ…..။

                                                                                                      by jiptoo

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...