Wednesday, February 27, 2013

"ကိုယ်တိုင်ရေးစာမူ"


မင်းလူ၏ ၀တ္တုတိုများ
ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ စိတ်မကောင်းစရာသတင်းတွေချည်း ဆက်တိုက်ကြားရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။ နာရေးသတင်းတွေချည်းဖြစ်၏။ အစ်ကိုကြီးမြင့်မောင်မောင်၊ အစ်ကိုကြီးမောင်မောက်(ဥက္ကလာ)၊ အစ်ကိုကြီးခင်မောင်မြင့် (မဟေသီ) ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်နေတဲ့သူတွေချည်းပါပဲ။
ဒါတင်မက တခြားစာပေသမားတွေကလည်း ဒီကာလအတွင်း
ကြွေလွင့်သွားခဲ့တာရှိသေးသည်။ တစ်ရက်ကဆိုလျှင် မြန်မာ့အလင်းသတင်းစာ နာရေးကြော်ငြာကဏ္ဍမှာ စာပေသမား လေးဦးတိတိ တစ်ပြိုင်တည်းပါလာတာ တွေ့လိုက်ရသေးသည်။ ဒါတော့ မဟုတ်သေးဘူး။ မရဏမင်းက စာပေသမားတွေကိုပဲ ဆက်တိုက်ခေါ်နေတာတော့ တရားမျှတမှု မရှိပါဘူးဟု မကျေမနပ်တွေးမိသည်။

တိုက်ဆိုင်မှုတစ်ခုဟု ဆိုရမည်။ ကျွန်တော်သည် ဆရာမကြီးဂျာနယ်ကျော်မမလေး၏ သူလိုလူစာအုပ်ကြီးကို ဖတ်နေသည်။
ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဖြစ်၏။ အောင်မြင်သောသတင်းစာကြီးတစ်စောင်ကို နေ့မနား ညမအိပ်ဘဲ တာဝန်ခံ
ရေးသား ထုတ်ဝေနေရပါလျက် ထင်ပေါ်ကျော်ကြားခြင်းကို အလိုမရှိသူ၊ အရေးပါသောတာဝန်များ ထမ်းဆောင်နေရပါလျက်
လူသိမခံဘဲ နောက်ကွယ်မှာပင် ရိုးရိုးကုပ်ကုပ်နေချင်သူ၊ မီးဖွားပြီးကာစ သွေးသားနုနုဇနီးသည်၏ အသက်အန္တရာယ်
လုံခြုံရေးထက် လူအများအတွက် အကျိုးရှိစေသောသတင်းတစ်ပုဒ်ကို ပို၍ဦးစားပေးသူ၊ သတင်းစာပိုင်ရှင်တွေထက်ပင်
သူက ပိုပြီးသတင်းစာအပေါ် သံယောဇဉ်ကြီးသူ။ ထိုအကြောင်းအရာများကို တရှိုက်မက်မက်ဖတ်နေဆဲမှာပင် မဟေသီ
မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ဆရာခင်မောင်မြင့် ကွယ်လွန်ကြောင်းသတင်းကို ကြားလိုက်ရခြင်းဖြစ်၏။

* * * * * * * * * * * * *

ဆရာခင်မောင်မြင့်ကို စတင်မြင်ဖူးစဉ်က သူ့ဆံပင်တွေမဖြူသေးပါ။ ကြည့်ရတာ မဂ္ဂဇင်းစာအုပ်ထွက်တိုင်း ဆံပင်တစ်ချောင်းနှုန်း
ဖြူလာခဲ့ဟန်တူပါသည်။ သူ့ကို ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စတင်မြင်ဖူးသည်။ နောက်တော့ မဟေသီမဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာ
ဖြစ်လာ၏။ ထိုစဉ်ကတည်းက သူ့မဂ္ဂဇင်းမှာရေးဖို့ ပြောသည်။ ကျွန်တော်က နာမည်ရခါစ စာရေးဆရာပေါက်စဆိုတော့ နီးရာ
လက်သီးကိုကြောက်ရသဖြင့် အစ်ကိုဆရာများ၏ မဂ္ဂဇင်းများဖြစ်သော ရှုမ၀၊ ချယ်ရီ၊ ပေဖူးလွှာ၊ သဘင် စသည့်မဂ္ဂဇင်းတွေ
မှာသာ လှည့်ပတ်ရေးဖြစ်နေသည်။ အစ်ကိုခင်မောင်မြင့်က လူအေးဆိုတော့ ဘယ်ကြောက်ပါ့မလဲ။ ဒီအတွက် သူက "တော်တော်
ကြီးကျယ်တဲ့ကောင်၊ မရေးလည်းနေပေါ့ကွ"ဆိုပြီး စိတ်ကောက်သွားတာမျိုး၊ စိတ်ခုသွားတာမျိုးမဖြစ်ခဲ့။ တွေ့မိဆုံမိတဲ့အခါတိုင်း
"ဘယ်လိုလဲ၊ လုပ်ဦးလေ"ဟု စာမူတောင်းမြဲတောင်းသည်။ နှစ်အတော်ကြာမှပင် မဟေသီမှာ စတင်ရေးဖြစ်ခဲ့သည်။

သူသည် စာမူတောင်းရာမှာ အလွန်စိတ်ရှည်သူဖြစ်၏။ သဘောကောင်းပြီး လေအေးကလေးနှင့်ပြောတတ်သော်လည်း ဇွဲကျတော့
တော်တော်ကြီးသူဖြစ်၏။ "စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ၊ ကျင့်ရန် အယ်ဒီတာ"ဆိုသောဆောင်ပုဒ်ကို လက်ကိုင်ထားသူဟု
စာတစ်ပုဒ်ထဲမှာ ကျွန်တော်ရေးဖူးသည်။ စာမူကို မရရအောင် အပျော့ဆွဲဆွဲပြီး တောင်းတတ်သောကြောင့် "ပျော့ပျော့လေးနဲ့
စားလို့ကောင်းတဲ့ နနွင်းမကင်းလိုပဲ"ဟု ဥပမာပေးခဲ့ဖူးသည်။ သူ၏နာမည်အကြီးဆုံး စရိုက်လက္ခဏာကတော့ မာန်မာန
လုံးဝကင်းခြင်းပင်ဖြစ်၏။ စောင်ရေအများဆုံး အအောင်မြင်ဆုံးကြီးမဂ္ဂဇင်းတစ်စောင်ကို တာဝန်ယူ ဦးစီးလုပ်ကိုင်နေရသူ
ဖြစ်ပါလျက် ဟိတ်နှင့်ဟန်နှင့် မနေတတ်။ များစွာသောအခါတို့တွင် ရန်ကုန်မြို့လယ်ရှိ ပလက်ဖောင်းများပေါ်မှာ
လွယ်အိတ်ကြီးလွယ်လျက် စိုက်စိုက် စိုက်စိုက် သွားနေပုံသာမြင်ကြရ၏။

* * * * * * * * * * * * *

ကျွန်တော်က ဆောင်းပါးတွေထဲမှာ သူ့ကို တည်တည်တံ့တံ့ဂုဏ်ပြုရေးသားခဲ့တာမျိုးရှိသလို ၀တ္ထုထဲမှာ ဇာတ်ကောင်လုပ်ပြီး
ပေါက်တတ်ကရ နောက်တီးနောက်တောက် ရေးခဲ့တာမျိုးလည်းရှိ၏။ ဒါကို သူကလည်း သဘောကျကျေနပ်ပုံရပါသည်။ ၀တ္ထု
ဖတ်ပြီးလျှင် ဖုန်းလှမ်းဆက်ပြီး "မဟေသီအတွက်လည်း အဲဒါမျိုးလုပ်ဦးလေ"ဟု ဆိုတတ်သည်။ သွန်းနှင်းအိမ်က သင်္ဃန်းကျွန်း
မှာနေသည်။ မဂ္ဂဇင်းတိုက်ကိုသွားရင်း ကျွန်တော့်အိမ်ကို လမ်းကြုံဝင်လို့ရသည်။ ထို့ကြောင့် စာမူပေးစရာရှိလျှင် သွန်းနှင်းအိမ်နှင့်
ထည့်ပေးလေ့ရှိ၏။ တစ်ခါတော့ နှစ်လည်မဂ္ဂဇင်းအတွက် စာမူပေးစရာရှိသဖြင့် ဖုန်းဆက်ပြီး မှာထားလိုက်သည်။

ညနေစောင်း မှောင်စပျိုးတော့မှ ဧည့်သည်လာတယ်ဆိုသဖြင့် ထွက်ကြည့်လိုက်တော့ ဧည့်ခန်းမှာထိုင်နေသော အစ်ကို
ခင်မောင်မြင့်ကို တွေ့လိုက်ရ၏၊။ မိုးတွေလည်း စိုလို့၊ ကျွန်တော် အရမ်းအားနာသွားသည်။ "ဘာဖြစ်လို့ ကိုယ်တိုင်လာရတာလဲ
အစ်ကိုရာ"ဟု ကျွန်တော်ကပြောတော့ "သွန်းနှင်းအိမ်ကို တခြားအလုပ်တစ်ခု ခိုင်းထားလို့၊ စာမူလည်း အချိန်မီရချင်တာနဲ့
အိမ်ပြန်ရင်း ၀င်လာတာ"ဟု ပြောသည်။ "အချမ်းပြေသွားအောင် ကော်ဖီပူပူလေးသောက်လိုက်ပါလား"ဆိုတော့ "မသောက်
တော့ဘူး၊ အိမ်ပြန်တော့မှာ၊ ထမင်းစားပျက်နေမယ်"ဟု ဆိုသည်။ ပြီးတော့ အေးအေးဆေးဆေး ထိုင်နားပါဦး ပြောတာတောင်
မရဘဲ သည်းကြီးမည်းကြီး ရွာနေသော မိုးရေထဲမှာပင် ထီးကလေးဆောင်းပြီး ထွက်သွားသည်။ မဂ္ဂဇင်းအတွက် စာမူသာရမယ်
ဆိုရင် မိုးသည်းရုံမက လေမုန်တိုင်း တိုက်နေရင်တောင် ရအောင်လိုက်မယ့်ပုဂ္ဂိုလ်မျိုးပဲဟု မှတ်ချက်ချမိ၏။

* * * * * * * * * * * * *

သူ ကွယ်လွန်သွားခြင်းအတွက် အမှန်တကယ်ပင် ၀မ်းနည်းကြေကွဲရပါသည်။ စာပေနယ်ပယ်အတွက် အယ်ဒီတာကောင်း
တစ်ယောက် ဆုံးရှုံးရခြင်းအတွက်ရော၊ ပုဂ္ဂိုလ်ရေးအရ လေးစားချစ်ခင်မှုအတွက်ပါဖြစ်၏။ ခုချိန်မှာ နားပူနားဆာလုပ်ပြီး
စာမူတောင်းမယ့်သူတစ်ယောက် လျော့သွားပြီဖြစ်၏။ ဒီအတွက် "တစ်ရန်တော့ အေးပြီ"ဟု မထင်ရက်ပါ။ ကျွန်တော်တို့
ကသာ လွမ်းလို့ကောင်းနေတာ၊ သူက ဟိုမှာ အဆင်ပြေချင်ပြေနေမှာ။ ကျွန်တော်စိတ်ကူးယဉ်ဖန်တီးထားသော
"ဒေ၀တာမြို့တော်"ဆိုတာသာ အမှန်တကယ်ရှိနေခဲ့လျှင် ခုလောက်ဆို ဆရာခင်မောင်မြင့်သည် ဟိုမှာ ရောက်နှင့်ပြီးသော
စာရေးဆရာကြီးတွေဆီမှာ စာမူလိုက်တောင်းရင်း ပျော်ချင်ပျော်နေမှာပဲဟု တွေးပြီး ကိုယ့်စိတ်ကို ဖြေရတော့သည်။

(ဒီစာမူရဲ့ထူးခြားချက်ကတော့ သူရှိစဉ်ကလို အကြိမ်ကြိမ်တဖွဖွ မတောင်းရပါပဲလျက် ကျွန်တော်ကိုယ်တိုင်က ရေးပါရစေဟု
မေတ္တာရပ်ခံ ခွင့်ပန်ခဲ့ခြင်းနှင့် မဟေသီအတွက် ရေးခဲ့သမျှထဲမှာ အမြန်ဆုံးပေးဖြစ်ခဲ့ခြင်းတို့ပါပဲ။ အစ်ကိုသာသိရင် ဒီတစ်ခါတော့
တယ်ဟုတ်ပါလားဆိုပြီး ၀မ်းသာရှာမှာပဲ။ ခုလိုပြောရတာ နည်းနည်းတော့ စိုးရိမ်စရာကောင်းသည်။ တော်ကြာ ဂျာနယ် မဂ္ဂဇင်း
အယ်ဒီတာတွေက စာရေးဆရာတွေဆီက စာမူမြန်မြန်ရနိုင်တဲ့နည်းလမ်းတွေ့ပြီဆိုပြီး ဒါမျိုးလိုက်လုပ်ကြလျှင် ခက်မည်။

နေကြပါဦး ဆရာတို့ရယ်၊ "သူလိုလူ"တွေ အရမ်းရှားပါးနေလို့ပါခင်ဗျာ။)


မင်းလူ
--------------
မဟေသီမဂ္ဂဇင်း
ဇွန်၊ ၂၀၀၄။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...