Tuesday, February 26, 2013

"ဖူးငုံတို့နှင့် ဆိုးယုတ်မှု"

by Soe Min on Tuesday, February 26, 2013 at 2:46am ·
 
ဆိုးယုတ်မှုနှင့် ကောင်းမြတ်မှု...။ဤစကားလုံး နှစ်လုံးက ယခုတစ်လော စာရေးသူတို့ အကြားတွင် အတော် ရေပန်းစားသော စကားလုံး နှစ်လုံး။စာရေးသူ ယခုအပတ် ရေးဖြစ်သော ဂျာနယ်၊ မဂ္ဂဇင်း၊ဆောင်းပါး အတော်များများတွင် ဤအကြောင်းကို ရေးဖြစ်သည်။ ယခု Teen   တွင် လည်း ရေးဦးမည်။
ဖူးငုံတို့ အနေဖြင့်လည်း ဖူးငုံတို့ ဘ၀ တစ်လျှောက်တွင် ဆိုးယုတ်မှု များစွာကို ရင်ဆိုင်ခံစား ရနိုင်သည်။ ကလေး ဘ၀တွင် သူငယ်ချင်းများက အနိုင်ကျင့် ခံရတာမျိုး၊ အများနှင့် ယှဉ်၍ ဘက်လိုက် ဆက်ဆံ ခံရတာမျိုးမှသည် လောက၏ မတရားမှု ဒဏ်မှန်သမျှကို ဖူးငုံတို့ အနေဖြင့် ဆိုးယုတ်မှုဟု အမည် တပ်နိုင်သည်။
ယခု ကာလတွင်လည်း အရွယ် မရောက်သေးသူ ကလေး သူငယ်များကို မတော်မတရား ပြုကျင့်ခြင်းမျိုး၊ လူကုန် ကူးခြင်းမျိုး စသည့် ဆိုးယုတ်မှု အမျိုးမျိုးကိုလည်း စာရေးသူ ကြားရ။ ဖတ်နေရသည်။ ထို့အတူ ကမ္ဘာနှင့် အ၀န်းရှိ လူငယ်များ(အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ-Developing Country များ၏ လူငယ်များ) အနေဖြင့် မတရားမှုများ၊ ဆင်းရဲ မွဲတေမှုများ၊ ဆိုးယုတ်မှု ဒဏ်များကို ရင်ဆိုင်ခံစား နေကြရမည်မှာ မလွဲ။

နယူးယောက်၊ လန်ဒန်စသည့် မြို့ကြီးများတွင် ဇိမ်ခံပစ္စည်း အလျှံအပယ်နှင့်။ ဒေါ်လာသန်း ပေါင်းများစွာကို သုံးစွဲ နေကြသော်လည်း အာဖရိက ကဲ့သို့ ဒေသများတွင် အစာရေစာ ငတ်မွတ် ခေါင်းပါးမှုကြောင့်၊ အာဟာရ မလုံလောက်မှုကြောင့် နေ့စဉ်နှင့် အမျှ ကလေး သူငယ်များ သေဆုံး နေကြ ရသည်။ ကမ္ဘာ့ တစ်နေရာတွင် ဘွဲ့ဒီဂရီ လေးငါးခု၊ ဒီပလိုမာပေါင်း မြောက်မြားစွာကို ရယူ တက်ရောက်နိုင်သည့် လူရွယ်များ ရှိနေသကဲ့သို့၊ အခြား ကမ္ဘာ့ တစ်နေရာ၌ စာတတ်မြောက်အောင် ပင် ရုန်းကန်ခက်ခဲ သင်ယူ နေကြရသည့် လူငယ်တို့က ဒုနှင့်ဒေး။ ဤသို့သော ဆိုးယုတ်မှုများ အကြား၌ ကောင်းမြတ်မှုကို စာရေးသူတို့ ရှာမတွေ့နိုင်တော့ ပြီလော။ ၀ိသမ လောဘဖြင့် မတရား အမြတ်ထုတ် ကြွယ်ဝ ချမ်းသာ လာကြသော သန်းကြွယ် သူဌေးကြီးများက ၎င်းတို့ ပိုင်ဆိုင်မှု၏ မပြောပလောက်သော ငွေကြေး ပမာဏ အနည်းငယ်ကို ခွဲဝေ လှူဒါန်းမှုကို ကောင်းမြတ်မှုဟု ကင်းပွန်းတပ် ပြီး ၀ိုင်းဝန်း ချီးကျူးကြရုံ၊ ဆိုးယုတ်မှုများကို ၀ိုင်းဝန်းပြစ်တင် ရှုတ်ချ၊ ဖွဲ့နွဲ့ ညည်းတွားကြရုံမျှနှင့် ဆိုးယုတ်မှုများက လျော့နည်း ပပျောက်သွားကြ မည်လော။ လုံးဝ မဖြစ်နိုင်ပါ။ ဆိုးယုတ်မှုများက ပိုမို များပြားလာကြဖွယ်ရာသာ ရှိပါသည်။

သို့ဆိုလျှင် စာရေးသူတို့ အနေဖြင့် ဤကမ္ဘာ ကြီးပေါ်တွင် ဆိုးယုတ်မှုများ လျော့နည်း ပပျောက်၍ ကောင်းမြတ်မှုများ ထွန်းကား များပြားလာအောင် မည်သို့ ဆောင်ရွက်ကြမည်နည်း။ ဆိုးယုတ်မှု ဒဏ်ကို ခံစား နေရသူများ အနေဖြင့်ဆိုး ယုတ်မှုများထဲမှ ၎င်းတို့ကိုယ်တိုင် ရုန်းထွက် လိုစိတ်ရှိပြီး ဆိုးယုတ်မှုများထဲမှ ကောင်းမြတ်မှုများ ဆီသို့ ရောက်ရှိအောင် လုံ့လပြုအားထုတ် ကြမှသာ ဆိုးယုတ်မှုများ လျော့နည်း ပပျောက်ရေး မျှော်လင့်နိုင်ကြမည် ဖြစ်ပါသည်။ မှန်ပါသည်။ ဆိုးယုတ်မှု ဟူသည် ထိုင်၍ ညည်းတွားနေရုံ၊ ပြစ်တင်ရှုတ်ချ နေရုံမျှဖြင့် လျော့နည်းပပျောက် သွားနိုင်သည့် အရာ မဟုတ်ပါ။ ဆိုးယုတ်မှုကို ဖွဲ့နွဲ့ ညည်းတွားနေ၍ ဆိုးယုတ်မှုက ပို၍ပင် ရောင့်တက်လာဦးမည်။ ကိုယ့်အားကိုယ်ကိုး လုံ့လပြု အားထုတ်ကြပါမှ ဆိုးယုတ်မှုများမှ ကောင်းမြတ်မှုများဆီသို့ ရောက်ရှိနိုင်ကြမည် ဖြစ်သည်။

မည်သူ တစ်ဦးတစ်ယောက်မျှ မွေးကတည်းက ကံဆိုးမိုးမှောင် ကျနေသည်။ ဆိုးယုတ်မှုများ ကိုချည်း ခါးစည်း ခံနေရသည်ဟူ၍ မရှိပါ။  ဖူးငုံ့တို့ အနေဖြင့် ဆိုးယုတ်မှုများ ထံမှ လွတ်မြောက်၊ လွန်မြောက်နိုင်စရာ။ ဆိုးယုတ်မှုများ တွေ့ကြုံ လာပါက ကျော်လွှားနိုင်စရာ နည်းလမ်းတွေ များစွာ ရှိပါသည်။

တစ်ကိုယ်ရည် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Personal Development Plan-PDP )သည် ၎င်းထဲမှ နည်းလမ်းတစ်ခု ဖြစ်သည်။ စာရေးသူတို့ မြန်မာ လူမျိုး အများစုသည်  ဘ၀တွင်စီမံကိန်း (Plan) ဖြင့် ဆောင်ရွက်လေ့ ရှိသည့် အလေ့အထ အလွန် နည်းပါးကြသည်။ ဆိုးယုတ်မှုများသည် Plan မရှိသည့် သူများထံ ပိုမိုလာ ရောက်လေ့ ရှိသည်ကို သတိ ချပ်သင့်ကြသည်။

ဥပမာ- စာရေးသူက ကလေးလေး တစ်ယောက်ကို “သားကြီးလာရင် ဘာလုပ်မလဲ”ဟု မေးသည် ဆိုပါစို့။ သူက“သားကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်တယ်”ဟုပြန်ဖြေပါက ဤသည်ကို plan ရှိသည်ဟု ခေါ်ဆို၍မရပါ။ ၎င်းအစား“သားကြီးလာရင် အသက်လေးဆယ် ပြည့်တဲ့အခါ နှလုံးရောဂါ အထူးကုဆရာဝန်ကြီး တစ်ယောက်ဖြစ်ချင်တယ်” ဟုပြန်ဖြေပါမှ ပြည့်စုံ Smart ကျသည့် Plan တစ်ခု၊ ရည်မှန်းချက် တစ်ခုဟု ခေါ်ဆိုနိုင်ပါသည်။

ရည်မှန်းချက်တစ်ခု၊ plan တစ်ခုပြည့်စုံ Smart ကျရေး အတွက် အဓိကအားဖြင့် ၎င်း Plan ရည်မှန်းချက်သည်-
၁။ Specific - တိကျရမည်။
၂။ Measureable - တိုင်းတာနိုင်ရမည်။
၃။ Achieveable - ရယူနိုင်စွမ်း၊ ဖြစ်နိုင် ခြေရှိရမည်။
၎။ Realisitic- လက်တွေ့ ကျရမည်။
၅။ Time Limitation  - အချိန် ကန့်သတ်ချက် ရှိရမည်စသည့် Smart ၀ိသေသ လက္ခဏများနှင့် ကိုက်ညီရန် လိုအပ်ပါသည်။

ဘ၀အောင် မြင်ရေး(Success)နှင့်ပတ်သက် ၍ ကမ္ဘာ့ Management  လောကတွင် ထင်ရှားသည့် စကားတစ်ခွန်း ရှိပါသည်။
“ Fail to plan is plan to fail ”
“စီမံကိန်းဆွဲရန် ပျက်ကွက်ခြင်းသည် ကျဆုံးရန်အတွက် စီမံကိန်း ရေးဆွဲနေခြင်းပါ”

ဒါကြောင်မို့ ဖူးငုံတို့ အနေဖြင့်လည်း ဘ၀တွင် သေချာ ရေရာသည့် Personal Development Plan (PDP)များ ရေးဆွဲထားကြရန် အထူး လိုအပ်သည်။ ဆိုးယုတ်မှုများ လျော့နည်း ပပျောက်အောင် တိုက်ဖျက်ရာ၌ PDP သည်များစွာ အစွမ်း ထက်သည့် လက်နက်ကောင်း တစ်ခုဖြစ်သည်။ ဘုရင့် သားတော်ဖြစ်ဖြစ်၊ သူတောင်းစားပဲ ဖြစ်ဖြစ် စနစ်တကျ PDP ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်ပါက အောင်မြင် လာနိုင်စရာ အလားအလာတွေ များစွာ ရှိနေသည်။ ယနေ့ ကမ္ဘာနှင့် အ၀န်းထိပ်တန်း ရောက်နေသည့် သန်းကြွယ် သူဌေးကြီး တော်တော် များများသည်လည်း များစွာသော ဆိုးယုတ်မှုများ အောက်မှ ကိုယ်စွမ်း ကိုယ်စဖြင့် ရုန်းထွက် လာနိုင်ကြသူများ ဖြစ်သည်ကို သတိချပ်သင့်ကြသည်။

PDP ရေးဆွဲရန်မှာ ဖူးငုံတို့ အတွက်များစွာ မခက်ခဲလှပါ။ ရှေးဦးစွာ ကိုယ်ဘာဝါသနာ ပါလဲ ။ ဘာဖြစ်ချင်လဲ စသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်(Objective, Mission,Vission) တို့ကို ချမှတ်ရမည်။ ထို့နောက် အဆိုပါ ရည်မှန်းချက်ကို ပြည့်ဝစေမည့် ရေတို ရည်မှန်းချက်ငယ်(Sub-Objectives ) များကို ချမှတ်ရမည်။ (ဥပမာ- ကိုယ်က ငါးနှစ်အတွင်း နာမည်ကြီး စာရေးဆရာ ဖြစ်ချင်သည် ဆိုလျှင် လာမည့် ခြောက်လအတွင်း စာနယ်ဇင်းများတွင် မိမိစာမူ ဘယ်နှပုဒ် ပါဝင်အောင် ကြိုးစားမည် စသည်ဖြင့်)

ထိုသို့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ရေးဆွဲ ချမှတ်ရာတွင် မိမိတို့၏ တစ်ကိုယ်ရေ-
၁။ အားသာချက်များ(Strengths)
၂။ အားနည်းချက်များ(Weaknesses)
၃။ အခွင့်အလမ်းများ(Opportunities)
၎။ ဖြစ်နိုင်သည့် အခက်အခဲများ(Threats)
စသည့်တို့ကို စနစ်တကျ ချိန်ထိုး အကဲဖြတ် စဉ်းစား သုံးသပ်ကြရန် အထူး အရေးကြီးသည်။

၎င်းနောက် မိမိတို့PDP ၏ ဆောင်ရွက်မှု Action Plan  ကို လုပ်ဆောင်ရမည့် ကိစ္စများ၊ ရည်မှန်းချက်၊ နောက်ဆုံးTarget Date များဖြင့် စနစ်တကျရေး ဆွဲဆောင်ရွက်ကြရမည်။ ထို့နောက် မိမိတို့ Target ပြည့်မီ၊ မပြည့်မီလိုအပ်သည်များကို ပြင်ဆင်၍ PDP ကို ပိုမို ကောင်းမွန်အောင် ရေးဆွဲ သွားကြရမည်။ PDP ဆိုသည်မှာ ကာလ အပိုင်းအခြား တစ်ခုတည်းအတွက် မဟုတ်ပါ။ စဉ်ဆက်မပြတ် ဘ၀ တစ်လျှောက်လုံး ရေးဆွဲ သွားကြရမည့် စီမံကိန်း (Life Long Plan ) ဖြစ်ပါသည်။ ဆိုးယုတ်မှုများ ဟူသည် ဖွဲ့နွဲ့ ညည်းတွားနေ ရုံနှင့် လျော့နည်း ပပျောက်မသွားပါ။ စနစ်တကျ PDP များဖြင့် ကိုယ်ထူကိုယ်ထ ကြိုးစားကြပါမှ ကောင်းမြတ်မှုများ ဆီသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

လင်းသိုက်ညွန့်၊မြန်မာ့မြေ၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...