Tuesday, February 26, 2013

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော် ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။
ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။
မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။
တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။
ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။
ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။ ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်အလုပ်--
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။
သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Cival တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။
ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/
— with Soe Naing.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...