ရှင်းလင်းစွာ မွေးဖွားခြင်း
by Nyein Soe Oo on Saturday, February 2, 2013 at 8:25pm ·
NETIZEN အပေါင်းတို့ခင်ဗျား ... ( အခုလို စာဆိုတော်ရာသီကိုရောက်လာရင် စိတ်ထဲမှာ မရိုးမရွဖြစ်လာတတ်လို့ သူများလို စင်ပေါ်က မဟုတ်ပဲ 0nline ပေါ်မှာပဲ ရေးမိတာကို ဖတ်မိတဲ့လူများက နားလည် ခွင့်လွှတ်ပေးစေလိုပါတယ်။ အခုလို တောင်းပန်ပြီးပြီ ဆိုတော့ ပြောချင်ရာပြောလို့ ရပါပြီနော် ။ )
အခုကျွန်တော်ပြောမှာက “ ရှင်းလင်းစွာ မွေးဖွားခြင်း ” ဆိုတော့ မရှင်းမလင်းနဲ့ ဘယ်သူတွေမွေးလို့လဲ ။ မင်းကရောမွေးတတ်လို့လား ။ ... စတဲ့အမေးတွေရှိလာနိုင်ပါတယ် ။ ကျွန်တော် ဆိုလိုတာက လူသားတွေရဲ့အသိညာဏ်ကို ရွက်ဖွင့်လို့ ဖြစ်ပေါ်လာတဲ့ အားမာန်များ မွေးဖွားခြင်း အကြောင်း ဖြစ်ပါတယ်လို့ ပြောပါရစေ ။
လူသားဆိုတာဟာ မိမိတို့ရဲ့ ဘ၀ခရီးတွေမှာ သဘာဝကပေးထားတဲ့ အသိညာဏ်တွေကိုအသုံးချပြီး တိုးတက်အောင်ကြိုးစားလာကြတာ အသေအချာပါ ။ လူတစ်ဦးတစ်ယောက်ချင်းစီ ကြည့်ရင်တော့ ရှုံးနိမ့်တာ အောင်မြင်တာတွေရှိပေမယ့် လူသားမျိုးနွယ် အရတော့ အောင်မြင်မှုတွေကို ရလာခဲ့တာ အမှန်ပါ ။ လူသားတစ်ဦးချင်းမှာ သင်ယူလေ့လာမှုနဲ့ပြဌာန်းလာတဲ့ ဘ၀အခြေအနေတွေအရ စွမ်းနိုင်သလောက် လုပ်ကြရတာလည်း ရှိနေတတ်ကြပါတယ် ။ ကျွန်တော်တို့ မြန်မာ့ သမိုင်းမှာ ငထင်ငယ်ဆိုတဲ့ သူရဲကောင်းရှိခဲ့ဖူး ပါတယ် ။ သူ့ဆန်စားလို့ရဲရတယ် ဆိုတဲ့စကားကိုကိုင်စွဲပြီး မိမိက ကာကွယ်ပေးရမယ့်တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ခဲ့သူပါ ။ သို့သော် လူတစ်ဦးတစ်ယောက် အတွက်သာ ဆောင်ရွက်ခွင့်ရခဲ့တယ်လို့ ယူဆမိပါတယ် ။
မဟာဇနက္ကမင်းသားကိုလည်းသိကြမှာပါ ။ သူကတော့ လူသားအားမာန်ကိုမြှင့်တင်ရာမှာ အားမာန်ပါလှတယ်လို့ ထင်ပါတယ် ။ မင်းသားတို့ရဲ့ သင်္ဘောဟာ ပင်လယ်ထဲမှာ ပျက်စီးရတဲ့အခါ သူတစ်ပါးတွေလို သတိပျက် အားငယ်တာတွေမရှိဘဲ လူသားတစ်ဦးရဲ့ ရှင်သန်မှုကို အလုပ်နဲ့ သက်သေပြခဲ့ပါတယ် ။ ပင်လယ်ထဲမှာ မိမိအင်အား ရှိသရွေ့ကူးခတ်နေခြင်
းအားဖြင့် အခွင့်အလမ်းကောင်းကို ကြုံခဲ့ရပါတယ် ။ အကယ်၍သာ ကြိုးစားအားထုတ် အလုပ် လုပ်မှု မရှိဘူးဆိုရင် ဒီအခွင့်အရေးကိုရမှာ မဟုတ်ပါဘူး ။ ဒါဟာ သဘာဝကိုအန်တုလို့ လူသားရဲ့ စွမ်းအင်ကို အသုံးချနိုင်ကြာင်း ပြသတာဆိုရင်လည်း မှားမယ်မထင်ပါ ။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရားရှင်ဟာ သိဒ္ဓတ္ထ မင်းသားဆိုသော လူသားဘ၀ကို ဖြတ်သန်းခဲ့ရသူသာဖြစ်ခဲ့ပါတယ် ။ မိမိရဲ့ ဘ၀ကို လေ့လာ သင်ယူခြင်းနဲ့ စတင်ခဲ့သော်လည်း သင်ယူခဲ့သမျှရဲ့ အားနည်းမှုတွေကို အသေအချာဆန်းစစ်လို့ လူ့ဘောင်လောကရဲ့ ဒုက္ခတွေကို မခံစားလိုတော့အောင် ဆင်ခြင်ဆုံးဖြတ် ဖေါက်ထွက်ခဲ့တာပါ ။ မိမိကိုယ်တိုင်သိမြင်လာတဲ့ အသိတရားတွေကိုလည်း အများကို ဖြန့်ဝေနိုင်အောင် စုစည်းပြီးဟောပြ သွန်သင်နိုင်ခဲ့သူပါ ။ ကြီးမြတ်လှပါတယ် ။ အသိညာဏ်ရဲ့ အားမာန်ကို လင်းပွင့်စေခဲ့ပါတယ် ။ ဒါတွေဟာ လူသားတို့ရဲ့ ရှင်သန်မှုသမိုင်းစဉ်ကရလာသော ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးစားမှုတွေဆိုတာ သေချာခဲ့ပါတယ် ။ ဘ၀နေထိုင်မှုမြင့်မားရေးအတွက် ကြံဆတွေးတောကာ မြှင့်တင်ခဲ့သူတွေလည်း မနည်းခဲ့
ပါဘူး ။ ဒါကြောင့်လည်း သက်ရှိလောကမှာ လူသားကမ္ဘာရယ်လို့ သီးသန့်ထင်ရှားပြီး လူသားတွေရဲ့ သမိုင်းတွေကို ဆက်လက်ရေးထိုး ပုံဖော်နေနိုင်ကြတာလည်း ဖြစ်ပါတယ် ။ သို့သော် ကြိုးစားမှုတွေ အားလုံးအောင်မြင်စေဖို့ အခွင့်အလမ်းတွေ ပွင့်ခဲ့ကြပါရဲ့လား ။ အချို့သော အားထုတ်မှုတွေဟာ ပိတ်ဆို့မှုတွေရဲ့ အောက်မှာ ကျဆုံးပျောက်ကွယ်ခဲ့ရတာတွေလည်း မနည်းမနောလို့ တွေ့ရမှာပါ ။ မအောင်မြင်မှုကို အောင်မြင်မှုတွေနဲ့ အစားထိုးဖို့ဆိုတာကတော့ လူသားတို့ရဲ့ အားမာန်နဲ့မမှိတ်မသုန် ကြိုးစားမှုတွေက အထောက်အပံ့ပေးနိုင်ပါလိမ့်မယ် လို့ထင်ပါတယ် ။
တစ်ချိန်က ရော်ဘင်ဆင်ကရူးဆိုး ဆိုသူဟာ သင်္ဘောပျက်ပြီးကျွန်းတစ်ခုမှာ တစ်ယောက်တည်း နေထိုင်ရတဲ့ အခါရှေးဟောင်းလူသားတွေလိုနေထိုင်လို့ ခေတ်သစ်ရဲ့ အသိပညာကိုအသုံးချကာ ကြိုးစားခဲ့ဖူးတာကို အမှတ်ရမိကြမှာပါ ။ အခုတော့ ရော်ဘင်ဆင်ခရူးဆိုးလိုပဲ တိုင်းပြည်ရဲ့ ခရီးလမ်း လွဲချော်ပျက်ပြားမှုတွေကို ကြုံရ သူတွေက နိုင်ငံသားတာဝန်တွေကို သိတတ်စွာထမ်းဆောင်နိုင်ကြဖို့ ကြိုးစားခဲ့ကြပါတယ် ။ အဲဒီအခါ ဘယ်လိုကြုံခဲ့ကြပါသလဲ ။ စက်တင်ဘာလ - ( 2004 ) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နွယ်နီမဂ္ဂဇင်းမှာ ဆရာမင်းထင်ကိုကိုကြီးက ဒီလိုပြောပြခဲ့ပါတယ် ။
ရော်ဘင်ဆန်ကရူးဆိုး အလွန်
အလင်းရောင် စတာနဲ့ 
ကမ်းခြေမှာ ကျွန်တော် မတ်တတ် သွားရပ်တယ်။
ကျွန်တော့် မျက်လုံးက
ဟိုး......အဝေးဆုံး မိုးကုတ်စက်ဝိုင်း တစ်လျှောက်။
ကျွန်တော့်  စိတ်က ဟိုဘက် လွန်လိမ့် မယ်။
ကျွန်တော် ရှာနေတာ
လှေရွက်တိုင် သို့ မဟုတ်
သင်္ဘောခေါင်းတိုင် တစ်ခုခု
အဲသည်မှာ ပင်လယ်နဲ့ ကောင်းကင် တွေ့ တယ်။
ကျွန်တော် ကတော့  ဘာမှ မတွေ့ ဘူး။
သည်မှာ ရေးစရာ စာရွက် မရှိ။
ဘောပင်၊ ခဲတံ၊ ဖောင်တိန် မရှိ။
မျှောစရာ ပုလင်း မရှိ။
ဖက်နဲ့ ထုက်ထားရတဲ့  ကျွန်တော့် အသက်၊
ကျောက်ချင်း ခတ်ပြီး မွှေးထားရတဲ့ 
ကျွန်တော့် မီးမျှသာ ရှိရဲ့။
ကျွန်တော့် မီး မသေအောင်
ကျွန်တော် အသက်ကို လောင်စာ လုပ်လို့ 
ရွေ့ နေတဲ့ အချိန်ကို မရွေ့ တဲ့ သစ်ပင်မှာ
ဓါး ထစ် မှတ်သားလို့ ... ...။
မင်းထင်ကိုကိုကြီး
နွယ်နီ-မဂ္ဂဇင်း
စက်တင်ဘာလ-2004 ခုနှစ်။
အဲဒီလို ဖြတ်သန်းနေကြရတာ အမှောင်လွှမ်းသောခရီးကြမ်းမှာ ဖြစ်ခဲ့ပါတယ် ။ လူသား တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ၊ ယုံကြည်ဆောင်ရွက်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ် ။ ဒါကို အားမာန်တင်းတင်းနဲ့ စုစည်းပြီးလှိုင်းလုံးကြီးတွေလိ
ု အဆင့်ဆင့်ရိုက်ခတ်လိုက်တဲ့အခါ အာဏာကျောက်ဆောင်တွေ တဖြည်းဖြည်း ပြိုပျက်ခဲ့ရပါပြီ ။ ဒါပေမယ့်လမ်းဆက်လျှောက် ရုံလေး ဖြစ်အောင် ဖြောင့်ဖြူးသာယာသော ပန်းခင်းလမ်းလားဆိုရင်တော့ မဟုတ်နိုင်သေးတာ သေချာပါတယ် ။
နိုင်ငံသူနိုင်ငံသားတွေကလည်း စိတ်လျှော့အားနည်းကျေနပ်သွားကြပြီလား ။ မဟုတ်ပါဘူး ။ ယနေ့ရောက်ရှိနေတဲ့ ကျွန်တော်တို့ တိုင်းနိုင်ငံမှာ ဒီမိုကရေစီခရီး လမ်းပေါ်ကို ခြေတင်ခွင့်ရတဲ့ အပြေးသမားနိုင်ငံသားများလို့ ခံယူပြီး လုပ်ဆောင်ရမယ့်တာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားနေရမယ် ဆိုတာ မေ့ကြမယ်မထင်ပါဘူး ။ မလုံလောက်သေးသော်လည်း အတွေးသစ်တွေရခဲ့ပါပြီ ။ အမြင်သစ်တွေရခဲ့ပါပြီ ။ ပြင်ဆင် ထားသင့်တာတွေကိုလည်းပြင်ဆင်ထားနိုင်ပြီလို့ ယူဆနိုင်မယ် ထင်ပါတယ် ။ အပူနဲ့ တွေ့ထားရတဲ့ ပန်းကလေးတွေလို နွမ်းတော့နွမ်းနယ်ကြမှာပါ ။ လူသားဆိုတဲ့ မလျှော့သော လုံ့လကို ပညာနဲ့ ဖြည့်ဆည်းလိုက်ကြရင် လမ်းဖြောင့် လမ်းမှန်ကိုတော့ရောက်လာမယ်ဆိုတာ ယုံကြည်နေမိပါတယ် ။ သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ထုတ် ရတီ စာပေ အနုပညာ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ဆရာမောင်အောင်ပွင့်ရဲ့ကဗျာ ကိုလည်း သတိတရဖြစ်မိပါတယ် ။
ဖွား မြင် ခန်း
ပန်း ပွင့် ဟာ
အမြစ် က ပင်စည် ၊ ပင်စည် က ကိုင်းဖျား
ကိုင်းဖျား က သစ်ရွက်တွေ ကြား
အခု ဘယ်ဆီ မှာလဲ
ဘွားဘွားကြီး ပေါ်မှ ပျော်ရ မွှေး ကြူ ရမယ် ။
အရုဏ်ဆော် ငှက်ကလေး က
အရုဏ် ကို
သူ ဖူးမြင်ရပြီ ကျူးရင့်နေတာပါ
သူ့ တေးသံ ထက် စောပြီး
တုံးမောင်းသံ ကြားခဲ့သေး
တုံးမောင်း ခေါက်တုန်း တိုး တိမ် သွားတာ
ဘုန်းကြီး ကျောင်းသားလေးရဲ့
ဒါမှမဟုတ် သာမဏေ ရဟန်း တစ်ပါးပါး ရဲ့
လက်ရုံး ကြွက်သားတွေ ယုတ်လျှော့ နေပြီလား ။
လောက အသစ် လောက အမွန်
မယ်တော် မာယာ ဖွားမြင်ခန်း
အချိန် တန်တော့လည်း
အင်ကြင်းကိုင်း လှမ်း အကိုင်
အင်ကြင်း ရနံ့ တစ်ရှိုက် နဲ့
ဖွား သန့် လိုက်တာပဲ မဟုတ်လား ... ... ။ ။
မောင်အောင်ပွင့်
ရတီ စာပေ အနုပညာ မဂ္ဂဇင်း
သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ။
ဟုတ်ကဲ့ ။ ကျွန်တော်တို့အတွက် ၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတွက် သာယာတင့်မောဖွယ် အင်ကြင်းတောလည်း ရှိနေအုံးမယ်လို့ မှတ်ယူမိပါတယ် ။ သာသနာ့ အကျိုးဆောင် ရဟန်းများရဲ့ တုံးမောင်း ခေါက်သံဟာဘ၀ဂ်တိုင်လျှံခဲ့ဖူးပါတယ် ။ စုစည်းညီညာတဲ့ ဖြည့်ဆည်းမှုတွေကြောင့် အားအင်တွေကို ကျစ်လျစ်အောင်မွေးမြူနိုင်ခဲ့ကြပြီး မလျှော့သော ဇွဲ ၊ သတ္တိတွေ ရှိလာခဲ့ပါတယ် ။ အမှောင်လွှမ်းတဲ့ အုပ်ချုပ်မှုတွေ ပျက်သုဉ်းသွားတဲ့အခါ ပွင့်လင်းမြင်သာတဲ့ အခြေအနေ ၊ လူသားတစ်ဦးချင်းစီရဲ့ မူလအခွင့်အရေးတွေရနိုင်လာမှု ၊ တရားဥပဒေစိုးမိုးမှုတွေရှိလာမှု စတာတွေဟာ ပညာနှင့်လျှောက်လှမ်းမယ့်ခေတ် ခရီးမှာပေါ်ပေါက်လာမယ်လို့ ထင်မိပါတယ် ။
အဲဒီအခါ အင်ကြင်းပန်းသာမက ပန်းမျိုးစုံပွင့်လန်းတဲ့အချိန် ဖြစ်လာပါလိမ့်မယ် ။ အရောင်အသွေးတွေ စုံလင်မှု နဲ့အတူ ပျားပိတုံး လိပ်ပြာတွေပျံဝဲလို့ ၀တ်မှုန်တွေကူးနေကြပါ လိမ့်မယ်။ မွှေးပျံ့သောရနံ့တို့ သင်းထုံနေပါ လိမ့်မယ် ။ မြေဆီသြ ဇာတွေကောင်းမွန်အောင် ၊ ပိုးမွှားတွေ မကျရောက်အောင်တော့ စဉ်ဆက်မပြတ် သတိပြုကာလုပ်ဆောင်ပေါင်းသင်ပေးနေဖို့လည်း လိုပါလိမ့်မယ် ။ ယဉ်ကျေးသောလူမှုအဖွဲ့အစည်းမှာ လူသားတို့ ပျော်ရွှင်ငြိမ်းချမ်းစွာ နေပျော် လာကြမယ်လို့ ထင်မြင်နေမိပါတော့တယ် NETIZEN အပေါင်းတို့ ခင်ဗျား ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 30 ; 1 ; 2013 )
http://www.nyeinsoeoo.com/
0 comments:
Post a Comment