Wednesday, February 6, 2013

"ဂန္ထဝင်အိပ်မက် (အပိုင်း-၆ ~ ဇာတ်သိမ်းပိုင်း)"


ခုတစ်လော စာပေနယ်ထဲမှာ ပြောစရာလေးတွေ ဖြစ်ဖြစ်နေ၏။ စာပေဝေဖန်ရေးတွင် ကိုယ်သန်ရာ၊
ကိုယ်နှစ်သက်ရာစံနှုန်းကိုမူတည် အခြေခံပြီးရေးလေ့ရှိကြသည်။ တချို့က အကြောင်းအရာပိုင်းကို
ဦးစားပေးဝေဖန်သည်။ စာအုပ်ပါ အကြောင်းအရာ၊ ဝတ္ထု၏ဦးတည်ချက်တို့သည် စာဖတ်သူကို
အကျိုးဖြစ်ထွန်းစေခြင်းရှိမရှိ၊ ဇာတ်ကောင်တို့၏စရိုက်သည် သရုပ်မှန်ခြင်းရှိမရှိ ဆန်းစစ်ကြသည်။


တချို့ကတော့ ဝတ္ထုကို တင်ပြပုံရသမြောက်မှုရှိမရှိ၊ ဇာတ်ကောင်တို့၏ စရိုက်သဘာဝများကိုဖော်ပြပုံ
ပီပြင်မှုရှိမရှိ၊ အရေးအသားညက်ညော ပြေပြစ်မှုရှိမရှိ၊ ဖာတ်လမ်း၏ရည်ရွယ်ချက်ကိုထိရောက်အောင်
ပို့ဆောင်နိုင်ခြင်းရှိမရှိဆိုသော အနုပညာ၊ အတတ်ပညာနှင့်ဆိုင်သည့်အပိုင်းကို ဦးစားပေး
ဝေဖန်ကြသည်။

တချို့ကတော့ အကြောင်းအရာပိုင်းရော၊ ပုံသဏ္ဌာန်အပိုင်းရော ခြုံငုံ၍ဆန်းစစ်တတ်ကြသည်။
စာပေဝေဖန်ရေးဆရာတွေထဲမှာအများစုက အရှိအတိုင်းအမှန်အတိုင်း သုံးသပ်ကြသည်။ ကောင်းလျှင်
ကောင်းသလို၊ ညံ့လျှင်ညံ့သလို ထောက်ပြတတ်သည်။ မျှတသော ဝေဖန်ရေးစံကို ကိုင်စွဲကျင့်သုံးကြသည်။
တချို့ကတော့ သူ့လူဆိုတစ်မျိုး၊ ကိုယ့်လူဆို တစ်မျိုးဘက်လိုက်မှုလေးတွေရှိသည်။ ဝေဖန်ရာမှာလည်း
အဆိုးမြင်ရှုထောင့်ကနေ၍ တမင်အပြစ်ရှာချင်တာမျိုး၊ သာမန်ချွတ်ယွင်းချက်ကလေးကအစ မရမက
ရှာထုတ်ပြီး ပုံကြီးချဲ့ချင်တာမျိုး၊ စာကိုသာမက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ ပါလာတတ်သည်။ ဒီလို
ကိစ္စမျိုးတွေကြောင့် စာပေဝေဖန်ရေးအပေါ်စာဖတ်ပရိသတ်က လေးစားမှုမရှိတော့ဘဲ အရိုအသေ
တန်လာမှာကို သမာသမတ်ဂိုဏ်းသားတွေက စိုးရိမ်နေကြသည်။

စာပေဝေဖန်ရေးမှာ ခေတ်အဆက်ဆက်ဦးတည်ရာ အကြောင်းအရာအမျိုးမျိုးပေါ်ခဲ့သည်။ စာပေမှာ
ပုံသဏ္ဌာန်က အဓိကလား၊ အကြောင်းအရာက အဓိကလား၊ စာပေသည် ဘယ်သူ့အတွက်လဲ၊
ဘဝသရုပ်ဖော်စာပေဆိုတိုင်း သရုပ်မှန်ဖြစ်ရဲ့လား၊ သရုပ်မှန်တယ်ဆိုတာကကော ဘာလဲ၊
ဇာတ်ကောင်စရိုက် ပီပြင်တာကို ဆိုလိုတာလား၊ ရည်ရွယ်ချက်မှန်ကန်တာကို ပြောတာလား
စသည်ဖြင့် ငြင်းကြခုံကြသည်။ တချို့ကလည်း ပွဲမဆူ ဆူအောင် တမင်အစရှာဆွဲထုတ်ပြီး
တိုက်ပွဲခေါ်တာမျိုးရှိသည်။

ခုနောက်ဆုံးဖြစ်ပေါ်နေသော စာပေတိုက်ပွဲကတော့ ဂန္ထဝင်နှင့်မော်ဒန်ဖြစ်၏။ အစပိုင်းတုန်းကတော့
တို့ကနန်း ဆိတ်ကနန်းလောက်ပါပဲ။ နောက်တော့ စိတ်မထိန်းနိုင်ကြတော့ဘဲ 'ဂန္ထဝင်ကို ပြတိုက်ထဲ
ပို့ရမယ်'၊ 'မော်ဒန်ကို မျိုးပြုတ်အောင်သုတ်သင်ပစ်ရမယ်'ဆိုတာမျိုး အထိပွဲကြမ်းလာ၏။ ကြားထဲက
ဖျန်ဖြေပေးချင်သူတွေကလည်း အထင်မှားခံရပြီး ကြားညပ်မှာစိုးသောကြောင့် လက်ရှောင်နေကြရသည်။
မော်ဒန်အပေါ် ကျိတ်ပြီး ကရုဏာသက်နေသူ လူကြီးတချို့ရှိသည်။ သို့ရာတွင် သူတို့ပါရောပြီး သရုပ်ပျက်
စာရင်းသွင်းခံရမှာစိုးသဖြင့် အသာငြိမ်နေရတာမျိုးလည်း ရှိ၏။

တကယ်တော့ မော်ဒန်သမားအများစုမှာ လူငယ်များဖြစ်၏။ သူတို့သည် စာပေနယ်မှာ အရှိန်အဝါလည်း
မရှိသေး၊ ဩဇာလည်းမညောင်းသေး။ ထို့ကြောင့် မော်ဒန်သမားတို့မှာ အပြောအဆိုခံ၊ အဝေဖန်ခံ
ဘဝဖြင့်လှိမ့်ပိန့်နေရ၏။ ဒီလိုအချိန်မှာပင် ဂျိမ်းဂျွိုက်စ်၏ စာအုပ်တစ်အုပ်ထွက်လာသည်။ စာအုပ်
နာမည်က 'ဆိုက်ကားတို့၏ခွာသံ'။ စာအုပ်ထဲမှာ မော်ဒန်နှင့်ပို့စ်မော်ဒန် သဘောတရားတွေ
ရေးထားသည်။ အထူးသဖြင့် မော်ဒန်စာပေ၏ အရေးပါသော လက္ခဏာရပ်ဖြစ်သည့်
ဒီကွန်စထရပ်ရှင်းအကြောင်း ရှင်းပြထားသည်။

ထိုစာအုပ်သည်လည်း စာပေနယ်မှာ ဂယက်ရိုက်ခဲ့ပြန်သည်။ မော်ဒန်ဆန့်ကျင်ရေးသမားတွေထဲမှာလည်း
ထိုစာအုပ်ပါ အချက်အလက်များနှင့် ပက်သက်၍ သဘောတူသူတွေရှိသလို အယူအဆကွဲပြားသူတွေလည်း
ရှိနေပြန်သည်။ ဂျိမ်းဂျွိုက်စ်ကတော့ သဘောထားကွဲလွဲခြင်းသည်ပင်လျှင် မော်ဒန်၏ ဝိသေသတစ်ခု
ဖြစ်သည်ဟု ဆိုလေ၏။

* * * * *

ယမကာဝိုင်းသည် တဖြည်းဖြည်း အရှိန်တက်နေသည်။ ဒါကလည်း ယမကာရဲ့ထုံးစံပါပဲ။ အရက်တို့
မည်သည် တစ်ခွက်သောက်လိုက်ရုံနဲ့ ဂိတ်ဆုံးရောက်တာမဟုတ်။ ပထမတစ်ခွက်မှာ ရှိန်းခနဲ ဖိန်းခနဲ
ဖြစ်ပြီးသွေးပူလာမည်။ ဒုတိယတစ်ခွက်မှာ နားထင်ဆီက 'ဒိတ်ဒိတ်'ဆို အချက်ပေးပြီးနောက်
ရီတီတီစဖြစ်လာမည်။ တတိယတစ်ခွက်ကျတော့ နှုတ်သွက်လျှာသွက်ဖြစ်လာမည်။ စတုတ္ထခွက်
ဆိုလျှင် အရှိန်ရပြီ။

မော်တော်ကား စထွက်ခါစမှာ ဂီယာချိန်းသည့် သဘောနှင့်တူသည်။ မော်တော်ကားက လိုအပ်လျှင်
ဂီယာကြီးပြောင်းပြီး အရှိန်လျှော့လို့ရသည်။ ဘရိတ်ဖမ်းပြီးရပ်လို့ရသည်။ ယမကာကတော့ အရှိန်နှင့်
လိမ့်နေပြီဆိုလျှင် လျှော့ချင်တိုင်းလျှော့လို့မရ။ တစ်ခုတော့ရှိ၏။ ယမကာအရှိန်သည် အချိန်အတန်
ကြာသောအခါ အလိုအလျောက် နည်းနည်းပြန်ကျသွားတတ်သည်။
ထိုအချိန်မှာ ရပ်ဖို့သင့်တော်ပြီ။ ဒီလိုမှမဟုတ်ဘဲ လျော့သွားတာကို ပြန်တင်ဦးမှပဲ ဆိုပြီးထပ်ထပ်
သောက်လျှင် ဂိတ်ဆုံးရုံမက ရွာရောက်သွားလိမ့်မည်။ သူတို့ဝိုင်းမှာ စတုတ္ထဂီယာချိန်းခါစအဆင့်
ရောက်နေပြီ။ နည်းနည်းလည်းမှန်စပြုနေပြီ။ အစပိုင်းမှာတော့ တစ်ယောက်အခြေအနေ
တစ်ယောက်မေးမြန်းကြသည်။ ထိုမှတစ်ဆင့် စာပေအနုပညာနယ်ထဲ သတင်းတွေအကြောင်း
ဖလှယ်ဖြစ်ကြသည်။

"ချက်ကော့ ဘာဖြစ်လို့ လိုက်မလာတာလဲ"
ဟု ဂျွန်စတိန်းဘက်ကမေးသည်။ တော်စတွိုင်းက...
"ဒီကောင်လိုက်ချင်တာမှ တစ်ပိုင်းသေနေတာပဲ၊ ဒါပေမယ့်သူက ခြေချုပ်မိနေတယ်ကွ"
"သူ့မိန်းမက ပါမစ်မပေးလို့မဟုတ်လား"
ဟု အကြောင်းသိဖြစ်သော ဂျက်လန်ဒန်က ဝင်ပြောသည်။
"ဒီလိုပြောလည်းရတာပဲ၊ အခုသူ့မိန်းမက မုန့်ဟင်းခါးဆိုင်ထွက်နေတယ်လေ၊ ဒါကြောင့် ချက်ကြီးလည်း
ကြက်သွန်ခွာ၊ ငရုတ်သီးထောင်း၊ ငှက်ပျောအူလှီးနဲ့ ဝင်ကူနေရတာပေါ့"
"ချက်ကော့မိန်းမက တော်သားပဲကွ၊ အပေါက်ဆိုးပေမယ့် တစ်ဖက်တစ်လမ်းကတော့ အိမ်ထောင့်
တာဝန်ကို ဝင်ထမ်းရှာသားပဲ"
"ဒါနဲ့ တော်တော်.... မင်းဆိုညာနဲ့ကလေးတွေကို ရွာကနေ ဘယ်တော့ပြန်ခေါ်မှာလဲ"
ဂျက်လန်ဒန်ကမေးသည်။ တော်စတွိုင်းက...
"ငါလည်း ပြန်ခေါ်ချင်လှပြီ၊ ငွေရေးကြေးရေးက အဆင်မပြေသေးလို့"
"မင်းရေးနေတဲ့ လုံးချင်းဝတ္ထုအခြေအနေကကော"
"စာအုပ်က ရေးပြီးနေပြီ၊ ထုတ်ပေးမယ့်သူ ရှာမတွေ့သေးလို့၊ ထုတ်ဝေသူနှစ်ယောက် သုံးယောက်တော့
ပြကြည့်ပြီးပြီ၊ သူတို့က ဝတ္ထုက နည်းနည်းလေးတယ်ဆိုပြီး အင်တင်တင်လုပ်နေကြတယ်"
"ဝတ္ထုက ဘာဖြစ်လို့ လေးတာလဲကွ၊ ကျောက်သင်ပုန်းပေါ်မှာ ရေးထားလို့လား၊ ပေါ့ချင်ရင် ဘားပြာစက္ကူနဲ့
ရေးပေါ့ကွ"
ဟု မိုပါဆွန်းက ဝင်နောက်သည်။

တော်စတွိုင်းက...
"ငါလည်း ဒီစာအုပ်လေးထုတ်ဖို့အဆင်ပြေမှငွေလေး ဘာလေးရမှာ၊ ဒီတော့မှ ဆိုညာတို့ သားအမိကို
ပြန်ခေါ်နိုင်မှာကွ"
"မင်းအဖြစ်ကလည်း မလွယ်ပါလား၊ ဒါပေမယ့် ဒူးမားလောက်တော့မဆိုးသေးပါဘူး"
"ဒူးမားက ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲကွ၊ အရက်မသောက်တော့ပါဘူး၊ ပြတ်ပါပြီဆိုပြီး ကတိတွေ အထပ်ထပ်ပေးပြီးမှ ခိုးသောက်တာ
မိသွားလို့ သူ့မိန်းမက ပုလင်းနဲ့ဆော်လိုက်တာ ထိပ်ကွဲသွားတယ်လေ။ ပြီးတော့ အိမ်ပေါ်ကပါနှင်ချလို့ အခု
ခရိုနင်ဆီရောက်နေတယ်၊ ဆေးလည်းကု၊ ကျွေးလည်းကျွေးနေရတာပေါ့"
"ဒူးမားက တော်တော်မိန်းမကြောက်ရတာပဲ"
"ကြောက်ရုံတင်မကဘူး၊ မိန်းမကိုချစ်လိုက်တာလည်း သည်းသည်းလှုပ်ပဲ။ ညညဆို သူ့မိန်းမကို သတိရလို့ဆိုပြီး
ငိုလားငိုရဲ့၊ သူငယ်ချင်းစာရေးဆရာတွေဆီ ဖုန်းဆက်ပြီး သူ့မိန်းမစိတ်ပြေအောင် ပြောပေးပါလို့ တောင်းပန်လား
တောင်းပန်ရဲ့"
"ဒီလောက် အဖြစ်သည်းရအောင် သူ့မိန်းမက ဘယ်လောက်လှနေလို့လဲကွ၊ ဓာတ်တိုင်ကို ထမီပတ်ထားတဲ့ပုံမျိုးကြီးပါ"
"ဒီလိုမပြောနဲ့လေကွာ၊ ဓာတ်တိုင်မှာလည်း.....အဲ.....ဓာတ်တိုင်မှာလည်း အသည်းနဲ့ပါကွ"
မိုပါဆွန်းက တဟားဟားရယ်သည်။ သူ့အသံအကျယ်ကြီးကြောင့် ဘေးကဝိုင်းတွေတောင် လန့်ပြီးဝိုင်းကြည့်ကြသည်။
"ငဆွန်း၊ မင်းအသံပြဲကြီးနဲ့ကွာ"
ဟုဂျက်လန်ဒန်က ဟန့်လိုက်၏။

တကယ်တော့ ဒီနေ့ ယမကာဝိုင်းကို ဒကာခံသူမှာ မိုပါဆွန်းဖြစ်၏။ သူက လူတန်းစားပေါင်းစုံနှင့် ပေါင်းနေသူဖြစ်၏။
ထို့ကြောင့် သူ့ကိုလေးစားသော သင်္ဘောသားတစ်ယောက်က ဝီစကီတစ်လုံးလက်ဆောင်ပေးခဲ့သည်။ မိုပါဆွန်း
ချစ်စရာကောင်းတာက ခုလိုအခွင့်အရေးရသည့်အခါ သူငယ်ချင်းတွေကို သတိရတတ်ခြင်းပင်ဖြစ်၏။
သို့ရာတွင် ပြဿနာတစ်ခုရှိသည်။ သူက သောက်လုံးကြီးသည့်အပြင် သူငယ်ချင်းတွေကိုပါ တိုက်ရမှာဆိုတော့
တစ်လုံးနဲ့လောက်မှမဟုတ်။ ဝီစကီပုလင်းကုန်ပြီးလျှင်နောက်ထပ်ဝီစကီထပ်မဝယ်နိုင်။ ဘီအီးပဲဆက်ကိုင်ရမည်။
ဝီစကီနဲ့ ဘီအီးတွဲရတာာကတော့ သိပ်ဟန်မကျ။

ထို့ကြောင့် ဝီစကီပုလင်းကို စတိုးဆိုင် တစ်ဆိုင်မှာ ပြန်ရောင်းလိုက်သည်။ ရတဲ့ငွေက သူငယ်ချင်းတွေကို ဘီအီး
အဝတိုက်ရုံသာမက သူ့အတွက် သုံးဖို့စွဲဖို့တောင် ပိုလာနိုင်သေးသည်။ စာရေးဆရာတို့၏ အရက်ဝိုင်းသည်
စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေရဲ့ အရက်ဝိုင်းနှင့်မတူ။ စီးပွားရေးသမားတွေက အလုပ်သဘော
ပါသည်။ ဒကာခံသူကို တခြားသူတွေက ဦးစားပေးရသည်။ သူ့ကို ဆန့်ကျင်တာမျိုးမလုပ်ကြ။
စာရေးဆရာဝိုင်းမှာက ဒီလိုမဟုတ်။ အရက်တိုက်တဲ့လူရယ်လို့ အလျှော့ပေးဆက်ဆံတာမျိုးမရှိ။ စိတ်မထင်လျှင်
ထဆဲချင်ဆဲမည်။ စာပေအယူအဆနှင့်ပက်သက်ပြီး ကျန်တဲ့သူတွေက ဒကာခံသူကို ပြင်းပြင်းထန်ထန်
ဝေဖန်ချင်ဝေဖန်မည်။ ဒီအတွက် အပြောခံရသူက 'ငါတိုက်တဲ့အရက်လည်းသောက်သေး၊ ငါ့ကိုလည်း
ဝိုင်းနှိပ်ကွပ်ကြသေး'ဟု သဘောမထား။

သူတို့၏ စကားဝိုင်းသည် ဒုတိယမြောက် ဘီအီးပုလင်းနှင့်အတူ အရှိန်တက်လာသည်။ သူတို့လေးယောက်စလုံးမှာ
ဘဝသရုပ်ဖော် စာပေးရေးသူတွေချည်းဖြစ်၏။ ကျန်တဲ့လူတွေက ရိုးရိုးတည်တည်ရေးကြသူများဖြစ်ပြီး မိုပါဆွန်း
ကတော့ အထေ့ကလေးတွေ၊ အငေါ့ကလေးတွေနှင့် ရွှင်နေအောင် ရေးတတ်သူဖြစ်၏။ အပြင်မှာလည်း သူက
သရော်တော်တော်ပြောတာ ဝါသနာလိုဖြစ်နေ၏။

ဒီနေ့မှာတော့ ဂျွန်စတိန်းဘက်နှင့် ဂျက်လန်ဒန်တို့က စကားဝိုင်းကို ဦးဆောင်နေသည်။ စတိန်းဘက်က...
"ဘဝသရုပ်ဖော်ရေးတယ်ဆိုတဲ့နေရာမှာ လူတွေ ဘာလုပ်နေကြသလဲဆိုတာ ရေးပြရုံနဲ့မပြီးသေးဘူးကွ၊
သူတို့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကိုပါ ဖော်ထုတ်တင်ပြနိုင်မှ ပီပြင်တာကွ"
ဂျွန်စတိန်းဘက်သည် အခြေခံလူတန်းစားတို့အကြောင်း ရေးရာမှာ အတွင်းစိတ်ခံစားမှုတွေကိုပါ သရုပ်ပေါ်အောင်
ရေးနိုင်သူဖြစ်၏။ သူကဘဝတွေကို အရင်းအတိုင်း ဖော်ပြသည်။ စာရေးဆရာအနေဖြင့် ဝတ္ထုထဲဝင်ပြီး စွက်ဖက်ခြင်း၊
လမ်းညွှန်ခြင်းတွေ ပြုလုပ်လေ့မရှိ။ စာဖတ်ပရိတ်သတ်က ကြိုက်နှစ်သက်သလို ခံစားလိမ့်မည်ဟု လမ်းဖွင့်ပေးထားသည်။
ဒါကိုဂျက်လန်ဒန်က သဘောမတူ။

"ဒီလောက်နဲ့ တာဝန်ကျေပြီလို့မပြောနိုင်ဘူး၊ အခြေခံလူတန်းစားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေကို
ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကိုပါ ညွှန်ပြပေးနိုင်ရမယ်၊ ဒါမှမဟုတ်ရင်တော့ မေးခွန်းတွေချည်းပဲ ရှိပြီး
အဖြေမရှိသလိုဖြစ်နေလိမ့်မယ်"
ဟု ဂျက်လန်ဒန်က ဝေဖန်သည်။ စတိန်းဘက်က....
"လူ့ဘဝဆိုတာ သိပ္ပံပညာလို တိကျတာမဟုတ်ဘူး၊ မေးခွန်းတစ်ခုအတွက် အဖြေတွေက အများကြီးဖြစ်နိုင်တယ်၊
စာဖတ်ပရိသတ်မှာလည်း သူတို့ကိုယ်ပိုင် အတွေးအမြင်တွေရှိနိုင်တာပဲ၊ တစ်ခါတစ်လေကျတော့ မေးခွန်းထဲမှာပဲ
အဖြေက ပါပြီးသားဖြစ်နိုင်တာပဲ"

"ကောင်းတယ်ကွာ၊ တော်တော်ကောင်းတယ်"
ဟု မိုပါဆွန်းက ရေရွတ်လိုက်သည်။
"ဘာကောင်းတာလဲ ဟေ့ကောင်"
စတိန်းဘက်က မေးတော့....
"ဟောဒီ တညင်းသီးပြုတ်လေကွာ၊ စေးနေတာပဲ၊ ဆိမ့်ဆိမ့်လေးနဲ့ချိုတာကွ"
"မနောက်နဲ့ကွာ၊ ဒီမှာ စကားကောင်းကောင်းပြောနေတာကွ"
ဟု ဂျက်လန်ဒန်က ငေါက်သည်။ မိုပါဆွန်းက အသံပြဲကြီးနှင့် တဟားဟားရယ်ပြန်သည်။ ခွက်ထဲက
လက်ကျန်အရက်ကိုမော့သည်။ ထို့နောက်....
"လူ့ဘဝဆိုတာ မေးခွန်းတွေကို ဆက်တိုက်ဖြေနေရတာပဲကွ၊ တစ်ခါတစ်လေကျတော့လည်း ထူးထူးဆန်းဆန်းတွေ
ဖြစ်ချင်ဖြစ်တာပဲ၊ အဖြေပဲရှိပြီး မေးခွန်းကျတော့ ရှာမရတဲ့ပုစ္ဆာမျိုး ကြုံရင်ကြုံရတတ်တယ်"

မိုပါဆွန်းက ဒီလိုပဲ။ အရွှန်းအပြက်တွေ လျှောက်ပြောနေရင်းက လေးနက်သော စကားလုံးတွေ ထွက်ထွက်လာတတ်၏။
ဂျက်လန်ဒန်သည် ခဏတွေနေပြီးမှ မိုပါဆွန်း၏ ပခုံးကို ပုတ်လိုက်ပြီး....
"ဒီလိုကျပြန်တော့လည်း ငဆွန်းက တော်သွားပြန်ရော"
ဟု ချီးကျူးလိုက်သည်။
"မင်းသူငယ်ချင်းပဲကွ၊ ဒီလောက်တော့ ရှိမှာပေါ့"
မိုပါဆွန်းက စပ်ဖြဲဖြဲလုပ်ရင်း ပြန်ပြောသည်။ ဂျွန်စတိန်းဘက်က
"ကဲ....ဒါဆိုလည်း ငဆွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်စီသောက်ရအောင်"
ဟုပြောပြီး ဖန်ခွက်တွေထဲ အရက်ငှဲ့ပေးသည်။ ထို့နောက်ဖန်ခွက်ချင်းတိုက်၊ ချီးယားစ်လုပ်ပြီး မော့ချလိုက်ကြ၏။

သူတို့သည် သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ အချေအတင်ငြင်းခုံကြသည့်တိုင် တစ်ယောက်၏ စာပေအယူအဆကို
တစ်ယောက်ကလေးစားမှုတော့ ရှိကြ၏။ တစ်ယောက်ကိုတစ်ယောက်ချစ်ကြ ခင်ကြတာကလည်း ညီအစ်ကို
အရင်းထက်တောင် ပိုချင်သေးသည်။ ထိုအချက်မှာ သူတို့စာရေးဆရာများ၏ ချစ်စရာကောင်းသော စရိုက်တစ်ခုဖြစ်၏။
တော်စတွိုင်းသည် နဂိုကပင် စကားနည်းသူဖြစ်သောကြောင့် ဒီနေ့ဝိုင်းမှာလည်း စကားသိပ်မပြော။ စိတ်ထဲကတော့
သူ့သူငယ်ချင်းများ၏ စာပေအယူအဆများသည် ကိုယ့်ရှုထောင့်နှင့်ကိုယ်မှန်ကြသည်ချည်းဖြစ်သည်ဟု တွေးနေမိလေ၏။


* * * * *

အနုပညာလောကတစ်ခုလုံး စိတ်ဝင်စားကြသောပွဲ ဖြစ်၏။ အနုပညာနှင့်သက်ဆိုင်သော အခမ်းအနားများတွင် အစည်ကားဆုံး
ပွဲလည်းဖြစ်၏။ ရုပ်ရှင်ထူးချွန်အကယ်ဒမီဆုပေးပွဲကြီးပင်ဖြစ်လေသည်။ ဒီနှစ်ဇာတ်ကားအထွက်များသည်။ သရုပ်ဆောင်တွေ
ကလည်း အစွမ်းကုန်ကြိုးစားခဲ့ကြသဖြင့် အပြိုင်အဆိုင်တွေဖြစ်နေသည်။ ထို့ကြောင့် ဒီနှစ်အကယ်ဒမီဘယ်သူတွေရမလဲ
ဆိုတာ ခန့်မှန်းရအတော်ခက်နေ၏။ ဒါကြောင့်လည်း ဒီနှစ်ပွဲကို လူတွေ ပိုစိတ်ဝင်စားကြခြင်းဖြစ်၏။

ဆုပေးပွဲကျင်းပမည့် ခန်းမကြီးထဲမှာ ဧည့်ပရိသတ်တွေပြည့်လျှံနေသည်။ ခါတိုင်းနှစ်တွေထက် လူပိုများသည်ဟု
ဆိုရမည်။ ခန်းမအဝင်ဝတွင် စာနယ်ဇင်းသမားတွေ စောင့်ဆိုင်းနေကြသည်။ နာမည်ကြီးမင်းသား မင်းသမီးတစ်ယောက်
ရောက်လာတိုင်း ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်ကြသည်။ မေးခွန်းတွေ ဝိုင်းအုံမေးကြသည်။ မေးခွန်းတွေကတော့
ဟိုအရင်နှစ်တွေကအတိုင်းပါပဲ
"ဒီနှစ် ဘယ်သူတွေရမယ်ထင်သလဲဟင်"
"အခုဝတ်လာတာ အကယ်ဒမီဝတ်စုံလား"
"ဒီနေ့ ပိုလှနေတယ်ထင်တယ်၊ စင်ပေါ်တက်ရမှာမို့ အထူးပြင်ဆင်လာတာလား"
"ရင်ခုန်စရာလေးတွေ ရှိမယ်ထင်တယ်နော်"
မင်းသား မင်းသမီးတွေကလည်း ထုံးစံအတိုင်း
"ကျွန်တော်က သူများတွေအတွက် လက်ခုပ်တီးပေးဖို့လာတာပါ"
"ဒီဝတ်စုံလား၊ ဘာသဘောမှမဟုတ်ပါဘူး၊ တစ်နှစ်မှတစ်ခါကျင်းပတဲ့ပွဲမို့ သပ်သပ်ရပ်ရပ်ကလေးဖြစ်အောင် ဝတ်လာတာပါ"
"ကြိုးတော့ ကြိုးစားထားတာပဲလေ၊ ရတာမရတာကတော့ ကံတရားပေါ့၊ ဘယ်သူပဲရရ ဝမ်းသာရမှာပါပဲ"
"သူများတွေကတော့ ပြောနေကြတာပဲလေ၊ ကိုယ့်ကိုယ်ကိုတော့ သိပ်ထင်မထားပါဘူး"

ဘာပဲပြောပြော ရနိုင်ခြေရှိသူတွေ အားလုံးကတော့ ကိုယ့်မျှော်လင့်ချက်ကလေးနဲ့ကိုယ် ရင်ခုန်နေကြတာပါပဲ။
ဒီနှစ်အဖို့ လူစိတ်အဝင်စားဆုံးကတော့ မင်းသမီးဆုပင်ဖြစ်၏။ ဆန်ခါတင်အဖြစ် တစ်ပေးခံနေရသူတွေကတော့
မက်ဒေါနားနှင့်ရှယ်ရွန်စတုန်းတို့ဖြစ်ကြ၏။
သူတို့နှစ်ယောက်ကို အရင်က ညှို့မင်းသမီးများအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ သူတို့မှာ မျက်နှာနှင့် ကိုယ်လုံးအလှကို
အသားပေးသော ဇာတ်ကားများကိုသာ ရိုက်ခဲ့ကြရသည်။ ပီပြင်သောဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ရသော ဇာတ်လမ်းမျိုး
ရိုက်ခွင့်မကြုံခဲ့။ ဒီနှစ်ကူးမှသာ အနုပညာစွမ်းပြခွင့်ရခဲ့ကြခြင်းဖြစ်၏။ အခွင့်အရေးရခိုက် အစွမ်းကုန်ကြိုးစားခဲ့ကြသဖြင့်
နှစ်ယောက်စလုံးက အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့ကြခြင်းဖြစ်၏။

အခမ်းအနားသို့တက်ရောက်လာသော မင်းသမီးတို့၏ ဝတ်စားဆင်ယင်ပုံကိုကြည့်၍ အကယ်ဒမီချိန်ထားခြင်းရှိမရှ
ခန့်မှန်းနိုင်သည်။ ပထမအချက်ကတော့ သဇင်ပန်းတွေ ဝေနေအောင်ပန်လာခြင်းဖြစ်၏။ ထိုကိစ္စမှာ ဘယ်သူက
စထွင်မှန်းမသိရသော်လည်း မင်းသမီးတိုင်းလိုလို လိုက်နာကျင့်သုံးကြတာ တွေ့ရသည်။ ဒုတိယအချက်က
အဝတ်အစားကို သပ်သပ်ရပ်ရပ် လုံလုံခြုံခြုံဝတ်လာတတ်ခြင်းပင်ဖြစ်သည်။ တကယ်လို့များ စင်ပေါ်
တက်ရမယ်ဆိုလျှင် ဣနြေ္ဒရရဖြစ်ဖို့လိုတယ် မဟုတ်လား။

တတိယအချက်ကတော့ အဝတ်အစား၏ အရောင်ပင်ဖြစ်၏။ များသောအားဖြင့် အကယ်ဒမီချိန်သူတို့သည်
အနက်၊ အညို၊ အနီစသောအရောင်ရင့်ရင့်များဝတ်လေ့မရှိ၊ သိပ်နုလွန်းသော အရောင်များလည်း ဝတ်လေ့မရှိ။
အဖြူဆွတ်ဆွတ် သို့မဟုတ် အရောင်လွင်လွင်ကလေးများဖြစ်ကြသော ကြည်ပြာရောင်၊ အဝါရောင်တို့ကို
ဝတ်လေ့ရှိသည်။ အထူးသဖြင့် အကယ်ဒမီရောင်ဟု ဆိုနိုင်သော ရွှေဝါရောင်ကို ဝတ်ကြတာများသည်။

ဒီနေ့လည်း မက်ဒေါနားသည် ရွှေဝါရောင်ဝတ်စုံကို ဝတ်ပြီးသဇင်ပန်းတွေ ဝေအောင်ပန်လာသည်။ ခါတိုင်းတုန်းက
အဝတ်အစားဆန်းဆန်ုးပြားပြားတွေ ဝတ်လေ့ရှိသော မက်ဒေါနားကို ရိုးရိုးယဉ်ယဉ်ကလေး ဝတ်လာတာမြင်ရတော့
ပိုလို့တောင် လှနေသေးတယ် ထင်ရ၏။ ရှယ်ရွန်စတုန်းကတော့ တစ်မျိုး။ သဇင်ပန်းကို ခေါင်းမှာပန်မလာဘဲ
ရင်ဘတ်မှာထိုးလာသည်။ ဝတ်စုံကလည်း နံ့သာရောင်ဖြစ်၏။ တကယ်လို့ အကယ်ဒမီမရခဲ့လျှင်
မျက်နှာအပူသက်သာအောင်လို့လားတော့မသိ။

* * * * *

ရုပ်ရှင်လောကတွင် စွန့်ဦးတီထွင်သူ ရှားပါးနေသည်။ ပရိသတ်ကြိုက်တတ်သည့် ဇာတ်ကားမျိုး၊ ဝင်ငွေ
ကောင်းတတ်သည့် ဇာတ်ကားမျိုးကိုသာ ဖော်မြူလာတစ်ခုလိုရိုက်နေကြသည်။
ပြီးခဲ့သော နှစ်များတုန်းက အချစ်၊ ဟာသနှင့် သိပ္ပံနောက်ခံလျှို့ဝှက်သည်းဖိုဇာတ်လမ်းများ ခေတ်စားသည်။ အားလုံးက
ဒါမျိုးတွေချည်းဝိုင်းအုံရိုက်နေကြတာ ကြာတော့ ပရိသတ်က ငြီးငွေ့ချင်လာသည်။ ထိုစဉ်မှာပင် ဇာတ်ကားတစ်ကားက
ထိုးဖောက်ထွက်လာသည်။ လူသန်ကြီး အာနိုးပါဝင်သော 'ပန်းပဲမောင်တင့်တယ်'ဇာတ်ကားပင်ဖြစ်၏။

ခေတ်လွန်တာတွေ ကြည့်ရတာ ရိုးအီနေသော ပရိသတ်နှင့် ဟပ်မိသွားသည်။ ထိုဇာတ်ကားသည်အလွန်အောင်မြင်ပြီး
ဆယ်နှစ်အတွင်းဝင်ငွေအများဆုံး စံချိန်တင်သွား၏။ တစ်ယောက်ယောက်က တစ်ခုခုစမ်းသပ်လိုက်လို့အောင်မြင်လျှင်
လိုက်လုပ်တတ်ကြသော ရုပ်ရှင်လောကသားတို့ ထုံးစံအတိုင်းအလားတူ ဇာတ်ကားတွေရိုက်ဖို့စိုင်းပြင်းကြတော့သည်။
ကုမ္ပဏီတစ်ခုက ဗျတ်ဝိ ဗျတ္တကို ရိုက်ဖို့စီစဉ်သည်။ စတော်လုံးနှင့် မဲလ်ဂစ်ဘ်ဆင်တို့ကိုငှားသည်။ မအိုဇာနေရာမှာတော့
ရှယ်ရွန်စတုန်းဖြစ်၏။ ဒရာမာဘက် နွယ်ပြီးရိုက်မည်ဟုဆို၏။

တခြားကုမ္ပဏီတစ်ခုကလည်း အားကျမခံဘဲ ရွှေဖျဉ်းညီနောင်ကို ရိုက်မည်ဟု ကြေညာသည်။ ခုန်ပျံကျော်လွှား
စွန့်စားခန်းများကိုအသားပေးမည်။ ရွှေဖျဉ်းညီနောင်အဖြစ် ဗန်ဒိမ်းနှင့် စတီဗင်ဆေးဂဲလ်၊ မရွှေဥအဖြစ် မက်ဒေါနားတို့
ပါဝင်မည်။ ထိုဇာတ်ကားများတွင် ပီပြင်အောင် သရုပ်ဆောင်နိုင်သောကြောင့် ရှယ်ရွန်စတုန်းနှင့်မက်ဒေါနားတို့
အကယ်ဒမီတစ်ပေးခံရခြင်းဖြစ်၏

* * * * *

ဆုရသူများကို ကြေညာသည်။ ဒါရိုက်တာဆုကို တဲရင့်မာလစ်က ရရှိသည်။ အမျိုးသားဇာတ်ပို့ဆုကို ရှောင်ကွန်နရီ၊
အမျိုးသမီးဇာတ်ပို့ဆုကို မင်းသမီးကြီး ဂျနီဖာဂျုံးကရရှိသွားကြသည်။ ထုံးစံအတိုင်းဆိုလျှင် အမျိုးသားဇာတ်ဆောင်
(မင်းသား)ဆုကို နောက်ဆုံးမှကြေညာလေ့ရှိ၏။ ဒီတစ်ခါတော့ မင်းသမီးဆုကို လူတွေပိုစိတ်ဝင်စားနေကြသောကြောင့်
ပွဲအရှိန်ကို ထိန်းသည့်အနေဖြင့် မင်းသားဆုကို အရင်ကြေညာသည်။ အာနိုးရရှိသွားလေသည်။ သူသည်
အက်ရှင်ဇာတ်ကြမ်းတွေချည်းရိုက်ခဲ့ရသဖြင့် အကယ်ဒမီနှင့် အလှမ်းဝေးနေခဲ့ရပြီး ဒီနှစ်မှရလိုက်သဖြင့် သူ့ကိုချစ်သော
ပရိသတ်များ ဝမ်းသာအားရဖြစ်ကြရသည်။

"အခုဆက်လက်ပြီး အမျိုးသမီးဇာတ်ဆောင် မင်းသမီးဆုကို ကြေညာပါ့မယ်"
ဆုကြေညာပေးမည့် ကက်သီဘိတ်စင်မြင့်ပေါ်တက်လာသည်။ ပရိသတ်ကြီးမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွား၏
ကာယကံရှင်တွေတော့ ဘယ်လိုနေမလဲမသိ။ စာနယ်ဇင်းဆရာများ၊ ရုပ်မြင်သံကြားဆရာများမှာ ရှယ်ရွန်စတုန်းနှင့်
မက်ဒေါနား ဘယ်သူ့ဆီပြေးရမလဲ စောင့်စားနေကြစဉ် ကက်သီဘိတ်က စာအိတ်ကိုဖောက်လိုက်သည်။ စာရွက်ကလေးကို
ထုတ်ယူပြီး ကြည့်သည်။ ချက်ချင်းမကြေညာသေးဘဲ ပရိသတ်ဘက်တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ

"အကောင်းဆုံး....အမျိုးသမီး...ဇာတ်ဆောင် မင်းသမီးဆုကို ရရှိသူကတော့..... ဟူပီဂိုးလ်ဘဲတ်....ဖြစ်ပါတယ်ရှင်"
မထင်မှတ်သော ကြေညာချက်ဖြစ်သောကြောင့် အားလုံးမှင်သက်မိကုန်ကြသည်။ ခဏမျှ တိတ်ဆိတ်နေပြီးမှ
ဝေါခနဲလက်ခုပ်သံတွေ ဆူညံသွားသည်။ ဟူပီဂိုးလ်ဘတ်မှာ ဘယ်လိုမှ မျှော်လင့်မထားသောကြောင့် ရုတ်တရက်
ကြက်သေသေသွားသည်။ သူ့ကိုယ်သူ မယုံနိုင်သလို ငေးကြည့်နေ၏။ ပြီးမှ မျက်နှာကို လက်ဝါးနှင့် အုပ်ပြီး
တရှုပ်ရှုပ်ငိုလေတော့သည်။

ဟူပီဂိုးလ်ဘတ်မှာ ရုပ်ကလည်း မလှ၊ အသားလည်းမည်းမည်း၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပုပုဝဝ။ သူသည်
ဟိုအရင်က ဇာတ်ပို့ဇာတ်ရန်အဖြစ်သာ သရုပ်ဆောင်ခဲ့ရပြီး အခုဇာတ်ကားကျမှ သူနှင့်လိုက်ဖက်သောဇာတ်ရုပ်
ဖြစ်သဖြင့် အဓိကဇာတ်ကောင်အဖြစ်ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်၏။ ဟူပီဂိုးလ်ဘတ်ဆုရခဲ့သော ဇာတ်ကား၏အမည်မှာ
'မယ်ကုဝဏ်'ဖြစ်လေ၏။

* * * * *

တော်စတွိုင်းသည် ထမင်းပွဲကို ငေးကြည့်နေသည်။ ထမင်းပွဲဆိုသော်လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားခြင်းတော့
မဟုတ်။ ထမင်းတစ်ပန်းကန်နှင့်တို့ဟူးသုပ်တစ်ပွဲသာဖြစ်၏။ တစ်ယောက်တည်းဆိုတော့ ခုလိုပဲဖြစ်သလိုစားနေရသည်။
ထမင်းစားတဲ့အခါတိုင်း ဇနီးဖြစ်သူကို သတိရမိ၏။ ဆိုညာသာရှိလျှင် ခုလိုဖြစ်မှာမဟုတ်။ ဆိုညာက အိမ်ထောင်ထိန်းသိမ်းမှုကို
အလွန်နိုင်နင်းသည်။ ဟင်းချက်လည်းကောင်းသည်။ သားကြီးငါးကြီးမပါသည့်တိုင် စားလို့ကောင်းအောင်ဖွယ်ဖွယ်ရာရာ
စီစဉ်တတ်သည်။

ပဲသီးသနပ်သုပ်၊ ဘူးသီးဟင်းခါး၊ ငါးပိရည် တို့စရာလောက်နှင့် ထမင်းမြိန်အောင် ကြံဆောင်နိုင်သည်။ အထူးသဖြင့်
ငါးပိရည်ကျိုဖြစ်၏။ ရွာကရသော သုံးဦးစပ် ငါးပိရည်ထဲမှာ ငရုတ်သီးစိမ်းမီးကင်နှင့် ကြက်သွန်ဖြူကို ထောင်းထည့်ထားတာ၊
ပဲတီချဉ်၊ မုန်လာချဉ်တို့နှင့်တွဲဖက်စားလိုက်ရရင် ထမင်းသုံးပန်းကန်လောက် အသာလေး လျှောခနဲဝင်သွားနိုင်သည်။
စဉ်းစားရုံနဲ့တောင် သွားရည်ယိုလာ၏။ ခုလောလောဆယ်မှာတော့ တို့ဟူးသုပ်နဲ့ပဲ ခြောက်ကပ်ကပ် စားလိုက်ရသည်။
ထမင်းစားပြီးတော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း ဆေးပေါ့လိပ် တစ်လိပ်မီးညှိရှိုက်ဖွာသည်။

ချက်ကော့လာလျှင် ကောင်းမယ်ဟု တွေးမိ၏။ ပြီးမှ ချက်ကော့လာနိုင်မှာမဟုတ်ကြောင်း သတိရသည်။ ချက်ကော့သည်
သူ့အိမ်ကလေးကိုပြင်နေ၏။ အိမ်ပြင်နိုင်လောက်အောင်လည်း အခြေအနေကောင်းသွားသည်။ ဇာတ်လမ်းကောင်းကောင်းကို
အဆင့်မြင့်မြင့်ရိုက်ကူးလိုသော လူငယ်ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်က ချက်ကော့၏ ဝတ္ထုတစ်ပုဒ်ကို ဝယ်လိုက်သောကြောင်
့ဖြစ်၏။ ဉာဏ်ပူဇော်ခကို ထိုက်ထိုက်တန်တန်ပေးသည့်အပြင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို ဖိတ်ကြားပြီး
သွားရေးပြန်ရေးအတွက် ကားပါစီစဉ်ပေးခဲ့သည်။

ဟိုရောက်တော့လည်း နာမည်ကျော် ထိပ်တန်းမင်းသားမင်းသမီးတွေကအစ ချက်ကော့ကို တလေးတစား
ဆက်ဆံခဲ့ကြသည်။ ဒါကို မျက်မြင်ဒိဋ္ဌဖြစ်သော သူ့မိန်းမအင်နာမှာ အတော်ကျေနပ်သွားသည်။ စာရေးဆရာကတော်
ဖြစ်ရတာကို ဂုဏ်ယူတတ်လာသည်။ အရင်ကသူ့ယောက်ျားကို စာရေးဆရာလုပ်ဖို့ မြှောက်ပေးခဲ့လို့ဆိုပြီး အိမ်ကိုတောင်
အလာမခံခဲ့သော ဂေါ်ကီကို ခုတော့ 'ကိုကြီးဂေါ်ကီ'လို့တောင် ပြောင်းခေါ်နေပြီ။ ချက်ကော့၏ အိမ်မှာဂေါ်ကီအတွက်ဆိုလျှင်
တံခါးမရှိဓားမရှိ စားအိမ်သောက်အိမ်ဖြစ်နေပြီ။ သူတို့သုံးယောက် ယမကာဝိုင်းဖွဲ့လျှင်ပင် ချက်ကော့မိန်းမက
အမြည်းတွေလုပ်ပေးတဲ့အခြေအနေရောက်နေပြီ။

သူငယ်ချင်းချက်ကော့တစ်ယောက်ခုလို အဆင်ပြေနေတဲ့အတွက် တော်စတွိုင်းဝမ်းသာပါသည်။ ထို့အတူ အားလည်း
ကျမိသည်။ သူ့မှာတော့ ခုချိန်ထိ ချစ်ဇနီးဆိုညာနှင့်ကလေးတွေကို ရွာကနေ ပြန်မခေါ်နိုင်သေး။ ဒီအတွက်တော့
ဝမ်းနည်းမိ၏။ ထိုစဉ်မှာပင် သူ့အိမ်ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်မှ လူတချို့ဆင်းလာသည်။
သူတို့လက်ထဲမှာ အသံဖမ်းစက်၊ ကင်မရာ စသည်တို့ကိုင်ထားကြ၏။ အိမ်ပေါ်ရောက်တော့ တော်စတွိုင်းကို
တလေးတစား နှုတ်ဆက်ကြသည်။
တော်စတွိုင်းသည် ကြောင်တက်တက်ဖြစ်နေပြီးမှ....

"ဘာကိစ္စများရှိလို့ပါလဲ"
ဟုမေးလိုက်သည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူက....
"ဒီလိုပါ၊ ဆရာရေးခဲ့တဲ့ မီးခွက်ဈေးနှင့် အခြားဝတ္ထုတိုများဆိုတဲ့ စာအုပ်ကို စာပေဆုပေးဖို့ ရွေးချယ်လိုက်တဲ့အကြောင်းကိ
လာပြီး အသိပေးတင်ပြတာပါခင်ဗျာ"
ထို့နောက် အတူပါလာသော သတင်းစာဆရာများက အင်တာဗျူးလုပ်သည်။ ဓာတ်ပုံတွေရိုက်သည်။ ရုပ်မြင်သံကြားဌာနက
ဗီဒီယိုမှတ်တမ်းတင်သည်။ တော်စတွိုင်းမှာ ရုတ်တရက်ဆိုတော့ အံ့ဩဝမ်းသာပြီးရင်တွေ တလှပ်လှပ်ခုန်နေ၏။

သတင်းအဖွဲ့ပြန်ထွက်သွားပြီးပြီးချင်းမှာပင် ဆလွန်းကားတစ်စီးအိမ်ရှေ့လာရပ်ပြန်သည်။ ကားပေါ်မှလူတစ်ယောက်
သုတ်သီးသုတ်ပျာဆင်းလာသည်။ တော်စတွိုင်းနောက်ဆုံးရေးထားသည့် ဝတ္ထုစာအုပ်ကို ဇာတ်လမ်းသွက်လက်မှုမရှိဘူး
ဆိုပြီး ငြင်းပယ်ခဲ့သည့် ထုတ်ဝေသူဖြစ်၏။ သူသည် အိမ်ပေါ်ရောက်ပြီးပြီးချင်းမှာပင် တရစပ်ပြောလေတော့သည်။

"ဆရာနောက်ဆုံးရေးထားတဲ့စာအုပ် ဘယ်သူ့မှမပေးရသေးဘူး မဟုတ်လား၊ အဲဒါကျွန်တော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီဆရာ၊
ဆုရတဲ့ဝတ္ထုတိုပေါင်းချုပ်ကိုလည်း ကျွန်တော်ပဲ ဒုတိယအကြိမ် ပြန်ထုတ်ပါရစေ၊ ဟိုဒင်း....ပြီးတော့ ဆရာနောက်ထပ်ရေးမယ့်
စာအုပ်တွေအတွက်လည်း စာချုပ်ချုပ်ချင်ပါတယ်၊ အဲဒါ....အခုလောလောဆယ် စရန်ငွေလည်းပေးခဲ့ပါမယ်ဆရာ"
ပိုက်ဆံအိတ်ထဲက ငွေစက္ကူအုပ်လိုက်တွေထုတ်ပြီး စားပွဲဝိုင်းလေးပေါ်တင်ပေးသည်။ တော်စတွိုင်းသည် ထိုသူ
ဘာတွေဆက်ပြောနေမှန်းမသိတော့။ သူ့နားထဲမှာတော့ သင်္ဘောဥဩသံများကိုသာ ကြားယောင်နေမိ၏။

* * * * *

ဆိုညာသည် ချောင်းကမ်းနဖူး ကုန်းမြင့်ကလေးပေါ်မှာရပ်ရင်း လှေဆိပ်ဆီငေးကြည့်နေ၏။ သူတို့ရွာသို့ လာမည်ဆိုလျှင်
သင်္ဘောစီးလာရမည်။ သင်္ဘောဆိပ်ကတစ်ဆင့်ချောင်းရိုးလေးအတိုင်း လှေနှင့်လာရမည်။ ဒီလှေဆိပ်မှာဆင်းရမည်။
သူသည် ဒီနေရာလေးမှာ ညနေတိုင်းလိုလိုလာရပ်နေမိတာ တစ်ပတ်လောက်ရှိသွားပြီ။ ဘာကြောင့်ရယ်မသိ၊
ခုရက်ပိုင်းအတွင်းမှာ သူ့ချစ်လင်တော်စတွိုင်းကို အထူးသတိရရနေမိ၏။

အခြေအနေအကြောင်းကြောင်းကြောင့် ဇာတိရွာမှာပြန်ခိုနေရတာအတော်ကြာပြီ။ အစကတော့ နှစ်လ၊
သုံးလလောက်သာနေရမည်ဟု ထင်ခဲ့သည်။ တော်စတွိုင်းစာရေးတဲ့အလုပ်က အဆင်ပြေလျှင် အိမ်ပြန်ပြီး မိသားစု
သိုက်သိုက်ဝန်းဝန်း နေခွင့်ရမည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် နှစ်လသုံးလမှသည် လေးငါးခြောက်လ၊
ထိုမှနှစ်ပေါက်အောင်ကြာခဲ့ပြီ။

ဒီကြားထဲမှာတော်စတွိုင်းသည် ရွာကို နှစ်ခေါက်လောက်သာလာနိုင်သည်။ ခရီးစရိတ်က မသက်သာလှသဖြင့်
ခဏခဏမလာနိုင်။ ဒီလိုနဲ့ပဲအချိန်တွေကြာခဲ့သည်။ သူတို့ရွာသည် သင်္ဘောဆိပ်နှင့်သိပ်မနီးလှသည့်တိုင်
ညနေသင်္ဘောဆိုက်ချိန်မှာတော့ ဥဩဆွဲသံသဲ့သဲ့ကိုကြားရတတ်သည်။ ထိုအသံကို ကြားတိုင်းတော်စတွိုင်းကို
သတိရမြဲ။ ခုရက်ပိုင်းမှာတော့ ထူးဆန်းသော ခံစားမှုတစ်မျိုးဖြစ်လာ၏။ သင်္ဘောဥဩသံကြားတဲ့အခါတိုင်း
တော်စတွိုင်းပါလာလိမ့်မည်ဟု စိတ်ထဲမှာစွဲလမ်းနေမိခြင်းဖြစ်၏။ ဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်းကိုလည်းသိပါသည်။
သို့ရာတွင် ညနေစောင်းလျှင် လှေဆိပ်သို့မသွားဘဲမနေနိုင်

လှေကလေးတစ်စင်းသည် ချောင်းကွေ့မှပေါ်လာသည်။ သင်္ဘောဆိပ်မှရွာသို့လာသော ခရီးသည်များကို
တင်ဆောင်လှော်ခတ်လာခြင်းဖြစ်၏။ လှေပေါ်တွင် လူလေးငါးယောက်ပါလာသည်။ လှေကလေးသည် တအိအိ
လာနေပြီး လှေဆိပ်မှာကပ်သည်။ လှေပေါ်မှာလူတွေထဲတွင်ရှေ့ဆုံးမှလူသည်အလျင်စလိုရှိနေဟန်တူသည်။
လှေမငြိမ်ခင်မှာပင် ဦးပိုင်းမှနေ၍ ကမ်းပေါ်ခုန်ဆင်းလိုက်သည်။ ထို့နောက်သဲဖြူဖြူလမ်းကလေးအတိုင်း
ခပ်သွက်သွက်လျှောက်လာသည်။ ထိုသူသည်လည်း အရင်နေ့တွေတုန်းကလို တော်စတွိုင်းများလားဟု
ထင်မှတ်မှားခံရသူတစ်ယောက်သာဖြစ်လိမ့်မည်ဟု ဆိုညာတွေးနေသည်။ သို့ရာတွင် ဒီလူတစ်ယောက်ကတော့
တော်စတွိုင်းနဲ့တော်တော်ကိုတူတာပဲ။ ကြည့်ပါဦး၊ ဟန်ပန်ကအစ။ လမ်းလျှောက်ပုံကအစ၊ လက်လွှဲပုံကအစ၊

ပြီးတော့....
ထိုသူသည် တစ်ချက်မော့ကြည့်သည်။ ဆိုညာကိုမြင်သောအခါ အံ့ဩသလိုဖြစ်သွား၏။ ပြီးတော့
လက်ကို အားရပါးရမြှောက်ပြီးဝှေ့ယမ်းပြသည်။ သူ့မျက်နှာက ပြုံးရွှင်ဝင်းပနေ၏။
အလို..... တော်စတွိုင်းအစစ်ပါလား။ ဆိုညာရဲ့ ချစ်လင်မောင်ကြီးတော်စတွိုင်းရယ်ပါလား။
ဆိုညာသည် ရင်တွေတဒိတ်ဒိတ်ခုန်လာ၏။ ခြေလှမ်းကျဲကြီးနှင့် လျှောက်လာနေသော တော်စတွိုင်းကို
ငေးကြည့်နေမိသည်။ သူ့မောင်ကြီးသည် ရွှေအိုးကိုထမ်းလာခြင်းတော့မဟုတ်။ သို့ရာတွင် မောင်ကြီး
ကိုယ်တိုင်ကပင် သူ့အတွက်တော့ ရွှေအိုးကြီးဖြစ်သည်ဟု ထင်မိလေ၏။

------------------------
မင်းလူ (၁၄-၁၁-၂၀၀၁)
------------------------

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...