Wednesday, February 6, 2013

ဆေးပညာ အနုအလှ အတိတ်တစ်ခုမှာ ကျန်ခဲ့ပြီ (အပိုင်း ၁)

·

            ဆရာဝန်ဘ၀မှာ အဆင့်မြင့်ပညာတွေ၊ဘွဲ့လွန်ပညာတွေတက်ဖို့ ကြိုးစားခဲ့သူဟာ တစ်ချိန်မှာတော့ ကျောင်းဆရာဖြစ်ကို ဖြစ်ရမှာပါ။ ဘယ်လိုမှ ရှောင်လို့မရနိုင်ပါ။ ကျောင်းဆရာအဖြစ် တရားဝင်ခန့်အပ်မခံရရင်တောင်မှ ဆရာဝန်ဟာ လူနာဆောင်ထဲမှာ သူ့ပတ်ဝန်းကျင်ကဆေးကျောင်း သားတွေ၊ အလုပ်သင်ဆရာဝန်တွေ၊သူနာပြုတွေ၊ လူနာနဲ့လူနာမိသားစုဝင်တွေကို အမြဲအသိ ပညာ ဖြန့်ဝေနေရတာမျိုး မဟုတ်လား။
            ၂၀၀၇ခုနှစ်မှာ ကျွန်တော် ဘွဲ့လွန်အောင်မြင်ပြီး ၂၀၀၈ခုနှစ်ရောက်တော့ တပ်မတော်ဆေး တက္ကသိုလ် ဆေးပညာဌာနမှာ လက်ထောက်ကထိကအဖြစ် ခန့်အပ်ခံရဖူး ပါတယ်။
ဒါပေမယ့် ဆေးပညာ၊ခွဲစိတ်ကုပညာ၊ကလေးကျန်းမာရေးနဲ့ သားဖွားမီးယပ်စတဲ့ ဘွဲ့ကြိုဆေးပညာ သင်ကြားရေးမှာပါဝင်နေတဲ့ ဆေးလက်တွေ့ဘာသာရပ်ဌာနကြီးများက ဆရာဝန်များ
ဆိုရင်ဖြင့် ကျောင်းထဲမှာ နေရတယ်လို့မရှိပါ။ သင်ကြားရေး ဆေးရုံကြီးတွေမှာပဲ အခြေပြုပြီး စာလည်းသင်၊ဆေးလဲကု အလုပ် နှစ်ခုတွဲလုပ်ရတာမျိုးပါ။ ကျောင်းဆရာ မဟုတ်သော် လည်း ဆေးပညာဌာနနဲ့ ဆက်နွယ်နေတဲ့ ဘွဲ့လွန်အောင်မြင်ပြီးသူတွေ၊ဘွဲ့လွန်ကျောင်းသားတွေဟာ လည်း ဆေးကျောင်းသားဗိုလ်လောင်းတွေကို အလှည့်ကျ စာသင်ပေးနေကြရတာပါပဲ။ ဆရာဝန် လောကမှာ ချစ်ဖို့ကောင်းတဲ့အလေ့အထတစ်ခုက ကိုယ့်ရဲ့ဆရာမဖြစ်ခဲ့ဖူးပေမယ့်လည်း သက်ကြီး၊၀ါကြီးဆရာတွေဆိုရင် လေးစားတတ်ကြတာ၊အရိုအသေပေးတတ်ကြတဲ့ အစဉ်အလာလေးပါ။
            ၂၀၀၉ကနေ အခုအချိန်အထိ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲမှာရှိတဲ့ အမှတ် (၂) တပ်မတော်ဆေး ရုံမှာ တာဝန်ချ ထားခံရလိုက်၊ တပ်မတော်ဆေးတက္ကသိုလ်မှာ ကျောင်းဆရာဖြစ်လိုက်နဲ့ တလှည့် စီရောက်နေတော့တာပဲ။ အခုနောက်ဆုံးတော့ ကျွန်တော် ကင်ဆာပညာများဆည်းပူး ဖို့ ပြည်ပ ကို ရောက်နေစဉ်မှာပဲ နာမည်စာရင်းက တပ်မတော်ဆေးတက္ကသိုလ်ကို လက်ထောက်ကထိက အဖြစ်ပြန်ရောက်သွားပြန်ပါရော့လား။ ဒုတိယအကြိမ် ကျောင်းဆရာပြန်ဖြစ်ခြင်းပေါ့လေ။
            ဘွဲ့လွန်ရပြီး ငါးနှစ်အတွင်း ဆေးကျောင်းသားဗိုလ်လောင်းတွေ၊အလုပ်သင်ဆရာဝန်တွေကို စာတွေ့လက်တွေ့သင်ပေးခဲ့တဲ့အခါ“ငါဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ ဆရာတစ်ယောက်ဖြစ် ပါရဲ့လား။”ဆိုတာ အမြဲတွေးမိပါတယ်။အရည်အချင်းပြည့်မီတဲ့ ဆရာတစ်ယောက်ဖြစ်အောင် ဘယ်လို ကျင့်ကြံနေထိုင်ရမလဲ၊ဆေးပညာသင်ကြားရေးအတွက် ဘယ်လိုစာမျိုးတွေ ဖတ်ရမလဲဆိုတာကိုလဲ အမြဲစဉ်းစားနေမိပါတယ်။
            စင်္ကာပူရောက်လာတော့ အရင်ကစာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ရဖူးတဲ့ အရာတွေကို အပြင် မှာတွေ့လာ၊တကယ် လုပ်လာရတော့ ကိုယ့်တိုင်းပြည်က ဆေးပညာဟာ နောက်ကျကျန်ခဲ့ပါရောလားလို့ ပူပန်လာမိတယ်။စေ့စေ့ပေါက်ပေါက် တွေးကြည့်တော့ နောက်ကျကျန်ခဲ့တာ ကိုယ်တွေရဲ့ အသိပညာ မဟုတ်ဖူး၊နည်းပညာကို မှီခိုနေရတဲ့ အတတ်ပညာပိုင်းတွေ သာဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက် လာပါတယ်။တစ်ခါမှ မထိတွေ့ဖူးခဲ့တဲ့ ဆေးရုံသုံးကွန်ပြူတာစနစ်၊ ရေးတဲ့ဖတ် တဲ့နေရာမှာပဲ သုံးလေ့ ရှိပြီး ပြောနေကျ၊နားထောင်နေကျမဟုတ်တဲ့ အင်္ဂလိပ်စကားဆိုတဲ့ အခက်အခဲနှစ်ခုကိုသာ အချိန် သုံး လ လောက်ပေးပြီး ပြင်းပြင်းထန်ထန်ကျော်လွှားလိုက်ရင် မြန်မာပြည်ကကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ ဆရာဝန် တစ်ယောက်ဟာ အမေရိကန်လိုနိုင်ငံကြီးမျိုးက အဆင့်အတန်းမီတယ်လို့ အသိအမှတ်ပြုထားတဲ့ စင်္ကာပူအထွေထွေဆေးရုံကြီး (SGH) လိုနေရာမျိုးမှာ သူတို့ပြည်ပေါက်ဆရာဝန်တွေလိုပဲ လုပ်နိုင်၊ ကိုင်နိုင်၊ စဉ်းစား၊တွေးခေါ်နိုင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ။
            မြန်မာပြည်က ကိုယ့်ဆေးရုံမှာ အရေးကြုံမှ အပြေးအလွှားလိုက်ရှာရတဲ့ အလွန်ရှားပါးသော Pulse oximeter ခေါ် သွေးထဲက အောက်ဆီဂျင်(SPO2)တိုင်းတဲ့စက်ကလေးတွေကို SGH မှာ လူနာခြောက်ယောက်တစ်ခန်းမှာ တစ်ခုထားပေးနိုင်တာ၊ သူနာပြုတွေ လေးနာရီတစ်ခါ ပုံမှန်စစ်ဆေးရတဲ့ ကိုယ်ပူချိန်၊သွေးခုန်နှုန်း၊သွေးပေါင်ချိန်နဲ့ အတူတူ SPO2 ကိုပါ ထည့်သွင်းတိုင်းတာပေးတာတွေဟာ လူနာအတွက် အလွန်အကျိုးများစေတဲ့ စံနှုန်းတွေဆိုတာ ဒီရောက်မှ သိလာရတာပါ။
            ရင်ဘတ်ဓာတ်မှန်လေးတစ်ချက်ရိုက်ဖို့ အထူးကုကိုယ်တိုင်လက်မှတ်ထိုးမှ၊ ဖလင်ကော်ပြား ရှားပါးလို့ ပုံမှန် ဓာတ်မှန်တွေဆို  သုံးလက်မပတ်လည်ဖလင်ပြားလေးနဲ့ ထုတ်ပေးတဲ့ ဆေးရုံကလာခဲ့တဲ့ ကျွန်တော်၊ စင်္ကာပူရောက်တော့ လူနာကို ဓာတ်မှန်ရိုက်ခိုင်းဖို့ လက်တွန့်နေချိန်မှာ အလုပ်သင် ဆရာဝန်လေးက ကင်ဆာဆေးသွင်းပြီး အန်လို့ဆေးရုံတက် လာတဲ့လူနာ၊ ဦးခေါင်းကို ကွန်ပြူတာ ဓာတ်မှန်ရိုက်ခိုင်းဖို့ သူ့ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားလို့ရတယ်ဆိုတာသိလာရတော့ “နောက်ဆိုငါလဲ သူတို့လို ရဲရဲဝံ့ဝံ့ အဆင့်မြင့်ရောဂါရှာဖွေရေး ညွှန်ကြားချက်တွေ ပေးတော့မယ်” လို့ ကိုယ့်ကိုကိုယ် ဆုံးမသွန်သင် တတ်လာပါတယ်။
            ကွန်ပြူတာဓာတ်မှန်ရိုက်ပြီး ဦးနှောက်ထဲမှာ ခွဲစိတ်လို့ရနိုင်မယ့် အကျိတ်တစ်လုံးတစ်လေများ သွားတွေ့လို့ ဦးနှောက်ခွဲစိတ်ဆရာဝန်ကို သွားပြမယ် စိတ်မကူးနဲ့။လူနာသေရေးရှင်ရေး မဟုတ်လို့ကတော့ သံလိုက်စက်ကွင်းဓာတ်မှန် (MRI) အရင်ရိုက်ပါဦးလို့ သူတို့က ပြန်ပြောပါလိမ့်မယ်။
            လူနာတစ်ယောက် ကိုယ်ပူချိန် ၃၈ဒီဂရီစင်တီဂရိတ် မဖြစ်နဲ့။ကိုယ့်ရွှေဆေးရုံမှာ လုပ်လေ့မရှိတဲ့ Blood culture (သွေးထဲမှာ ဘက်တီးရီးယားပိုးရှိမရှိ မွေးကြည့်တာ) ကို ဆရာဝန်ကိုယ်တိုင်ဖောက်ဖို့ တာ ပြင်ပေရော့။သူတို့ ပိုးမွှား ဗေဒဓာတ်ခွဲခန်းတွေကလည်း သူတို့ဘာသူတို့ ပိုးမွေးပြီး အဖြေထုတ်ကြ သလားထင်ရလောက်အောင် ဘက်တီးရီးယားပိုးတွေ တွေ့တဲ့အခါလည်း တွေ့ပေရဲ့။ သို့ပေမယ့် အဲဒီပိုးကို နိုင်တယ်လို့ သူတို့အတည်ပြုပေးထားတဲ့ ပဋိဇီဝဆေးကိုသာထိုးကြည့်။ အဖျားက နှစ်ရက်မခံဘူး။ ချက်ချင်းကျသွားတတ်တာမျိုးဆိုတော့ သူတို့ဟာသူတို့ မွေးထားတဲ့ ပိုးလို့ မပြောရဲတော့ပါဘူးလေ။ တတိယနှစ်ဆေးကျောင်းသားဘ၀မှာ သင်ခဲ့ရတဲ့ ဘက်တီးရီးယား အကောင်တွေဟာ အပြင်မှာ တကယ် ရှိပါလားဆိုတာ ဆရာဝန်ဖြစ်ပြီး ဆယ်နှစ်ကျော်မှသိရတဲ့အဖြစ်။ဒါဟာ မြန်မာပြည်က ပိုးမွှား အထူးကု ဆရာဝန်တွေ အရည်အချင်းမရှိလို့မဟုတ်ဖူး။ ရောဂါပိုးကို မွေးတဲ့ Petri dish ခေါ်တဲ့ကိရိယာမျိုးတွေ လုံလုံလောက်လောက်ရှိရဲ့လား။
ရောဂါပိုးကို အမှန်တကယ်ပေါက်ဖွားလာအောင် မွေးမြူနိုင်မယ့် ဓာတ်ခွဲခန်းမျိုးတွေ တကယ်ရှိရဲ့လား ဆိုတာနဲ့ လုံးဝသက်ဆိုင်နေတာမဟုတ်လား။ပြီးတော့ ကုန်ကျစရိတ်ဆိုတာထည့်စဉ်းစားရဦးမယ်။ ဘက်တီးရီးယားပိုးမွေးဖို့ သွေးဖောက်တဲ့ ကုန်ကျစရိတ်ကိုငဲ့လို့ မျက်စိမှိတ်ပြီး ပဋိဇီဝဆေးကောင်းကောင်း တစ်ခု ထိုးပေးလိုက်ရင် လူနာအတွက် ပိုပြီးတော့ မကောင်းပေဘူးလား။တော်ကြာ ဒီလူနာကို ဒီဆေးဖြင့် ကုရမည်ဟုအဖြေထွက်လာပါမှ “ဆေးဖိုးမကျန်တော့ပါဘူး၊ ရောဂါရှာဖွေတာနဲ့ ကုန်သွားပါပြီ။”ဆို ရင်ကျိုးရ မှာက လူနာမဟုတ်ဖူး။ဆရာဝန်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...