" ကိုယ်တိုင်ဆွဲ စိတ္တဇ ပန်းချီ - ၂ "
by မာဃ လုလင် on Saturday, February 16, 2013 at 5:02am ·
( ၁ )
၁၉၈၇ အောက်တိုဘာ ၁၀ရက် က
အူဝဲ အော်ပြီးမွေးလာတဲ့ ငနဲ့၂၀၁၂ မှာ ၂၅ နှစ် တင်းတင်းပြည့်ခဲ့ . . .
ဘ၀မှာ တခါတလေလောက်
အမှန်တရားကို လူရှေ့သူရှေ့မှာ ချပြ ကြည့်ချင်ခဲ့တယ်
နှစ်ပေါင်း အစိတ်ကျော် လိမ်နေရတဲ့
စိတ် တွေလည်း ခါးလှပြီ . . .
အမေ ၁၆ နှစ်
အဖေ ၁၈ နှစ် မှာ
သားဦးရတနာ အဖြစ်
ဒီကဗျာဆရာကို မွေးတယ်. . .
သာမန်ငယ်ဘ၀မှာ
ဘိုအုန်းသီး စက်ဘီးတစ်စီး ပိုင်တယ်
မကြာခဏဖျားတယ်
အစားကြီးတယ်
အပျင်းကြီးတယ် . . .
မူကြိုကို ၆ နှစ်အထိ တက်တဲ့
လူတကာ အချစ်တော်ခံလေး
သူငယ်တန်းမှာ အဖွားဆီက
ပိုက်ဆံ ၉၀ စံချိန်တင်ခိုးတတ်ခဲ့ . . .
သဘောကောင်း မနောကောင်း
ရွယ်တူခြင်းနှပ်ချတာ ခံရတဲ့ ငထူ
အိမ်ကိုလာ ကစားသူများ
ကိုယ့် အရုပ်ခိုးတာတောင်
အမေမြင်မှာစိုးလို့ ကာပေးတတ်တဲ့ ငအ . . .
ကကြီး ခခွေး သုံးနှစ်သင်ခဲ့ရ
အေဘီ စီဒီ သုံးမိုးသင်ခဲ့ရ
နှစ်တန်းရောက်တဲ့အထိ မြန်မာစာမဖတ်တတ်တဲ့ ဘဝ
အဒေါ်ယောင်္ကျားစာပေသမားကြီးအိမ်ပေါ်ရောက်မှ
မိုးသောက်ပန်း တေဇနဲ့ ဆရာက၀ိ ဖြစ်လာ . . .
အဖေမောင်းတဲ့ စည်ပင်အမှိုက်ကားကြီးပေါ်မှာ အိပ်ဖူးတယ်
ကားပေါ်ကမိန်းမအတွင်းခံတွေ တုတ်နဲ့ကလော်ပြီး
အမေ့ကို သွားပြဖူးတယ်
အဖေ နဲ့ အမေ ရန်ဖြစ်တိုင်း အဖေမှန်တယ် လို့ ထင်တတ်တယ်
အမေ အိမ်ပေါ်ကဆင်းတိုင်း အမေ့နောက်ကလိုက်ချင်ခဲ့တယ် . . .
အိမ်နီးချင်းကလေးမတွေနဲ့
လင်မယားလုပ်တမ်း မကြာခဏဆော့
မိန်းမလျာလောင်းလေးတွေနဲ့လည်း
အုတ်အရောရော ကျောက်အရောရော
အဓမ္မမှု့တွေကိုတော့
ကလေးကြီးတွေ ၀ိုင်းပယ်တာခံရလောက်အောင်
အာခံရဲခဲ့တဲ့ ချာတိတ် . . . ရဲ့
ကိုယ်ပိုင် ပိတ်ကားဟာ အဖြူတ၀က် အမဲတ၀က် ဖြစ်မယ် . . .
( ၂ )
အဖေ နဲ့အမေ ကွဲတဲ့
ငါးတန်းကျောင်းသား အရွယ်
အပြာကားကြည့်တတ်နေပြီ
ဖိုမသျှတရ ဖတ်တတ်နေပြီ
ကျောင်းပြေးတတ်နေပြီ
လဖက်ရည်ဆိုင်ထိုင်တတ်နေပြီ
စောစောစီးစီး ငါးတန်းကျောင်းသူကိုလည်း ရင်ခုန်တတ်နေပြီ . . .
ဘ၀မှာ မက်မက်စက်စက်
အချစ်မခံခဲ့ရတဲ့သက်တမ်းတစ်ဝက်
အဖေက မုန်းတယ်
အမေက မုန်းတယ်
ဆွေမျိုးတွေမုန်းတယ်
ဆရာဆရာမတွေ မုန်းတယ်
အသိုင်းအ၀ိုင်းက မုန်းတယ်
အချိန်အတော်ကြာ အဲ့သလို ခံ စား ခဲ့ ရ တယ် . . .
အဖေက နောက်မိန်းမယူပြီး မြန်း
အမေကို အခြားယောင်္ကျားတွေက မှန်း
ကိုယ်ကို ကိုယ် ခပ်ကြမ်းကြမ်းထင်ခဲ့တဲ့ ၁၄နှစ်သား
သူများ ဇီးပင်က ဇီးသီးမှချိုတယ်
သူတပါး မာလကာသီးမှ မြိန်တယ်
လေးဂွတစ်လက်နဲ့ ရှောင်ယွန်ဖတ်လိုလို
ဒုတ်တစ်ချောင်းနဲ့ ဂျက်ကီရှမ်းလိုလို
ပေတီပေစုတ် နဲ့ အောင်ခိုင်လိုလို
ဆေးလိပ်လေးတစ်ဖွာဖွာ
ပြသနာ က တမြမြ
ဖိနပ်အသစ်မရလို့ အမေရဲ့ မိန်းမစီးဖိနပ်ကိုလည်းစီးခဲ့ရသေးတယ် . . .
ဆရာမ က ရိုက်ရင် ဂုဏ်ယူတဲ့ ငမိုက်သား
စာမေးပွဲ ကျရင် ဆရာကြီးစတိုင်ထွား
ကျောင်းအိမ်သာနောက်က ပြာတော ထဲမှာ
ပုလဲနဲ့ငါး ၀င်းက ဂိုထောင်လွတ်ထဲမှာ
တကိုယ်ရေ ဖျော်ဖြေရေး လေကျင့်ခန်းဆင်းရတာ သာယာ . . .
၁၀ တန်း. . .
အထက လက်ဝဲဒက်
ငါ့ကို သိက္ခာမချနဲ့ ဆိုတဲ့
အဒေါ်ကျောင်းဆရာမရဲ့
စကားတခွန်းနဲ့တင် အောင် သွားတယ် . . .
( ၃ )
တက္ကသိုလ်. . .
နယ်သစ် ပယ်သစ် ဘ၀သစ်
အဓိပဓိလမ်းနဲ့ စိန်ပန်းမဟုတ်တဲ့
ဖုန်ထူလမ်းနဲ့ လေကြမ်း
စီးပွားရေးသင်ခန်းစာက အပြင်ဖက်မှာ
စပိတ် ဟတ် ဒေါင့် ညှင်း
ဖဲချပ်လေးတွေနဲ့ ပိုက်ဆံရှာ
ဝီစကီ ရမ် ခွက်လေးတွေနဲ့
လွတ်လပ်ခြင်းအရသာကိုခံစား
အချောအလှလေးတွေနဲ့ ကလိတိတိ ကစား
ဒုတိယနှစ်ကစပြီး တက္ကသိုလ်မှာ နှစ်တိုင်းခွေးကျကျခဲ့တယ် . . .
ဘယ်တော့မှ အချစ်ဆိုတာ မယုံကြည်ခဲ့ဘူး
ဒါပေမယ့် ဂါထာတစ်ပုဒ်လို အချစ်ကို နေ့တိုင်းရွတ်ဖတ်ခဲ့တယ်
အမျိုးသမီးတွေ ကိုယ့်ကြောင့်မျက်ရည်ကျရတာကိုလည်း
သွေးအေးအေးနဲ့ ကြည့်တတ်ခဲ့တဲ့ကောင် . . .
ဘ၀မှာ အမက်ဆုံးက
လူအထင်ကြီး ခံရခြင်း
ဆရာကြီး လုပ်ရခြင်း နဲ့
လူရာဝင်ခြင်းပဲ
ကိုယ့်ကို ကိုယ်ပြန် လှောင် ပြီးလည်း
ဟက်ဟက် ပက်ပက် ရယ်ရဲတယ် . . .
အသက် ၂၂
မိတ်ဆွေတစ်ယောက် သူရာရေတိမ်နစ်တော့
အသုဘ သတင်းကိုဆုပ်ကိုင်ပြီး
ရှင်သန်ခြင်း တန်ဖိုး အကျိုး
ကိုယ့် အသိညဏ် ကိုယ်လက်ညိုးငေါက်ငေါက်ထိုးပြီး
မကြာခဏ ဝေဖန်တတ်ခဲ့ . . .
အပြုအမူတွေ ပြောင်းလဲလာ
စိတ်ဓါတ်တွေ ပြောင်းလဲလာ
အတွေးတွေ ပြောင်းလဲလာ
ပျော်ရွင်စရာ ဆိုတာကတော့
ကေတီဗွီ မာဆတ် ကလပ် လို့ထင်တုန်းပဲ . . .
၂၃ နှစ်
ပျော်ရွင်ခြင်း စစ်စစ်ကို ငတ်မွတ်
အချစ် စစ်စစ်ကို တောင့်တ
လူ့ဗလံ ကိုယ့်ဘ၀ ကိုယ် အနည်းငယ်ရှက်တတ်လာ
ကဗျာ သူရာ နဲ့ ဘုရင့်နောင် အနှိပ်ခန်းတွေကတော့
အသွင်ကူးပြောင်းရေးကာလမှာလည်း ယူနီဖောင်းမလဲသေး . . .
ကဗျာတွေ ဘယ်ဘက်ရင်ဘတ်နဲ့ ညာလက်ဖျားကြား
ကူးချီ သန်းချီ
ပင့်ချီ မြောက်ချီ
နွဲ့ချီ ယိုင်ချီ
အကျင့်လေးက ပါနေသေးတော့
လူအထင်ကြီးအောင်
ဘာဘာညာညာ ဒသနလေးတွေ
ဒီကဗျာမှာ ထည့်ချင်သေးပေမယ့်
ကိုယ့်ကိုကိုယ်ရှက်လို့မထည့်တော့ပါဘူး . . .
ဒီကဗျာကို
ကိုယ်တိုင်ဖတ်ဖို့ ဖွဲ့ပါတယ် . . .
မာဃ
0 comments:
Post a Comment