"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁)"
Author: lubo601 |
9:17 AM |
No မှတ်ချက် |
(၁၂) ရာစုအကုန်ပိုင်းတွင် ကုန်သည်များသည် ဥရောပတလွှားဖြတ်သန်းသွားလာကာ ကုန်စည် ကူးသန်းကြသည်။ ၄င်းတို့စုဆုံသောနေရာဒေသများသည် စည်ကားသိုက်မြိုက်လာပြီး ကုန်ကူးသန်းရာ အချက်အချာကျသော မြို့များအဖြစ်ပေါ်ထွန်းလာခဲ့သည် ။ ၄င်းမြို့များတွင်ပင် ကုန်သည်များနှင့် လက်မှုပညာသည်များက အခြေချနေထိုင်ခဲ့ကြသည်။ မြို့များမှာ ဈေးမြို့များအသွင်ရှိနေပြီး ထိုမြို့များကို ဘူဂ်(Bourg) ဟု ခေါ်တွင်ကြသည်။ ၄င်းဘူဂ်(Bourg)မြို့များတွင် နေထိုင်ကြသော မြို့နေလူတန်းစားကို ဘူဇွာ (Bourgeoisie) ဟုခေါ်သည်။ မြေရှင်ပဒေသရာဇ်ခေတ်တွင် ခေတ်စားခဲ့သော Guild System ပြုလဲသွားခြင်းနှင့်အတူ ဘူဇွာလူတန်းစားသည် အင်အားအတော်အသင့်ကြီးထွားလာခဲ့သ ည်။ ဘူဇွာလူတန်းစားတွင် ကုန်သည်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လူလတ်တန်းစား များပါဝင်ကြသည်။ ၄င်းလူတန်းစားသည် အရင်းရှင်စီးပွားရေးစနစ်၏ လွတ်လပ်မှုနှင့်အတူ လူမှုရေးလွတ်လပ်များကို ရရှိခဲ့ကြသည်။ ထိုအထဲတွင် ပညာတတ်လူတန်းစားများသည် ထိုခေတ်ထိုအခါက ဘုရားကျောင်းတော်များ၏ အယူအဆများကို ပြောင်းလဲပေးခဲ့ပြီး၊ ဆင်ခြင်တုံတရားကို အခြေခံသော အတွေးအခေါ်သစ်များကို ဖေါ်ထုတ်ပေးခဲ့ကြသည်။ ထိုသို့ဖြင့် တက္ကသိုလ်မှ ပညာတတ်ကျောင်းသား (Scholar)က ဖေါ်ထုတ်ခဲ့ကာ ထိုအယူဝါဒသစ်မှာ (Scholasticism) ဟု အမည်တွင်ခဲ့လေသည်။
၁၆၀၃ ခုနှစ်တွင် အင်္ဂလန်၌ စတူးဝပ်မင်းဆက်နန်းတက်သည်။ ထိုမင်းဆက်လက်ထက်တွင် နှင်းဆီစစ်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် ပဒေသရာဇ်မျိုးနွယ်များ အများအပြားကျဆုံးခဲ့ရသည်။ ၄င်းကျဆုံးသွားသူများနေရာတွင်ဘူ ဇွာတို့အားအစားထိုးခဲ့ကြရသည်။ ဤသို့ဖြင့် ပါလီမန်တွင် ဘူဇွာတို့အင်အားကောင်းလာလေသည်။ အင်အားကြီးထွားလာသော ဘူဇွာတို့ကြီးစိုးရာပါလီမန်နှင့်  ဘုရင်၏ တန်ခိုးအာဏာပြိုင်ဆိုင်မှုကြောင့်  ၁၆၄၂ ခုနှစ်မှ၁၆၄၅ ခုနှစ်အထိ (၃) နှစ်ကြာအောင် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ပါလီမန်အနိုင်ရပြီး ဘုရင်ကိုကွက်မြက်သုတ်သင်ကာ သမ္မတနိုင်ငံတည်ထောင်လိုက်ကြသည်။ သို့သော်သမ္မတဘော်လီယာဖာကရွန်းဝဲ (၁၆၅၈) ခုနှစ် တွင် ကွယ်လွန်ပြီးနောက် ၁၆၆၀ ခုနှစ်တွင် ပါလီမန်က ချား(၂)ကို ထီးနန်းပြန်အပ်ခဲ့ရသည်။
ချား(၂)အာဏာပြန်ရလာချိန်တွင် “အင်္ဂလိပ်လူမျိုးတို့၏ လွတ်လပ်မှုကို လေးစားပါမည်” ဟူသော ၄င်း၏ကတိကို ချိုးဖေါက်ခဲံရာ ၁၆၇၂ တွင် ပါလီမန်နှင့် အတိုက်အခံပြန်ဖြစ်ရပြန်သည်။ ဤ တစ်ကြိမ်တွင် ပါလီမန်၌ တိုရီ(Tory) နှင့် ဟစ် (Whigs) ဟူ၍ ပါတီ နှစ်ခုပေါ်ပေါက်လာခဲ့သည်။ တိုရီ(Tory) ပါတီသည် ၁၈၃၅ ခုနှစ်၌ ကွန်ဆာဗေးတစ်အဖြစ် တရားဝင်ရပ်တည်ခဲ့လေသည်။ တိုရီနှင့် ဟစ်တို့သည် အယူအဆချင်းဆန့်ကျင်ခဲ့ကြသော်လည်း အကြွင်းမဲ့အာဏာရှင်စနစ်ကို ရွံ့မုန်းပုံချင်းမှာ တူညီကြသည်။ ၁၆၈၈ ခုနှစ်တွင် ၄င်းပါတီနှစ်ခုပူးပေါင်းပြီး သွေးမဲ့တော်လှန်ရေး ကို အောင်မြင်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အင်္ဂလန်နိုင်ငံတွင် အကြွင်းမဲ့အာဏာပိုင် ဘုရင် စနစ်ပျက်သုဉ်းသွားခဲ့လေသည်။ အဆိုပါ ၁၆၈၈ အင်္ဂလန်တော်လှန်ရေးကြီးပြီးနောက် စည်းမျဉ်းခံဘုရင်စနစ်ကို ဖေါ်ဆောင်ခဲ့ရာတွင် အင်္ဂလိပ်အတွေးအခေါ်နှင့် နိုင်ငံရေး တွေးခေါ် ပညာရှင် ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄)သည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ၄င်း၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးကျမ်းများမှာ A Letter Concerning Toleration (1689) နှင့် Two Treatises of Government (1690) တို့ဖြစ်သည်။ ဂျွန်လော့ခ်အား ရှေးဦးလစ်ဘရယ်ဝါဒ (ဂန္ထ၀င်လစ်ဘရယ်ဝါဒ) (Classic Liberalism)ကို အုပ်မြစ်ချသူ ခေါင်းကိုင်ဖခင်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ထိုသို့ အင်္ဂလန်နိုင်ငံ၏ အကြွင်းမဲ့ဘုရင်စနစ်ပြိုလဲသွားမှုသည် ၄င်း၏ လက်အောက်ခံနိုင်ငံများ အတွက်အားတက်စရာအခြေအနေဖြစ်လာခဲ့ သည်။ ၁၇၆၅ ခုနှစ်တွင် အင်္ဂလိပ်တို့ ထုတ်ပြန်လိုက် သည့် တံဆိပ်ခေါင်းဥပဒေမှအစပြုကာ ကိုလိုနီနိုင်ငံများသည် အင်္ဂလိပ်တို့၏ အခွန်စနစ် အပေါ် မကျေမနပ်ဖြစ်လာခဲ့ကြသည်။ ၁၇၇၅ခုနှစ်တွင် ဂျော့ဝါရှင်တန်ဦးဆောင်သော အမေရိကန်တို့က အင်္ဂလိပ်တို့ကို တော်လှန်ခဲ့ရာ ၁၇၇၆ ခုနှစ်တွင်လွတ်လပ်ရေးရရှိခဲ့သည် ။ ပြင်သစ်သည် ၄င်းတို့ လက်မှ လုယူသွားသော အမေရိကန်ကိုလိုနီ (၁၃) နိုင်ငံကို အင်္ဂလိပ်တို့လက်မှ လွတ်မြောက် အောင် ကူညီခဲ့သည်။ ထိုသို့ကူညီခြင်းကြောင့်ပင် ပြင်သစ်အစိုးရမှာ ဘဏ္ဍာရေးအကြပ် အတည်း နှင့် ရင်ဆိုင်ရတော့လေသည်။ ဘုရင်နှင့် ပါလီမန်တွင် ဘုရင်ကသာ အာဏာလွှမ်းမိုးချုပ်ကိုင်ထား သည်။ ၁၇၈၉ တွင် ဘုရင်က အခွန်တိုးမြှင့်ကောက်ခံရန် States General ဟုခေါ်သော လူတန်း စားပေါင်းစုံပါဝင်သည့် လွှတ်တော်အစည်းအဝေးကြီးကို ဆင့်ခေါ်လိုက်သည်။ ကုန်သည်ပွဲစား၊ လက်မှုပညာရှင်များ၊ အလုပ်သမား၊ လယ်သမားများမှာ မည်သည့်နိုင်ငံရေးအခွင့်အာဏာမျှ မရှိပဲ အခွန်များပေးဆောင်နေကြရသဖြင့်မေ ကျမနပ်ဖြစ်လာကြသည်။
ထိုခေတ်ထိုအခါက ပြင်သစ်နိုင်ငံ၏ပညာရေးအဆင့်အတန်းမှာ ဥရောပရှိ အခြားနိုင်ငံများထက် ပိုမိုမြင့်မားသည်။ ရူးဆိုး(Rousseau)၊မွန်တက်(စ်)ကျူ့ (Montesquieu)၊ ဗော်တဲလ်ယား တို့ကဲ့သို့ ထင်ရှားသည့်ပညာရှင်များက ပြင်သစ်နိုင်ငံ၏ နိမ့်ကျလာသော စီးပွားရေး၊ အုပ်ချုပ်ရေး အခြေ အနေများကိုထောက်ပြခဲ့ကြသည်။ ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄) နှင့် သောမတ်ဟော့ (၁၅၈၈-၁၆၇၉)တို့၏ နိုင်ငံရေးအတွေးအခေါ်များမှ မြစ်ဖျားခံလာခဲ့သော ရူးဆိုး၏ လူမှုရေးပဋိညာဉ် (Social Contract) ကျမ်းက လူသားတိုင်း၏ မွေးရာပါအခွင့်အရေးနှင့်ထမ်းဆော င်ရမည့် တာဝန်
ဝတ္တရားများကို ဖေါ်ပြခဲ့သည်။ ရူးဆိုး၏ အယူအဆအရလူတို့သည် တိုးတက်လာသောယဉ်ကျေးမှု အခြေအနေများကြောင့် လုပ်ငန်းတာဝန်ခွဲဝေမှုအပေါ်မူတည်ကာပိုင်ဆိုင်မှုလည်း ကွာခြားလာ သည်။ ထိုအခါ လူတန်းစားခြားနားမှုများဖြစ်လာပြီး နဂိုဃ်ရှိပြီးသား သဘာဝအခြေအနေများ ပျက်ပြားလာသည်။ ထိုအခြေအနေ ကို ရှောင်လွှဲနိုင်ရန်အတွက် လူမှုရေးစည်းမျဉ်းများဖြင့် ထိန်းကွပ်ထားသော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင် ရမည်ဟု ဆိုသည်။ ထို့အပြင်ရူးဆိုးက လူတိုင်းတွင် လွတ်လပ်ခွင့်ရှိပြီး၊ လူတိုင်း၏လက်ထဲတွင် နိုင်ငံတော် အာဏာရှိပါက မည်သည့် ပဋိပက္ခမျှရှိလာနိုင်မည်မဟုတ်ဟု ဆိုသည်။ လူအများ၏ဆန္ဒ (General Will) ဆိုသည်မှာလည်း လူတစ်ဦးချင်းစီ၏ ဆန္ဒများကို စုပေါင်းထားခြင်းဖြစ်သဖြင့်၊ အများစု၏ဆန္ဒုကို အကောင်အထည် ဖေါ်ခြင်းဖြင့် လူနည်းစု၏ ကောင်းကျိုးကို ဆောင်ရွက်ပြီးသားဖြစ်သွားမည်ဟု ကောက်ချက်ဆွဲပြ သည်။ ရူးဆိုးက နိုင်ငံတော်နှင့် အစိုးရတို့၏ ကဏ္ဍကိုလည်း ကွဲပြားအောင် ဖေါ်ထုတ်ပေးခဲ့သည်။
ပြင်သစ်နိုင်ငံရှိဆင်းရဲသား လူတန်းစားက ရူးဆိုး၏ အတွေးအခေါ်ကို အခြေခံကာ လွတ်လပ်မှု၊ ညီမျှမှုနှင့် လူအချင်းချင်းချစ်ကြည်မျှတမှု(Li berty, Equality, Fraternity) ကို အဓိကထားကာ လူ့အခွင့်အရေးကြော်ငြာစာတမ်း (Bill of Human Rights)ကို တကမ္ဘာလုံးသို့ကျေညာခဲ့လေသည်။
မွန်တက်စကျူ့သည်လည်း စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသော်လည်း သက်ဦးဆံပိုင်ဘုရင် စနစ်ကို ရှုတ်ချဝေဖန်ခဲ့သည်။ ထိုခေတ်က ဘုရင့်အာဏာသည် ဘုရားသခင်ထံမှရရှိသည်ဆိုသည့် အယူအဆကို မှားယွင်းနေကြောင်း ခိုင်ခိုင်မာမာထောက်ပြခဲ့သည်။ ထို့အပြင် ပြင်သစ်ဘောဂဗေဒ ပညာရှင်များကလည်း ကူးသန်းရောင်းဝယ်ရေးတွင် အစိုးရ၀င်ရောက်စွက်ဖက်နေမှုများအား
ထောက်ပြကန့်ကွက်ခဲ့ကြသည်။ ပြင်သစ်တော်လှန်ရေးဖြစ်စေသည့် နောက်ထပ်တွန်းအားတစ်ခု မှာ တော်လှန်ရေးခေါင်းဆောင်လက်ဖေးယက် (Lafayette)ဖြစ်သည်။ လက်ဖေးယက်သည် အမေရိကန်လွတ်မြောက်ရေးအတွက် သွားရောက်ကူညီခဲ့သူဖြစ်ပြီး သမ္မတနိုင်ငံနှင့် ဒီမိုကရေစီဝါဒ မျိုးစေ့ကို သယ်ဆောင်လာခဲ့သူဖြစ်သည်။ ထိုသို့ နိုင်ငံရေးအတွေးအခေါ်များရှင်သန် လာခြင်း၊
စီးပွားရေးအမြင်များပွင့်လင်းလာ ခြင်း၊ ဒီမိုကရေစီစိတ်ဓါတ်များကူးစက်လာ ခြင်း၊ ဘုရင်စနစ်၏ ဖိနှိပ်မှုကြောင့် တိုင်းပြည်စီးပွားရေးချွတ်ခြုံကျလာခြင်းတို့ကြောင့် တတိယလူတန်းစားသည် သွေးစည်းညီညွတ်လာပြီး လွှတ်တော်တစ်ရပ်ကို သီးခြင်းထူထောင်လိုက်ကြသည်။ ၁၇၉၁ ခုနှစ်တွင် လူဝီဘုရင်သည် နိုင်ငံရပ်ခြားသို့ ထွက်ပြေးရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ပေ။ ဆင်းရဲသားကိုယ်စားလှယ်များက အစိုးရအသစ်ဖွဲ့စည်းပြီး ဘုရင်ကို ရန်သူနိုင်ငံများနှင့် လျှို့ဝှက် စွာဆက်သွယ်သည်ဟူသောစွဲချက်ဖြင့် ခေါင်းဖြတ်သတ်လိုက်ကြသည်။ ထို့နောက်ပြင်သစ် အစိုးရ အဖွဲ့သစ်သည် နိုင်ငံကို သမ္မတနိုင်ငံအဖြစ်ကျေညာလိုက်လေသည်။
သို့သော် တော်လှန်ရေးမှာ အဆုံးသတ်သွားသော်လည်း လူထု၏ ဥပဒေမဲ့မှုများ၊ အကြမ်းဖက်မှု များ၊ အာဏာလုမှုများမှာ အတောမသတ်နိုင်တော့ပဲ သွေးချောင်းစီးခဲ့ရလေသည်။ ထို့ခေတ်အား ပြင်သစ်နိုင်ငံ၏ သွေးချောင်းစီးသောခေတ် (Reign of Terror)ဟု ခေါ်တွင်သည်။ ထိုသွေးချောင်း စီးသတ်ဖြတ်ပွဲတွင် အသုံးပြုခဲ့သော ခေါင်းဖြတ်စက်ကို ဂီလာတင်း (Guillotine) ဟုခေါ်သည်။
အပိုင်း (၂)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား-
၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊ ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချ ချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၄။ http://www.britannica.com/ EBchecked/topic/339173/ liberalism
၁၅။Classical liberalism From Wikipedia, the free encyclopedia
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment