အစွယ်လိုသူများ (တတိယပိုင်း)
by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, December 22, 2012 at 10:01am ·
(၂၆)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
အင်းစိန်ထောင်၊ အထူးခုံရုံး။
ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။
သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။
(၂၇)
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင်။
ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။
"Any Message from London"
ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။
"No Nothing, Very Sorry ---"
အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။
အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။
တလှမ်း ---၊ နှစ်လှမ်း ----။
တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။
ဦးစောမှ ----
“ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်” ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။
“ဂျိုင်း”
မင်းဟန်
------------------------------
ကိုးကား ----
- ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
- ဦးနု၏ တာတေစနေသား
- သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
- နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
- မောရစ်ကောလစ်၏ Last And First in Burma
- တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
- အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု

0 comments:
Post a Comment