အချမ်းသာဆုံး ဆရာဝန်တို့အကြောင်း နှင့် ဆင်းရဲသားမာန
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Saturday, December 22, 2012 at 12:05am ·
ဆရာဝန်ဖြစ်လာဖို့ ပညာသင်ယူရသည်မှာ မလွယ်ပါ။ဆရာဝန်ဖြစ်ပြီးတော့လည်း ဆရာဝန်ဘ၀မှာ
ဘ၀သက်ဆုံး ဆက်လက်ပြီး အရိုးထုတ်ဖို့ဆိုသည်မှာ ပိုပြီးတော့မလွယ်ပါ။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင် ငံဖြစ်သော ကျွန်တော်တို့နိုင်ငံမျိုးမှာ ဆရာဝန်အဖြစ် အသက်မွေးဖို့ဆိုသည်မှာ ပိုပြီးတော့ခက်ခဲပါသည်။
တ၀မ်းတခါးအတွက် ၀မ်းစာရှာကြရသူများအချင်းချင်း ဆရာဝန်များ ငွေရှာသည့်အခါ ပြောချင်ဆိုချင် ကဲ့ရဲ့ချင်၊ တရားစွဲဆိုချင်၊ အပြစ်တင်ချင်သူတွေ အလွန်များပါသည်။
နိုင်ငံခြားကို ရောက်လာသည့်အခါ နိုင်ငံခြားက ဆရာဝန်တွေ ဘယ်လိုရှင်သန်ရပ်တည်နေကြ သလဲဆိုတာကို တွေ့ရပါသည်။ စင်္ကာပူလိုနိုင်ငံမျိုးမှာ အလုပ်သင်ဆရာဝန်အလုပ်ရပြီးမကြာခင်မှာ သူတို့ဆရာဝန်လေးတွေသည် သူတို့ရသည့် လစာဖြင့် ကမ္ဘာပတ်နိုင်ပါသည်။ သို့ပေမယ့် ဆရာဝန်သည် လူချမ်းသာ၊အထက်တန်းဆုံးအလွှာ မဟုတ်ပါ။ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ဆရာဝန်သာမက တော်တန်ရုံဘွဲ့ရ ပညာတတ်သည်လည်း သူတို့လစာဖြင့် ကမ္ဘာပတ်နိုင်ကြပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှာလည်း ဆရာဝန်ကို တရားစွဲဆိုမှုတွေ ရှိပါသည်။လျော်ကြေးတွေ တောင်းကြပါ
သည်။သို့ပေမယ့် အနိုင်ရသူရှားပါသည်။တရားစွဲခံရပေါင်းများလှပြီဖြစ်သောကြောင့် နိုင်ငံခြားကဆရာဝန်
များမှာ အာမခံတွေရှိပါသည်။ကာကွယ်ပေးမည့် အဖွဲ့တွေ၇ှိပါသည်။ဆရာဝန်များဘက်မှလည်း လူနာကို
ကုသည်ထက် ရောဂါကိုသာကုပါသည်။ သဘောက လူနာ၏ ငွေရေးကြေးရေး၊ဆန္ဒစသည်များထက် လုပ်ရ
မည့် စည်းကမ်းများအတိုင်းမညှာမတာ အတိအကျလုပ်ပါသည်။ တရားစွဲဆိုခံရခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်
ပါသည်။
ဆရာဝန်တွေ လုပ်သမျှ၊ကိုင်သမျှကို လိုက်ပြီး ငြိုငြင်အပြစ်ရှာသူများလည်းရှိကြပါသည်။ စင်္ကာပူ
အထွေထွေဆေးရုံကြီးက စားသောက်ဆိုင်မှာ နေ့လည်စာစားကြတော့ လွတ်နေသည့် ထိုင်ခုံပေါ်မှာ နေရာ
ဦးရန်အလို့ငှာ ကျွန်တော်က နားကျပ်ကလေးကို ဖြုတ်ပြီး ထိုင်ခုံပေါ်ကိုတင်လိုက်ပါသည်။ ထိုအခါ စင်္ကာပူ
သားဆရာဝန်တစ်ယောက်က မတင်ပါနဲ့ဟုတားပါသည်။ အကြောင်းရှိသည်။ တစ်ခါက ထိုသို့တင်ထားခဲ့
သည့် နားကျပ်ကိုဓာတ်ပုံရိုက်၍ သူတို့ဆီက ဂျာနယ်တစ်စောင်တွင် ဆရာဝန်များသည် သူတို့၏ နားကျပ်ကို
ချချင်သည့်နေရာတွင် ချလျက် လူနာဆောင်ထဲသို့ ရောဂါပိုးများကို ဖြန့်ဖြူးသယ်ဆောင်နေကြပါသည်ဟူ၍
အရေးခံရဖူးသောကြောင့် ဖြစ်ပါသည်။
စင်္ကာပူဆေးရုံကြီးမှာ နံနက်ပိုင်းရောင်းလှည့်ပြီး မနက်စာစားသည့်အခါ ထိုစားသောက်နေသည့်
ဆရာဝန်များကို ဓာတ်ပုံရိုက်လျက်ပြင်ပလူနာမှာ စောင့်ဆိုင်းနေကြသည့် လူနာများနှင့် ပုံကို တွဲလျက်ဖော်ပြပြီး ဆရာဝန်များသည် လူနာများစောင့်ဆိုင်းနေသည်ကိုသိလျက်နှင့် အချိန်ဆွဲစားသောက်ပျော် ရွှင်နေကြသည်ဟု ဂျာနယ်များမှာ ဖော်ပြခဲ့ဖူးသည်။မြန်မာပြည်မှ အတင်းထောက်..အဲ သတင်းထောက်များ နည်းနာယူကြပါကုန်။
သည်တော့ အပင်မြင့်၍လေတိုက်ခံရသည့် ဆရာဝန်ဘ၀ဟု လည်း မပြောချင်ပါ။ ဆရာဝန်ဘ၀သည်ဘ၀ကိုမြုပ်နှံရုန်းကန်ရသည့် ဘ၀ဖြစ်သော်လည်း မြင့်မားသည့်ဘ၀၊ချမ်းသာသည့် ဘ၀တော့ မဟုတ်ပါ။ အထူးသဖြင့် ဆင်းရဲသည့် ကိုယ့်နိုင်ငံမှာ ဆင်းရဲသည့် ကိုယ့်နိုင်ငံသားများနှင့် ဆင်းရဲကျပ်တည်းသည့် ဆရာဝန်ဘ၀ကို သစ္စာရှိစွာ ဖက်တွယ်ထားကြသူ ဆရာဝန်အချင်းချင်း ပိုလို့ပင်ကိုယ်ချင်းစာမိပါသည်။အနှီဆရာဝန်များသည် ယခုထက်သာလွန်သောဘ၀ကို လှမ်းနိုင်သူ၊အရည်အချင်း၇ှိသူများ ဖြစ်သော်လည်း ယုံကြည်ချက်၊ ခံယူချက်ကိုယ်စီဖြင့်ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာပဲ အရိုးထုတ်နေသူများဖြစ်ကြပါသည်။
ပညာထူးချွန်လွန်းသဖြင့် အထူးကု၊ပါမောက္ခကြီးများ ဖြစ်လာသည့်အဆင့်ရောက်သည့်အချိန်မှ သည်ဆရာကြီးများ ဆေးခန်းမှာ လူနာများလှတယ်၊ကြည့်မရပါဟု မစ္စရိယစိတ်ဖြင့် ညစ်ပြောပြော၍မရပါ။ သူတို့သည်အဆင့်ရောက်လာစေရန် ယခုကဲ့ရဲ့ဝေဖန်သူများ၏ ဆွေမျိုးမိတ်ဆွေများအပါအ၀င် မိဘပြည်သူအများအပြားကို အဘယ်မျှဆေးဝါးကုသပြုစုစောင့်ရှောက်ပေးခဲ့ကြကြောင်း အဆိုပါဝေဖန်သူများ သိပါ လေစ။သူတို့သည့် ဘွားကနဲ နတ်ရေကန်ထဲမှ ပေါ်လာပြီး ပါမောက္ခကြီးတွေ၊ပါရဂူကြီးတွေ ဖြစ်သွားကြသည်မဟုတ်ပါ။ သူတို့ဘ၀၏ အချိန်၊ငွေနှင့် ချွေးစက်ပေါင်းများစွာကို မြန်မာပြည်က မြန်မာလူနာများ၏ လူနာဆောင်များထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးကုန်လွန်စေ ခဲ့ကြပြီးဖြစ်ပါသည်။
မြန်မာပြည်က ဆရာဝန်များ၏ အလွန်များပြားလှသည့် လစာငွေနှင့် နှိုင်းယှဉ်နိုင်ရန်အလို့ငှာ အမေရိကားမှ အချမ်းသာဆုံးဆရာဝန်များ၏ လစာနှင့် ချိန်ထိုးတင်ဆက်လိုက်ရပါသည်။
အမေရိက၏ အချမ်းသာဆုံးဆရာဝန်မှာ အရိုးခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ ဘောလုံးသမားများ၏လစာကို သိကြမည်ဆိုရင် ထိုဘောလုံးသမားများ၏ ဒူးဒဏ်ရာ၊ခြေဒဏ်ရာများကို ခွဲစိတ်ကုသပေးကြသည့် အရိုးဆရာဝန်များ၏ လစာမများကြောင်း နားလည်ကြပါလိမ့်မည်။ ခွဲစိတ်ပညာသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု၊လေ့ကျင့်မှုများ လိုအပ်သည့်အတွက် ပိုပြီး လစာငွေကြီးခြင်းဖြစ်နိုင်ကြောင်း ဆိုကြသူများလည်း ၇ှိပါသည်။ပျမ်းမျှ အမေရိကန်အရိုးဆရာဝန်တစ်ဦး၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်းနှင့် ၉ထောင်ကျော်ရှိပါသည်။
ဒုတိယအချမ်းသာဆုံးဆရာဝန်များမှာ နှလုံးခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ နှလုံးရောဂါများ အဖြစ်များလာသည့်နည်းတူ နှလုံးခွဲစိတ်ပညာ၏ လုပ်ဆောင်နိုင်မှုသည်လည်း ပိုမိုများပြားလာခြင်းကြောင့် နှလုံးခွဲစိတ်ဆရာဝန်တွေ ၀င်ငွေပိုလာရခြင်းဖြစ်ပါသည်။ သူတို့၏ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်း ၁ထောင်ခန့်ဖြစ်ပါသည်။
တတိယလိုက်သူများကတော့ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ သူတို့သည်လည်း ကျွမ်းကျင်မှုနှင့် ပညာလိုအပ်ခြင်းကြောင့် ဈေးကောင်းရကြခြင်းဖြစ်သည်ဟု ဆိုကြသည်။ သူတို့တွေကပျမ်းမျှတစ်နာရီကို ဒေါ်လာ ၁၀၀လောက်ရသည်။တစ်နှစ်လုံးဆိုရင်တော့ အမေရိကန်ဒေါ်လာ ၄သိန်းခန့်ဖြစ်ပါသည်။
အဆင့် ၄ မှကပ်ပါနေသူများကတော့ သိပ်ထင်ထားကြမှာ မဟုတ်သည့် မေ့ဆေးဆရာဝန် များဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်တွေ သည်လောက်ဝင်ငွေဖြောင့်နေမှတော့ သူတို့မပါလျှင် ခွဲခန်းထဲဝင်လို့မရသည့် မေ့ဆေးဆရာတွေ ၀င်ငွေကောင်းသည်မှာ မဆန်းပါ။ယနေ့ အမေရိကန်ပြည်ထောင်စုတွင် မေ့ဆေးဆရာဝန်ပေါင်း နှစ်သောင်းကိုးထောင့်ရှစ်ရာကျော် ခန့်ရှိရာ သူတို့လေးတွေ၏ ပျမ်းမျှတစ်နှစ်ဝင်ငွေမှာအမေရိကန် ဒေါ်လာ သုံးသိန်းသုံးသောင်း ၀န်းကျင်ခန့် မျှသာ ဖြစ်ပါသည်။
နံပါတ်(၅) အချမ်းသာဆုံးသူများကတော့ အထွေထွေခွဲစိတ်ဆရာဝန်များဖြစ်ပါသည်။ သူတို့သည်
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဦးစားပေးပြီး ခွဲစိတ်ကြပါသည်။ပါးစပ်ထဲ၊စအိုထဲကိုလည်း ပိုက်များ ထိုးထည့်ပြီး လည်း ကြည့်တတ်ကြပါသည်။ သူတို့၏ ပျမ်းမျှ ၀င်ငွေမှာ တစ်နှစ်ဒေါ်လာ သုံးသိန်းခန့်ဖြစ်ပါသည်။
အမေရိကန်ကဆရာဝန်များ တစ်နှစ်လျှင် မြန်မာငွေ သိန်းသုံးထောင်ကျော်ခန့်ရသည့် အချိန်မှာ မြန်မာပြည်က ၀န်ထမ်းဆရာဝန်များသည် တစ်နှစ်ကို လစာငွေ ဆယ်သိန်းမှ ၁၅သိန်းခန့်ရပါသည်။နံနက် ၈နာရီမှ ညနေလေးနာရီထိ ရုန်းကန်ပြီးသည့်အခါ ခြေကုန်လက်ပန်းကျနေသည့် ဆရာဝန်သည် နောက်နေ့ဆေးရုံကို ကားမောင်းသွားနိုင်ဖို့ရာ စက်သုံးဆီဖိုးရဖို့အတွက် ဆေးခန်းလေးတွေဆီကို အလျှိုလျှိုပြေးရပါသည်။ ထိုငွေသည် မိသားစု၏ ထမင်းအိုးဖြစ်ပါသည်။ သားသမီးများ၏ ပညာရွှေအိုးလည်း ဖြစ်ပါသည်။ဆရာဝန်သည် လူနာများထံမှ ပီတိကိုစားလျက် ဗိုက်မဆာသော်ငြား အိမ်က ကလေးများက ဗိုက်ဆာသောကြောင့် ငိုနေကြပါသည်။
ထိုသို့သော ပါရမီပုဂ္ဂိုလ်ထူးများကို စောင့်ဆိုင်းရန်စောင်နေကြသည့် ဒေ၀ဒတ်သားမြေး တီတွတ် များကိုတွေ့သည့်အခါ ကျွန်တော်သည် အလွန်အံ့သြမိပါသည်။ ဆရာဝန်သည် အစိုးရဆေးရုံများထဲမှာ အလုပ်လုပ်နေသည့်အခါ မည်သူကမျှ တော်တန်ရုံ အပြစ်မရှာရဲပါ။ အနှီသနားစရာ့ဆရာဝန်သည် ၀မ်းရေးအလို့ငှာ ဆေးခန်းသို့ ရောက်လာသည့်အခါ အပြစ်ရှာလျော်ကြေးတောင်းလိုသူ၊ဓာတ်ပုံရိုက်ပြီး သတင်းမှာ ဖော်ပြလိုသူ၊ ထိုထိုသူငှာတို့က စောင့်နေကြပါသည်။
မြန်မာပြည်ကဆရာဝန်သည် ဆေးကုဖို့တစ်ခုတည်းတာဝန်ရှိတာမဟုတ်ပါ။ သူတို့သည် ဆေးရုံထဲမှ မရှိ ဆင်းရဲသူလူနာများအတွက်ငွေကိုလည်းလှူကြသည်၊ဆေးကိုလည်း လှူကြသည်၊သွေးကိုလည်း လှူကြသည်။
ဆေးကုနေသည့် ဆရာဝန်သည် မှားတတ် ပါသည်။ဆေး ပညာကိုယ်တိုင်ကိုက ၁၀၀%မမှန်ပါ။ ပညာတွေသင်ယူရတာခက်ခဲသလောက် အမှားကိုရှာပြီး အပြစ်ဖော်ထုတ်ရတာ လွယ်ကြောင်း၊ပညာတတ်ဆရာဝန်ကြီးတစ်ဦး၏ဘ၀ကို တည်ဆောက်ရခက်ခဲသလောက် ဖျက်ဆီးဖို့ရာ အလွန်လွယ်ကြောင်း အားလုံးတွေ့မြင်ဖူးကြပါလိမ့်မည်။
ဘယ်သူတွေ ဘယ်လောက် စိတ်ပျက်အောင် လုပ်ကြပါစေ၊ ဆင်းရဲသည့် နိုင်ငံမှ ဆင်းရဲသား ကျွန်တော်တို့ ဆရာဝန်များသည် ဆင်းရဲခြင်းကို ဖက်တွယ်လျက်၊ အနှောက်အယှက်များ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံလျက်အပြုံးမပျက်ပဲ တိုင်းရင်းသားမိဘပြည်သူများ၏ကျန်းမာရေးကို ယခင်ထက်ပိုပြီး ဆက်လက်စောင့်ရှောက်ပေးနိုင်ရန် ကြိုးစားပါမည့် အကြောင်း ဘ၀တူု ဆင်းရဲသား မျိုးချစ်ဆရာဝန်များ ကိုယ်စား ရေးသားဖော်ပြလိုက်ရပါသတည်း။
၂၂/၁၂/၂၀၁၂
0 comments:
Post a Comment