Thursday, December 13, 2012

ဒီလိုမျိုး တောင်းဆိုသင့်ပါသလား


by Maha Thumana on Thursday, December 6, 2012 at 5:25am 

       ဒီကနေ့ မီဒီယာမှာ တက်လာတဲ့ သတင်းတွေထဲက စိတ်ထဲမှာ သိပ်ပြီး ဘ၀င်မကျနိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ မန္တလေးသံဃာတော်များရဲ့ ထိုင်သပိတ်သတင်းပဲ ဖြစ်ပါတယ်။ ထိုင်သပိတ်နဲ့ အတူ တောင်းဆိုချက် (၅) ချက်ကိုလည်း တောင်းဆိုကြတယ် လို့ သိရပါတယ်။
       သံဃာတော်များတောင်းဆိုတဲ့ တောင်းဆိုချက်တွေ ကတော့-
၁။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရ သံဃာတော်များကို အမြန်ဆုံး ၀န်ချ တောင်းပန်ရန်။
၂။ အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်။ 
၃။ ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။ 
၎။ ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ် လက်ခံအောင် ဆောင်ရွက်ပေးရန်။ 
၅။ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ် ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် တပ်မတော်သားများ အမြန်ဆုံး နှုတ်ထွက်ပေးရန် ဆိုတာတွေပါပဲ။


       ဒီတောင်းဆိုချက်တွေဟာ လက်ပံတောင်းတောင်းအရေးမှာ အစိုးရရဲ့ အင်အားသုံးဖြိုခွဲမှုကြောင့် သံဃာတော်တွေ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြတာကို အကြောင်းပြုပြီး ဖြစ်လာတာတွေပါ။ အစိုးရရဲ့ ဖြိုခွင်းမှုဟာ ပြင်းထန်လွန်းတယ်၊ အေးအေးချမ်းချမ်း ဖြေရှင်းလို့ ရနိုင်ပါလျက်နဲ့ အခုလို အကြမ်းဖက်တာမျိုးဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအားလုံးက ထုတ်ဖော်ပြောဆိုကြသလို မီဒီယာတွေကလဲ ရေးသားတင်ပြနေကြပါတယ်။ ကိုယ်ကိုယ်တိုင်လဲ မီးလောင်ဒဏ်ရာတွေနဲ့ သံဃာတော်တွေရဲ့ ပုံတွေကို တွေ့ရတဲ့အခါမှာ တော်တော်ကို စိတ်ထိခိုက်ခဲ့ရပါတယ်။
မလိုလားအပ်တဲ့ အဖြစ်အပျက်တွေကတော့ ဖြစ်ခဲ့ပြီးပါပြီ။ ဒါတွေကို အကြောင်းပြုပြီး အစိုးရကို တောင်းဆိုတိုက်ပွဲဝင်ကြတဲ့နေရာမှာတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ တောင်းဆိုတိုက်ပွဲ ၀င်ကြဖို့ လိုမယ် ထင်ပါတယ်။ အထူးသဖြင့် တောင်းဆိုသူတွေဟာ ရဟန်းသံဃာတော်တွေ ဖြစ်တဲ့အတွက် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ သွေဖီမသွားရအောင် အထူးတလည် ဂရုပြုဖို့ လိုပါမယ်။
သံဃာတော်တွေ တောင်းဆိုထားတဲ့အချက်ငါးချက်ထဲက ပထမအချက်ကို ကြည့်ရင် ယခုအချိန်မှာ ဒီကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။  ဒီလို အချိန်မျိုးမှာ ယေဘုယျဆန်ဆန် ကောက်ချက်ဆွဲပြီး အစိုးရတစ်ဖွဲ့လုံးကို ၀န်ချတောင်းပန်ခိုင်းနေတာကတော့ မဖြစ်သင့်ဘူး လို့ ထင်ပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဘယ်လို လက်နက်မျိုးကို သုံးခဲ့တယ်၊ ဘာကြောင့် ခုလောက် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ် ဆိုတာကို သဲသဲကွဲကွဲ သိရအောင် အရင် မလုပ်သင့်ပေဘူးလား။
တကယ်တော့ ၀န်ချတောင်းပန်တယ်ဆိုတာကလဲ ပြစ်မှားမိသူ ကိုယ်တိုင်က လိုလိုလားလားနဲ့ တောင်းပန်တာမျိုးပဲ ဖြစ်သင့်တာပါ။ မတောင်းပန်ရင် ဘယ်လို လုပ်လိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ အတင်းအကြပ် တောင်းပန်းခိုင်းတာမျိုးကို ဘုရားအစရှိတဲ့ သူတော်ကောင်းအရှင်မြတ်တွေ လုပ်ခဲ့တယ် လို့ မကြားမိဖူးပါဘူး။ ပြစ်မှားသူအနေနဲ့ ပစ္စုပ္ပန်ရော သံသရာမှာပါ ဆိုးပြစ်တွေ မကြီးထွားရအောင် တောင်းပန်လိုက တောင်းပန်၊ အပြစ်မကြောက်လို့ မတောင်းပန်လဲ သူ့ထိုက်နဲ့ သူ့ကံ သဘောထားသင့်ပါတယ်။
ဒုတိယတောင်းဆိုချက်ဖြစ်တဲ့  “အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်” ဆိုတာကတော့ ရဟန်းတွေအနေနဲ့ ဒီလို တောင်းဆိုချက်မျိုး တောင်းဆိုသင့်/ မသင့် ၀ိနည်းတရားတော်ကို ပြန်လည်လေ့လာကြဖို့ လိုပါလိမ့်မယ်။ အခု ရဟန်းသံဃာတွေ တောင်းဆိုတဲ့အတိုင်း အစိုးရက တာဝန်ရှိသူကို သေဒဏ်ပေးတယ် ဆိုပါစို့၊ ဒီလို ဖြစ်လာအောင် တောင်းဆိုတဲ့ ရဟန်းတွေမှာ ၀ိနည်းပြစ် မရှိပေဘူးလား။ “အရေးယူပေးပါ” ဆိုတဲ့ စကားမျိုးက ရဟန်းတစ်ပါးအတွက် အလွန်အန္တရာယ်များတဲ့ စကားဖြစ်တယ် ဆိုတာကို သတိပြုစေ လိုပါတယ်။ “အရေးယူပေးရန်” ဆိုတာလောက်နဲ့တင် အားမရလို့ “ထိရောက်စွာ” ဆိုတာပါ ထည့်လိုက်တော့ ပိုပြီး ဆိုးမသွားပေဘူးလား။
တတိယတောင်းဆိုချက်ဖြစ်တဲ့ “ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန် လွှတ်ပေးရန်” ဆိုတာနဲ့ ပတ်သက်လို့ အစိုးရဖက်က ဖမ်းဆီးထားသူ မရှိပါဘူးလို့ ငြင်းဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလဲ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ ရှိရင် သူ့ကို အကြောင်းကြားဖို့ အခင်းဖြစ်ပြီး နောက်မှာ ပြောဆိုခဲ့တာကို မီဒီယာမှာ ဖတ်ရပါတယ်။ ဒီလိုဆိုတော့ တကယ်တန်း ဖမ်းဆီးခံထားရသူတွေ ရှိတယ်ဆိုရင်လဲ ဖြေရှင်းလို့ လွယ်မယ်လို့ ထင်ပါတယ်။
စတုတ္ထတောင်းဆိုချက်ဖြစ်တဲ့ “ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်” ဆိုတာကတော့ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ စုံးစမ်းရေးကော်မရှင်က စတင် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ ရှိ မရှိ ကိုသာ စောင့်ကြည့်ရမှာပါ။ ကော်မရှင်ရဲ့ အကြံပြုချက်ထွက်လာပြီးနောက် အစိုးရက ဆောင်ရွက်မပေးမှသာ တောင်းဆိုသင့်ပါတယ်။

ပဉ္စမတောင်းဆိုချက်ဖြစ်တဲ့ “နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် တပ်မတော်သားများ အမြန်ဆုံး နှုတ်ထွက်ပေးရန်” ဆိုတာကတော့ ယနေ့ကာလအခြေအနေအရ အတော်ပြင်းထန်သော တောင်းဆိုချက် ဖြစ်မယ် ထင်ပါတယ်။ ပြည်သူပြည်သားအားလုံးရဲ့ အန္တိမရည်မှန်းချက်ကလည်း အဲဒီတောင်းဆိုချက်အတိုင်း တစ်ချိန်ချိန်မှာ ဖြစ်လာဖို့ပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးက အခုလို တိုက်ရိုက် တောင်းဆိုတာမျိုးကို ယခုအချိန်မှာ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။ ဘာကြောင့် မတောင်းဆိုတာလဲ ဆိုတာကတော့ နိုင်ငံရေးအမြင်ရှိသူ အားလုံး သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ အခုလို သံဃာတော်တွေက ရဲရဲဝံ့ဝံ့ တောင်းဆိုပြလိုက်တာ တစ်ဘက်ကတော့ ကောင်းပါတယ်။ အခြားတစ်ဖက်က စဉ်းစားရမှာက တပ်မတော်သားတွေက သူတို့ကို လွှတ်တော်ထဲ ကရော အစိုးရအဖွဲ့ထဲကရော ထွက်ပေးရမယ်လို့ တောင်းဆိုတာကို မကျေနပ်လို့  အာဏာသိမ်းတယ်၊ အစိုးရအဖွဲ့ကိုလဲ ဖျက်တယ် လွှတ်တော်ကိုလဲ ဖျက်တယ် လို့ လုပ်လာရင် တောင်းဆိုတဲ့ ရဟန်းသံဃာတွေ ဘယ်လိုလုပ်ကြမယ် ဆိုတာကိုတော့ ကြိုတင်စဉ်းစားထားဖို့တော့ လိုမယ် ထင်ပါတယ်။
       တောင်းဆိုချက်ငါးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ပထမတောင်းဆိုချက်က လက်တွေ့ မကျဘူး၊ လက်တွေ့ ဖြစ်နိုင်ဖို့လည်း အလားအလား အတော်နည်းပါတယ်။ ဒုတိယတောင်းဆိုချက်က ၀ိနည်းကြောင်းအရ ငြိစွန်းနိုင်ပါတယ်။ တတိယတောင်းဆိုချက်ကတော့ ရှင်းလို့ ရနိုင်တဲ့ တောင်းဆိုချက်ပါ။ စတုတ္ထတောင်းဆိုချက်ကတော့ လုပ်ဆောင်နေဆဲကာလမို့ အခုအချိန်မှာ မတောင်းဆိုသင့်သေးတဲ့ တောင်းဆိုချက်ပါ။ နောက်ဆုံး ပဉ္စမဖြစ်တဲ့ တောင်းဆိုချက်ကတော့ နိုင်ငံရေးသမားတွေ လုပ်ဖို့အတွက် တောင်းဆိုဖို့အတွက် ထားပေးရမယ့် တောင်းဆိုချက်မျိုးသာ ဖြစ်ပါတယ်။
       ဒါ့ကြောင့် အခု မန္တလေးမြို့က ထိုင်သိပိတ်သံဃာတော်တွေ တောင်းဆိုကြတဲ့အချက်ငါးချက်ကို လောကကြောင်း ဓမ္မကြောင်း ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ ဆရာတော်သံဃာတော်များက ဒီလို တောင်းသင့်/မတောင်းသင့် ပြန်လည်သုံးသပ်ကြဖို့ မေတ္တာရပ်ခံ လျှောက်ထားချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...