လွမ်းညို့သွေးတဲ့ဆောင်းလေပြေ
by A Mon Moon on Monday, December 3, 2012 at 11:40pm ·
မနက်မိုးလင်းလို့ မျက်စိဖွင့်လိုက်ပြီဆိုတာနဲ့  မျက်စိရှေ့ မှာ မောင့်ကို အပြေးအလွှားလိုက်ရှာတတ်တာ အကျင့်ဖြစ်နေခဲ့ပါပြီ။ မောင်အေးချမ်းစွာ အိပ်စက်နေတယ်ဆိုတာကို မြင်ရတော့မှ ကျွန်မ အိပ်ယာထဲကနေ အသံမထွက်အောင် ဖယ်ခွာခဲ့ပြီး လုပ်ရိုးလုပ်စဉ် ကိစ္စတွေနဲ့ နေ့ သစ်တွေကို နှုတ်ဆက်ရစမြဲပေါ့။
တခါက ကျွန်မ ညဘက်စာရေးနေလို့ အိပ်ယာဝင်တာ သိပ်နောက်ကျသွားခဲ့ပြီး မနက်ကို ပုံမှန်အချိန်မနိုးပဲ အိပ်ပျော်သွားမိတယ်။ ကျွန်မ မျက်နှာပေါ် နေရောင်ခြည်နုနုက လာရောက်တိုးဝင်တော့မှ ချက်ချင်းဆိုသလို ရှေ့ မှာ မောင့်ကို အရင်ဆုံး ကြည့်မိတယ်။ အိမ်နောက်ဖေးကို အမြန်ပဲပြေးဆင်းသွားပြီး ဂန္ဒမာ ပန်းခင်းတွေထဲ၊ စတော်ဘယ်ရီ ခင်းတွေထဲ၊ မက်မွန်ပင်တွေကြားထဲမှာ မောင့်ကို အပြေးလိုက်ရှာမိတယ်။ ရေမွှေးပန်းတွေကို ပန်းကိုက်တဲ့ ကပ်ကြေးလေးနဲ့ အသာအယာလိုက်ညှပ်နေပြီး လက်ထဲမှာလည်း ပန်းတွေ တပွေ့ တပိုက်နဲ့ မောင့်ကို တွေ့ လိုက်ရတော့မှ ကျွန်မ သက်ပြင်းချနိုင်ခဲ့တာပါ။ ပန်းတွေ ကျွန်မကို ကမ်းပေးပြီး ပြုံးပြနေတဲ့ မောင့်အပြုံးယဲ့ယဲ့လေးခိုဝင်နေတဲ့ အဲဒီပါးခွက်ကလေးကို တစိမ့်စိမ့်စိုက်ကြည့်နေမိပြီး ကျွန်မမောင့်ကို သိပ်ချစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့မိပြန်ပေါ့။
တစ်ချိန်က မေမြတ်မွန် ဆိုတဲ့ မိန်းမဟာ မာနတွေ အလုပ်တွေ ကို ခေါင်းထဲမှာ ငွေတွက်စက်လို တချိန်လုံးတွက်ချင်နေပြီး ဦးနှောက်က အလုပ်လုပ်လွန်းလို့ နုလုံးသားကို နေရာဘယ်တော့မှ ပေးမှာ မဟုတ်ဘူးနော်လို့ ယုံကြည်ချက်အပြည့်နဲ့ ကြုံးဝါးခဲ့ဖူးတာပါ။ ကျွန်မကို သိပ်ချစ်တဲ့ အန်တီလေးမေက သမီး ကိုယ်မလိုချင်တဲ့ အရာတွေက ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတတ်တယ်နော်။ အဲဒီအခါ သမီးရင်ဆိုင်ခံနိုင်ရည်ရှိဖို့ တစ်ဖက်တည်းအစွန်းမှာပဲ ရပ်တတ်တဲ့ အကျင့်ကိုပြင်ရမယ်လို့ သတိပေးခဲ့တုန်းက ကျွန်မက ခပ်ဟဟရယ်ပြီး အန်တီလေးမေရယ် ရောက်လာတော့လည်း ခေါင်းရော လက်ပါ ခါပြလိုက်ရုံပေါ့လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောဖြစ်ခဲ့တာ။ ကျွန်မဆီရောက်လာတဲ့ ကျွန်မ အထင်မကြီးတတ်သော မနှစ်ခြိုက်တတ်သော အရာတွေထဲမှာ စိတ်ပျက်အားငယ်မှုတွေ၊ ချစ်ခင်တွယ်တာလွန်းမှုတွေ၊ အလျော့ပေးမှုတွေ အရှူံးပေးမှုတွေဟာ အဲဒီ အပြုံးလဲ့လဲ့လေးတွေနဲ့ အတူ ကျွန်မ ငြင်းမရအောင် မောင်ချစ်ပြခဲ့တာပေါ့လေ။ မောင်က အချစ်ဆိုတဲ့ ဟိုးအစွန်းတစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျွန်မက ဘ၀ဆိုတဲ့ ကျွန်မရဲ့ အတ္တတွေရှိတဲ့ အစွန်းလေးမှာ ခေါင်းမာနိုင်သလောက် မာပြီး ကျွန်မတို့ ဝေးသွားခဲ့ဖူးတာပါ။ ငါတို့ ဘာလို့ ကွဲသွားကြတာလဲလို့ မေးစရာမလိုအောင်ကို ကျွန်မတို့ ရဲ့ ခွဲခွာခြင်းဟာ အဖြေထွက်ခဲ့ပါတယ်။
ဒါပေမယ့် အချိန်တွေ နေ့ စွဲတွေ ရာသီတွေ ဘယ်လောက်ပြောင်းသွားပြောင်းသွား မောင်က အဲဒီအစွန်းတစ်ဖက်ကနေ တည်ငြိမ်နေတဲ့ သူ့ အချစ်တွေကို သစ္စာတရားဆိုတာကြီးနဲ့ ကျွန်မကို တစ်ချိန်လုံး စိန်ခေါ်နေခဲ့တာပေါ့။ ဒါပေမယ့် ကျွန်မ အမုန်းဆုံးဖြစ်တဲ့ မောင့်ရဲ့ အားငယ်တဲ့စိတ်ကလည်း ဘယ်တော့မှ မပြောင်းလဲပဲ အမျိုးမျိုးသော နည်းပေးလမ်းပြမှုတွေနဲ့ မောင့်ကို အသဲကွဲသူကြီး အချစ်အတွက် ရူးသွပ်သူကြီးဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ အတ္တတွေကို နတ်ဆိုးတစ်ပါးပါးက အချစ်ဆိုတဲ့ အသွင်နဲ့ မောင့်ကို ခုတုံးလုပ်ပြီး ကျွန်မကို စိတ်ခေါ်ခဲ့သလားလေ။ မောင်က ကျွန်မရဲ့ အတ္တနဲ့ ကျွန်မရဲ့ အချစ်အပေါ် စိန်ခေါ်တိုက်ခိုက်ခဲ့မှုမှာ ဓါးစာခံ သက်သက်ရယ်ပါ။ မောင်နဲ့ ကျွန်မ ဝေးသွားကြပေမယ့် မောင်က အမြဲတမ်း ကျွန်မရဲ့ အရိပ်ဖြစ်နေခဲ့တယ်။ ကျွန်မ အံ့သြတုန်လှုပ်သွားရအောင်ကို မောင်က ကျွန်မရဲ့ အသက်ရှူသံတိုင်း ကျွန်မရဲ့ ခြေလှမ်းတိုင်းကို ဘာသာပြန်ရင်း အမြဲတမ်း အဝေးကြီးနဲ့ နီးနီးလေးကို ရှိနေပေးခဲ့တာပါ။ ကျွန်မ အခက်အခဲရှိတဲ့အခါတိုင်း ရောက်လာခဲ့တဲ့ အရိပ်တွေက မောင့်အရိပ်တွေဆိုတာကို ကျွန်မ သိသိကြီးနဲ့ မသိကျိုးကျွန်ပြုခဲ့ပေမယ့် မောင့်ကို အသုံးချပြီး ကျွန်မကို ကျဆုံးစေချင်တဲ့ အဲဒီနတ်ဆိုးရဲ့ လှည့်စားမှုကိုတော့ ကျွန်မ ဒူးထောက်ခဲ့ရပြီလေ။ ၄ နှစ်လောက်ဝေးကွာခဲ့ပြီး မျက်နှာချင်းဆိုင် တစ်ကြိမ်ပြန်ဆုံတွေ့ တဲ့အခါမှာတော့ မောင့်အပြုံးဟာ စစချင်းကျွန်မ နှလုံးသားထဲ ထိုးဖောက်သွားဖူးတဲ့ အတိုင်း နူးညံ့နွေးထွေးစွာ။
" တစ်ရက်ကလေးမှ မဝေးခဲ့ပါဘူး....မေ။ မနေ့ က အတိုင်းပါပဲ။ မေ့ ကို ချစ်တယ်...မောင်ဟာ မေ့ကို ချစ်မြတ်နိုးဖို့ မွေးဖွားလာခဲ့သူပါ " အပြုံးတွေဟာ အားပြတ်ချိနဲ့ နေတဲ့ မောင့်ကိုယ်ခန္ဒာပေါ်မှာ တောက်တောက်ပပကြီး လင်းပွင့်လို့ ။
ကျွန်မအမြဲ စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း ဒီတောင်ပေါ်မြို့ ကလေးမှာ။ လမ်းကွေ့ ကွေ့ ကောက်ကောက်လေးတွေနဲ့ တောင်ကုန်းမြင့်လေးရဲ့ အစွန်းမှာ ကျွန်မ နဲ့ မောင်တို့ ရဲ့ အိမ်ကလေး။ မောင့်စိတ်တိုင်းကျ အရိုးရှင်းဆုံး ကျွန်မဖန်တီးထားခဲ့ပါတယ်။ မောင့်ကို ကျွန်မအတိတ်တွေထဲကနေ စွဲထုတ်ခဲ့ပြီး မောင့်အတွက် နေ့ သစ်တွေကို အကောင်းဆုံး ဖန်တီးပေးဖို့ ဆုံးဖြတ်ထားပြီးခဲ့ပြီပဲလေ။ ရှိသမျှ အလုပ်တွေကို အကုန်ုပြစ်ထားခဲ့ပြီး ချစ်လှစွာသော မေမေ့ကိုတောင် လုံးဝ ကျောခိုင်းခဲ့ရတာကို မေမေ နားလည်ပေးနိုင်ဖို့ မ၀ံ့မရဲ ဆုတောင်းမိပြန်သေးတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်မနည်းနည်းမှ နောင်တရမနေခဲ့ပါ။ မောင့်ကို ပြုစုနေရတာ မောင်ပျော်ရွှင်နေတာကို ကြည့်ရင်း ပျော်ရွှင်နေရတဲ့ ကျွန်မဟာ ချစ်ခြင်းကို စိန်ခေါ်တိုက်ခိုက်မှုကြီး အတွက် သစ္စာတရားရဲ့ ခွန်အားမှာ ကျေကျေနပ်နပ်ကြီးကို အရှူံးပေးမိနေပြီလေ။
မောင်နဲ့ ကျွန်မ အတူတူ ပျိုးထားတဲ့ ပန်းခင်းတွေဟာ ခုတော့ အရောင်ကိုစုံလို့ ကျွန်မကိုပဲ အားပေးနေကြသယောင်။ မနက်ဆို မောင်မနိုးခင် ကျွန်မ စောလျင်စွာ ထပြီး ရေနွေးတည်၊ မနက်စာပြင်၊ ဘုရားဝေယျာဝစ္စတွေ လုပ်ပြီး မောင်အဆင်သင့် ရေချိုး ဘုရားဝတ်ပြုနိုင်အောင် စီမံပေးနေရတာကိုပဲ ကျွန်မမှာ ပျော်ရွှင်ကြည်နူးလို့ ။ နေရောင်လေး ထွက်လာပြီဆို အိမ်ရှေ့ က ကျွန်းသားထိုင်ခုံ အ၀ိုင်းကြီးမှာ မောင်နဲ့ အတူ နေစာလှုံရင်း မောင်က ဒီနေ့ ထွက် ဂျာနယ်တစ်စောင်စောင်ကို ဖတ်ပြတတ်သလို ကျွန်မကလည်း မောင့်ကို ကျွန်မရေးဖြစ်တဲ့ စာတွေ ကဗျာတွေအကြောင်း ပြေပြတတ်တာပေါ့။ အဲဒီအခါ မောင်က "မေ က တကယ်စိတ်ကူးယဉ်တယ်နော်။ တကယ့် မေနဲ့ မေ့ စာတွေထဲက မေဟာ တခြားစီရယ်။ မေ သာ မေ့ စာတွေထဲကလို နူးညံ့နေရင် မောင်ဒီ့ထက်ကို ပိုပြီး ချစ်မိဦးမှာပဲလို့ "စနောက်ပြီး ပြောတတ်တယ်။ မောင်မသိခဲ့တာက တကယ်တန်း ကျွန်မက မာကျောချင်ယောင်ဆောင်ထားမိတဲ့ သာမာန် ဖယောင်းပွင့်ရယ်ပါ။ ဘ၀ရဲ့ ပုံသွင်းထုဆစ်ထားမှု၊ မေမေ့ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ မာကျောပုံပေါက်နေပေမယ့် ကျွန်မရဲ့ နှလုံးသားကတော့ တစ်ဖက်သားကို သိပ်သနားတတ်၊ ကြင်နာတတ်တဲ့ ၀ိဥာဉ်လေးက ခိုအောင်းနေခဲ့တာပါ။ ဒါကိုမောင်ကပဲ ဇွဲကြီးကြီးနဲ့ ရှာဖွေပြီး အဲဒီ ၀ိဥာဉ်လေးကို မီးညှိခဲ့တာ မဟုတ်လား။
မောင့် ကျန်းမာရေးဟာ သိသိသာသာကြီး ကောင်းမလာခဲ့ပေမယ့် မောင်ပျော်ရွှင်နေဖို့ ကျွန်မ အစွမ်းကုန်ကြိုးစားပါ့မယ်လို့ ဆရာဝန်ကြီးကို ကတိတွေပေးနေတဲ့ ကျွန်မ ကို ဆရာကြီးက အရောင်ကင်းမဲ့တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း ကျွန်မကျောကုန်းကို လက်ကလေးနဲ့ ပုတ်ပြီး ငါ့သမီး အကောင်းဆုံးလုပ်နိုင်မှာပါလို့  ဖွဖွလေး အားပေးရှာတယ်။ မောင့်ရဲ့ ရှင်သန်ခြင်းက ကျွန်မဖြစ်စေရမယ်။ မောင်ဟာ ကျွန်မကို ချစ်တဲ့စိတ်နဲ့ ပဲ ဒီလောကကြီးထဲ ရှင်သန်ပျော်ရွှင်နေရမယ်။ ကျွန်မ တို့ နေ့ ရက်များစွာကို ဖြတ်သန်းကြမယ်။ မောင်ဖြစ်စေချင်တဲ့ ရိုးရှင်းတဲ့ ဘ၀လေးကို အတူတကွ ခုန်မင်ကြမယ်လေ မောင်။ ကျွန်မတို့ စက်ဘီးလေး နဲ့ တခါတရံ တောင်အောက်ဆင်းပြီး ပန်းတွေခူးကြမယ်။ မောင့်ကို ကျွန်မက တောလည်တတ်အောင် သင်ပေးဦးမယ်။ တခါတလေ မြို့ ထဲက သူငယ်ချင်းတွေဆီ ညစာသွားစားရင်း မောင်တို့ ဘောလုံးပွဲအတူတူကြည့်တာကို ကျွန်မက ဗီဒီယို ကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်နေဦးမယ်။ မောင်နေကောင်းတဲ့ အခါ လိုင်းကားလေးစီးပြီး တောင်ကြီးတက်လည်ဦးမယ်။ ဈေးနေ့ ဆို မောင်က ဈေးခြင်းတောင်းကြီးဆွဲပြီး ဈေးထဲမှာ ကျွန်မ၀ယ်သမျှကို နောက်ကနေ အဲဒါ က ဘာခေါ်လဲမေ လို့ ကလေးတစ်ယောက်လို တတွတ်တွတ်မေးတတ်တာကို ကျွန်မကရှင်းပြနေဦးမယ်။ တို့ ဟူးနွေး မကြိုက်တတ်တဲ့ မောင်က မေကြိုက်လို့ လိုက်စားတာပါ လို့ ပြောတော့ အားရပါးရ ရယ်ပြီး အသားတွေ အများကြီး ပိုထည့်ပေးတယ် မနန်းချယ် တို့ ဆိုင်မှာ သွားစားကြဦးမယ်။
ဒီနေ့ မနက်မိုးလင်းတော့ ကျွန်မရှေ့ မှာ မောင်ရှိမနေပြန်ဘူး။
မောင်ရေ..........မောင် အဝေးကြီးမသွားနဲ့ လို့ ပြောထားတယ်လေ။ ကျွန်မ စိုးရိမ်တကြီး လိုက်ရှာရပြန်ပြီ။
အိုး..........အိမ်ရှေ့ က ခရေပင်ကြီး ဖွေးနေအောင် ပွင့်နေပါ့လား။ ဒီဒေသ မှာ ခရေ မဖြစ်ဘူး မေရဲ့ လို့ ပြောခဲ့တဲ့ မောင်က ခရေတွေကို ထိုင်ကောက်နေရာက ကျွန်မကို လှည့်ကြည့်ပြီး ပြုံးပြတယ်။
"မေရေ..... ခရေတွေ ပွင့်နေပြီ ။ ကိုယ်က မေ့ကို ချစ်ဖို့ မွေးဖွားလာသလို မေ့ကို ချစ်မြတ်နိုးရင်းပဲ အသက်ရှင်သွားပါ့မယ်။ တကယ်လို့ ကိုယ်သေဆုံးသွားရင်လည်း ဒီခရေပွင့်လေးတွေလိုပဲ ညိုးခြောက်သွားသည့်တိုင် ရနံ့ မပြယ်တတ်သလိုပေါ့ မေ။ မေ့ကို ချစ်မြတ်နိုးမှုကတော့ ဘယ်တော့မှ သေဆုံးသွားမှာ မဟုတ်ဘူးဆိုတာ ယုံပါနော်။"
မောင့်လက်ထဲက ခရေပွင့်တွေကို လှမ်းယူရင်း မောင့်ရင်ခွင်ထဲ ကျွန်မ တိုးဝင်သွားမိတယ်။ အေးမြလှတဲ့ တောင်ပေါ်ဆောင်းနံနက်ခင်းမှာ မျက်ရည်တို့ ဖြင့် ပူနွေးနေတဲ့ ကျွန်မရဲ့ ပါးပြင်ပေါ် ခရေပွင့်တို့ လာရောက်ထိကပ်လေတာလား။ မောင့် ကို ချစ် တယ်။
" မေမြတ်မွန် ပြန်လိုက်ခဲ့တော့။ ဒီမှာ အလုပ်တွေက ပြစ်ထားတာကြာနေပြီ။ နင်ဒီလိုကြီးနေသွားလို့ မ၇ဘူးလေ။ နင်ဘာလို့ ခေါင်းမာနေရတာလဲ။ နင်သွားမယ်ဆိုတုန်းက ငါတို့ ကိုယ်တိုင်ပဲ လိုက်ပို့ ခဲ့တာပဲ။ နင့်ကို ဆန့် ကျင်နေတာ မဟုတ်ဘူး မေမြတ်မွန်။ နင့်ကို တလျှောက်လုံး ငါတို့ နားလည်ပေးခဲ့ အားပေးခဲ့တာ နင်အသိဆုံးပါ။ ခုဟာက သဘာဝ မကျတော့ဘူး သူငယ်ချင်း။ နင်တို့ နှစ်ယောက်အတူတူဆို တစ်သက်လုံး နင်ဒီမှာနေမယ်ဆိုလည်း ငါတို့ ဘာမှ မပြောဘူး။ နင်ဒီလိုဖြစ်နေတာကို သူလည်း စိတ်ချမ်းသာမယ် ထင်လား။ သူ က နင့်ကို ပျော်ရွှင်စေချင်မှာပါ။ နင်အရင်လို ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်နဲ့ လှုပ်ရှားပျော်ရွှင်နေတာကိုပဲ သူမြင်စေချင်မှာပါဟာ။ ဒီမှာပဲနေနေမှ မဟုတ်ပါဘူး။ နင်က ဘယ်နေရာမှာ ဘယ်လိုနေနေ ဘာလုပ်လုပ် သူ က နင့်အနား အမြဲရှိနေမယ့်သူပါ မေရယ်။ နင် ဒီလိုပဲ ပေကပ်နေမယ်ဆို သူလည်း ဘယ်လွတ်မြောက်နိုင်မလဲ။ နင်လည်း ဘယ်လို လွတ်မြောက်နိုင်မှာလဲဟာ။ တကယ်က နင်အတ္တကြီးနေပြန်တာပဲ မေ။ နင် သူ့ ကို လွတ်လပ်ခွင့်ပေးလိုက်သင့်ပြီ။ သူ ငြိမ်းချမ်းပါစေတာ့ဟာ။ ဒီလိုလုပ်တာ ဘယ်သူ့ အတွက်မှ မကောင်းဘူးနော် မေမြတ်မွန်။ နင်က သိပ်ခေါင်းမာလွန်းတယ်။ တခုခုဆို အမြဲ တဖက်စောင်းနင်းပဲ။ တစ်နှစ်တောင်ကြာသွားပြီပဲဟာ။ ငါတို့ က နင်စိတ်ပြေပါစေတော့ဆိုပြီး လွှတ်ထားတာ။ တစ်သက်လုံးတော့ ခွင့်မပြုနိုင်ဘူး သူငယ်ချင်း အချစ်အတွက် နင်အကောင်းဆုံးပေးဆပ်ခဲ့ပြီးပြီပဲ။ နောက်ဆုံးအချိန်ထိ နင်ပေးဆပ်ခဲ့တာကို သူလည်းကျေနပ်မှာပါဟယ်။ တစ်ယောက်တည်း အဲလိုနေတာကို ငါတို့ လည်း စိတ်မချမ်းသာနိုင်ဘူး။ ကိုလင်းလည်း ဖြစ်စေချင်မှာ မဟုတ်ဘူးမေ။ ပြန်လိုက်ခဲ့ပါဟာနော်။ "
"ငါကြောက်တယ်လေး။ ဒီနေရာကနေ ထွက်သွားလိုက်တာနဲ့ မောင်နဲ့ ထပ်ဝေးသွားရဦးမှာ။ ငါမောင့်ကို နောက်ထပ် ဘယ်တော့မှ ထပ်မခွဲသွားဘူးလို့ ကတိပေးထားတယ်"
အေးမြနေတဲ့ လေပြေက ထင်းရှူး ရနံ့ တို့ နဲ့ အတူ မျက်နှာပြင်ကို ဖြတ်တိုက်သွားခဲ့တယ်။ ခရေပွင့်တချို့ အပင်ထက်ကနေ ကြွေကျလာကြတယ်။ မောင့်ရဲ့ အပြုံးတွေကို ကျွန်မ နွေးခနဲ ခံစားလိုက်မိပါတယ်။ မောင် ကျွန်မကို ထွေးပွေ့ ထားတယ်လေ။ အဲဒီလေပြေလေညှင်းတွေနဲ့ ။ အေးမြမှုတွေဟာ နွေးထွေးလို့ ...........ဆောင်းနံနက်ခင်းဟာ တိတ်တဆိတ်ကြီး စကားတွေ ပြောနေလေရဲ့ ။။
အမွန်မွန်း
ဒီဇင်ဘာ ၄ ၂၀၁၂
အရမ်းကောင်းပါတယ် ခံစားချက်တချို့တလေက လွမ်းနာတွေနဲ့
ReplyDeleteပိနေတယ်......ထပ်တူထပ်မျှ အချစ်အတွက် ခံစားရပါတယ်.....