Sunday, December 16, 2012

ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခံရသူများ၏သံသရာ


Written by ၀င်းနိုင်ထွန်း    Wednesday, 12 December 2012 13:10


ကမ္ဘာနှင့်အ၀န်း လူသုံးကုန် အများအပြားသည် အလုပ်သမားများအပေါ် ကျွန်ပြုခိုင်းစေခြင်းဖြင့် ထုတ်လုပ်ကြသည့် စက်ရုံအလုပ်ရုံများ၏ ထွက်ကုန်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် အလုပ်သမား များ၏ အခြေအနေကို စောင့်ကြည့် နိုင်ခြင်းမရှိသည့် အနေအထားဖြစ်သော ကုန်ထုတ်လုပ်မှုအတွက် ဖြည့်ဆည်းပေးရသည့် အနိမ့်ဆုံး အောက်ခြေအဆင့်မျိုးများတွင် အလုပ်သမားများအပေါ် အလွဲသုံးစား ပြုမူမှုမျိုးများ ရှိကြသည်။
မဲခေါင်ဒေသနိုင်ငံများတွင် အလုပ်သမားများကို ကျွန်ပြုထုတ်လုပ်သည့် လူသုံးကုန်လုပ်ငန်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ပင်လယ်အစားအစာ ထုပ်ပိုးသည့်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း၊ ချောကလက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ရှူးဖိနပ်ချုပ်လုပ်ငန်းတို့ ဖြစ်ကြသည်။ ထိုသို့သော လုပ်ငန်းများထဲမှ ဆက်စပ်နေမှုတစ်ခုသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်မှ Vita Food Factory(1989) Ltd တွင် တွေ့ရှိရသည်။

ထိုစက်ရုံသည် အသီးအနှံများ၊ အသီးများ၊ ဖျော်ရည်များနှင့် နာနတ်သီးဖျော်ရည်တို့ကို သံဘူးဖြင့် သွတ်သွင်းကာ ပြည်ပနိုင်ငံများသို့ တင်ပို့နေသည့် စက်ရုံဖြစ်သည်။ စက်ရုံခွဲ သုံးခုရှိရာ ထိုင်းနိုင်ငံ Santo Sub-district, Thamaka District  နှင့် Kanchanaburi province တို့တွင် တည်ရှိသည်။ ထိုစက်ရုံများတွင် ထိုင်းလူမျိုး ၅၀၀ ခန့်ရှိကာ မြန်မာအလုပ်သမား ၇,၀၀၀ ခန့် အလုပ်လုပ်နေကြသည့် စက်ရုံများဖြစ်သည်။ မြန်မာအလုပ်သမား အားလုံးနီးပါးသည် မြန်မာလူပွဲစားများမှတစ်ဆင့် အလုပ်သမားများ စုဆောင်းကာ ရောက်ရှိနေကြသူများ ဖြစ်သည်။ ထို့အပြင် ထိုစက်ရုံသည် တစ်ဆင့်ခံကန်ထရိုက် ထိုင်းအေဂျင့်စီ ၁၂ ခု လောက်မှ တစ်ဆင့် တင်သွင်းလာသည့် မြန်မာအလုပ်သမားများကို ငှားရမ်းအသုံးပြုကြခြင်း ဖြစ်သည်။

ပွဲစားများမှတစ်ဆင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ကာ လာရောက် အလုပ်လုပ်ကြသည့်သူများ ဖြစ်သည့်အတွက် လုံခြုံမှုမရှိသော လူမှောင်ခိုလမ်းကြောင်းမှ လာကြရသည်။ ပွဲစားများကို ပို့ဆောင်ခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ မှ ၂၀,၀၀၀ ထိ ပေးကြရသည်။ စက်ရုံရောက်သည့် အခါတွင် အစားအသောက်နှင့် နေထိုင်စရိတ်အဖြစ် တစ်လထိုင်းဘတ်ငွေ ၂,၄၀၀ ပေးကြရပြန်သည်။ အလုပ်သမားများအား လုပ်ခရှင်းပေးသည့်အခါ  ပွဲစားများမှတစ်ဆင့် စက်ရုံမှ ထုတ်ပေးသည်။ ပွဲစားများမှ လုပ်ခများကို ဖြတ်တောက်ပြီးမှ ပေးသည့်အတွက် တစ်လလျင် အလုပ်သမားတစ်ဦးကို ထိုင်းဘတ်ငွေ ၂၀၀ မှ ၄၀၀ ထိသာ လက်ခံရရှိကြရသည်။ ထိုငွေပေးချေမှုစနစ်က လုပ်အား ခေါင်းပုံဖြတ်သည့် စနစ်တစ်ခု ဖြစ်လျက်ရှိသည်။ စက်ရုံအတွင်းမှာပင် အလုပ်ရှင် ပြောင်းရွှေ့လုပ်လိုလျင်လည်း ပွဲစားသို့ အရင်အသိပေး အကြောင်းကြားရသည်။ ပွဲစားသို့ ပြောင်းရွှေ့ခွင့်ကြေး ထိုင်းဘတ်ငွေ ၂၀၀၀ မှ ၅၀၀၀ ထိ ပေးကြရသည်။

သို့သော် ထိုသို့ပြောင်းရွှေ့သော အလုပ်သမားများသည် ယခင်စက်ရုံက ရသည့်လုပ်ခများကို ခံစားခွင့် မပေးတော့ပေ။ အလုပ်လုပ်ခွင့်အတွက်လည်း အလုပ်သမားတစ်ဦးလျင် ထိုင်းဘတ်ငွေ ၅,၅၀၀ ပေးဆောင်ကြရပြန်သည်။

စက်ရုံ၏ သဘောတူညီချက်ထဲတွင် တစ်နေ့လုပ်ခထိုင်းဘတ် ၂၅၂ ဘတ်နှင့် အချိန်ပိုကြေးဘတ် ငွေ ၃၂ ဘတ်ပေးမည်ဟု ပါရှိသော်လည်း လူပွဲစားများမှ တစ်ဆင့်သာ လုပ်ခပေးသည့်အတွက် စာချုပ်ပါအတိုင်း လုပ်ခအပြည့်မရကြ။ ဘာသာရေးနေ့နှင့် ရုံးပိတ်ရက်များပါ အလုပ်ဆင်းကြရာတွင် သာမန်ရက်များ အတိုင်းသာ လုပ်ခ ရှင်းပေးသည်။ ကုန်ကြမ်းရသည့် ရာသီချိန်များတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ရည်မှန်းချက် ပြည့်မီရန်အတွက် အလုပ်သမားများအား ခွင့်မပေးချေ။ ကုန်ကြမ်းရရှိမှု ကန့်သတ်ချက်များ ရှိလာပါက အလုပ်ချိန်ဆင်းရသည့် နာရီအတိုင်းသာ လုပ်ခရှင်းပေးသည်။ တစ်နေ့တာအလုပ်ချိန် တရားဝင်သတ်မှတ်ထားသည့် ၈ နာရီအတွက် မပေးချေ၊ အလုပ်ခိုင်းစေသည့် နာရီပိုင်းကိုသာ လုပ်ခရှင်းပေးခြင်းဖြစ်သည်။

စက်ရုံတွင် သောက်သုံးရေ မလုံလောက်၊ ကိုယ့်ရေဘူးဖြင့်ကိုယ် သယ်ဆောင်ကာ အလုပ်ခွင်ဆင်းကြရသည်။ တစ်လလျင်ဝတ်စုံခ၊ အလုပ်ခွင်သုံး ကိရိယာတန်ဆာပလာခများ ပါပေးချေရသည်။ ထိုကုန်ကျစရိတ်သည် ထိုင်းဘတ် ၅၀၀ မှ ၁,၀၀၀ ထိ အကုန်ခံကြရသည်။ လစဉ်လုပ်ခ ငွေကို လဆန်း ၉ ရက်နှင့် ၂၄ ရက် နေ့များတွင် ပွဲစားများကို တိုက်ရိုက်ပေးချေပေးသည်။ ပွဲစားများမှ ဖြတ်တောက်ပြီးသည့်ငွေကိုသာ အလုပ်သမားများ လက်ခံရရှိကြရသည်။

 ဆန္ဒပြကြပြီ

ထိုင်းအလုပ်သမား ဥပဒေအရ လုပ်ခများ တိုးမြှင့်ခဲ့သောကြောင့်၂၀၁၂ ခုနှစ်ဧပြီလ ၁၁ ရက်နေ့က ထိုစက်ရုံတွင် အလုပ်သမားများ၏ လုပ်ခနည်းမှုနှင့် လုပ်ငန်းခွင် လုံခြုံမှုမရှိမှု တို့ကြောင့် ဆန္ဒပြမှုများ ဖြစ်လာရသည်။
သို့သော်လည်း သြဂုတ်လထိ အလုပ်သမားများ၏ အခြေအနေမှာ တိုးတက်လာမှု မရှိသည့်အတွက် State Enterprise Workers’ Rela-tions Confederation of Thailand (SERC) နှင့်  Thai Labour Soli-darity Committee(TLSC) အဖွဲ့အစည်းတို့က မြန်မာအလုပ်သမားများ၏ အခွင့်အရေးအပေါ် အလွဲသုံးစားမှုများ ရပ်တန့်ရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြသည်။

ထိုကြေညာချက်တွင် ထိုင်းနှင့် မြန်မာအစိုးရတို့သည် ထိုစက်ရုံမှ မြန်မာအလုပ်သမားများအရေးကို ဖြေရှင်းကူညီပေးရန် စဉ်းစားပေးသင့်ကြောင်း၊ ထိုစက်ရုံမှ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေမှုများကို ဖြေရှင်းပေးနေကြသော ကူညီဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ်၊ အုပ်စုနှင့်အဖွဲ့အစည်းများကို ထောက်ပံ့ပေးရေး အသိပေး ထုတ်ပြန်ပေးသင့်ကြောင်း၊ အမေရိကန်အစိုးရနှင့် သံရုံးများမှ စက်ရုံထုတ်ကုန်ပစ္စည်းများကို  Walmartသို့ တင်ပို့ရောင်းချနေမှုများပါ စုံစမ်းသင့်ကြောင်း၊ အမေရိကန်နိုင်ငံသို့ မှာယူတင်သွင်းနေသည့် အမေရိကန်ကုမ္ပဏီများကို စိစစ်သင့်ကြောင်း၊ Walmart  အနေဖြင့်လည်း ထိုစက်ရုံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ် စစ်ဆေးသင့်ကြောင်းစသည့် အကြံပြုအဆိုပြုချက်များပါ ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် အမေရိကန်နိုင်ငံ သံအရာရှိ များနှင့် Vita food စက်ရုံမှ ထွက်ပြေးလာသည့် လူကုန်ကူးခံရသူ (သားကောင်)များနှင့် တွေ့ဆုံပြောကြားသည့် အကြောင်းအရာများအနက် အဓိကကျသည့် အချက်များကို ကောက်နုတ်ဖော်ပြထားပါသည်။

 ထွက်ပြေးလာသူများပြောပြချက်

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၁ ရက် နေ့က ထိုစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြခဲ့ကြသည်။ ထိုစက်ရုံ၏  အခြေအနေသည် အလုပ်သမားများအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံမှုများကြောင့် ဖြစ်ရသည့် အကျိုးဆက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ လူမှုရေးအသင်းအဖွဲ့များ၊ စားသုံးသူများ၏ လှုံ့ဆော်မှုများကြောင့် ပစ္စည်းမှာယူမှု နည်းလာခဲ့သည်။ သို့ကြောင့်လုပ်ငန်းများ လျော့ချ လုပ်ကိုင်လာရသည့်အတွက် အလုပ်သမားများ၏ ၀င်ငွေလည်း ကျဆင်းခဲ့ရာ ကြွေးမြီနှောင်ဖွဲ့ လုပ်ကိုင်နေရခြင်းကြောင့် အခြား လုပ်ငန်းခွင်သို့ ပြောင်းရန်အခွင့်အလမ်းနည်းပါးလာသလို စက်ရုံပတ်ဝန်းကျင်တွင်လည်း လက်နက်ကိုင်လုံခြုံရေး အစောင့်များချထားမှု များပြားလာခဲ့သည်။ အသက် ၁၀ နှစ်ခန့် ငယ်ရွယ်သည့် ကလေး ၃၀၀ ကျော် အလုပ်ဆင်းနေကြကာ တစ်နေ့ ထိုင်းဘတ် ငွေ ၁၄၀ ရကြသည်။ စက်ရုံသို့ အလုပ်သမားဌာနမှ စစ်ဆေးရေးဝင်မည်ဟု ကြိုတင်သိရှိရသည့်အခါ ထို ကလေးအလုပ်သမားများကို စက်ရုံမှဝေးရာသို့ တိမ်းရှောင်စေခိုင်းလေ့ရှိသည်။

စက်ရုံသို့ အမှာစာ အများအပြား ကျလာသည့် အချိန်အခါမျိုးတွင် အချိန်ပိုအဓမ္မစေခိုင်းလေ့ရှိသည်။ အလုပ်မဆင်းပါက ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့ ခံကြရသည်။ ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျင်လည်း ထိုသို့ကြိမ်းမောင်း ရိုက်နှက်မှုခံကြရသည်။ ထိုသို့ ခိုင်းစေမှုမျိုးသည် မလုပ်မနေရဖြစ်သည့်အတွက် အလုပ်မဆင်းနိုင်ပါက ရိုက်နှက်ခံရမှု၊ ဖမ်းဆီးကာ ခိုင်းစေမှုနှင့် အသက်ဆုံးရှုံးရမှုတို့မှ လွတ်အောင်ထွက်ပြေးရန်သာ ရှိတော့သည်ဟု အလုပ်သမားများက ပြန်ပြောပြကြသည်။
အလုပ်ခွင်မှ သုံးရေသည် မသန့်ရှင်းသကဲ့သို့ အလုပ်သမားများအတွက် သောက်သုံးရေသည် သန့်စင်သည့် ရေများ မဟုတ်ကြပေ။ စက်ရုံ၏ အဓိကပြဿနာသည် အလုပ်ဆင်းသည့် နာရီအလိုက် ငွေပေးချေခြင်းပင်ဖြစ်သည်။ အမှာစာ နည်းလာသည့်အခါ အလုပ်သမားများ၏ တစ်နေ့အလုပ်ချိန်သည် နှစ်နာရီသာ အလုပ်ဆင်းကြရသည်။ ထို့ကြောင့် ထိုင်းဘတ်ငွေ ၅၀ သာ ၀င်ငွေရှိကြတော့သည်။ တရားဝင် တစ်နေ့ အလုပ်ချိန်သည် ရှစ်နာရီဖြစ်သည်။ တစ်နေ့ဝင်ငွေနည်းသည့်အတွက် တစ်နေ့တာ အသုံး မလောက်ငသည့်အခါ အကြွေးထပ်မံယူကြရပြန်သည်။ မကြာသေးခင်က ပြဿနာဖြစ်ပွားခဲ့သော Phatthana စက်ရုံမှာကဲ့သို့ ကြွေးမြီနှောင်ဖွဲ့ခိုင်းစေသည့် ပုံစံနှင့် တူသည်။

အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သူ၏သူငယ်ချင်းနှစ်ဦးသည် ၎င်းတို့၏ လူပွဲစားတစ်ဦးနှင့် ထိပ်တိုက်အချင်းဖြစ်ပွားသည့်အခါ မျက်နှာဖုံးအနက်ရောင် ၀တ်ဆင်ထားသူတစ်ဦးက ကြားဝင်ဖျန်ဖြေရင်း အလုပ်သမားနှစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အလုပ်သမားတစ်ဦး သေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ အခင်းဖြစ်နေရာသို့ ရဲများ ရောက်လာသော်လည်း ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းမရှိချေ။ စက်ရုံ၏ ကြွေးမြီနှောင်ဖွဲ့ခိုင်းစေရာမှ ထွက်ပြေးကြသည့် အလုပ်သမားများ ပြန်လည်ဖမ်းဆီးရမိသည့်အခါ မသေရုံတမယ် ရိုက်နှက်ခံကြရပြန်သည်။ လူပွဲစားများ၊ ငွေချေးပေးသူများတို့နှင့် စကားများ အငြင်းအခုန်ဖြစ်လျင် ရိုက်နှက်ခံကြရသည်။

အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သူနှင့် လုပ်ဖော်ကိုင်ဖက် အလုပ်သမားတစ်ဦး အလောင်းတစ်လောင်း စက်ရုံတွင်းရှိ ဓာတုဗေဒကန်ထဲတွင် အမှတ်မထင် တွေ့ရှိခဲ့သဖြင့်  ရဲများက အချက်အလက်များ လာရောက်မှတ်သားခဲ့သော်လည်း ဆက်လက်အရေးယူဆောင်ရွက်ခြင်းမရှိ ဟုဆိုသည်။ Vita စက်ရုံထဲတွင် လူပွဲစားများ၊ အေးဂျင့်များက ပုံစံအမျိုးမျိုးဖြင့် ကြွေးမြီနှောင်ဖွဲ့ခိုင်းစေခြင်းနှင့် အလုပ်သမားအများစုများ၏ ခံစားနေရမှုများက ရှောင်လွှဲမရအောင် ကြုံနေကြရသည်။ ထို့ကြောင့် ဆင်းရဲမှု သံသရာမှ ရုန်းမထွက်နိုင်အောင် ဖြစ်ကြရသည်။ ထိုသို့ အကြွေးများ ထပ်လာရခြင်းသည် မြန်မာနိုင်ငံဘက်မှ လူမှောင်ခိုဝင်ရောက်လာရသည့် ကုန်ကျစရိတ်ကြီးသောကြောင့်၊ အလုပ်သမားများစက်ရုံသို့ ရောက်သည်နှင့် အကြွေးဖြင့် ခိုင်းစေခံရမှု စတော့သည်။ အခြားကုန်ကျစရိတ်များမှာ အာမခံစာချုပ်အတွက်ကုန်ကျရခြင်း၊ လုပ်ခရရန် လျောက်လွှာတင်ကြေးပေးရခြင်းနှင့် အလုပ်ခွင်တွင် အသုံးပြုရန်ပစ္စည်း ကိရိယာတန်ဆာပလာများ ၀ယ်ယူရခြင်းတို့ကြောင့်လည်း ကုန်ကျစရိတ် များပြားသည်။ လူပွဲစားများ၊ အေးဂျင့်များထံ အတိုးပေးရသည့်နှုန်းထားမှာ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ ရှိနေသည်။ စက်ရုံသို့ စစ်ဆေးရေးဝင်ရောက်သည့်အခါ အလုပ်သမားများကို မေးခွန်းများမည်သို့ ဖြေရမည်ကို ကြိုတင်အမိန့်ပေး စီစဉ်ထားသည်။ ရွေးချယ်ထားသည့် အလုပ်သမားများ၊ စကားပြန်များသာ အပြင်လူနှင့် စကားပြောခွင့်ပြုထားသည်။

အမေရိကန်သံအရာရှိများကို တွေ့ဆုံပြောကြားသည့် အလုပ်သမားများက အဓိကအချက်နှစ်ချက်ကို အကူအညီပေးရန် တောင်းဆိုကြသည်။ ၎င်းတို့မှာ စက်ရုံအနေဖြင့် တစ်ဆင့်ခံပွဲစားများ၊ အေးဂျင့်များနှင့် အသုံးပြုနေသည်ကို ရပ်စဲစေလိုကြောင်း၊ အလုပ်သမားများကို တိုက်ရိုက်အလုပ်ခန့်ထားပေးစေလိုကြောင်း၊ အမှာစာနှင့် ထုတ်လုပ်မှု မည်သည့်အခြေအနေတွင်မဆို တစ်နေ့လုပ်ခကို တစ်သတ်မတ်တည်း သတ်မှတ်ပေးရေး၊ ထုတ်လုပ်မှုနည်းသည့်အခါ တစ်နေ့အလုပ်ချိန် နှစ်နာရီဖြင့် ရသည့်လုပ်ခသည် တစ်နေ့နေထိုင် စားသောက်စရိတ်နှင့် မကာသည့်အတွက်ကြောင့်ဖြစ်သည်။ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသည့် အလုပ်သမားများသည်ပင်လျင် အကြွေးများဖြင့် နှောင်ဖွဲ့ခိုင်းစေခံနေကြသဖြင့် အလုပ်ပြောင်းရွှေ့လုပ်ကိုင်မရ ဖြစ်နေကြရသည်။

တာဝန်ရှိသူများသွားရောက်မှု

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဗျူရိုမှတာဝန်ရှိသူ၊ မြန်မာအလုပ်သမား အရာရှိတို့အဖွဲ့သည် ကန်ချနပူရီမြို့ဗိုက်တာနာနတ်သီး စက်ရုံသို့ သွားရောက်ခဲ့ကြသည်။ ထိုစက်ရုံ၏ တာဝန်ခံက ရှင်းပြရာတွင် မြန်မာအလုပ်သမား ၁၆၀၀ ဦးခန့် အလုပ်လုပ်နေကြကြောင်း၊ စက်ရုံသို့ အလုပ်သမားတစ်ဆင့်ခံ ကန်ထရိုက် ၁၃ ဦးမှ အလုပ်သမားများ ရှာဖွေပေးနေကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလမှ စကာ နေ့စားခ ဒေသပေါက်ဈေး ဘတ် ၂၅၂ ဘတ်ပေးနေကြောင်း၊ စည်းကမ်းထိန်းသိမ်းရာတွင် အလုပ်သမားအချင်းချင်း ပြန်ထိန်းသည့်စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ အလုပ်သမားများ၏ ကလေးများအား ထိုင်းပညာရေးကျောင်းများတွင် ပညာသင်ကြားပေးလျက် ရှိကြောင်းဖြင့် ရှင်းပြသည်။

မြန်မာအလုပ်သမားအရာရှိက အလုပ်သမားများ၏ လုပ်ခများကို တိုက်ရိုက်ထုတ်ပေးသင့်ကြောင်း၊ စက်ရုံမှ ထွက်သွားသော အလုပ်သမားများ အစားကို နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ စနစ်တကျ စာချုပ်ချုပ်ဆို၍ ခေါ်ယူရေးညှိနှိုင်းပေးခဲ့သည်။ စက်ရုံမန်နေဂျာမှ နောက်ထပ်ခေါ်မည့် အလုပ်သမားများကို မြန်မာနိုင်ငံရှိ Today Top Star ကုမ္ပဏီမှ အလုပ်သမား ၁၀၀၀ ဦး ပို့ဆောင်ပေးရန် ညှိနှိုင်းပြီးဖြစ်ကြောင်း ပြောကြားသည်။ အလုပ်သမားအရာရှိမှ အလုပ်သမားများ၏ သောက်သုံးရေထားရှိနေရာများ၊ အိမ်သာများတို့ကို ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းပြောဆိုခဲ့သည်။

နောက်ဆုံးသတင်း

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်မှ Vita စက်ရုံသို့ လွန်ခဲ့သည့် ရက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးဆိုင်ရာ လူမှုရေးအဖွဲ့တစ်ဖွဲ့ သွားရောက်ခဲ့သည်။ ထိုစက်ရုံ၏ လူကုန်ကူးခံနေရမှု ဖြစ်စဉ်များရှိနေဆဲ ဖြစ်သည်ဟု ဆိုကြသည်။

စက်ရုံအတွင်း နောက်ဆုံးဖြစ်ပျက်နေမှု အခြေအနေ

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သော ထိုင်းဘုရင်မင်းမြတ် မွေးနေ့တွင် စက်ရုံပိတ်ပေးခြင်းမရှိခဲ့။ အလုပ်သမားများမှာ ထိုင်းအလုပ်သမားဥပဒေအရ အပိုဆောင်း လုပ်ခငွေများ မခံစားကြရ။ ထိုစက်ရုံမှ ထိုင်း အလုပ်ရှင်များက မြန်မာလူပွဲစားများကို အာဏာကုန် အပ်နှင်းထားသည်။

ထို့ကြောင့်လည်း မြန်မာအလုပ်သမားများအပေါ် အနိုင်ထက်ပြုကျင့်မှုများကို ခွင့်ပြုပေးထားသကဲ့သို့ ဖြစ်နေသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ၊ စက်ရုံအတွင်းသို့ ပြင်ပသူစိမ်းတစ်ရံစာ များလာမှု၊ ဧည့်သည်များလာမှုကိုပါ လုံခြုံရေးအရ ပိုမို တင်းကျပ်ထားသည်ကို တွေ့ရှိကြရသည်။ မြန်မာအလုပ်သမားများနှင့် ပတ်သက်သည့် ပြဿနာအရပ်ရပ် အားလုံးကို မြန်မာ လူပွဲစားနာမည် ကျော်ကြားသူတစ်ဦးက ငွေဖြင့်ရှင်းပေးနေသည်။ မည်သူမျှ အဖမ်းမခံရအောင်ဖြစ်သည်။ ထိုလူပွဲစား၏ အကြောင်းကို မြန်မာအာဏာပိုင်များသို့ အလုပ်သမားများ၊ ရွာသားများမှ သတင်းပေးပို့သည့်တိုင် မည်သည့် အရေးယူဆောင်ရွက်ပေးကြခြင်းမှ မရှိသေးပေ။
မကြာသေးမီက စက်ရုံပြုပြင်မှုများ ပြုလုပ်ခြင်းနှင့် အလုပ်ဆင်းရန် အလုပ်နည်းပါးသွားသည့်အတွက် အလုပ်သမားများသည် ၁၄ ရက်လုပ်ခမှာ ထိုင်းဘတ်ငွေ ၂၀မှ ၅၀၀သာ ရကြတော့သည်။ ထို့ကြောင့်အလုပ်သမားများမှာ အကြွေးပိုကျလာတော့သည်။

အလုပ်သမားများက မကျေနပ်၍ တိုင်ကြားကြသည့်အခါ အလုပ်ရှင် ထိုင်းအမျိုးသမီးနှစ်ဦးတို့က ပါးရိုက် ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ပြုကျင့်ခြင်းနှင့် လစာငွေကိုဖြတ်တောက်ခြင်းတို့ ပြုလုပ်ကြသည်။ မြန်မာလူပွဲစား လောကတွင် နာမည်ရှိသူ၊ သြဇာရှိသူ မြန်မာနိုင်ငံသား လူပွဲစားတစ်ဦးအား သတင်းပို့ကြသည်။ ထိုသူမှာ ပဲခူးတိုင်းဒေသကြီး၊ က၀ခရိုင်၊ သနပ်ပင် ကျေးရွာမှဖြစ်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့က အချို့သော အလုပ်သမားများ၏ သတင်းပေးပို့ချက်အရ စက်ရုံသည် တစ်လခန့် ပြုပြင်မည်ဖြစ်သည့်အတွက် အလုပ် ဆင်းရန်မလိုဟု စက်ရုံမှ ကြေညာထားကြောင်း၊ ထို့ကြောင့် အလုပ်သမားများအနေဖြင့် ၀င်ငွေမရှိမည်ကို စိုးရိမ်လာကြသည်၊ အကြွေးများဆပ်ရန် အခက်အခဲဖြစ်လာကြမည်ကို စိုးရိမ်ပူပန်မှုများ ရှိလာကြသည်။ အချို့ အလုပ်သမားများ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများ ခံစားနေကြရသည်ဟု မကျေမနပ် ပြောဆိုလာကြသည်။
စက်ရုံအတွင်း အလုပ်များ လျော့ချလာမှုကြောင့် ထိုစက်ရုံမှ အလုပ်သမားများကို ထိုင်းငါးဖမ်း စက်လှေများသို့ ရောင်းစားခံနေကြ ရမှု တစ်စတစ်စ ပိုများလာသည်။ လူကုန်ကူးခံနေရမှု များလာသည်။

သို့သော် လွန်ခဲ့သည့်ရက်များက ထိုစက်ရုံဝင်းအတွင်းတွင် အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ များပြားစွာ ရောက်ရှိလာကြပြန်သည်။ ထိုအထောက်ထားမဲ့ အလုပ်သမားဦးရေမှာ ၂,၀၀၀မှ ၅,၀၀၀ အထိရှိနေသည်။ ထိုစက်ရုံရှိ မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြသည့် မြန်မာလူပွဲစားများကိုပါ နှစ်နိုင်ငံနယ်စပ် ဖြတ် ကျော် လူကုန်ကူးမှု ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးများတွင်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန အချင်းချင်း နှစ်နိုင်ငံရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်းကောင်း၊ ထိုစက်ရုံအရေးအား ထည့်သွင်းအရေးယူ ဆောင်ရွက်ရေး ဆွေးနွေးသင့်ပြီဖြစ်သည်။

ထို့အပြင် နေ့စဉ် သုံးစွဲနေကြသည့် ပစ္စည်းများအား အခြေခံကျကျ ထုတ်လုပ်သည့်လုပ်ငန်းစဉ် ကွင်းဆက်များတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့ ဆက်စပ်ချိတ်ဆက်မှုတချို့ ရှိနေကြသည်။ ထိုသို့သော ထုတ်ကုန်ပစ္စည်းများ ပေးသွင်းသည့်ကွင်းဆက်တွင် လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍတို့ ဆက်စပ်မှုရှိနေသည်ကို ပြည်တွင်းမှာပါ အသိပညာပေးနေကြရမည်ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...