Tuesday, December 25, 2012

အဖေ့ကိုပြောပေးမယ်လား


by Ma Nandar on Tuesday, December 25, 2012 at 10:53pm 

ပြည့်တန်ဆာ လိုင်စင်ချပေးရေးကို ကျမက ခါးခါးတူးတူး ငြင်းမိတော့ ကျမကို ကွန်မန့်အရှည်ကြီးတွေရေးပြီး ကိုယ့်ထင်မြင်ယူဆချက်တွေပြောပြကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲသည့်မိတ်ဆွေများက ကျမကို လွယ်လွယ်နဲ့ မိတ်ဆွေအဖြစ် မစွန့်လွှတ်ချင်လို့ သူတို့အမြင်အတိုင်း နားချကြတယ်လို့ ယုံကြည်ပါတယ်။ ထူးခြားတာက အားလုံးဟာ အမျိုးသားတွေ ချည်းဖြစ်နေတာပါပဲ။

မြန်မာပြည်မှာ မွေးလာကတည်းက ဘယ်မိန်းကလေးကမှ ငါကြီးလာရင် ပြည့်တန်ဆာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ဘယ်မိဘကမှလည်း ငါ့သမီးလေးချောလိုက်တာ ကြီးလာရင် ပြည့်တန်ဆာ လုပ်ခိုင်းမယ်ဆိုတဲ့ရည်ရွယ်ချက်လည်း မရှိပါဘူး။
အမေတို့ဆင်းရဲလို့ သမီး ပြည့်တန်ဆာသွားလုပ်လို့ ပြောထွက်ရက်တဲ့ မိဘလည်း အလွန်ကို နည်းလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ မလွှဲသာလို့ ပြည့်တန်ဆာ ဖြစ်သွားကြရတာချည်းပါပဲ။

မြန်မာမိန်းကလေးတယောက် ပြည့်တန်ဆာဖြစ်သွားရတဲ့အတွက် ဝမ်းနည်းခံစားလောင်မြိုက်ရတဲ့ သောကအပူမီး၊ စိတ်အားငယ်မှု၊ သိမ်ငယ်မှုတွေကို မြန်မာမိန်းကလေးတယောက်ဖြစ်တဲ့ ကျမထက်ပဲ မြန်မာယောကျာင်္းလေးတွေက ပိုပြီးခံစားကိုယ်ချင်းစာ နားလည်ပေးနိုင်ပါဦးမလား။

အကယ်၍များ မိတ်ဆွေတို့ရဲ့ အိမ်တအိမ်မှာ ကိုယ့် ညီမလေး(၃)ယောက် အနက် တယောက်က ပြည့်တန်ဆာဖြစ်တယ်ဆိုပါတော့။ ပြည့်တန်ဆာဖြစ်ပြီး နောက်ပိုင်းမှာ သူဝမ်းဝလာတယ်၊ ခါးလှလာတယ်ဆိုပါတော့။ သူ့ကို အားကျပြီး နောက်တယောက်ကလည်း သူ့လမ်းစဉ်လိုက်တယ်ဆိုပါတော့။ သူတို့တွေ ရောဂါတွေလည်း ရကြတယ်ဆိုပါတော့။
မိတ်ဆွေဘယ်လို ဖြေရှင်းမလဲ။ မိတ်ဆွေစိတ်ထဲမှာ ဘယ်လိုနေမလဲ။

သူတို့ကို ပြည့်တန်ဆာဘဝက မကယ်တင်ချင်ဘူးလား။
သူတို့ရောဂါတွေကို ပျောက်သွားအောင် ကုမပေးချင်ဘူးလား။
အဲသည်လိုမှ မဟုတ်ဘဲ နင်တို့တွေတော့ မရတော့ဘူး။ နင်တို့လုပ်ရပ်ကို အဖေသိရင်တော့ နင်တို့ကို ရိုက်လိမ့်မယ်။ သတ်လိမ့်မယ်။ ဒီတော့ နင်တို့တွေကို အခုလို အေးအေးဆေးဆေး ပြည့်ဆန်ဆာ လုပ်နိုင်အောင် ငါက အဖေ့ကို နင်တို့ကို နားလည်လာပြီး လုပ်ခွင့်ပေးအောင် ပြောပေးမယ်လို့ ပြောမှာလား။အဲဒီလို ပြောမယ်ဆိုရင်တော့ သိပ်ရက်စက်လွန်းရာ ကျမနေဘူးလား။

အခုကိစ္စက အဲဒီလိုဖြစ်နေတယ်လို့ ကျမ မြင်ပါတယ်။ ကျမတို့ မြန်မာအမျိုးသမီးတွေ ဖျက်ဆီးခံရလို့၊ အနိုင်ကျင့်ခံရလို့၊ စားဝတ်နေရေး မပြေလည်လို့ စတဲ့ ဆိုးရွားမှုအမျိုးမျိုးကြောင့် ပြည့်တန်ဆာဖြစ်ရတာကို တခြားသော နည်းလမ်းနဲ့ကယ်တင်ဖို့ မစဉ်းစားပေးဘဲ ဒီလောက်တောင် များနေရင်လည်း လိုင်စင်သာ ချပေးလိုက်ပါလို့ ပြောတာမယ်ဆိုတာကတော့ ရက်စက်လွန်းရာကျတယ်လို့ မြင်ပါတယ်။

ဥပဒေဆိုတဲ့နေရာမှာ ကျမတို့ အခု လက်ရှိမြန်မာပြည်မှာ စစ်မှန်တဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လောက်ရာခိုင်နှုန်းပဲ၇ှိတယ်ဆိုတာကို စဉ်းစားတတ်တဲ့ မိတ်ဆွေများလည်း သိပါလိမ့်မယ်။ ဥပဒေတရပ် ပေါ်ပေါက်လာတိုင်းသာ ကောင်းရချည်သေးဆို ကျမတို့နိုင်ငံ ဒီလိုတောင် ဖြစ်မနေပါဘူး။

မိတ်ဆွေများက ကျမကို ပြောကြတယ်။ ပြည့်တန်ဆာတွေမှာ ရောဂါတွေနဲ့တဲ့။ အခု လိုင်စင်ထုတ်ပေးလိုက်ရင် အဲသည့်ရောဂါတွေ ပျောက်သွားမှာလား။
မိတ်ဆွေများက ကျမကို ပြောကြတယ်။ ပြည့်တန်ဆာတွေကို ရဲတွေက အနိုင်ကျင့်တယ်တဲ့။ အနိုင်ကျင့်တဲ့ အောက်တန်းကျလှတဲ့ ရဲတွေကို အရေးမယူဘဲ လိုင်စင်ထုတ်ပေးလိုက်ဖို့စိတ်ကူးတာလား။

ပြည့်တန်ဆာ မိန်းကလေးတွေကို ဖမ်းမိရင် ထောင်ထဲမထည့်ဘဲ တတ်နိုင်သမျှ သူ့တို့ဘဝလေးကို အကောင်းဆုံးဖြစ်အောင် ကယ်တင်ဖို့ စီမံကိန်းတွေရေးဆွဲမယ်ဆိုတာနဲ့ ပေါက်တဲ့နဖူး မထူးတော့ပြီဆိုပြီး ပျက်လက်စနဲ့ ဆက်ပျက်ကြဆိုပြီး လိုင်စင်ထုတ်ပေးတာ ဘယ်ဟာက ပိုကောင်းမယ်လို့ မိတ်ဆွေထင်ပါသလဲ။

ပြည့်တန်ဆာတွေ များနေလို့ လိုင်စင်ထုတ်လိုက်ဆိုတဲ့ စိတ်ကူးဟာ အင်မတန်မှ လွယ်ပါတယ်။ ဘယ်သူမဆို စိတ်ကူးတတ်ပါတယ်။ မြန်မာပြည်အတွက်တော့ ခေတ်အဆက်ဆက်က ထိန်းသိမ်းလာခဲ့တဲ့ ကျက်သရေရှိလှတဲ့၊ ကမ္ဘာအလယ်မှာ ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှုတရပ်တော့ ပျောက်ကွယ်သွားရမှာပေါ့လေ။

မိတ်ဆွေများက ကျမကို ပြောကြတယ်။ အမက ဒီမိုကရေစီလုပ်နေပြီးတဲ့၊ အမက နိုင်ငံရေးလုပ်နေပြီးတဲ။့ ခေါင်းမှာ NLD အလံစည်းထားပြီးတဲ့။ ပင်နီအကျီ င်္ဝတ်ထားပြီးတဲ့။ ကျမကို ဟီးရိုးဆိုလားပဲ ထင်ထားတယ်တဲ့။ ဒါတွေက မိတ်ဆွေများဘက်က အမြင်ပါ။

ကျမ နိုင်ငံရေးသမားမဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး။ နိုင်ငံရေးကိုပြပြီး လုပ်စားဖို့လည်း ရည်ရွယ်ချက်မ၇ှိဘူး။ မတရားတဲ့စနစ်ကို မြန်မာနိုင်ငံသားတယောက်အနေနဲ့ မခံချင်လို့ တော်လှန်နေတဲ့ တော်လှန်ရေးသမားလို့တော့ ပြောရင် ရနိုင်ပါတယ်။

ကျမစည်းထားတာ ကျောင်းသားအလံ၊ ခွပ်ဒေါင်းအလံပါ။ ကျမဝတ်ထားတာ မြန်မာတမျိုးသားလုံးနဲ့ဆိုင်တဲ့ ပင်နီအကျီ င်္ပါ။ ငါ့တိုင်းပြည်နဲ့ လူမျိုးကို စော်ကားလာရင် ထိခိုက်အောင်လုပ်ရင် ငါတတ်နိုင်သမျှ ငါခွန်အားရှိသမျှ ရန်သူကို ငါတော်လှန်မယ်ဆိုတဲ့ စိတ်ရှိတဲ့ သာမာန် အရပ်သူကျောင်းသူ မြန်မာအမျိုးသမီးတယောက်ပါ။

ဘယ်ပါတီဝင်မှ မဟုတ်သလို၊ ဘယ်တော့မှလည်း အေးချမ်းသာယာနေတဲ့ တိုင်းပြည်တပြည်မှာ အများအကြိုက်လိုက်ပြောပြီး မဲဆွယ်စည်းရုံးရတဲ့ လွှတ်တော်အမတ်၊ နိုင်ငံရေးသမား လုပ်ဖို့ရည်ရွယ်ချက်လည်း မရှိဘူး။ ကျမတို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်ရင် တိုင်းပြည်နဲ့ ပါတ်သက်ပြီး ကျမအလွန်ဆုံးလုပ်လှ စာရေးဖို့နဲ့ ပရဟိတလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိတယ်။ ကျမမှာ နိုင်ငံရေးနဲ့ ဘာမှ မဆိုင်တဲ့ ကိုယ်ပိုင်စီးပွားရေးလည်း၇ှိပါတယ်။

အခုချိန်မှာ ကျမဟာ မြန်မာပြည်မှာ မရှိတဲ့အတွက် မြန်မာပြည်ကြီးဟာ ကျမကြောင့် ဆန်မကုန်ရသလို၊ မြေလည်းမလေးရပါဘူး။ ကျမအနေနဲ့လည်း နေမယ်ဆို အနေသာကြီးဖြစ်ပေမယ့် မြန်မာပြည်မှာ ၂၆နှစ်လုံးလုံးနေလာခဲ့တဲ့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျမတိုင်းပြည်နဲ့ မြန်မာနိုင်ငံသားအားလုံးကိုတော့ ကျမချစ်တယ်။ အကောင်းဆုံးဆိုတာပဲ ဖြစ်စေချင်တယ်။

ကျမကို မိတ်ဆွေတွေက ပြောကြတယ်။ ဒေါ်စုတောင် AIDS တိုက်ဖျက်ရေးမှာ ဘာဆိုလားပဲ။ အဲဒါကောင်းတာပေါ့။ ဒါမျိုးကို ထောက်ခံတယ်လေ။ AIDSတိုက်ဖျက်တာနဲ့ ပြည့်တန်ဆာ လိုင်စင်ချပေးဖို့ပြောတာနဲ့ ဘာမှမဆိုင်ဘူး။

ကျမကို မိတ်ဆွေတွေက ပြောကြတယ်။ နိုင်ငံရေးလုပ်ရင် emotion ထားတာ မသင့်တော်ဘူးတဲ့။ အမှတ်တမဲ့ဆိုရင် အင်မတန် နားထောင်လို့ကောင်းလို့တဲ့စကားပါ။
ဒါပေမယ့် အမျိုးသားနိုင်ငံရေး လုပ်လာတဲ့ သူတိုင်း emotionက စခဲ့တာကို မေ့နေကြတာလား။ သတိမထားမိတာလား။

ကျမတို့ အင်မတန်ယုံကြည်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကို နောက်ဆုံးအကြိမ် ပြန်လာတုန်းက မိခင်ကျန်းမာရေးကိစ္စနဲ့ ပါတ်သက်ပြီး ပြန်လာတာပါ။ နိုင်ငံရေးလုပ်မယ်။ ငါမြန်မာပြည်မှာ သမ္မတသွားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာတာမဟုတ်ဘူး။
ဒါပေမယ့် အဖေ့သမီးပီပီ ပြည်သူနာတော့ သူမနေနိုင်တော့ဘူး။ သူ့ဘဝမှာ အမြင့်ဆုံးemotionဟာ သူ့မိသားစုထက် မြန်မာပြည်ပြည်သူလူထုဖြစ်ခဲ့တယ်။ အဲသည့် emotionကြောင့် သူအကုန်လုပ်နိုင်ခဲ့တယ်။ အားလုံးကို ကြံ့ကြံ့ခိုင်နိုင်ခဲ့တယ်။

အခုမနေ့တနေ့ကအချိန်အထိ သူပြောတဲ့ စကားမှာ ပြည့်ပြည့်ဝဝကြီးပါနေတဲ့ emotionကတော့ သူသမ္မတဖြစ်ချင်တယ်။ သူအာဏာလိုချင်တယ်ဆိုတာပဲ။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကြီးဟာ သူသမ္မတဖြစ်ဖို့ကို နည်းမျိုးစုံနဲ့ ကာကွယ်နှောက်ယှက်ထားတယ်ဆိုတာ သူသိသိကြီးနဲ့ သာမာန် နိုင်ငံရေးသမားတွေ ပြောမထွက်တဲ့ စကားကို သူ့ပြည်သူလူထုအတွက် သူပြောထွက်တာ သူ့ရဲ့ ပြင်းထန်လှတဲ့ emotionကြောင့်ပေါ့။

သူလုပ်ပေးချင်နေပြီလေ။ သူသာ လုပ်ပိုင်ခွင့်တွေရှိရင်ဆိုတဲ့ မချင့်မရဲစိတ်တွေကြောင့် လူကြားကောင်းတာ မကောင်းတာ သူဂရုမစိုက်ဘူး။ နိုင်ငံရေးသမားတစ်ရာမှာ တယောက်မပြောတဲ့စကားကို ရဲရင့်စွာ သူ့စိတ်ခံစားချက်အတိုင်း(emotion)အတိုင်း သူပြောခဲ့တယ်။

ကျမလည်း ဒီလိုပဲ။ ကိုယ့်ကိုကိုယ် ဒေါ်စုနဲ့ နိုင်းတာတော့ မဟုတ်ပါဘူး။ ကျမ ချစ်တဲ့ ကျမတို့ မြန်မာအမျိုးသမီးတွေအတွက် ကျမစိတ်ခံစားချက်အတိုင်းပြောတာပဲ။ လူကြားကောင်းတာ မကောင်းတာ ကျမ စိတ်မ၀င်စားပါ။

ကျမကို မိတ်ဆွေတွေက ပြောကြတယ်။ ကျမက ပြည့်စုံလို့ ပညာတတ်လို့ ပြည့်တန်ဆာတွေကို ကိုယ်ချင်းမစာဘူးတဲ့။ ပြည့်တန်ဆာတွေရဲ့ ဘဝကို မသိဘူးတဲ့။ ကျမကိုယ်ကျမ ဒေါ်စုနဲ့ နှိုင်းတာမဟုတ်ပေမယ့် တခုပြောမယ်နော်။

ဒေါ်စုဟာ တခါမှ BUS ကား တိုးမစည်းဖူးပေမယ့် busကားတိုးစီးရတဲ့ ပြည်သူလူထုဘဝကို သူနားလည်တယ်။ သူခံစားတတ်တယ်။ ဒါကြောင့် သူကြိုးစားတယ်။ သူ့အစွမ်းနဲ့သူပေါ့။ ကျမလည်း တခါမှ ပြည့်တန်ဆာ မလုပ်ဖူးပေမယ့် မြန်မာမိန်းကလေး ပြည့်တန်ဆာတယောက်ရဲ့ ဘဝကို ကျမနားလည်လို့ရတယ်။ ထပ်တူထပ်မျှခံစားလို့ရတယ်။ ခံစားစာနာမိလို့လည်း နင်ပျက်နေပြီ ဒီတော့ မထူးတော့ဘူး တရားဝင်ဖြစ်အောင်သာ လုပ်လိုက်တော့လို့ အပြောခံလိုက်ရမယ့် ဘဝလေးတွေအတွက် အရမ်းကို စိတ်မကောင်းဖြစ်တာပေါ့။

ဒါဆိုရင် နင်ဝင်လုပ်ပါလားလို့ ကျမကို ပြောဖို့အကြောင်းမရှိပါဘူး။ နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းထဲမှာ ကျမ မပါဘူး။ ဒါပေမယ့် ကျမတို့ မြန်မာပြည်သူလူထုကို အကောင်းဆုံး လုပ်ပေးမယ်နိုင်မယ်လို့ ယုံကြည်လို့ ကျမ ထောက်ခံအားပေးခဲ့တဲ့ အဖွဲ့အစည်းတရပ်ကို မြန်မာနိုင်ငံသားတယောက်နဲ့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်တဲ့မြင်တဲ့အမြင်ကို ကိုပြောလို့ရတဲ့နေရာကနေ ပြောမှာပဲ။ အဲဒါ ကျမရဲ့ rightပဲ။

ကျမတို့ အင်မတန်မှ ယုံကြည်အားကိုးရတဲ့ အစိုးရအဖွဲ့အစည်းတရပ်ဟာ ပြည့်တန်ဆာ မြန်မာမိန်းကလေးတွေအတွက် သည့်ထက်ပိုကောင်းတဲ့ အစီအစဉ်မလုပ်ပေးနိုင်တော့ဘူးလား။ ကမ္ဘာမှာ အင်အားအကြီးဆုံး ဗုဒ္ဓဘာသာတိုင်းပြည်အနေနဲ့ ရပ်တည်လာတဲ့ တိုင်းပြည်အတွက်လည်း တခြားနိုင်ငံတွေနဲ့ ထူးမခြားနားဘဲ စဉ်းစားပေးမှာလား။

အိမ်နီးချင်း ထိုင်းနိုင်ဆိုရင် တခြားနေရာတွေမှာလည်း အနောက်နိုင်ငံကြီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုက်မမီဘဲ ပြည့်တန်ဆာ လိုင်စင်ကောင်းမှုကြောင့် “ ထိုင်းဆိုသည်မှာ ကမ္ဘာမှာ ပြည့်တန်ဆာ အပေါများဆုးံနိုင်ငံလို့ “ အဓိပ္ပါယ်ဖွင့်ဆိုခြင်း ခံလိုက်ရတာကို သတိထားသင့်ပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင်လည်း ဒီလိုကိစ္စတွေကို တရားဝင်သတ်မှတ်ပေးလိုက်တဲ့အတွက် အခုဆိုရင် မိန်းကလေးခပ်လှလှလေးတွေကို ဘူတာမှာ လူစည်ကားရာနေရာမှာ လိုက်ပြီး ဈေးမေးခွင့်၇ှိတယ်။ ပြည့်တန်ဆာနဲ့ပါတ်သက်တဲ့ အမျိုးမျိုးသော လုပ်ငန်းတွေအတွက် လမ်သွားလမ်းလာ မိန်းကလေးတွေကို လိုက်ပြောခွင့်၇ှိတယ်။

ဥပမာ….မိန်းကလေးတယောက်ဟာ ပေါင်တံလှတယ်ဆိုရင် ခင်ဗျားခြေထောက်သိပ်လှပါတယ်။ ဒီခြေထောက်လေးကိုပဲ ဓါတ်ပုံရိုက်ပြီး ပြည့်တန်ဆာလုပ်ငန်းရဲ့ ဘယ်နေရာ ဘယ်နေရာမှာ သုံးပါမယ်။ စိတ်ဝင်စားရင် ခဏလောက်လိုက်ခဲ့ပါ။ တနာ၇ီလောက်ပါပဲ။ မကြာပါဘူး။ ယန်းဘယ်လောက်ပေးပါမယ်။ ခင်ဗျားစိတ်ဝင်စားရင် ခင်ဗျားလိုချင်တဲ့ဈေးလည်း ပြောကြည့်ပေါ့။ ညှိကြတာပေါ့။ စသဖြင့် လိုက်ပြောကြတယ်။

အဲဒါကို စိတ်ဆိုးလို့မရဘူး။ အသရေဖျက်မှုနဲ့ တရားစွဲလို့ မရဘူး။ မိန်းမကောင်း၊ မိန်းမပျက် မကွဲတော့ဘူး။ ကိုယ့်အမေ၊ အစ်မ၊နှမလေးတွေကို အဲလိုသည်ကို ဈေးလိုက်မေးရင် ဘယ်လိုနေမလဲ။ ကျမတို့ဆီမှာရော နောက်ပိုင်းဒီလိုကိစ္စမျိုးတွေ မဖြစ်လာဘူးလို့ ပြောနိုင်လား။ တကယ်တမ်းနစ်နာရတော့ မြန်မာအမျိုးသားတွေမဟုတ်ဘူး။ မြန်မာအမျိုးသမီးတွေပါ။

နောက်ထပ်ဆိုးကျိုးက မွေးရာပါခန္ဓာကိုယ်နဲ့ရင်းပြီး တရားဝင် ငွေလွယ်လွယ်ရှာလို့ ရတဲ့အခါကျတော့ သမီးဖြစ်သူကလည်း မိဘကို မလေးစားတော့ဘူး။ မိန်းမဖြစ်သူကလည်း ကိုယ့်လင်သားကို မလေးစားတော့ဘူး။ အဲသည်လိုကိစ္စတွေကြောင့် စိတ်ထိခိုက်ရတဲ့ မိဘတွေ၊ အိမ်ထောင်ပျက်မှုတွေဟာ ဂျပန်နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းမှာ သူတို့ကိုယ်တိုင် မနိုင်လို့လွှတ်ထားရတဲ့ စိတ်ဆင်းရဲမှုကြီးဖြစ်နေပြီ။

ဒီတော့ ကျမပြောချင်တာက မြန်မာဆိုသည်မှာ တခြားနိုင်ငံတွေလို လူပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ဘာသာမဲ့ပေါင်းစုံ အချိုးတူညီစွာ ဖွဲ့စည်းထားတဲ့ တိုင်းပြည်မဟုတ်။ မြန်မာဟေ့ဆိုရင် ဗုဒ္ဓဘာသာ စည်ပင်ထွန်းကားရာ သာသနာ့နယ်မြေလို့ ထင်ရှားနေတယ်ဆိုတာကိုလည်း ထည့်တွက်မယ်ဆိုရင်၊ ပြည့်တန်ဆာ လိုင်စင်ချပေးလိုက်ခြင်းကြောင့် ဆိုးကျိုးနဲ့ကောင်းကျိုးကို ယှဉ်ကြည့်ပြီး ရေရှည်ကိုပါ ထည့်စဉ်းစားမယ်ဆိုရင်၊ လက်တလော ဆေးမြီးတိုနဲ့တူတဲ့ ဒီကုထုံးမျိုးမဟုတ်တဲ့ သည့်ထက်ကောင်းတဲ့ အစီအစဉ်တရပ်ကို မစဉ်းစားပေးနိုင်တော့ဘူးလားလို့ ပြည်သူတယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။

မဖြူဖြူသင်းတောင်မှ အာဏာရှင်စစ်အစိုးရလက်ထက်ကတည်းက သူတယောက်တည်းအနေနဲ့ တပိုင်တနိုင်ကစလို့ HIV ဝေဒနာ၇ှင်တွေကို ဆေးတိုက်ခဲ့သေးတာပဲ။ အဖမ်းတောင်ခံခဲ့ရသေးတယ်ပဲ။ အင်မတန်လေးစားဖို့ကောင်းပါတယ်။

ဒီကိစ္စဟာ အမြင်မတူတာလို့ ကျမ မယူဆပါဘူး။ ကိုယ်ချင်းစာနာမှု နည်းတယ်လို့ပဲ ယူဆပါတယ်။ တကယ်သာ ကိုယ်ချင်းစာတတ်မယ်ဆိုရင် သည့်ထက်ကောင်းတဲ့ (ခက်ခဲကောင်းခက်ခဲမယ်) နည်းလမ်းကို ဦးနှောက်အခြောက်ခံပြီး စဉ်းစားပေးကြမယ်လို့ ယုံကြည်ပါတယ်။

အဲလိုမှ မဟုတ်ဘဲ အဖေ့ကိုပဲ ပြည့်တန်ဆာလုပ်ခွင့်ရအောင် ပြောပေးလိုက်ကြတော့မှာလား။
နန္ဒာ

ကျမရဲ့ သဘောဆန္ဒကတော့ အဲဒါပါပဲ။ မိတ်ဆွေလုပ်ခြင်း မလုပ်ခြင်းကတော့ မိတ်ဆွေသဘောပါလေ။ နောက်ထပ်ရေးလာသော ထင်မြင်ယူဆချက်များကို မည်သို့မှလည်း တုန့်ပြန်မည်မဟုတ်တော့ပါ။ ကျမတွင် အချိန်များစွာမရှိပါ။

  1 comment:

  1. Can you solve this problem? If not,don't talk (shut up). If can(exactly),give the way to government.OK? ပြည့်တန်ဆာများကို ကိုယ်ချင်းစာပါ။ They want to have license. Do you know their feeling? Never guess from away. See inside their life in burma.

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...