Saturday, December 8, 2012

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ


by Burma VJ Media Network on Friday, December 7, 2012 at 11:02pm ·

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်မှ
"မိုဘိုင်းဖုန်းများ၏ အင်တာနက် အသုံးပြုခအား Volume စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့်အစီအစဉ် ရွှေ့ဆိုင်း" သတင်းမှ ကောက်နှုတ်ချက် -
"စာနယ်ဇင်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ သက်ဆိုင်ရာလူကြီးတွေကို report လုပ်ပါတယ်၊ report လုပ်ပြီး ဆွေးနွေးချက်အရ လူကြီးတွေက ကောက်ခံမယ့်နှုန်းထားကို ပြန်လည်တွက်ချက်ပြီးမှ ထပ်ရွှေ့လိုက်ပါတယ်။ အခု သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ထပ်လျှော့မယ့် သဘော ရှိပါတယ်။ လက်ရှိထုတ်ပြန်ထားတွေက cancel ဖြစ်သွားပါပြီ" ဟု ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျီနီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် Weekly Eleven News သတင်းဂျာနယ်မှ
"ရွှေသံလွင် Company မှ တရားမ၀င် စက်သုံးဆီတင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး Company ကို အရေးယူထားခြင်း မရှိ၊ ဒဏ်ကြေးတပ်ရိုက်ပြီး ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန်တာဝန်ရှိသူ ပြောကြား" သတင်းမှ ကောက်နှုတ်ချက် -
"ရွှေသံလွင် Company ကို ဒဏ်ကြေးပဲ တပ်ရိုက်တယ်ဆိုရင်တော့ နောင်တချိန်မှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အခွန်ရှောင်လို့ပဲဖြစ်ဖြစ်၊ တရားမ၀င် ကုန်သွယ်လို့ပဲ ဖြစ်ဖြစ် ဥပဒေအရ ပြင်းပြင်းထန်ထန် အခုထက်ပိုပြီး အရေးယူခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ပြောကြရမှာပဲ၊ ဥပဒေက နှစ်မျိုး ရှိနေသလား၊ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံး မှတ်တမ်းတင်ထားမှာပဲ၊ နောင်တချိန်မှာ ကျွန်တော်တို့ကို အရေးယူလာခဲ့မယ်၊ ဖမ်းလာခဲ့မယ်ဆိုရင် တရားရုံးမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားတဲ့ ဒီရွှေသံလွင်ဖြစ်စဉ်နဲ့ ထုချေရမှာပဲ" ဟု စက်သုံးဆီအား အခွန်ပေးဆောင်ကာ တင်သွင်းနေသည့် လုပ်ငန်းရှင်တဦးက ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် 7 Day News သတင်းဂျာနယ်မှ
"နောက်ကြောင်းပြန်မလှည့်ရန် အားလုံးမှာ တာဝန်ရှိသည်" ဆောင်းပါးမှ ကောက်နှုတ်ချက် -
"ယခင် စစ်အစိုးရလက်ထက်က ခြေရာလက်ရာနှင့် ဆင်တူစွာ လက်ပတောင်းတောင်အရေးတွင် ကိုင်တွယ်ခဲ့သောကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် နောက်ကြောင်းပြန်လှည့်မည်ကို စိုးရိမ်ပူပန်နေကြမှု ဖြစ်၏။ နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလား ဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် ထင်ပါတယ်၊ ပြည်သူတွေကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒ မရှိတော့ပါဘူး၊ ပြည်သူက နောက်ပြန် မလှည့်ချင်တဲ့အတွက် ကျွန်တော်တို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီး လုပ်ရမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်တွင်းမီဒီယာများနှင့် ပထမဆုံးအကြိမ် ပြုလုပ်သော အောက်တိုဘာလ (၂၁) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော စကားအား ယခုလပိုင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဘ် အဖွင့်စာမျက်နှာတွင် ကောက်နုတ် ဖော်ပြထားသည်ကို တွေ့ရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Bi Weekly Eleven သတင်းဂျာနယ်မှ
"ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်ပြီးဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် လက်ပတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ရှင်းလင်းချက်" သတင်းမှ ကောက်နှုတ်ချက် -
"အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ၀န်ချတောင်းပန်မယ်ဆိုရင် မထိတထိ လုပ်တာမျိုး၊ စိတ်မပါဘဲနဲ့ ပြီးစလွယ် သွားလုပ်လိုက်တာမျိုး မဖြစ်ဖို့လိုပါတယ်၊ သံဃာထုရဲ့ ကျေနပ်မှုကို ဘယ်လိုနည်းနဲ့ ရယူမယ်ဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လေ့လာ လျှောက်ထားသင့်တယ်၊ တုံ့ပြန်တဲ့နေရာမှာ မာန်မာနကို ချပြီးတော့ အကျအန တောင်းပန်ရပါလိမ့်မယ်" ဟု ၈၈မျိုးဆက်ကျောင်းသားများခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)သတင်းဂျာနယ်မှ
"မုံရွာတွင် တောင်းပန်ခဲ့သော်လည်း မန္တလေးဆေးရုံကြီးတွင် တက်ရောက် ကုသနေရသော သံဃာများ ကျေနပ်မှုမရှိ" သတင်းမှ ကောက်နှုတ်ချက် -
"အခုလို တောင်းပန်တာကို ကျေနပ်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု တောင်းပန်တဲ့ဆီကိုသွားတဲ့ ဘုန်းကြီးတွေက ကျောင်းထဲက အပြင်ကိုထွက်တဲ့ ဘုန်းကြီးတွေ မဟုတ်ဘူး၊ အမှန်တကယ် နှိပ်စက်ခံရတဲ့ ဘုန်းကြီးတွေက အခုဆေးရုံမှာ ဆေးကုခံနေကြတယ်။မန္တလေးကို လာတောင်းပန်မယ်ဆိုရင်လည်း ကျေနပ်မှာ မဟုတ်ဘူး၊ တောင်းပန်တဲ့ပွဲကို မုံရွာက ကျောင်းတိုက်တွေ အားလုံးကို ဖိတ်တယ်၊ ဒါပေမဲ့ သွားတဲ့ကျောင်းက နည်းပါတယ်" ဟု သပိတ်စခန်းအမှတ် (၁) တွင် တောင်းဆိုမှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသော မင်းကွန်းတောင်ရိုးကျောင်းတိုက်မှ ဆရာတော် ဦးကောသံလ က မြန်မာတိုင်း(မ)သို့ မိန့်ကြားသည်။
 ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Bi Weekly Eleven သတင်းဂျာနယ်မှ
"ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြု ဆွေးနွေးပွဲ ကျင်းပ၊ ၀န်ကြီးဌာနက လွှမ်းမိုး ချုပ်ကိုင်လွန်းနေသော အချက်၊ ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် ပါဝင်သော အချက်များကို ထည့်သွင်း အကြံပြုခဲ့ကြ" သတင်းမှ ကောက်နှုတ်ချက် -
"အခန်း (၁၉) ပုဒ်မ ၆၀ (က) အရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာတွေမှာ ဘယ်လိုမျိုး သတ်မှတ်မှာလဲ၊ ၆၆ မှာ သတင်းအချက်အလက်တွေကို ပေးပို့ဖြန့်ချိတယ်၊ လက်ခံ ရယူတယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ၊ အီးမေးလ်ရဲ့ Inbox ထဲ ရောက်နေတဲ့ မက်ဆေ့ခ်ျတခုကလည်း လက်ခံရယူတာပဲလား၊ လူက ထောင်ထဲ ရောက်နေချိန်မှာလည်း Inbox ထဲကို မက်ဆေ့ခ်ျတွေက ထပ်ရောက်နေနိုင်တာပဲ၊ ထောင် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချနိုင်တယ်ဆိုတဲ့ အချက်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်နိုင်တယ်" ဟု MIDO ၏ Executive Director ဖြစ်သူ ကိုနေဘုန်းလတ် က ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ်ပါ
"လက်ပတောင်းတောင် အရေးအခင်းနှင့် ပတ်သက်ပြီး ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကနှင့် တွေ့ဆုံခြင်း" အင်တာဗျူးမှ ကောက်နှုတ်ချက် -
"ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် တောင်းပန်ရင် ကျေနပ်ပါတယ်၊ သမ္မတကြီးကိုယ်တိုင် တောင်းပန်ရမယ်ဆိုလည်း တောင်းပန်လိုက်ပါ၊ ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး၊ အဲဒါဆိုရင် အားလုံးငြိမ်းချမ်းသွားမှာပါ" ဟု ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက က ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ်ပါ
"ပန်ဝါတွင် တိုက်ပွဲပြင်းထန်" သတင်းမှ ကောက်နှုတ်ချက် -
"မြန်မာနိုင်ငံ မြောက်ဖျားပိုင်း တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သော ပန်ဝါဒေသတိုက်ပွဲတွင် ကေအိုင်အေတပ်ဖွဲ့ကို တပ်မတော်က လေကြောင်းသုံးပြီး တိုက်ခိုက်ခဲ့သည်ဟု ကချင်သတင်းဌာနများတွင် ဖော်ပြချက်အပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကမူ 'ပန်ဝါကို ကေအိုင်အေ တက်သိမ်းတော့ မကျအောင် ကာပစ်ပေးတာပါ၊ ထိုးစစ်အနေနဲ့ တိုက်ခဲ့တာ မရှိပါဘူး" ဟု ဆိုသည်။
By BurmaVJ Media Network

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...