Saturday, December 8, 2012

ဆန်တာကလော့စ်ဖြစ်ချင်ရင် လက်ညှိုးထောင်


by မိုးကြာညို မိုး on Saturday, December 8, 2012 at 1:02am 


ဘာလိုလိုနဲ့ နှစ်တစ်နှစ်ကုန်လို့ ခရစ္စမတ်ရာသီ ဒီဇင်ဘာလကို ချဉ်းနင်းဝင်ရောက်လာတာ ၈ ရက်တောင် ရှိခဲ့ပြီ။ မကြာခင် အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိနဲ့ မိသားစုနဲ့တူတူ ခရစ္စမတ်ပွဲကျင်းပရမယ်ဆိုတဲ့ သညာက ရင်ခုန်လှုပ်ရှားစေပါတယ်။ ဘန်ကောက်မှာ ဒီဇင်ဘာမိုးတွေ နေ့ရက်စဉ်တိုင်း ရွာချနေတာကိုက ဘာကိုမှန်းမသိလွမ်းနေမိတော့တာပါပဲ။ ဒီကြားထဲ Carol သီချင်းတွေကျင့်ကြတော့


“အိမ်အပြန်ချင်ဆုံး နေ့ရက်လေး ဒီအချိန်လေးမှာ
 အိမ်ကိုလွမ်းစိတ် ပြင်းထန်လှုပ်ရှားလာ...
 နှင်းဖွေးဖွေးမြင်လေတိုင်း အရမ်းလွမ်းတယ်နော်
 ဒီဇင်ဘာ ခရစ္စမတ်ချိန် ကြုံပြီမို့....
 ....
 ....
 ....
 အမေအို လွမ်းမျက်ရည်စိုနေပြီ”

စတဲ့ သီချင်းကလဲ လွမ်းသထက်လွမ်းအောင်ဖန်နေပြန်ပါလေရော။

ယခုလိုမိသားစုတကွဲတပြားစီနေရတဲ့ကာလအတွင်းမှာ အနည်းဆုံး ခရစ္စမတ်အချိန်တိုင်း
အိမ်ကိုမရောက်ရောက်အောင်ပြန်လာကြပြီး မိသားစုဆုံစည်းရတာကလဲ ညိုတို့မိသားစုအတွက်
ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။ ခရစ္စမတ်အကြောင်းပြောမယ်ဆိုရင် ညိုငယ်ငယ်တုန်းက
ဒီဇင်ဘာညတိုင်း အိပ်ယာဝင်ခါနီး ဆန်တာကလော့စ် ခရစ္စမတ်ဖိုးဖိုးကြီးဆီက လက်ဆောင်ရဖို့
ဆုတောင်းခဲ့တာ..... တစ်နှစ်လုံးထက်အများကြီးပိုပြီး လိမ္မာပြခဲ့တာတွေကို ပြန်တွေးရင်
အခုစာရေးနေရင်းတောင် ပြုံးမိလောက်တဲ့အထိ ပျော်ရွှင်ခဲ့ရတဲ့ကာလတွေပေါ့။
ညို့ မေမေက သားသမီးတွေ ခရစ္စမတ်ဖိုးဖိုးကြီးတွေဆီကနေ ဘာလက်ဆောင်လိုချင်လဲဆိုတာ
ဘယ်တော့မှ မမေးခဲ့ဖူးပေမယ့် ညိုလိုချင်တဲ့ လက်ဆောင်ကိုတော့ ၂၅ ရက်နေ့ မနက်တိုင်း
ခေါင်းအုံးအောက်မှာဖြစ်စေ... အိပ်ခန်းအထွက် လှေကားရင်းမှာ ဖြစ်စေ.. ညို့စာကြည့်စားပွဲ
အောက်မှာဖြစ်စေ နှစ်စဉ်နှစ်တိုင်းရရှိမြဲဖြစ်ပါတယ်။ အမေတစ်ယောက်အနေနဲ့ သားသမီးတွေရဲ့
ဆန္ဒကို မပြောဘဲ သိနေတတ်တယ်ဆိုတာ နားမလည်ခဲ့တဲ့ အချိန်တုန်းကတော့ ဒါကသိပ်ကို အံ့သြစရာ
အဖြစ်အပျက်တွေပေါ့နော်။

အခုလိုအဝေးရောက်နေတဲ့ကာလအတွင်း ခရစ္စမတ်အချိန်အိမ်ပြန်ကြတော့ ညိုတို့မောင်နှမက
မေမေနဲ့ အဖွားအတွက် လက်ဆောင်မပါတဲ့ ဆန်တာကလော့စ်တွေဖြစ်မှန်းမသိ ဖြစ်နေတာကိုလဲ
အခုမှ ခံစားသိရှိလာတာပါ။ ညိုတို့ကိုယ်တိုင်ကိုက သူတို့အတွက် ဆန်တာကလော့စ်ရဲ့ လက်ဆောင်
တွေပဲလေ။ ဒီအချိန်မှာ မိဘအဖိုးအဖွားတွေ အတမ်းတဆုံးက သားသမီးမြေးမြစ်တွေပဲမဟုတ်လား။

ဒါနဲ့ဆက်စပ်ပြီးတော့ စဉ်းစားမိတဲ့အခါ.. အကြောင်းအရာတစ်ခုကြောင့် ရင်ထဲမှာ ဆစ်ကနဲ နာကျင်သွား
မိတယ်။ မေးခွန်းတွေ ...မေးခွန်းတွေ တရစပ်ပေါ်လာပြီး ခေါင်းလဲမူးနောက်သွားတော့တယ်။ မိတ်ဆွေများ
ညိုစဉ်းစားမိတဲ့ မေးခွန်းတွေကို ကူညီဖြေပေးကြမယ်လို့ မျှော်လင့်ရင်း။

ဘာများလဲဆိုတော့... ညိုတို့ ငယ်ငယ်တုန်းက မျှော်လင့်စရာ ဆန်တာကလော့စ်ရှိတယ်။
ဖြည့်ဆည်းပေးမယ့် မိဘရှိတယ်။ အခုကျတော့ မေမေတို့မှာ မျှော်လင့်စရာ ဆန်တာကလော့စ်ရှိတယ်။
လက်ဆောင်အဖြစ်ပြန်လာကြမယ့် သားနဲ့သမီးရှိတယ်။ မျှော်လင့်စရာတွေကို သယ်ဆောင်လာမယ့်
ဆန်တာကလော့စ်နဲ့တူတဲ့ မေမေ၊ ဖေဖေ၊ ဖွားဖွား၊ ဖိုးဖိုး မရှိရှာတဲ့ မိဘမဲ့ကလေးတွေအတွက်ရော?
ပြန်စရာအိမ်မရှိ၊ ကြိုလင့်မယ့်သူမရှိတဲ့ ကလေးလေးတွေ၊ လက်ဆောင်ရဖို့ ဆုတောင်းပေမယ့်
ခြောက်ကပ်ကပ် ခရစ္စမတ်မနက်ခင်းကို ကြိုလင့်ကြမယ့် ကလေးတွေ အတွက်ရော?
ဆန်တာကလော့စ်အဖြစ်ပြန်လာမယ့် သားသမီးတွေမရှိတဲ့ မိဘတွေအတွက်ရော?

ကျွန်မတို့မိဘဘိုးဘွားတွေအတွက် ဆန်တာကလော့စ်အဖြစ် အိမ်ပြန်ကြမယ့်သူတွေ၊ အိမ်မှာနေရင်း
မိဘဆီက မောင်နှမဆီက သူငယ်ချင်းမိတ်ဆွေဆီက ဆန်တာကလော့စ်လက်ဆောင်တွေကို လက်ခံကြမယ့်
ပေးဝေကြမယ့် လူတွေအနေနဲ့ ဒီလိုမိဘမဲ့ကလေးတွေ ခရစ္စမတ်မနက်ခင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့
ကိုယ်တိုင် ဆန်တာကလော့စ် မဖြစ်နိုင်ဘူးလား?

ကိုယ်ခံစားရဖူးတဲ့၊ ခံစားရနေတဲ့၊ ခံစားကြရဦးမယ့် ပျော်ရွှင်မှုတွေကို ကလေးလေးတွေနဲ့ မခွဲဝေပေးချင်ဘူးလား?

ကလေးတွေနဲ့ အပျော်တွေမျှဝေပြီး တဖန်ပြန်လည်ခံစားရမယ့် ပီတိဆိုတဲ့ ခရစ္စမတ်လက်ဆောင်ကို
ကိုယ့်ဘာသာမဖန်တီးချင်ကြဘူးလား?

အသွားလမ်းမှာ မျှော်လင့်ချက်လက်ဆောင်ပစ္စည်းတွေတနင့်တပိုး သယ်ဆောင်ပြီး
ခရစ္စမတ်ဖိုးဖိုးကြီးလို ကလေးလေးတွေကို နွေးထွေးတဲ့အကြင်နာတွေနဲ့ ယုယပွေ့ဖက်ပြီး
အပြန်လမ်းမှာ မျှဝေခြင်း၊ ထပ်တူနားလည်ခံစားခြင်းဆိုတဲ့ ပီတိတွေ အပြည့်အသိပ်ရင်မှာပိုက်လို့
ကျွန်မတို့အားလုံးတူတူ မိဘမဲ့ကလေးတွေဆီ သွားကြရအောင်လား ချစ်ရတဲ့ မိတ်ဆွေတို့ရေ။




ဒီနှစ်အတွက်ဆန်တာကလော့စ်လုပ်မယ့်အစီအစဉ်ကိုတော့ ASDO Myanmar (ချစ်ခြင်းမေတ္တာ)
ပရဟိတအဖွဲ့လေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားထားတာကြောင့်.... တူတူဆန်တာကလော့စ်လုပ်ကြ
ရအောင်လို့ ဖိတ်ခေါ်ချင်ပါတယ်နော်။

ကိုယ်တိုင်ဆန်တာကလော့စ်ဖြစ်ချင်သူများအတွက် ကျွန်မတို့ အစီအစဉ်ကတော့ -

ပို့စ်ကဒ်လေးတစ်ခုမှာ မိမိနှစ်သက်ရာဆုတောင်းစားလေးတွေရေးလက်မှတ်ထိုးပေးပါ။
ပြီးတော့ မိမိပေးချင်တဲ့လက်ဆောင်လေးကိုပါဆယ်ထုတ်ပြီး ချစ်ခြင်းမေတ္တာ (ASDO) အဖွဲ့ဆီကို
၂၃ရက်မတိုင်မှီပို့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မိတ်ဆွေတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ထုံမွှမ်းနေတဲ့
ခရစ်စမတ်လက်ဆောင်လေးတွေကို  ASDO အဖွဲ့မှ ၂၅ရက် ခရစ္စမတ်နေ့တွင် ကလေးတွေလက်ထဲထိ
သွားရောက်ပို့ဆောင်ပေးမှာပါ။

အဝေးရောက်နေသူများကတော့ မိမိပါဝင်လိုတဲ့ အလှူငွေအား ကျွန်မတို့ ASDO အဖွဲ့ကို ပို့ပေးမယ်ဆိုရင်
မိတ်ဆွေများကိုယ်စား ခရစ္စမတ်ကဒ်လေးတွေ၊ ကစားစရာလေးတွေနဲ့ စားသောက်ဖွယ်ရာလေးတွေ
ဝယ်ပြီးယူဆောင်သွားပေးမှာဖြစ်ပါတယ်။ ခရစ္စမတ်ကဒ်တစ်ကဒ်ဆီမှာတော့ မိတ်ဆွေတစ်ဦးချင်းစီရဲ့
နာမည်တွေကို လက်မှတ်အစား ရေးထိုးပေးသွားပါ့မယ်။

ချစ်ခြင်းမေတ္တာ ဆန်တာကလော့စ်ကြီးရဲ့ သွားရောက်မယ့် ခရီးစဉ်အသေးစိတ်ကို
https://www.facebook.com/groups/asdomyanmar/ မှာ ထပ်မံကြေငြာပေးပါ့မယ်နော်။

ဒီလိုအချိန်ကာလမှာ သူတို့လေးတွေကို ဂရုတစိုက်ကြင်နာနေသူများ ရှိကြသေးပါလားဆိုတဲ့ အမှတ်တရလေး
တစ်ခု ကလေးတွေရဲ့ ရင်ထဲထိရောက်ရှိသွားအောင် မေတ္တာအားဖြင့် ပို့ဆောင်ပေးပါရစေလားရှင်။


ASDO အဖွဲ့လေးကို ဆက်သွယ်လှူဒါန်းပါဝင်လိုတယ်ဆိုရင်-

ဆရာတော်ဦးကေသရ (နာယကASDO)သုံးထပ်ကျောင်းဆောင်သစ်အလယ်ထပ်
ဘုရားဖြူကျောင်းတိုက်။ဗိုလ်တထောင်ဘုရားလမ်း၊ပုဇွန်တောင်။ဖုန်း-၂၉၁၈၀၇။

ကိုဇေယျာမင်း  (ASDO တည်ထောင်သူ)၊ ဖုန်း + ၉၇၄ ၆၆၈၉၃၉၂၆
ကိုသွင်အောင်မိုး(ခ)မုတ်သုံ ( ASDO တာဝန်ခံ)၊ ဖုန်း-၀၉၄၄၈၀၁၈၅၉၃(ရန်ကုန်)
ကိုသန့်ဇင်  ( ASDO တာဝန်ခံ)      ဖုန်း- ၀၉၄၂၁၀၄၀၄၆၅

ကိုမိုးမြင့်ထွတ်ခေါင် (ASDO တာဝန်ခံစကာင်္ပူ)၊ ဖုန်း-၆၅၉၀၄၅၆၈၃၉
မခိုင်သီတာ (အဖွဲ့ငွေကြေးဆိုင်ရာစီမံမှုတာဝန်ခံ)၊ ဖုန်း-၀၉၅၁၇၀၈၃၅
ရင့် ၊မအောင်ဝေထက် (အဖွဲ့စာရင်းကိုင်)၊ ဖုန်း-၀၉၇၃၀၇၃၂၂၁၊ ၀၉၄၂၅၀၁၆၉၀၀
အောင်ကျော်သက် (အဖွဲ့ကြိုဆိုရေး)၊ ဖုန်း-၀၉၇၃၁၉၆၇၉၉ (ရန်ကုန်)
မအိအိဖြိုး (အဖွဲ့အလှုစာရင်းပစ္စည်းထိန်းသိမ်းရေး)၊ ဖုန်း-၀၉၅၀၆၄၁၉၄(ရန်ကုန်)
အလင်းရောင် (အဖွဲ့ အက်ဒမင်)၊ ဖုန်း-၀၉၇၃၁၁၄၁၂၆
ဧက၊ပြည့်ဖြိုး (ဆာဗေးတာဝန်ခံများ) (ကိုဧက 09-49319051)

ချစ်ခြင်းမေတ္တာအကျိုးဆောင်များ

စင်္ကာပူမှအလှုရှင်များအတွက် - ကိုမိုးမြင့်ထွတ်ခေါင် (acc no:POSB Saving Account 248553839)
မလေးရှားမှအလှုရှင်များအတွက် - ဇွဲမာန်ကျော် -ဖုန်း ၀၀၆၀၁၇၈၈၄၆၄၅၀
မကာအိုမှအလှုရှင်များအတွက် - ကိုအောင်စိန်- (853-66173830)

ရန်ကုန်မြို့မှချစ်ခြင်းမေတ္တာအကျိုးဆောင်-

ဦးသက်ဝင်းထွဋ်+ဒေါ်ကြည်သာထူးမိသားစု  -ဖုန်း 0973044323
USA မှအလှုရှင်များအတွက်- မမေ - (0012604401906)
ကာတာနိုင်ငံမှအလှူရှင်များအတွက်- ဇေယျာမင်း +၉၇၄ ၆၆၈၉၃၉၂၆


ASDO အဖွဲ့ကိုနယ်မှငွေလွှဲလိုသူများအတွက်ဘဏ်အကောင့်မှာ

Saving Account No. 02 011 02 000003823(မြန်မာ့ရှေ့ဆောင်ဘဏ်၊ဘုရင်နောင်ဘဏ်ခွဲ)

e-mail - asdomyanmar1@gmail.com

သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်....

-
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...