Thursday, December 13, 2012

ကျနော် နှင့် တိရိစ္ဆာန်များ


by Zaw Win on Thursday, December 13, 2012 at 3:21am ·

ကျနော့် မိခင်ဟာ တိရိစ္ဆာန်များ ကို အရမ်းချစ်တတ်သူဖြစ်ပါတယ်။  ကျနော်ကလည်း တိရိစ္ဆာန်များ အားလုံးကို ချစ်တတ်သူပါ။  ကျနော့်ဘဝမှာ အမှတ်ရစရာတွေ ပြန်တွေးတိုင်း တိရိစ္ဆာန်များပါဝင်သည် ချည်းဖြစ်ပါတယ်။ ကျနော့်အိမ်မှာ ခွေး အကောင် ၄၀ ခန့်အထိပိုင်ဆိုင်ဘူးပါတယ် (ခွေးမ ၅ ကောင်လောက်က ပြိုင်တူသားပေါက်တာကိုး) ။
ခွေးအကောင် ၂၀ခန့်ကို ကျနော်နေ့စဉ် ကျနော်အသက် ၂၆နှစ်အထိ အစာကျွေးဖူးပါတယ်။ ကျနော် ကျောင်းသွား ကျောင်းပြန်လာရင် သူတို့ဖက်တက်လို့ ကျောင်းယူနီဖောင်းတွေ ညစ်ပတ်သွားရ တာလည်း ရှိပါတယ်။ ခွေးတင်မက ကြောင်လေးတွေကိုလည်း ကျနော်ချစ်ပါတယ်။ အချစ်ဆုံး ကြောင်လေး က "ရွှေဝါ" ဖြစ်ပါတယ်။ ကျနော် နိုင်ငံခြားထွက်မယ့်နေ့အထိ သူကျနော်နဲ့ အိပ်ဖြစ်တယ်။ ကျနော် နဲ့ ငှက်ကလေးတွေ အကြောင်းကလည်း အိမ်ကိုလွမ်းစေပါတယ်။ ကျနော်တို့အိမ်ရှေ့မှာ စာကလေးတွေကို နေ့စဉ်အစာကျွေးရတာလည်း ကျနော့်ဘဝအစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။ စာကလေးတွေ အကြောင်းပြောရင် နှစ်စဉ်ပြန်နေကျ အမေ့ရွာက ဘုန်းကြီးစာကလေးတွေလည်းပါဝင်ပါတယ်။  အမေ့ရွာကအိမ်အနောက် ထန်းပင်မှာ ဘုန်းကြီးစာကလေးတွေ နေကြတယ်။ သူတို့ရဲ့ အသိုက်ကလေး တွေက ချစ်ဖို့ကောင်းတယ်။ အသိုက်ကလေးတွေမှာ မြက်လေးတွေနဲ့သူတို့ကိုယ်တိုင်ယက်ထားတဲ့ အထီးအတွက် အမ ဥအုဖို့အတွက် အသိုက်နှစ်မျိုးကိုမြင်ဖူးတယ်။ အရပ်အခေါ် စာဘုန်းကြီးလို့ ခေါ်တာကသူတို့ဟာ အဝါရောင်ချစ်စရာငှက်ကလေးတွေဖြစ်လို့ပါ။ သူတို့ကိုယ်တိုင်ဆောက်လုပ်တဲ့ ငှက်အသိုက်ဟာ အင်မတန်လက်ရာမြောက်တယ်။ ကမ္ဘာ့လက်ရာ အမြောက်ဆုံး ဗိသုကာ ငှက်တွေပါ လို့ပြောလို့ရပါတယ်။ ဘုန်းကြီးစာ အပြင် ကျီးကန်း ဥဩ ဇီးကွက် တွေပေါတဲ့ အမေ့ရွာကို သွားလည်ရတဲ့ အရသာကို  အခုထက်ထိ မမေ့နိုင်သေးပါဘူး။

ငှက်အသိုက်

 ကြောင် ၃ ကောင် အထိကျနော် ပိုင်ဆိုင်ဖူးပါတယ်။ ကျနော့်မေမေဟာ မနက်ဘုရားရှိခိုးပြီးပြီးချင်း အရုဏ်ဆွမ်းလှူဖို့ ပြီးရင် ကျနော်နဲ့ အဖေအတွက် စီစဉ်စရာတွေ။ ဈေးသွား အိမ်ကြွဘုန်းကြီးရယ် သီလရှင်တွေရယ် အတွက်။ ပြီးရင် ဆွမ်းအုပ်။ ပြီးရင်တော့ သူ့ခွေးတွေ ကြောင်တွေအတွက်နဲ့ အလွန်ပင်ပန်းနေတတ်ပါတယ်။  တိရိစ္ဆာန်များ တွေအတွက် အစာကျိုချက်ရတာ ကျွေးမွေးရတာ သန့်ရှင်းရတာ ကြောင်တွေ ခွေးတွေမွေးဖွားလာရင်ပြုစုပေးရတာကနေ သေရင်တူးမြှုတ်ရတာအထိ အမေ နဲ့ အဖေ လုပ်ဆောင်နေရတော့ ကျနော်လည်း ဒီအလုပ်တွေနဲ့အတူ ဘဝမှာ အလွန်အလုပ်ရှုပ်နေခဲ့ရဖူးပါတယ်။ကျနော်ငယ်ငယ်က အမှတ်အရဆုံး ခွေးလေးနာမည်က "တိုးပွါး" ဖြစ်ပါတယ်။ ကျနော့်ကို သူအရမ်းကာကွယ်သူ ခွေးထီးလေးပါ။ ကျနော့်အမေက ကျနော်ကိုရိုက်ရင် သူက ဝင်ကာကွယ်လေ့ရှိပါတယ်။ တစ်ရက် အမေက ကျနော်ကို ဝါးခြမ်းနဲ့ အမှတ်မထင်ရိုက်လိုက်တော့ အမေ့ကို သူဝင်ကိုက်လိုက်တာ အမေဆေးခန်းရာက်သွားပါတယ်။ ကျနော်တို့က ကားလမ်းမတမ်းဘေးမှာ နေတော့ ဒီခွေးထီးလေးကို ဒေါ့ဂ်ျဂျစ်ကားကြီးဝင်တိုက်သွားပြီး သေဆုံးသွားခဲ့ရရှာပါတယ်။ ကျနော် ဒီနေ့အထိ တိုးပွါးလေးအတွက် ဝမ်းနည်းလို့မဆုံးသေးပါ။ ကျနော့်ကို ကာကွယ်ပေးတဲ့ ခွေးလေးကို မသေအောင် ကျနော်ကာကွယ်မှုမပြုနိုင်တာကို ဒီနေ့အထိ ယူကြုံးမရ ဝမ်းနည်းနေမိပါတယ်။

ငယ်ငယ် က ရန်ကုန်တိရိစ္ဆာန်ရုံကိုသွားဖူးတယ်။ ကြီးတော့ နှစ်ခါလောက်ထပ်ရောက်ဖူးပါတယ်။ တိရိစ္ဆာန်တွေကို ထောင်ချထားသလို ခံစားရတော့ ငယ်ငယ်ထဲက သိပ်မပျော်ဘူး။ နယူးယောက် ဘရောင့်ဇူးကိုလည်း တစ်ခါပဲ ရောက်ဖူးပါတယ်။ ဘန်ကောက်က ပရိုက်ပစ် (Private) တိရိစ္ဆာန်ရုံတွေသွားကြည့်ဖူးတယ်။ အတော် ညစ်ပါတ်ပါတယ်။ ချင်းမိုင်မှာ ကျားတွေ၊ လူတွေနဲ့ ဓါတ်ပုံရိုက်လို့ရတဲ့နေရာလည်း ရွှေဝါရောင်ဘုန်းကြီး ဦးနတ်ဇောနဲ့ရောက်ခဲ့တယ်။ အဲဒီနေရာကတော့ သန့်ပါတယ်။ ကျားတွေက လူကို မကိုက်တော့တာ အတော်ထူးဆန်းပါတယ်။ ချင်းမိုင် ဆင်တွေ ပန်းချီဆွဲတာ သွားကြည့်ဖူးပါတယ်။ ချင်းမိုင်ဆင်တွေ ဘောလုံးတောင်ကန်ကြတယ်။ လူသားတွေ တိရိစ္ဆာန်တွေကို ဖမ်းထားတာ ကျနော်စိတ်ထဲမကောင်းတာကလွဲလို့ ဘာမှ ဒီနေ့အထိ ဘာကိုမှ သူတို့ဘဝကို မကူနိုင်သေးပါဘူး။ တိရိစ္ဆာန်တွေအားလုံးအတွက် သဘာဝတောတောင်တွေ လွတ်လပ်မှုတွေ ဒီကမ္ဘာပေါ်မှာလိုအပ်နေပါသေးတယ်။

 ဥဩ တွန်သံ ကတော့ ကျနော် မလေးရှားအန်အယ်လ်ဒီရုံး ရှေ့က ပန်းတောက်ပင်ကြီးမှာ ကျနော် မလေးရှားရောက်တုန်း ဥဩတွန်သံပြန်ကြားရလို့ အမိမြေကို လွမ်းဆွတ်မိပါတယ်။ တောက်တဲ့ ကတော့ မဲဆောက်ကို သွားပြန်လည်မှ ပြန်ကြားရဖူးပါတယ်။ အမေရိကန်မှာ ကျနော် ၁၆နှစ်ကျော် ကျီးကန်း တောက်တဲ့ ဥဩသံတွေ လုံးဝမကြားရတော့ပါ။

ကျနော် နိုင်ငံခြားမှာ နေတုန်း နယူးယောက်မှာ ကြောင်လေးတစ်ကောင် မွေးဖူးပါတယ်။ သူ့ကို "သစ်ရွက်" လို့ ကျနော့် ကဗျာကလောင်အမည်ကို သူ့ကိုပေးခဲ့တယ်။ သူ့ကို အပြင်မှာကစားနိုင်အောင် ကျနော်လွှတ်ထားတယ်။ ပြီးရင်ပြန်ခေါ်တယ်။ တစ်နေ့ ကြွက်သတ်ဆေးစားမိလို့ ဆေးစစ်ရတာ သွေးစစ်ရတာ ဂလူးကို့စ်သွင်းရတာ ဓတ်မှန်ရိုက်ရတာ နဲ့ ဒေါ်လာထောင်ချီကုန်သွားပြီးမှ သစ်ရွက်ဆေးရုံကပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ နောက်သူ့ကို အပြင်ပေးမသွားတော့ဘူး။  

မဲဆောက်မှာ အလုပ်သွားလုပ်တော့ ကျနော့်ရုံးက ကိုပီကေက ခွေးတစ်ကောင်ကို ဂျီဝေ့ဖ် ကနေ ယူလာပါတယ်။ ထွန်းလင်းအောင် နဲ့ ကျနော်က ကူပြီးမွေးရပါတယ်။ ကိုကျော်စိုးဝင်းက ခွေးမချစ်တော့ သူနဲ့ အမြဲရန်ဖြစ်ရပါတယ်။ ခွေးလေးက အဖြူကျား အင်းခွေးပါ။ နဲနဲကြီးလာတော့ အရမ်းဆိုးတယ်။ ခွေးက အရမ်းထွားပါတယ်။ တစ်ရက်မှာ သုံးမြှောင့် ငါးမျှားဂျိတ် ကိုကိုက်မိလို့ သူ့ပါးနဲ့လျှာကိုဖောက်ထွက်ပြီး သူ့ပါးစပ်မှာတစ်လစ်ကြီးဖြစ်နေလို့ ည၂နာရီလောက်ကြီး သေအောင်အော်နေကြောင်း ရုံးကနေ ကိုကျော်စိုးဝင်းက ဖုန်းဆက်တော့ ရုံးကညီလေး ထွန်းလင်းအောင်နဲ့ကျနော့်ဇနီးဆုမွန်တို့မဲဆောက်ဆေးရုံကိုဆိုင်ကယ်နဲ့ ခွေးလေးကိုရင်ခွင်ပိုက်ပြီးခေါ်သွားရပါတယ်။ ဆေးရုံက လူပဲကုတာ ခွေးမကုဘူးဆိုလို့ ဒေါက်တာစင်သီယာဆေးခန်းကို ခေါ်သွားရပြန်ပါတယ်။ ဆေးခန်းမှာကလည်း ခွေးကို ခွဲစိတ်တာမလုပ်နိုင်ဘူး ဆိုပြီးငြင်းပြန်တော့ ရုံးကိုပြန်ခေါ်လာရပါတယ်။ ဒါနဲ့ရုံးက ရဲဘော် ၇ယောက်လောက် ပလယာနဲ့ မနဲဆွဲထုတ်လိုက်တော့မှ သွေးတွေတစီစီနဲ့ပေမယ့်အနာသက်သာသွားပါတယ်။ သူ့ကို ငယ်ငယ်ကတည်းက ရေချိုးပေးတယ်  ဘိုစာကျွေးတယ်။ မြန်မာစာလည်းကျွေးတယ်။ သန်းပျောက်ဆေးထည့်တယ်။ သူက အိမ်ထဲမှာ မနေချင်သူ ဘာကြွေးကြွေး သူမမှု လွတ်လပ်မှုကိုသာ သူကြိုက်တော့ မဲဆောက်လမ်းမပေါ်တွေမှာပဲ သူပျော်သူပါ။ ကျနော် ကားနဲ့တင်ပြီး ရုံးမှာထားလည်း သူခဏပဲနေပါတယ်။ အပြင်မှာ လျှောက်သွားနေရတာကို ပျော်တတ်တယ်။ အခုတော့ ရုံးဟောင်းဝန်းကျင်မှာပဲ သူနေနေပါတယ်။ ပြီးတော့ မဲဆောက်မှာ ကြောင်ပေါက်စလေး သုံးကောင်မွေးဖူးတယ်။ အဝါအဖြူကြားလေး နှစ်ကောင်နဲ့ အနက်တစ်ကောင်။ ဝင်ဒီ ဘရောင်နီ ဘလက်ကီ ဆိုပြီးနာမည်ပေးလိုက်တယ်။ သားကြီးဝင်ဒီကို ခွေးကိုက်လို့ တိရိစ္ဆာန်ဆရာဝန်နဲ့တောင်ကုယူရပါတယ်။ သုံးကောင်လုံးဟာ ဘိုစာပဲကြိုက်ကြတယ်။ တစ်ရက်သား ကျနော် အမေရိကားကနေ မဲဆောက်က ငှါးထားတဲ့ အိမ်ကိုပြန်တော့ သားအလတ် ဘရောင်နီက ကျနော်မတ်တပ်ရပ်နေတာကို ဖက်တက်ပြီး ပါးကို အနမ်းပေးတာ အခုအထိမမေ့နိုင်သေးဖူး။ ကျနော်နဲ့သူက သူငယ်ငယ်ထဲက ဒီလိုဆော့နေကျပါ။ သားအလတ်ပြေးလာတော့ အကြီးကောင်နဲ့ အငယ်ကောင်ကပါ ကျနော်ဆီပြေးလာကြပါတယ်။ တိရိစ္ဆာန်တွေဟာ သခင်တွေကို အားကိုးတာ ချစ်တာ မေတ္တာတွေပေးတာတွေဟာ ဘဝရဲ့အစိတ်အပိုင်းတွေအဖြစ် သတိရနေရပါတယ်။

အခုဝါရှင်တန်မှာတော့ တိုက်ခန်းလေးဖြစ်နေတော့ အိမ် ဝရန်တာလေးမှာ စာကလေးတွေ ခိုကလေးတွေကိုပဲ နေ့စဉ် ထမင်း၆လုံးချက်ပြီး  အစာကျွေးဖြစ်နေပါတယ်။ စာကလေးတွေဟာ မနက်ဆို အုပ်လိုက်လာအော်ကြတယ်။ ကျနော်ဟာ ဝါရှင်တန်ရဲ့ ဂီတသံ ကိုပြပါဆိုရင် စာကလေးတွေရဲ့ ကျိကျိကျလစ် အသံလေးတွေနဲ့သူတို့စကားပြောသံလေးတွေပါပဲ လို့ပြောရမှာဖြစ်ပါတယ်။  ငယ်ငယ်ကသင်ဖူးတဲ့ စကားပြေထဲက မောင်လူအေး ရဲ့ "စာကလေးတွေ ဘာလို့ဘိနပ်မစီးရတာလဲ" စတဲ့ ငယ်ငယ်က သင်ခဲ့ရတဲ့ စကားပြေစာလေးတွေကိုလည်း စိတ်ထဲလွမ်းဆွတ်တသရင်း တိရိစ္ဆာန်တွေအကြောင်းကို မှတ်မိသ၍ စဉ်းစားမိနေပါတယ်။

ဇော်ဝင်း
(ဝါရှင်တန်)
December 13 2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...