Tuesday, December 11, 2012

မိုးထဲ လေထဲက ငါးနီတူ တစ်ကောင်


by Mar Ga Luelin on Tuesday, December 11, 2012 at 5:44am 

(၁)
ဒီနှစ် မိုးကောင်းသည် ။ အချိန်ပြည့်နီးပါး မိုးရွာနေတတ်သည် ။ အမှန်အတိုင်းပြောရလျှင် မိုးရာသီတွင်မွေးသော ကိုဖိုးလ မိုးရာသီကိုမကြိုက် ။
မိုးရာသီ သည် ကိုဖိုးလတို့လို ကုန်ထမ်းအလုပ်သမားတွေနှင့် မသင့်တော် ။ သူတို့ ကုန်ထမ်းအလုပ် သမားတွေဘ၀ကလည်း ဆိပ်ကမ်းကို မှီခိုနေရသည့်ဘ၀ ၊ သင်္ဘောဝင်ချိန်ထွက်ချိန်နှင့် အချိန်ကိုက်ပြီး လုပ်ရသည့်ဘ၀ ။
မိုးရွာပြီဆိုလျှင် အလုပ်သမားခေါင်းကိုအောင်ရွှေကြီးက အလုပ်မြန်မြန်ပြီးရန် ပွက်တတ်သည် ။ ကိုအောင်ရွှေကြီးဆူတာ ပွက်တာကလည်း သဘာဝကျသည် ၊ မတော်လို့ ကုန်အိတ်တွေ ရေစိုသွားလျှင် သူတို့ အထမ်းသမားအဖွဲ့နှင့် ကုန်သည်တွေ ပြသနာတက်မည်မဟုတ်လား ။

အခုတလော အလုပ်ကလည်း အရင်ကလိုမကောင်း ။ သူတို့ဆိပ်ကမ်းကိုဝင်ထွက်နေကြသင်္ဘောတော်တော်များများမှာလည်း အသေးစားပြင်ဆင်မူ့တွေ လုပ်နေရသည်ဟု ဆို၏ ။ သူတို့ဆိပ်ကမ်းကုန်ထမ်းသမားအဖွဲ့မှာလည်း လူသစ်တွေတိုးလာနေသည် ။သို့သော် ကိုဖိုးလသူတို့ကို မငြိုငြင်စိတ်မကွက် ။ သမုဒ္ဒရာ ၀မ်းတစ်ထွာပင် ။

" ဟေ့ . . . ဖိုးလကြီး ၊ မင်းနှယ့် မှိုင်နေလိုက်တာကွာ ၊ မင်းမိန်းမ မိနွယ် လင်ငယ်နောက်လိုက်သွားလို့လား ၊ ငါ့ကို ကုန်ထုတ်လာပင့်ပေးဦးဟ "
ဘ၀တူ ကုန်ထမ်းသမား သာထူး၏ အသံကြားမှ ပြန်သတိဝင်လာသည် ။ အင်း ၊ ငါးနာရီတောင်ထိုးပေါ့ ၊ သင်္ဘောလည်းထွက်တော့မည် ။
နေ့တွက်ခ ရှင်းပြီးလျှင် မိနွယ်နှင့် ကလေးနှစ်ယောက်ဆီပြန်ရဦးမည် ။ ကိုဖိုးလရေ ဒီနေ့အိမ်ဌားခပေးရဦးမယ် ဟုဆိုတော့ မိနွယ်မနက်ကပြောခဲ့သော စကားကို ပြန်ကြားယောင်မိသည် ။ကိုဖိုးလ သူ့ခြေထောက်ကို သူပြန်ငုံ့ကြည့်မိသည် ။ ဖိနပ်မစီးထားသော သူ့ခြေထောက်ညိုညစ်ညစ် သည် တုံ့ဆိုင်းဆိုင်း ။

(၂)
" ငါးနီတူ သောက်ဆမ်းလေး စားချင်လိုက်တာကွာ " ။ ကိုဖိုးလ ၏ လေးတွဲတွဲ အသံကို ကြားတော့ သူ့မိန်းမ မိနွယ်က ဟင်းထည့်နေရာမှ မျက်လုံးလှန်ကြည့်သည် ။ " တကတည်းတော် . . . ခဏနေရင် ဒေါ်ရင်ကြီးလာတော့မယ် ၊ အိမ်ဌားခမပေးနိုင်လို့ ဘယ်လိုတောင်းပန်ရ
မလဲ မစဉ်းစားဘူး ၊ အူမ အလှဆင်ချင်နေသေးတယ် " မိနွယ်က ငေါ့သည် ။ " ဟ. . . ငါလည်းကြိုးစားတာပဲကွာ ၊ သူများတွေလို အရက်သောက်တာလည်းမဟုတ် ၊ ဖဲရိုက်တာလည်းမဟုတ် ၊ သင်္ဘောမ၀င်တော့အလုပ်မကောင်းတာ ဘယ်တတ်နိုင်လဲ " အိမ်ရှေ့ကွပ်ပြစ်လေးပေါ်တွင် စာကျက်နေကြသော သားကြီးနှင့်သမီးငယ်က သူတို့မိဘနှစ်ပါးလေသံကျယ်လာတော့လှည့်ကြည့်သည် ။ " နင့်ဟာနင် အရက်သောက်သောက် မသောက်သောက် ငါမသိဘူးဖိုးလရဲ့ ၊ သူများတွေလို ဆိပ်ကမ်းဆီ ပေပါတွေမှာ ၊ ဆီလေးဘာလေးခိုးပါဆိုတော့လည်း မခိုးရဲ မခိုးတတ် ၊ ငါ့သောက်ရှက်တွေလည်းကွဲလှပြီ ၊ လမ်းထိပ်က ဆိုင်မှာ ဆန်ဖိုးတွေမပေးနိုင်လို့ ဖြတ်သွားတိုင်းအတောင်းခံနေရတာလည်းကြာပြီဟဲ့ သိရဲ့လား " ။ " ဟာ . . . ဒီကောင်မ တော်စမ်းကွာ ၊ မင်းသောက်သံဗြဲကြီးနဲ့ အော်မနေနဲ့ . . . ၀ုန်း . . . ဂွမ်း " ထမင်းဟင်းပုဂံများ ပြုတ်ကျသံနှင့်အတူ သမီးငယ်၏ ငိုသံပါထွက်လာသည် ။ " ၀ါး . . . ရန်မဖြစ်ကြပါနဲ့ ဖေကြီးနဲ့မေကြီရယ် . . . အင့်. . . အိမ်ရှင်ကြီးကြီးရင် လာပီ " ၊ ခတ္တတိတ်ဆိတ်သွား ။

" အောင်မလေးဟဲ့ ၊ အောင်မလေး ၊ အိမ်ဌားခ သုံးလေးလ မပေးတဲ့အပြင် ငါ့အိမ်ပေါ်မှာဝုန်းဒိုင်းကျဲပြီး ရန်ဖြစ်နေကြပါလား ၊ ဟဲ့မိနွယ် ဟဲ့ဖိုးဝ ၊ ဘယ်မှာလဲ အိမ်ဌားခ ၊ မပေးနိုင်ရင် အခုချက်ချင်းဆင်း ၊ အခုဆင်း " ဒေါ်ရင်ကြီး ၏ အသံက သူတို့အိမ်တခုလုံးကိုဖုံးလွမ်းသွားသည် ။ ကိုဖိုးလ ဘာမှပြန်မပြော ၊ ဒူးပေါ်လက်တင်က အံကြိတ်ထားသည် ။ မိနွယ် သည် မျက်ရည်စများဖြင့် နီမြန်းသောမျက်နှာကို
တင်းကာ အထပ်အပိုးတချို့နှင့်ကလေးနှစ်ယောက်လက်ကိုဆွဲကာ အိမ်ပေါ်မှဆင်းသွားသည် ။ အိမ်ရှေ့မှအော်နေသော ဒေါ်ကြီးရင်၏ အသံနောက်ကို မိုးကလိုက်လာသည် ။ ဖွဲဖွဲ သည်းသည်း ။

(၃)
ဆိပ်ကမ်းမှ ပန်းခြံလေးတွင် သစ်သားဖြင့်မိုး ၊ သစ်သားဖြင့်ရိုက်ထားသော ခုံဝိုင်းလေးများရှိသည် ။ ထိုနေရာသည်ကိုဖိုးလတို့ ကုန်ထမ်းများအတွက် ဘုံဗိမာန်ဆိုလျှင်မမှား ၊ သင်္ဘောမလာခင် သည်နေရာမှ စောင့်ရသလို ၊ နေ့လည်တရေးတမောအိပ်ရန် ၊ နားနေရရန် ၊ ကျားကွက်ကစားရန် ၊ ထမင်းစားရန် သုံးကြသည် ။

" ဖိုးလကြီး ၊ ကိုအောင်ရွှေကြီး နေ့တွက်ခတွေထုတ်ပေးနေပြီ ၊ သွားယူလိုက်ဦး " သာထူး၏ အသံကြားသော်လည်း ကိုဖိုးလမလှုပ် ။
သာထူးသက်ပြင်းချကာ ကိုဖိုးလဘေးတွင် ၀င်ထိုင်သည် ။

 " အေး . . . မင်းနဲ့မိနွယ်အကြောင်းတွေကို ငါတို့ကြားပြီးပြီ ၊ မိနွယ် သူ့မိဘတွေရှိတဲ့ရွာကို ပြန်သွာတယ်ဆို ၊ အိမ်ကိုလည်းဒေါ်ရင်ကြီးက အိမ်ဌားထပ်တင်မယ်ပြောတယ် ။ မင်း မနေ့က ဒီပန်းခြံမှာအိပ်တယ်မလား ၊ မိုးမလုံ ဘာမလုံနဲ့ကွာ ၊ ညနေကျရင် ငါ့အိမ်မှာ စောင်နဲ့ တလာပါတ် လိုက်ယူလှည့် ၊ ဟုတ်ပြီလား ၊ အဲ့လောက်စိတ်ညစ်နေရင်လည်း ညကျရင် ငါနဲ့မကြင်ရှိန် အရက်ဆိုင်ကိုလိုက်ခဲ့ "
 ကိုဖိုးလဘာမှပြန်မပြော ။ ညရောက်သောအခါ ကိုဖိုးလ တစ်သက်တာတွင် ပထမဆုံးအကြိမ် အရက်မူးသည် ။

မိုးကုန်ပြီ ။ ကိုဖိုးလ လည်းအရက်ကိုကောင်းကောင်းသောက်တတ်ပြီ ။ မိနွယ်နှင့်ကလေးနှစ်ယောက်ကို မကြာခဏသတိရတတ်သော်လည်း လတ်တလော ကိုဖိုးလသိသည်မှာ ၊ ကုန်ထမ်းမည် ၊ အရက်သောက် မည် ။ အချိန်ခဏရလျှင် အရက်ဆိုင်ကိုပြေး၍ သောက်သည် ။ ညဆိုလျှင်ကိုဖိုးလ အလုပ်မလုပ်တော့ ၊ မူးနေပြီ ။ ထမင်းလည်းစားချင်မှစားသည် ၊ မစားချင်လျှင်မစား ။ လက်ဦးဆရာကို သာထူးလည်းလက်
လျှော့လိုက်ရပြီဖြစ်သည် ။ တနေ့ ကုန်ထမ်းရင်း ဆိပ်ကမ်းနှင့်သင်္ဘောကို ထိုးထားသော ကုန်းဘောင် သစ်သားတံတားပေါ်မှာ ကုန်အိတ်ရော လူပါပြုတ်ကျသည် ။ လူက ရေးကူးပြီးပြန်တက်နိုင်သော်လည်း ၊ ကုန်အိတ်ကား မြုပ်သွားပြီ ။ အလုပ်သမားခေါင်းကိုအောင်ရွှေကဆူသည် ၊ ပွက်သည် ။ ကိုဖိုး တခွန်းမှ ပြန်မပြောပဲ ကုန်ထမ်းနေရာမှ အရက်ဆိုင်ရောက်သွားသည် ။ ကိုအောင်ရွှေသည် ခေါင်းကိုခါယိမ်း
ကာ ကိုဖိုးလ ကိုအလုပ်သမားအဖွဲ့မှ ထုတ်ပယ်လိုက်သည် ။ မိုးရာသီမှ ဆောင်း ၊ ဆောင်းရာသီမှ နွေ ။ နွေရာသီမှ . . . ။

(၄)
မိုးဦးတပါတ်လည်ကာ ရာသီစက်ဝန်းအသစ်စပြီ ။ ပန်းခြံမှ အမိုးမလုံအကာမလုံသောခုံလေးတွင်နေသည့် ကိုဖိုးလ ၊ နေ့စဉ်ရက်ဆက် အရက်သောက်သော ကိုဖိုးလ ခြေလက်များဖေါရောင်နေသည် ။ ကိုဖိုးလ၏ မျက်နှာလည်း ဖောင်းကားဝါထိန်နေသည် ။ အလုပ်ပြုတ်ခါစက အရက်သောက်လိုဇောဖြင့် မိတ်ဆွေ သူငယ်ချင်းများထံမှ ပိုက်ဆံလိုက်တောင်းသည် ။ ဘ၀တူသူငယ်ချင်းများက စာနာစိတ် ၊သနားစိတ်များ ဖြင့် တရာစ နှစ်ရာစ ပေးကြသည် ။ ရက်မှ လချီလာသောအခါ သူငယ်ချင်းများက ရှောင်ဖယ်လာကြသည် ။ ကိုသာထူးတစ်ယောက်သာ တနေ့နှစ်ရာ ထမင်းဖိုးပေးတော့သည် ။ ထိုပိုက်ဆံကိုပင် အရက်သောက် ပစ်သည် ၊ မလောက်ဌလျှင် ၊ မကြင်ရှိန် အရက်ဆိုင်တွင် စားပွဲဝင်ထိုးသည် ၊ ပုဂံဝင်ဆေးသည် ။ အခုတလော ကိုဖိုးလ၏ ကျန်းမာရေးမကောင်း ၊ အ၀တ်အစားများလည်း ချွေးနံ့ ၊ အရက်နံ့
သေးနံ့များ နံဟောင်နေသည် ။ မိတ်ဆွေရင်း ကိုသာထူးပင်အနားကိုကြာကြာမကပ်နိုင် ။ တစတစ မိုးနှောင်းသို့ရောက်ရှိ  ။

ကိုဖိုးလဘေးတွင် ကုန်ထမ်းသမားများဝိုင်းနေသည် ။ ကိုဖိုးလ အသက်ပြင်းစွာ ရှုနေရသည် ။ သူ၏ ရင်ဘတ်ရိုး များသည် နှိမ့်လိုက် မြင့်လိုက် ။
မျက်လုံးများလည်း မပွင့်တပွင့် ။ ကိုသာထူး နှင့် အလုပ်သမားခေါင်းကိုအောင်ရွှေကြီးလည်း မျက်ရည်တစမ်းစမ်း ။ အင့်ခနဲ ရှိုက်သံနှင့် အတူ ကိုဖိုးလ မျက်လုံးများပွင့်လာသည် ။ " ဖိုးလကြီး မင်း. . . မင်း ဘာစားချင်တုန်း ၊ ဘာပြောချင်တုန်းကွာ ၊ ငါ့ကောင်ကြီး " ကိုသာထူးသည်
ကိုဖိုးလကိုပွေ့ပြီး မချိတင်ကဲ အသံဖြင့်မေးသည် ။ ကိုအောင်ရွှေသည် မျက်နှာကို ဟိုဘက်လွဲကာ မျက်ရည်သုတ်သည် ။ ကိုဖိုးလ၏ နုတ်ခမ်းများ တရွရွလှုပ်လာသည် ။

" အရက်သောက်ချင်. . . တယ် ၊ ငါး  ငါးနီတူသောက်ဆမ်းလေး   မိနွယ်မိနွယ် ၊ သား နဲ့သမီး ×××× " မသဲမကွဲပြောသံအဆုံးတွင် ကိုဖိုးလ ဇက်ကျိုးကျသွားသည် ။ ဖြစ်မှဖြစ်ရလေ ဖိုးလကြီးရာ ဟူသော ကုန်ထမ်းအလုပ်သမားများ၏ ရေရွတ်သံအဆုံးတွင် မိုးများသည်းသည်းမည်းမည်းကျလာပြန်သည် ။ သည်းသည်း    မည်းမည်း ။

မာဃသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...