ရေနဲ့ငါး၊ ရဲနဲ့ပြည်သူ
by Ko Nyo on Wednesday, December 5, 2012 at 9:25am
ရဲတပ်ဖွဲ့ဝင်တွေဥပဒေဘောင်အပြင်ကကျူးလွန်မှုတွေကြောင့်သေဆုံးကြရတဲ့သတင်းတွေ
မကြာခနလိုလို..ပြည်တွင်းသတင်းဂျာနယ်တွေမှာတွေ့ရတတ်တယ်။
တလောကပဲ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာ မူးရစ်ဆဲဆိုနေသူတယောက်ကို ရဲ ၂ ယောက်က ပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်ဆက်လို့ပြင်းထန်တဲ့ဒါဏ်ရာတွေနဲ့ သေဆုံးသွားတဲ့သတင်း ကြားခဲ့ရတယ်။
အဲလိုမူးလို့ရဲကဖမ်းဆီးနှိပ်ဆက်ပြီး လက်လွန်သေဆုံးတဲ့သတင်းတွေဗမာပြည်မှာ ခနခနဖြစ်တာ မဆန်းတော့သလိုပဲ။ ရဲမှမဟုတ်ဖူး
၊ ထောက်လှမ်းရေးက လက်လွန်လို့၊ တပ်မတော်သားတွေကပစ်ခတ်လို့၊ထောင်ဝန်ထမ်းတွေ နှိပ်ဆက်လို့.. စတဲ့..စတဲ့.
အာဏာပိုင်တွေကစည်းမဲ့ကမ်းမဲ့ဆောင်ရွက်လို့အချီးနှီးသေဆုံးခဲ့ရသူတွေမနည်းတော့ဖူး။သေချာစနစ်တကျမှတ်တမ်းတင်ထားရင် အဲလိုလက်လွန်ခြေလွန်အသုဘတွေက ကံကုန်လို့သေဆုံးသွားကြသူတွေထက် ပိုများလိမ့်မယ်ထင်တယ်။
မကြာခင်ရက်ပိုင်းကဖြစ်ခဲ့တဲ့ လက်ပံတောင်းသပိတ်ဖြိုခွဲမှုကလည်းမဆင်မခြင် အရေးယူလုပ်ဆောင်မှုက အခြေခံပဲ။
ဒီမိုကရေစီနိုင်ငံတွေမှာ လက်ပံတောင်းလိုကိစ္စမျိုးဆိုရင်.. တာဝန်ရှိသူတွေ တလှေကြီးအရေးယူခံရမယ်၊ရာထူးကနှုတ်ထွက်ရလိမ့်မယ်။
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူတယောက်စီတိုင်းမှာ တန်ဘိုးကိုယ်စီရှိတယ်လို့ နားလည်ထားရတယ်။
ခန္ဓာကိုယ်နာကျင်ဒါဏ်ရာရဘို့ မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့ စိတ်ထဲခံစားသွားရရင်၊
ဂုဏ်သိက္ခာညှိုးငယ်သွားရင်.. တရားစွဲခံရတယ်။ သေရာပါအမာရွတ်တွေမျက်နှာနဲ့ခန္ဓာကိုယ်မှာ ထင်ကျန်ရစ်ခဲ့မဲ့လူတယောက်
ရဟန်းတပါးရဲ့ဂုဏ်သိက္ခာနဲ့ သူရဲ့ခံစားချက်ကို၊ ကိုယ်ချင်းစာကြည့်ပေါ့။
လူတယောက်သေတယ်ဆိုတာ (လူကိုလူချင်းတန်ဘိုးမထားတတ်တဲ့) အာဏာရှင်နိုင်ငံတွေမှာသာ မဆန်းတော့သာ၊ ဒီမိုကရေစီနိုင်ငံတွေဆို.. အုံးအုံးကြွက်ကြွက်ပဲ။
ကျနော်တို့သတင်းထောက်လောကမှာ လူတယောက်သွေးရိုးသားရိုးမဟုတ်ပဲ သေတယ်ဆိုသိတ်ကို အရေးကြီးတဲ့သတင်းပဲ။ နော်ဝေးနိုင်ငံမှာဆို၊ လူတယောက်ပျောက်ဆုံးနေတဲ့ သတင်းဟာ. .ရဲကအသက်ရှင်ရက်ဖြစ်စေ၊ အလောင်းပဲဖြစ်စေ မဖော်မထုတ်နိုင်မချင်း နေ့စဉ်ရက်ဆက်မီဒီယာတွေကနေ အဲဒီသတင်းကိုစာလုံးမဲကြီးတွေနဲ့ ခေါင်းကြီးသတင်းအဖြစ် ဖော်ပြနေတာပဲ။
ရဲအမှုထမ်းတွေမှာ တာဝန်သိတ်ကြီးလေးတယ်။ ပြည်သူတွေအပေါ် ပေါ့ပေါ့တန်တန်၊လက်လွတ်စပယ်သွားလုပ်လို့မရဖူး။
ဗမာပြည်မှာကျနော်တို့လူမှန်းသိစကတည်းက၊ရဲတွေနဲ့ပတ်သက်ပြီ်းအထင်သေးတွေချည်းကြားနေရတယ်။လူတိုင်းကရဲဆို..ချဉ်တယ်။ သံပုရာသီးလို့လည်းခေါ်ကြတယ်။သူတို့ကလည်းလူမြင်ရင် အချဉ်ဖမ်းဘို့ဘဲကြည့်တယ် ဆိုတာမျိုးအထိကြားနေရတာ..
စိတ်မကောင်းစရာချည်း။ ဗမာပြည်မှာရဲနဲ့ပတ်သက်တဲ့ အရပ်စကားပုံကလည်း သိတ်မကောင်းလှဖူး။
ဥပမာ..ဟင်းမရှိပဲပြုတ်၊ ဥာဏ်မရှိရဲလုပ်။ ယောင်္ကျားပျင်းပုလိပ်၊မိန်းမပျင်းကွိတ် (ကွိတ်ဆိုတာပြည့်တံဆာကို ဗန်းစကားနဲ့ခေါ်တာ) ပြီးတော့
ရုပ်ရှင်ကြည့်တိုင်း (ဇာတ်လမ်းသဘောအရ) လူဆိုးတွေကို ဇာတ်လိုက်ကအပြတ်ချပြီးမှ ရဲကရောက်ရောက်လာတော့.. ရဲဆိုရင်ပြည်သူ့ကယ်တင်ရှင်လို့ကို မမြင်ဖူး။ဒါတောင်ဗမာကားတွေမှာ ပေါ်လစီအရပြည်သူ့ရဲတပ်ဖွဲ့ဆို.. အမွှန်းတင်ရိုက်ရတာ
၊သေးသိမ်အောင်မလုပ်ရတာတွေ ရှိသေးတယ်း။ ကုလားကားဆို သိတ်လွတ်လပ်တာ။ရဲဆိုရင် အပြတ်နှိပ်ကွတ်ခံရတယ်။
လဂ်စားတာ၊ ငွေရှင်ဓနရှင်တွေ လက်ကိုင်ဒုတ်ဖြစ်တာ၊ အစိုးရ၀န်ကြီးတွေကို အကာအကွယ်ပေးတာ..
ဒါတွေပဲထပ်နေအောင် ဇာတ်လမ်းတွေထဲ အထည့်ခံနေရတာ…။ အပြင်မှာလည်း အိန္ဒိယရဲအများစုက အဲလိုစရိုက်တွေရှိကြတာကြုံဖူး၊တွေ့ဖူးတယ်။
ဒီတော့ရဲဆိုရင်..ဘယ်ရဲဖြစ်ဖြစ်အောက်ဆိုက်နည်းနဲ့ ပိုက်ဆံရှာသူတွေလို့ပဲ သိထားကြတာများတယ်။ရဲရဲ့နမိတ်ပုံဟာမလှဘူး။
ဒါဟာကျနော်တို့နိုင်ငံအတွက် မကောင်းလှဖူး။အရာရာမှာအကောင်းအဆိုးတွေရှိတဲ့ထဲမှာ.. ရဲဆိုရင်ပြည်သူတွေက အဆိုးမြင်တာ သိတ်မကောင်းလှဖူး။
ဒီလိုဖြစ်အောင်လည်း ကျနော်တို့တိုင်းပြည်ကခေတ်စနစ်နဲ့၊အုပ်ချုပ်ရေးယန္တရားကြီးကပြဌာန်းပေးလိုက်တာပါ
။မြန်မာ့ရဲတပ်ဖွဲ့ဟာလက်နက်ကိုင်တပ်တွေထဲမှာအောက်ကျနောက်ကျဆုံးဖြစ်အောင်၊အခွင့်အရေးအမဲ့ဆုံးဖြစ်အောင်၊ပြည်သူ့ချဉ်ဖတ်ဖြစ်အောင်..
စစ်အာဏာရှင်စနစ်ကြီးက သွတ်သွင်းပေးလိုက်တာဖြစ်တယ်။မြန်မာပြည်မှာရဲမှုးဆိုတာ အဆင့်အမြင့်ဆုံးရာထူးဖြစ်တယ်။
ဒါပေမဲ့တပ်မတော်က စစ်ဗိုလ်တယောက်လောက်တော င်အာဏာစက်မပြင်းဘူး။သာမန်ရဲအုပ်ဘ၀ကနေမြို့နယ်မှုးလောက်ဖြစ်ဘို့အနှစ်၂၀လောက်စောင့်ရပေမဲ့၊
စစ်တပ်ထဲမှာ၇နှစ်နဲ့ ဗိုလ်ကြီးဖြစ်လာသူက ရဲထဲမှာမြို့နယ်မှုးအဆင့်ရာထူးရပါတယ်။
တပ်ထဲကတပ်ကြပ်တယောက်ကရဲထဲရောက်ရင်ရဲတပ်ကြပ်ကြီးရာထူးရပါတယ်။
စစ်တပ်ကပဲအခွင့်ထူးခံနေတာပါ။ပြီးတော့စစ်တပ်ရဲ့ အစေအပါးကျေးကျွန်လိုခိုင်းရာလုပ်.. အိမ်နိမ့်စံဘ၀နဲ့နေရတာဖြစ်တယ်။
တပ်မတော်သားတွေကိုယ်တိုင်က ရဲဆိုရင်နှိမ့်ချဆက်ဆံတတ်သလို၊ရဲတွေကိုယ်တိုင်က စစ်သားကိုတောင်ကြောက်ရွံနေရတာပါ။
ကျနော်တို့နိုင်ငံမှာအဲလိုမျိုး.. ၀န်ထမ်းချင်းအတူတူ၊အဆင့်ခွဲခြားဆက်ဆံခံနေရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါကိုထုးံစံလို့ပဲမြင်နေကြပါတယ်။
ရင့်ကျက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ ရဲဆိုတာပြည်သူနဲ့ အနီးဆုံးလက်နက်ကိုင်တပ်ဖြစ်တယ်။ပြည်သူကို အနီးကပ်စောင့်ရှောက်ရတယ်။
တာဝန်ချိန်အတွင်း၊လူတွေကိုဘာအကူအညီလိုသလဲ၊ဘယ်နေရာမှာဘာလုပ်ပေးဖို့လိုအပ်သလဲဆိုတာကိုပဲအာရုံစိုက်တယ်။
တခါတုံးက..ကျနော်နေထိုင်တဲ့နော်ဝေးနိုင်ငံ.. အော်စလိုဘူတာနားမှာ
အရက်မူးနေတဲ့ အမျိုးသားတယောက်ကို ရဲ ၂ ယောက်က လက်မောင်းတဖက်တချက်စီကိုင်ပြီး တွဲခေါ်လာတယ်။
အမူးသမားကဘယ်ဘက်က ရဲကိုခေါင်းထောင်ကြည့်ပြီးဆဲလိုက်၊
ညာဘက်ကရဲရဲ့မျက်နှာပြန်လှည့်ကြည့်ပြီး ဆဲလိုက်နဲ့သူ့ကို လူကြားထဲကနေအခုလို ဆွဲခေါ်သွားရမလားဆိုပြီး ရန်ထောင်နေတာ။ရဲ၂ယောက်ကတော့ ဘာမှမဖြစ်သလိုပဲ.. ရီရီမောမောနဲ့အမူးသမားကို ချာ့ခေါ်သွားတယ်။ အဲလိုမြင်ကွင်းမျိုး မကြာခနတွေ့ဖူးတယ်။ရဲကအမူးသမားကြောင့် အများတကာ စိတ်အနှောက်အယှက်မဖြစ်အောင် ထိမ်းသိမ်းတာဖြစ်တယ်။
အဲဒီအမူးသမားကို ရဲစခန်းထဲခနခေါ်သွားမယ်။
သူလိုအပ်တာကျွေးမွေးမယ်၊ အမူးပြေရင်အိမ်ပြန်ပို့ပေးမယ်၊ ဒါပဲ။
သူ့ကို ကိုယ်ထိလက်ရောက်ထိုးကြိတ်၊ ခြိမ်းခြောက်၊ ရိုက်နှက်တာမျိုး ထုံးစံမရှိဖူး။ လုပ်လို့လဲမရဖူး။
တခါတုံးကမြို့ပတ်ရထားပေါ်မှာ မူးနေသူတယောက် သူ့ဖာသာကျယ်ကျယ်လောင်လောင်နဲ့
တယောက်ထဲအော်ဟစ်ဆဲဆိုတာကို တစုံတယောက်ကနံပါတ် ၁၁၂ (ရဲအရေးပေါ်နံပါတ်) နှိပ်ခေါ်လိုက်တယ်ထင်တယ်။
ရထား ၂ မှတ်တိုင်လောက်မှာ ဘဲ ရဲ ၂ ယောက်တက်လာတယ်။သူ့ကိုနောက်မှတ်တိုင်မှာ ဆင်းဖို့နားချနေတယ်။
ဟိုလူကဂျစ်ကန်ကန်ရယ်၊ ဂိတ်ဆုံးအထိစီးမယ်၊ ငါ့အိမ်ကဂိတ်ဆုံးမှာဆိုလို့..
ရဲတွေရထားဂိတ်ဆုံးထိစီးပြီးလိုက်ပို့ပေးရတယ်။ ခရီးသည်တွေ စိတ်မပျက်အောင်ဆောင်ရွက်ပေးသလို၊
သူ့ကိုစောင့်ရှောက်ပေးတဲ့ သဘောလည်းပါတယ်။နော်ဝေးမှာမူးယစ်ဆေးစွဲနေသူတွေကို အစိုးရကမှတ်ပုံတင်ထားတယ်။ နေ့စဉ်အချိန်တန်ရင၊်
ရဲတွေကလာပြီး မူးယစ်ဆေးကို အချိုးကျဝေငှပေးတယ်။ (ကိုယ်ကမပေးရင်.ရာဇ၀တ်မှုပိုဖြစ်လာမယ်၊
အတိုင်းအဆမရှိသုံးစွဲပြီး အသက်အန္တရာယ်ထိခိုက်မယ်) ရဲဆိုတာဆောင်ပုဒ်ချိတ်ထားရုံ သက်သက်မဟုတ်ပဲ
လက်တွေ့ပြည်သူတွေ အသက်နဲ့စည်းစိမ်ဥစ္စာ လုံခြုံရေးကို စောင့်ရှောက်တာဖြစ်တယ်။
“သူများနိုင်ငံမှာရဲတွေကလူတွေကို ဘာအကူအညီပေးရမလဲဆိုတဲ့ မျက်လုံးနဲ့ကြည့်တာ၊
ကျနော်တို့နိုင်ငံကရဲတွေက လူတွေဆီငွေဘယ်လိုညှစ်ရမလဲဆိုတဲ့ မျက်လုံးနဲ့ကြည့်တာဗျ”လို့ မိတ်ဆွေတယောက်ကပြောဘူးတယ်။
ဒီကရဲတွေနဲ့ပတ်သက်ပြီး ရီစရာလိုလိုနဲ့ အမြဲသတိတရဖြစ်နေတာလေး တခုပြောအုံးမယ်။
တခါကအော်စလိုမြို့လည်ခေါင် လူစည်တဲ့ရှော့ပင်စင်တာကြီးတခုလှေခါးနားမှာ ရဲ ၂ ယောက် ရပ်နေတယ်။
လူတွေကသူတို့ကို ရှောင်ကွင်းသွားနေရတယ်။ သူတို့ကလမ်းမဖယ်ပေးဖူး။သတိထားကြည့်လိုက်တော့ သူတို့၂ ယောက်အလည်မှာ မစင်ပုံလေး။
ခလေးတယောက်ယောက် ထွက်ကျသွားဟန်တူတယ်။
သန့်ရှင်းရေးသမားမလာမချင်း လူများမနင်းမိအောင်ရဲတွေက စောင့်ကြပ်နေတဲ့မြင်ကွင်းကိုကြည့်ပြီး ရဲတွေကိုလေးစားသွားတယ်။ သူများဆီကရဲတွေတာဝန်ထမ်းတယ်၊လူထုအကျိုးကြည့်တယ်ဆိုတာ အဲလိုအသေးအမွှားလေးကအစ ဂရုတစိုက်တာဝန်ယူတာမျိုး။
ကျနော်တို့ဆီက ရဲတွေရဲ့ဘ၀အခြေအနေကနိမ့်ကျသလို၊ လည်သလိုရှာစားနေရတော့၊ အများမကြည်ဖြူ၊မလေးစားတဲ့အခြေအနေ ဆိုက်နေတယ်။
ဒီအတွက်ရဲအမှုထမ်းတွေ ကိုယ်စီသာမက၊ အထက်အာဏာပိုင်တွေမှာလည်း တာဝန်ရှိပါတယ်။မကြာသေးခင်ရက်ပိုင်းက လက်ပံတောင်း သပိတ်ဖြိုခွဲမှုကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ သွားလေ့လာတော့၊
ရဲကလည်းသူ့တာဝန်ကို အများလက်ခံအောင် သေသေချာချာမရှင်းပြပဲ တင်းတင်းမာမာဆက်ဆံခဲ့သလို
ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကလည်း ရင့်ရင့်သီးသီးပြောဆိုတုန့်ပြန်လို့ ၂ ဘက် တင်းမာတာတွေဖြစ်ကုန်တယ်။
တကယ်တော့ ပြည်သူတွေမှာလည်း Right to Information လို့ခေါ်တဲ့ သိလိုတာကိုမေးနိုင်တဲ့အခွင့်အရေးမျိုး မရှိတော့လို့ဒီလောက်ထိဖြစ်ကုန်တာပါ။
ရဲတွေကပြည်သူနဲ့ အနီးကပ်ဆုံးမှာ တာဝန်ထမ်းရတော့..
ရဲနဲ့ပြည်သူပဲ ထိတ်တိုက်တွေ့နေရတယ်။၁၉၈၈ တုံးက ရဲဝန်ထမ်းတွေနဲ့ပြည်သူတွေ ထိတ်တိုက်တွေ့ပြီး သေဆုံးတဲ့အထိဖြစ်ခဲ့ရတယ်။
ဒီကနေ့ကျနော်တို့တိုင်းပြည်ဟာ လူမဆန်တဲ့စနစ်ဆိုးကြီးနဲ့၊ အင်မတန်မှလူကို လူလိုသိတတ်တဲ့၊
လူတဦးချင်းစီအပေါ်မှာရော အယုတ်အလတ်အမြတ်မရွေး လေးစားချစ်ခင်တဲ့၊ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။
လက်အောက်ခံတပ်မတော်သားတွေရော၊ ပြည်သူ့ရဲရောဘ၀တူတွေပါ။
နှစ်ပေါင်းများစွာ လူလိုသူလိုအသိအမှတ်ပြုမခံရတဲ့ ကျောမွဲလူတန်းစားတွေထဲလည်းဖြစ်တယ်။
လယ်သမားတွေအလုပ်သမားတွေ ဆင်းရဲသလိုသူတို့လည်းချို့တဲ့ပါတယ်။ အခွင့်အရေးမဲ့သူချင်း အတူတူပါ။
တကယ့်အခွင့်အရေးသမားတွေ ဘယ်သူလည်းဆိုတာ ပြည်သူကသိပါတယ်။
ဒီခေတ်မှာသူတို့ကိုသူတို့အာဏာပိုင်လို့အခေါ်ခံရတာကိုပဲ ရှက်သလိုလို လုပ်နေပေမဲ့ပြည်သူ့ဘဏ္ဍာတွေ ခိုးဝှက်စားသောက်နေတာကို တော့မရှက်သေးပါဖူး။
ပီးတော့အောက်ခြေ၀န်ထမ်းတွေကို နှဖားကြိုးဆွဲ၊ လိုရာခိုင်းစေချင်တဲ့ အာဏာရှင်စရိုက်လည်း ရှိနေတုံးပါ။
“မရှိတာထက်၊မသိတာခက်”ဆိုတဲ့စကားလိုပဲ…….
အသိစိတ်ဓာတ်မဲ့တာဟာ မိမိကိုယ်တိုင်ရော၊ လူ့အဖွဲ့အစည်းနဲ့နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာ့နဲ့ဖွံ့ဖြိုးမှုကို အစွမ်းကုန်ထိခိုက်စေပါတယ်။
ကိုညို(အော်စလို)
0 comments:
Post a Comment