ဓာတ်ခဲရဲ့ရိုက်ချက်
by မင်းလူ၏ ၀တ္တုတိုများ on Sunday, December 9, 2012 at 5:37pm ·
ကျွန်တော့်ဆီမြတ်ခိုင် ဟိုတစ်လောက ဖုန်းဆက်သည်။ ကျွန်တော့်ဝတ္ထုစာအုပ်တစ်အုပ်၏ အမှာစာမှာပါသော အကြောင်းတစ်ခုနှင့်ပက်သက်ပြီး သူသိချင်တာမေးခြင်းဖြစ်၏။ ဒီကိစ္စကိုလည်း သူကဆောင်းပါးထဲ ထည့်ရေးမလို့ဟု ဆိုသည်။ သူရေးမှာက အကောင်းဘက်က ကြည့်မှာ။ ကျွန်တော့်ကိုရိုးသားသူအဖြစ် ချီးကျူးပြီးရေးမှာတဲ့။
ကျွန်တော်က မရေးစေချင်။ တော်ကြာ သူငယ်ချင်းမို့ပင်းသည်။ အကောင်းပဲရေးသည်ဟု အထင်ခံရမှာစိုးသည်။ ထိုအခါသူက-
" ဘာဆိုင်လဲကွ၊ မင်းမှားတာတွေ့ရင်လည်း ငါကညှာမှာမှ မဟုတ်တာ၊ ဆော်မှာပဲ "
" ဆော်ချင်တဲ့အခါဆော်၊ အခုဒီဟာတော့မရေးပါနဲ့ဗျာ "
" ရေးမှာပဲကွာ "
ထိုအခါ ကျွန်တော်က သူ့ကို စကားတစ်ခွန်းပြောပြီး နောက်လိုက်သည်။ ထိုအခါသူရုတ်တရက်လေသံပြောင်းသွား၏။ စိတ်ဆိုးသွားဟန်ဖြင့်-
" ဟေ့ကောင် ငါမင်းကို ဒီလိုသဘောမျိုး အကျပ်ကိုင်တာမဟုတ်ဘူးကွာ၊ တော်ပြီ မင်းအကြောင်း ငါမရေးတော့ဘူး၊ မင်းဆီကလည်း ဘယ်တော့မှ စာမူမတောင်းတော့ဘူး "ဟု ဒေါသသံဖြင့်ပြောသည်။ ကျွန်တော်အံ့ဩသွား၏။ အရင်က သူ့ကိုဒီထက်မက ပြောခဲ့တာတောင် စိတ်မဆိုးခဲ့ဘဲနဲ့။ ထို့ကြောင့်-
" ဘယ်လိုဖြစ်တာလဲ သူငယ်ချင်းချင်း ဒီလောက်လေးတောင် နောက်ခွင့်မရှိဘူးလား "ဟုပြန်မေးလိုက်သည်။
နောက်တော့ ဒီအကြောင်းကို သူက ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ်ရေးသည်။ သူ့ကိုယ်သူ ပြန်ဝေဖန်ခဲ့ခြင်းဖြစ်၏။ ကျွန်တော်လည်းပြန်စဉ်းစာကြည့်ပြီး သဘောပေါက်သွားသည်။ ထိုရက်ပိုင်းက သူ့မှာလူမှုရေးရော၊ လုပ်ငန်းပိုင်းမှာရော စိတ်ဖိစီးမှုတွေများနေသည်။ ထို့ကြောင့် ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်သွားပုံရ၏။ ဒါမျိုး ကျွန်တော်တို့လည်း ဖြစ်လေ့ရှိ၏။ စိတ်ရှုပ်ထွေးနေချိန်မှာ ဘာမှမဟုတ်တာလေးကို သည်းမခံနိုင်ဘဲ ပေါက်ကွဲမိတတ်၏။ ပြီးမှ စိတ်မကောင်းဖြစ်ရသည်။
ဓာတ်ခဲရုပ်ရှင်ဇာတ်ကား အထူးပွဲပြတဲ့နေ့က သမ္မတရုံရှေ့မှာ မြတ်ခိုင်နှင့် ထပ်ဆုံသည်။ ကျွန်တော်က မကြာခင်မှာ မဟာအတွက် စာမူတစ်ပုဒ်ရေးပေးမည်ဟု ပြောသည်။ သူက " မင်းဆီက စာမူဘယ်တော့မှ မတောင်းတော့ဘူး "ဟုထပ်ပြောပြန်သည်။
မြတ်ခိုင်၏ အသားအရောင်သည် အင်ဂျင်ဝိုင်အရောင်မျိုးဟု စာထဲမှာ ကျွန်တော်ထည့်နောက်ဖူးသည်။ ခုမြင်ရတာကတော့ အင်ဂျင်ဝိုင်တောင်အသစ်မဟုတ်။ ဒီဇယ်အင်ဂျင်က ဖောက်ချထားတဲ့ အင်ဂျင်ဝိုင်အရောင်မျိုးဖြစ်နေ၏။ သူစိတ်ကောက်ပြေသေးဟန်မတူ။ ကိုအံ့ကြီးသီဆိုသော ဖူးစာသီချင်းထဲကလို-
" မျက်ထားညို၊ ဘာအလိုများမကျ၊ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်မြတ်ခိုင် "ဟုချော့မော့ရမလိုဖြစ်နေ၏။
တကယ်ဆိုလျှင် စာမူနှင့် ပက်သက်ပြီး ကျွန်တော့်ဘက်က လွန်နေတာတွေရှိသည်။ လူချင်းဒီလောက် ခင်နေသော်လည်း သူကိုင်သော မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ကျွန်တော်တစ်ပုဒ်မှ မရေးဖြစ်ခဲ့။ လူချင်းဆုံလျှင် သူက-
" ဟေ့ကောင် ငါ့ကိုစာမူပေးဦး "ဟုပြောတတ်သည်။ ကျွန်တော်ကလည်း " ပေးမှာပေါ့ "ဟုပြောသည်။ သို့ရာတွင် မရေးဖြစ်။ မပေးဖြစ်။ ဘာရယ်ကြောင့်မဟုတ်။ သူကိုင်သော မဂ္ဂဇင်း၊ ဂျာနယ်တွေဆိုလျှင် (သူ့အတတ်ပညာကြောင့်) အောင်မြင်တာများသည်။ ထို့ကြောင့် " ငါမကူလည်းဖြစ်တာပဲ "
ဆိုပြီး ခပ်ပေါ့ပေါ့နေခဲ့မိခြင်းဖြစ်သည်။
တကယ်ဆိုလျှင် ကျွန်တော်ရေးပေးသင့်သည်။ သူနှင့်ကျွန်တော်ခင်မင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်တော့်ဘက်က အကူအညီပေးဖြစ်ခဲ့တာနည်းပါးလှသည်။ သူကသာကူညီခဲ့တာများသည်။ တချို့ကိစ္စတွေဆိုလျှင် ကျွန်တော်က အကူအညီမတောင်းပါဘဲနဲ့ သူ့အသိစိတ်ဓာတ်နှင့် သူကူညီခဲ့ခြင်းဖြစ်၏။
သူစိတ်ကောက်မယ်ဆိုလျှင် ကောက်ချင်စရာပါပဲ။ ထို့ကြောင့် သူက ကျွန်တော့်ဆီက စာမူမတောင်းတော့ဘူးဟု ဆိုသော်လည်း ကျွန်တော်က " ရေးချင်လို့ရေးတယ်ကွာ၊ ဘာဖြစ်လဲ "ဆိုပြီး ရေးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်ကသာ သူငယ်ချင်းမို့ မလေးမစားလုပ်နေသော်လည်း တကယ်တော့မြတ်ခိုင်သည် စာနယ်ဇင်းလောကမှာ ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီ။ တော်ရုံတန်ရုံကိစ္စဆိုလျှင် သူ့နာမည်သုံးလိုက်ရုံနဲ့အဆင်ပြေတယ်လို့တောင် တချို့ကအထင်ကြီးနေကြသည်။
ကျွန်တော်လည်းတစ်ခါက သူ့နာမည်ကိုအသုံးချခဲ့ဖူးသည်။ တစ်ရက်မှာ မြို့ထဲသွားရင်း အပေါ့သွားချင်လာသဖြင့် အများသုံးအိမ်သာထဲဝင်လိုက်သည်။ ငွေသိမ်းကောင်တာရှေ့မှာရပ်ပြီး " ကျွန်တော်မြတ်ခိုင်သူငယ်ချင်းပါ "ဟုပြောလိုက်သည်။ ထိုအခါအပေါက်စောင့်က " ဘယ်ကမြတ်ခိုင်လဲ၊ မသိဘူး၊ ငါးကျပ်ပေး "
ဆိုလို့ပေးခဲ့ရပါသည်။
သူ့ဂျာနယ်အတွက် ဘာရေးရင်ကောင်းမလဲ စဉ်းစားတော့ တစ်ခုသွားသတိရသည်။ ခုတစ်လော ဂျာနယ်စာမျက်နှာတွေပေါ်မှာ ဖတ်ဖတ်နေရသော ကိစ္စတစ်ခုအကြောင်းဖြစ်၏။ သူများကိစ္စမဟုတ်ပါ။ ကိုယ့်ကိစ္စကိုယ် ပြောတာပဲ ကောင်းပါသည်။ တခြားမဟုတ်။ ကျွန်တော့် ဝတ္ထုဇာတ်ညွှန်းကို ကျွန်တော့် အစ်ကိုကြီး မောင်ဝဏ္ဏရိုက်ကူးသော " ဓာတ်ခဲ "ဇာတ်ကားအကြောင်းသာဖြစ်ပါသည်။
ပထမတစ်ချက်ကတော့ ဓာတ်ခဲဇာတ်ကားထဲမှာ ဥက္ကာနှင့်အတူ ညီအစ်ကို မောင်နှမတွေ ပါဝင်သရုပ်ဆောင်ခဲ့ကြသော ထူးခြားချက်ပင်ဖြစ်၏။ ကိုသုမောင်၏သား ဖိုးသောကြာနှင့် သမီးထိပ်ထား၊ ကိုရူပသား ရွှေမိုးနှင့် သမီးမျက်ခြယ်၊ ကျွန်တော့်သမီးယုယ၊ အာယု၏သမီး အေးချမ်းနှင့် ရွှေရည်တာ၊ ကေသီမွန်၏သားသမီးများဖြစ်ကြသော စိုးသီဟ၊ ထက်ထက်အောင်၊ စုလတ်နွေးနှင့် သူတို့၏ ဝမ်းကွဲအစ်ကိုရဲအောင်။
စသည်ဖြင့် တစ်ခန်းစ နှစ်ခန်းစ ဝင်ပါခဲ့ကြခြင်းဖြစ်၏။
နောက်တစ်ချက်ကတော့ ဥက္ကာသည် ဒီဇာတ်ကားကျမှ ကင်မရာရှေ့ရောက်ဖူးသူမဟုတ်တဲ့အကြောင်း၊ သူအသက်သုံးနှစ်သားအရွက်လောက်က ခုနှစ်စဉ်အလွမ်းဇာတ်ကားမှာရိပ်ခနဲတစ်ခန်းပါဖူးသည်။ ရွာမှ ကလေးတွေပြေးဆော့ကစားနေကြသော အခန်းမှာဖြစ်၏။ နောက်တစ်ကားကတော့ ငါးနှစ်သားအရွယ်လောက်မှာဖြစ်၏။ ကိုဝဏ္ဏရိုက်ကူးသော " ဘိုးဘွားအမွေ "အမည်ရှိရုပ်မြင်သံကြားဇာတ်လမ်း။ မင်းသားရာဇာနေဝင်း၏သားအဖြစ် ဥက္ကာသရုပ်ဆောင်ခဲ့ရခြင်းဖြစ်၏။ " ဖေဖေမုန့်ပါလား "ဆိုတာမျိုးတစ်ခန်း၊ နှစ်ခန်းဖြစ်၏။
ရယ်စရာမောစရာ ဇာတ်ကားမှာလည်း တစ်ခန်းပါသေးသည်။ ရပ်ကွက်ထဲကအိမ်တွေဖျက်ပြီး ရွှေ့ရမယ်ဆိုသော ကောလဟာလကြောင့် လူကြီးတွေစိတ်ညစ်နေတုန်း ကလေးတွေက အိမ်ပြောင်းတန်း ကစားကြတဲ့ အခန်းဖြစ်၏။
ဓာတ်ခဲဇာတ်ကားကို စတင်ရိုက်ကူးရာမှ ကူးဆေးတည်းဖြတ်အချောသပ်ပြီးစီးသည်အထိ တစ်နှစ်ကြာခဲ့သည်ဟု ကိုဝဏ္ဏကပြောသည်။ အမှန်မှာ ဒီ့အရင် ခြောက်လလောက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ ဒီလိုပြောတော့ ကိုဝဏ္ဏတစ်ယောက် သူ့သားဥက္ကာကို သရုပ်ဆောင်သင်တန်းပေးနေခဲ့တာ ဖြစ်မှာပဲထင်လျှင် မှားပါလိမ့်မည်။ သူက ဥက္ကာကို တစ်ချက်ကလေးတောင် လှည်မကြည့်နိုင်။
ဘာကြောင့်လဲဆိုတော့ အဖေ့ရဲ့ လက်ကျန်အမွေအနှစ်ဖြစ်သော ကင်မရာအိုကြီးကိုပြုပြင်နေရလို့ပါပဲ။ ကင်မရာကြီးက သက်တမ်းနှစ်လေးဆယ်ကျော်ပြီ။ မော်တော်ကားလိုသာဆိုလျှင်ဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ရိုက်ခွင့်တောင်ရမှာမဟုတ်တော့။
ဒီကင်မရာကြီးကို မှန်ဘီလူးပြောင်းတပ်ရသည်။ ဒီနေရာမှာ တွေ့ရာ မှန်ဘီလူးကောက်တပ်လို့ရတာမဟုတ်။ စက်နဲ့အံကိုက်မှဖြစ်မည်။ ကိုယ်လိုချင်တာကို နိုင်ငံခြားကမှာလို့ဖြစ်တာလည်းမဟုတ်။ ရုပ်ရှင်ရိုက်တဲ့ကင်မရာမှန်ဘီလူးတွေက အလွန်ဈေးကြီးသည်။ ဒီတော့ ကိုယ့်မှာရှိတာနဲ့ဖြစ်အောင်လုပ်ရသည်။ ကင်မရာက မှန်ဘီလူးအထိုင်ချတာက လုံးဝကွက်တိဖြစ်ရသည်။ မှန်ဘီလူးတစ်မီလီမီတာလောက်စောင်းသွားလျှင် ပိတ်ကားပေါ်မှာတစ်ပေလောက် စောင်းရွဲ့သွားနိုင်သည်။
တစ်ညသူတို့အိမ်ဘက်လျှောက်သွားတော့ သူ့တပည့်တစ်ယောက်ရယ်၊ သူ့သားသမီးတွေရယ်၊ သူ့အလုပ်ခန်းရှေ့က မြေကြီးပေါ်မှာ ဓာတ်မီးတွေထိုးပြီး ဘာတွေရှာနေမှန်းမသိ။ မြေကြီးကို ဆန်ခါနဲ့တိုက်တဲ့သူတိုက်၊ သံလိုက်နဲ့မွှေတဲ့သူကမွှေ။ အလုပ်ရှုပ်နေကြ၏။ ဧကန္တတော့ကိုဝဏ္ဏအိမ်ဝင်းထဲမှာ ရွှေကြောတွေ့ပြီထင်တယ်ဆိုပြီး မေးကြည့်တော့မှ မှန်ဘီလူးကိုထိန်းသော ဝက်အူသေးသေးလေး ကျပျောက်သွားလို့ရှာနေကြတာတဲ့။
နောက်တစ်ခါကျတော့လည်း ကျွန်တော်စာရေးနေတုန်း ကိုဝဏ္ဏအိမ်ပေါ်တက်လာသည်။ မင်းတို့အိမ်မီးလာနေလားဟုမေးသည်။ လာနေတယ်ဆိုတော့ ဟော့ပလိပ်ဖွင့်ပေးစမ်းပါဟုဆိုသည်။ ကျွန်တော်က မီးဖိုခန်းထဲခေါ်သွားပြီး လျှပ်စစ်မီးဖိုကို ဖွင့်ပေးလိုက်သည်။
သူ့လက်ထဲမှာ ဝါးလုံးကလေးတစ်လုံး၏ထပ်ဖျားကို လေးစိပ်စိပ်ပြီး လေးထောင့်မှန်ပြားလေးတစ်ခုကို ညှပ်သဖွယ် လေးဘက်လေးတန်ထိန်းထားသော အရာလေးတစ်ခုပါလာသည်။ ဝါးလုံးကလေး၏ တစ်ဖက်စွန်းမှာတော့ တုတ်ချောင်းလေးတစ်ချောင်း ဖောက်စွပ်ထား၏။ သူသည်မှန်ပြားကလေးကို မီးဖိုမှာ အပူပေးရင်း တုတ်ချောင်းလေးကို လက်ညှိုးနှင့် အသာလှည့်ပေးနေ၏။ ကင်မရာမှန်ဘီလူးရှေ့မှာ ခံပေးရသော အရောင်စစ်ဖီလ်တာတစ်ချပ်ကို တီထွင်ဖန်တီးနေတာလေ။
ကျွန်တော်လည်း ဘေးကကြည့်ရင်း ပျင်းလာသဖြင့် အခန်းထဲပြန်ဝင်ပြီး စာရေးနေလိုက်သည်။ တော်ကြာထွက်ကြည့်လိုက်သောအခါ သူမရှိတော့။ ကိစ္စပြီးလို့ပြန်လစ်သွားပြီ။ လျှပ်စစ်မီးဖိုကိုတော့ ပြန်ပိတ်ဖို့မေ့သွားသဖြင့် ကျွန်တော့်ဘာသာပိတ်လိုက်ရသည်။
နောက်ပိုင်း သူ့သားအကြီးကောင်ပြောပြတာတော့ ကိုဝဏ္ဏသည် မှန်ပြားတွေကိုဆေးရည်စိမ်လိုက်၊ မီးကင်လိုက်၊ ပြန်စိမ်လိုက်၊ ပြန်ကင်လိုက်၊ အကြိမ်ကြိမ် အထပ်ထပ်လုပ်နေတာတဲ့။ မတော်တဆကျကွဲလို့၊ လုပ်ပြီးခါမှဆေးသားမညီလို့ ကွက်သွားလို့ အစကပြန်လုပ်ရတာလည်းအခါခါ။
အခုလိုသူကိုယ်တိုင်တီထွင်ထားသော ပစ္စည်းတွေတပ်ဆင်မွမ်းမံထားသော ကင်မရာအိုကြီးနှင့် ရိုက်ကူးသော ဓာတ်ခဲဇာတ်ကားသည် နောက်ဆုံးပေါ် ပြစက်အသစ်ကြီးတွေ တပ်ဆင်ထားသော အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ပြနေပြီ။ သူ့အပေါင်းအသင်းစာနယ်ဇင်းသမားတွေ ကျေးဇူးကြောင့်နာမည်ထွက်နေပြီ။
စာနယ်ဇင်းဆရာတွေက ဒါရိုက်တာမောင်ဝဏ္ဏတော်လှတော်လှနဲ့ချီးကျူးနေကြ၏။ ခုလိုအချိန်မှာ ဒီလိုဇာတ်ကားမျိုးရိုက်ရဲလို့တဲ့။ ဒီနေရာမှာ " စူပါမင်းသား၊မင်းသမီးမပါဘဲ ရိုက်ရဲတယ် "ဟုပြောလျှင်လည်းမှားသည်။ ဘာကြောင့်လဲဆိုတော့ မိုးဒီသည် စူပါလူရွှင်တော်မဟုတ်လား၊ ဇာဂနာသည် စူပါသရုပ်ဆောင်မဟုတ်လို့ဘာလဲ။ ခင်မို့မို့အေးသည် စူပါဇာတ်ပို့တစ်ယောက်လို့မဆိုနိုင်ဘူးလား။ အကယ်ဒမီနှစ်ဆုရ မောင်ဝဏ္ဏကရော စူပါဒါရိုက်တာမဟုတ်ဘူးလား။ ဝတ္ထုဇာတ်ညွှန်းကရော ဟဲ..ဟဲ။ (မြတ်ခိုင်ကတော့ မင်းကစူပါမဟုတ်ဘူး၊ စူပေါဟုပြောမှာသေချာသည်။)
ဘာပဲဖြစ်ဖြစ် သိန်းရာချီရင်းပြီး အမြတ်အစွန်းမသေချာသော ကာလကြီးမှာ ထိပ်တန်းမင်းသား၊ မင်းသမီးမပါ သီချင်းဆိုခန်း၊ လက်သီးထိုးခန်းမပါဘဲ သဘာဝကို ဦးစားပေးရိုက်ရဲလို့ဆိုပြီး ဒါရိုက်တာမောင်ဝဏ္ဏသတ္တိရှိတယ်၊ ရဲရင့်တယ်၊ လမ်းသစ်ထွင်တယ်ဆိုပြီး ရေးနေ၊ ပြောနေကြတာတွေတွေ့တော့ ကျွန်တော်ပြုံးချင်သည်။
ကျွန်တော့်အဖေဦးသာဓုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စူပါမင်းသား၊မင်းသမီး မသုံးပဲ အသစ်တွေနဲ့ပဲ အောင်မြင်သောဇာတ်ကားတွေရိုက်ခဲ့ဖူးသည်။ မင်းသားဆိုလျှင် သေတာတောင် ဆံပင်ပုံစံမပျက်၊ မိတ်ကပ်အဖွေးသားနဲ့မှ ကြိုက်တတ်သောခေတ်မှာ မင်းသားကို ခေါင်းတုံးဆံတောက် ဆံပင်ညှပ်ခိုင်းပြီး ရိုက်သည်။ မင်းသမီးကို တစ်ကားလုံးအဝတ်အစားတစ်စုံတည်းဝတ်ခိုင်းသည်။
ဒါတင်မက " ဧည့်သည် "အမည်ရှိ ဇာတ်ကားတစ်ကားကိုလည်း ထူးထူးခြားခြားရိုက်ကူးခဲ့သေးသည် ။ (ထိုဇာတ်ကားကို လွန်ခဲ့သော နှစ်အနည်းငယ်က သုမောင်၊ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာတို့နှင့် ပြန်လည်ဆန်းသစ်ခဲ့သေးသည်။ ပြီးခဲ့သော အပတ်ကပင် မြန်မာ့ရုပ်မြင်သံကြားကပြသွားသေးသည်။ ဒါရိုက်တာမောင်နန္ဒ ရိုက်ကူးခြင်းဖြစ်၏။) အဖေက (၁၉၆၂)မှာ ထိုဇာတ်ကားကို ရိုက်ခဲ့ခြင်းဖြစ်၏။
ထူးခြားတယ်ဆိုတာကတော့ အဖေသည် ဧည့်သည်ဇာတ်ကားကို ရိုက်ကူးရာတွင် သူ့ကုမ္ပဏီ၊ သူ့ဝတ္ထု၊ သူ့ဇာတ်ညွှန်း၊ သူဒါရိုက်တာလုပ်ရုံသာမက အဓိကဇာတ်ကောင်နေရာမှာ သူကိုယ်တိုင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သောကြောင့်ပင် ဖြစ်၏။
ကျွန်တော့်အစ်ကို ဒါရိုက်တာမောင်ဝဏ္ဏဟာ အဖေ့လောက်တော့ သတ္တိမရှိသေးပါဘူး။
--------------------------------------
မင်းလူ
မဟာသတင်းဂျာနယ်
၁၂၊၉၊၂၀၀၂။
0 comments:
Post a Comment